ညခင်း စကားပြောခြင်း
Vol. 1 Ch. 12
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၁၂) - ညခင်း စကားပြောခြင်း
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
မြေပြင်က အထိန်းအကွပ်မဲ့စွာ တုန်လှုပ်လာပြီးနောက် အပြင်းဒုန်းစိုင်းလာသော မြင်းခွာသံများ ထွက်ပေါ်လာလေ၏။
ညနေဆည်းဆာ နေရောင်ခြည်အောက်တွင် လှံရှည်များကို ကိုင်စွဲထားသော သံမဏိချပ်ဝတ် မြင်းစီးစစ်သည်များသည် ပင်ယန်းမြို့သို့ ဒေါမာန်အပြည့်နှင့် ဒုန်းစိုင်းချလာလေသည်။ ထိုစစ်တပ်ကြီးကို ဦးဆောင်လာသူမှာ ဆူမိသားစုအိမ်တော်၏ အစောင့်အရှောက် လျှိုယုပင် ဖြစ်လေသည်။
‘’မြန်မြန်.. မြန်မြန် သွားကြပါဟ”
လျှိုယုက စစ်သားများကို အဆက်မပြတ် အတင်းလောဆော်နေပြီး သူ့နဖူးတွင် ချွေးများက ရွှဲနေကာ သူ့အမူအယာက စိတ်သောကရှုပ်ထွေးမှု အပြည့်ဖြင့် ဖြစ်လေသည်။
ဆူဇီမို ဆူမိသားစုအိမ်တော်မှ ထွက်သွားသည်မှာ သုံးနာရီလောက် ကြာသွားပေပြီ။ ယခုအချိန်တွင် အေးဆေးတည်ငြိမ်စွာ နေတတ်သော ဦးလေကျန့်ပင်လျှင် စိုးရိမ်ပူပန်ပုံပေါ်နေပေသည်။
“အမ်.. ဘာလဲဟ”
သွေးဆုတ်နေသော မျက်နှာများနှင့် ထိတ်လန့်တကြား ပြေးထွက်လာကြသော လူအချို့ကို မြင်ရပြီး လျှိုယုသည် ကြောင်အ သွားလေသည်။ ထိုလူများသည် အခုလေးတင် သွေးပျက်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်များနှင့် ကြုံတွေ့လာရသလိုပင်။
‘’ဒီငနဲတွေက ဇောင်မိသားစုအိမ်က အစောင့်တွေပဲ” လျှိုယု၏ စိတ်ထဲတွင် သတ်ခြင်ဖြတ်ချင်စိတ်က ထောင်းကနဲ ထလာလေသည်။ သူသည် သူခေါ်လာသော စစ်သားများနှင့် ထိုလူများကို ပတ်ဝိုင်းဖို့ အမိန့်ပေးတော့မလို့ပင်။
ဦးလေးကျန့်က ရုတ်တရတ် ထပြောလိုက်၏။ “သူတို့ကို အရေးလုပ်မနေနဲ့.. ဇောင်မိသားစုအိမ်ထဲကို မြန်မြန်သွား.. တို့လူကို အရင်ကယ်ရအောင်”
သူတို့ ဇောင်မိသားစုအိမ်သို့ သွားရာ လမ်းတစ်လျှောက်တွင် သိုင်းသမား ဆယ့်လေးငါးယောက် ပြေးထွက်လာသည်ကို ဦးလေးကျန့် မြင်ရ၏။ သူတို့အားလုံးသည် ထိတ်လန့်တကြား အမူအယာဖြင့် ပြေးထွက်လာကြခြင်း ဖြစ်လေသည်။
“အဲ့မှာ ဘာတွေ ဖြစ်နေတာလဲဟ!”
ဦးလေးကျန့်နှင့် လျှိုယုသည် စိတ်မသက်မသာ ခံစားနေရ၏။
များမကြာမီ ဦးလေးကျန့်နှင့် လျှိုယုသည် ရာချီမြင်းစီးစစ်တပ်ကြီးကို ဦးဆောင်ကာ ဇောင်မိသားစု ခြံတံခါးရှေ့သို့ ရောက်ရှိလာလေ၏။ သူတို့ အထဲသို့ ချိုးဖျက်ဝင်ရောက်ဖို့ လုပ်နေတုန်းမှာပင် ခြံတံခါးက ရုတ်တရတ် ပွင့်သွားလေသည်။
ထိုအထဲမှ လူငယ်လေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် လှမ်းထွက်လာလေသည်။
မိန်းကလေး၏ မျက်လုံးနှစ်ဖက်ကို အဝတ်စဖြင့် စည်းနှောင်ထားပြီး ထိုအပေါ်တွင် သွေးစက်များက စွန်းထင်းနေလေသည်။ သူမ၏ မျက်နှာလေးသည် ကြောက်လန့်တကြားနှင့် ဖြူလျော့နေပြီး သူမ၏ သေးသွယ်လျသော ခန္ဓာကိုယ်လေးမှာလည်း တစ်သိမ့်သိမ့်နှင့် တုန်ယင်နေလေသည်။ သူမ၏ ဝမ်းနည်းဖွယ်ပုံစံလေးကို မြင်ရသူတိုင်းသည် သနားဂရုဏာ မသက်ဘဲ နေနိုင်လိမ့်မည် မဟုတ်ပေ။
လူငယ်လေး၏ အဝတ်သည် စုတ်ပြတ်သတ်အောင် ပေါက်ပြဲနေပြီး သွေးစက်များက မြင်မကောင်းအောင် များစွာ စွန်းထင်းနေလေသည်။ သူသည် ဘယ်ဘက်လက်က သွေးများတစ်စက်စက် စီးကျနေသော ဆေဘာဓါးကို ကိုင်စွဲထားပြီး ညာဘက်လက်က မိန်းကလေး၏လက်ကို ကိုင်စွဲကာ ဇောင်မိသားစု ခြံတံခါးမှ တစ်ဖြည်းဖြည်းခြင်း လှမ်းထွက်လာလေသည်။
အားလုံး၏ အကြည့်သည် တိုင်ပင်စရာမလိုဘဲနှင့် ထိုလူငယ်လေးနှင့် မိန်းခလေးကို ဖြတ်၍ ဇောင်မိသားစုခြံဝန်းထဲသို့ လှမ်းကြည့်လိုက်ကြလေသည်။
ထိုအရာသည် သူတို့တစ်သက် ဘယ်တော့မှ မမေ့နိုင်တော့မည့် ကျောချမ်းထိတ်လန့်တုန်လှုပ်စရာ မြင်ကွင်းဖြစ်လေသည်။
ခြံဝန်းထဲတွင်.. သေဆုံးနေသော ရုပ်အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေ၏။ နီရဲနေသော သွေးများက ကျောက်တုံးအက်ကွဲကြောင်းများကြားတွင် တိတ်တဆိတ် စီးဆင်းနေ၏။ တစ်ချို့လူများ၏ ခန္ဓာကိုယ်က ထက်ပိုင်းပြတ်နေပြီး တစ်ချို့၏ ဦးခေါင်းများက အပိုင်းပိုင်းကြေမွနေလေ၏။ တစ်ချို့ ခန္ဓာကိုယ်များက ခြေလက်များ ပြတ်ထွက်နေပြီး ဆန့်ငင်ဆန့်ငင်နှင့် အကြောဆွဲနေလေ၏။
လူသေအငွေ့အသက်များက နေရာအနှံ့ ပြန့်နှံ့နေပြီး သွေးနံ့များက လေထဲတွင် ပြည့်နှက်နေလေသည်။
ထိုအရာသည် တစ်ကယ့်ကို ကြောက်စရာကောင်းလှပြီး ငရဲ၏ အနိဋ္ဌာရုံမြင်ကွင်းပင်။
လူငယ်လေးသည် သွေးများဖြင့် ရွှဲနစ်နေကာ ဆေဘာဓါးရှည်ကို ကိုင်စွဲထားပြီး သူသည် ငရဲမှ တက်လာသော ဝိညာဉ်နှုတ်သေမင်း တစ်ယောက်လိုပင်။
မည်သို့ပင်ဆိုစေ သူ၏အကြည့်က တောက်ပကြည်လင်နေဆဲဖြစ်၏။ ညနေခင်း၏ ဆည်းဆာရောင်ခြည်က နုပျို ချောမောသော ထိုလူငယ်လေး၏ မျက်နှာပေါ်သို့ ကျရောက်လာသောအခါ လျှို့ဝှက်ဆန်းကြယ်သော တောက်ပမှုကို ပေးစွမ်းနေလေ၏။
ရာပေါင်းများစွာသော မြင်းတပ်ကြီးသည် အပ်ကျသံပင် ကြားရလောက်အောင်ပင် တိတ်ဆိတ်သွားလေသည်။
မမြင်ရသော ခမ်းညားထည်ဝါသည့် အော်ရာအောက်တွင် သူတို့၏အောက်မှ ဒေါမာန်ပြင်းထန်သော စစ်မြင်းများပင်လျှင် ဦးခေါင်းကို ငုံ့ကာ ကြောက်ရွံ့မှုဖြင့် တိတ်ဆိတ်နေလေသည်။
ဤအချိန်တွင် လူတိုင်းသည် ဆူဇီမိုထံမှ ထူးဆန်းမှုနှင့် ရင်းနှီးမှု နှစ်မျိုးလုံးကို ခံစားနေရလေ၏။
ဆူရှောင်းနင်သည် တစ်စုံတစ်ရာကို သိရှိခံစားလိုက်ရသလို သူမ၏ မျက်လုံးကို စည်းနှောင်ထားသော အဝတ်စကို ဆွဲဖြေလိုက်ပြီး ဇောင်မိသားစုခြံဝန်းဘက်သို့ လှည့်ကြည့်လိုက်လေ၏။
ဆူဇီမိုသည် ဆူရှောင်းနင်၏ မျက်မြင်းကို လက်ဖြင့် လှမ်းကာလိုက်ပြီး “မကြည့်နဲ့ ညီမလေး.. တို့ အိမ်ကို အရင်ပြန်ပြီး နားကြရအောင်.. ဒီနေ့ကိစ္စကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်တော့” ဟု ညင်သာစွာ ပြောလိုက်လေသည်။
“ဦးလေးကျန့်.. ဦးလေးလျှို.. ရှောင်းနင်ကို အိမ်ကို ပြန်ပို့လိုက်ပါ” ဆူဇီမိုက အသံက အလွန်တည်ငြိမ်နေ၏။ သို့သော် ဘာကြောင့်ရယ်မသိ လူတိုင်း အကြောများတောင့်တင်းနေသလို ခံစားရလေ၏။
ဦးလေးကျန့်က ခေါင်းငြိမ့်ပြလိုက်ပြီး လျှိုယုသည် ချက်ခြင်းပင် ရှေ့သို့ထွက်ကာ ရှောင်းနင်ကို မြင်းပေါ် ကူတင်ပေးလိုက်၏။ ထို့နောက် သူသည် ကိုယ်တိုင်ပင် သူမကို ဆူအိမ်တော်သို့ ပြန်ခေါ်သွားလေ၏။
လျှိုယုနှင့် အခြားသူများ ထွက်ခွာသွားတာကို ကြည့်ပြီးနောက် ဆူဇီမိုသည်လည်း တစ်ဖြည်းဖြည်းခြင်း လှမ်းထွက်လိုက်၏။ သူ၏ ခြေလှမ်းများသည် လေးလံနေပြီး သူ့နောက်တွင် ထင်ရှားသော သွေးခြေရာကွက်များက ကျန်ခဲ့လေ၏။ ထိုအရာသည် ကျောချမ်းတုန်လှုပ်စရာ မြင်ကွင်းပင်။
“ဒုတိယ သခင်လေး... သင်...”
လူတိုင်းကို ကျောပေးကာ ဆူဇီမိုက လက်ကာပြရင်း “ငါ့နောက်ကို လိုက်မလာခဲ့နဲ့” ဟု ပြောရင်း ဆက်လျှောက်သွားလေ၏။
ရာပေါင်းများစွာသော မြင်းတပ်သားများသည် တုတ်တုတ်မျှ မလှုပ်ကြပေ။ သူ့အား မည်သူမျှ မေးခွန်းမထုတ်ရဲကြပေ။
လမ်းတစ်လျှောက်တွင် ထွက်ခွာသွားသော ဆူဇီမို၏ပုံရိပ် ပျောက်ကွယ်သွားမှသာလျှင် သူတို့အားလုံး စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြလေသည်။
ဤပျော့တိပျော့ဖတ်ပုံပေါက်နေသော ဆူမိသားစု ဒုတိယသခင်လေးကို ရင်ဆိုင်နေရချိန်တွင် ကြမ်းတမ်းသော သတ်ဖြတ်ခြင်းတိုက်ပွဲများနှင့် အသားကျနေသော စစ်သည်တော်များသည် လေးလံသော ဖိအားကို အမှန်တစ်ကယ် ခံစားနေခဲ့ရလေသည်။
“Mr ကျန့်.. အထဲက လူအကုန်လုံးနီးပါးကတော့ သေကုန်ကြပြီထင်တယ်.. အဲ့ထဲမှာ မူလအဆင့်ပညာရှင် ဆယ့်နှစ်ယောက်လဲ ပါတယ်.. ဇောင် နဲ့ လီ မိသားစုက မိသားစု သခင်တွေရောပဲ!” ယုချီဟိုသည် ဇောင်မိသားစု ခြံဝန်းထဲမှ ပြေးထွက်လာပြီးနောက် ခပ်တိုးတိုး ပြောလိုက်လေ၏။
အာ.. အဲ့ဒါက ကိစ္စအကြီးကြီးပဲ.. အကုန်ပွက်လောရိုက်ကုန်တော့မှာပဲ!
သူတို့ရောက်လာခဲ့ပြီး ဇောင်မိသားစုခြံဝန်းထဲမှ သွေးပျက်စရာ မြင်ကွင်းကို တွေ့လိုက်ရပြီးကတည်းက လူတိုင်းသည် အဆိုးဆုံးကို မျှော်လင့်ပြီး စိတ်ကိုပြင်ဆင်ထားခဲ့ကြသော်လည်း နေ့တစ်ဝက်လောက် အချိန်လေးအတွင်းမှာပင် ဤနေရာ၌ မူလအဆင့်ပညာရှင် ဆယ့်နှစ်ယောက်တောင် သေဆုံးသွားလိမ့်မည်ဟူ၍ မည်သူမျှ မထင်ထားကြပေ။
ပိုပြီးတော့ ပြောစရာ ဖြစ်တာက ဇောင်မိသားစုနှင့် လီမိသားစုမှ မိသားစုသခင်နှစ်ယောက် သေဆုံးသွားခြင်း ဖြစ်လေသည်။ ဒါအပြင် သိုင်းသမား ရာပေါင်းများစွာပါ သေဆုံးသွားသေးသည်။ ဆိုလိုတာက ဒီနေ့ကစပြီး ပင်ယန်းမြို့တွင် မိသားစုကြီးနှစ်ခုသည် စာရင်းမှ ဖယ်ထုတ်ခံလိုက်ရပေပြီ။
ဒီလူတွေ အကုန်လုံးကို ဒုတိယသခင်လေးက သတ်ခဲ့တာလား..
ဤအရာသည် လူတိုင်းသိချင်နေသော သံသယ ဖြစ်လေသည်။
ယုချီဟိုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ “Mrကျန့်.. ကျုပ်သိရသလောက်ပြောရရင် လွန်ခဲ့တဲ့ သုံးလလောက်တုန်းက ဒုတိယသခင်လေးက စဦး-မူလအဆင့် ပညာရှင်နဲ့ သူမသာကိုယ်မသာ အနေအထားလောက်ပဲ တိုက်ခိုက်နိုင်တာ မဟုတ်လား.. နောက်ထပ်သုံးလလောက် အချိန်ကလေးနဲ့ သူကဘာလို့ ဒီလောက် ကြောက်စရာကောင်းလောက်အောင် သန်မာလာတာလဲ”
Mrကျန့်သည် ဦးနှောက်ခြောက်သွားဟန်ဖြင့် ‘’အင်း..လူတိုင်းမှာ ထုတ်မပြောနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိတတ်ကြတာပဲ.. ငါထင်တာတော့.. ဒုတိယသခင်လေးမှာလည်း ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ် ထင်တာပဲ” ဟု သက်ပြင်းချကာ ပြောလိုက်လေ၏။
. . .
ဆူဇီမိုသည် သူ့ကိုယ်ပိုင်အိမ်ကလေးသို့ ပြန်လာခဲ့လိုက်၏။ တံခါးဝနား ရောက်ချိန်တွင် သူ့မျက်နှာသည် အတော်လေး နွမ်းလျဖျော့တော့နေပေပြီ။
သူသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ သွေးများစွာ မဆုံးရှုံးခဲ့ရသော်လည်း နာကျင်မှုကတော့ မခံမရပ်နိုင်လောက်အောင်ပင်။ ထို့အပြင် သူသည် သုံးနာရီလောက်ကို တစ်ချက်ကလေးမှ မနားရဘဲ ဆက်တိုက် တိုက်ခိုက်ခဲ့ရ၏။ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းသည် ကျိန်းစပ်နာကျင်၍ ရောင်ကိုင်းနေပေပြီ။
ဆူဇီမိုသည် ခဏလောက်ထိုက်ကာ အနားယူပြီးနောက် ကျင့်ကြံရေးကွင်းထဲသို့ ဝင်လိုက်လေ၏။
နှစ်တစ်ဝက် ကြာပြီးနောက် ကျင့်ကြံရေးကွင်းသည် မသိလိုက်မသိဖာသာနှင့်ပင် ဆူဇီမို၏ အားထားရာနေရာ ဖြစ်လာခဲ့၏။ အိမ်သို့ပြန်ရောက်လာသော ခံစားချက်မျိုးကို သူခံစားလိုက်ရ၏။
တျဲယွဲ့က အစိမ်းရောင်ကျောက်တုံးပေါ်တွင် ထူးမခြားနား အေးစက်စက်မျက်နှာထားနှင့် ထိုင်နေ၏။ သူမသည် ဆူဇီမိုဝင်လာသည်ကို လှည့်ပင် မကြည့်ပေ။
သို့သော် သစ်သားစည်ထဲတွင် ခပ်ဖျော့ဖျော့ ဆေးရနံ့များထွက်နေသော မည်းနက်နက် စေးပျစ်ပျစ်အရည်များကို ဘယ်အချိန်ကတည်းက ဖြည့်ထားသည် မပြောတတ်ပေ။
ဆူဇီမိုသည် မိုးကြိုးဆေဘာကို မလှမ်းမကမ်းတွင် ပစ်ချလိုက်ပြီး လေးလံနေပြီဖြစ်သော သူ၏ခန္ဓာကိုယ်ကို ဒရွတ်ဆွဲသယ်ကာ သစ်သားစည်ထဲသို့ ဝင်လိုက်လေသည်။ ဆေးရည်များက ရေခဲတမျှ အေးစက်နေ၏။ သို့သော် သူ့နုလုံးသားကတော့ နွေးထွေးသွားလေ၏။
ဆူဇီမိုသည် မသိလိုက် မသိဖာသာနှင့်ပင် အိပ်မောကျသွားလေတော့၏။
ခြောက်လလောက် ကျင့်ကြံလေ့ကျင့်ပြီးနောက် ခန္ဓာကြံ့ခိုင် အသက်ရှူခြင်းသည် သူ့အတွက် အလေ့အကျင့်တစ်ခုလို ဖြစ်လာခဲ့၏။ အိပ်ပျော်နေလျှင်ပင် ဆူဇီမိုသည် ထိုဝင်လေထွက်လေနည်းလမ်းကို အလိုအလျောက် ကျင့်ကြံ့နေဆဲဖြစ်ပြီး ဆေးရည်များ၏ အာနိသင်ကို စုပ်ယူကာ သူ့အရေပြားနှင့် အသားများကို မာကြောကြံ့ခိုင်လာအောင် သန့်စင်နေလေ၏။
ယခုတစ်ခေါက် သတ်ဖြတ်ခြင်းသည် ဆူဇီမိုကို ခန္ဓာကြံ့ခိုင်မီးဆေးခြင်း၏ အခရာကျမှုကို ပိုမို သဘောပေါက်လာစေ၏။
အခုနေ ဆူဇီမိုသာ နိုးနေမည်ဆိုလျှင် သူ့ခန္ဓာကိုယ်ကို ကြည့်ပြီး အံ့သြတုန်လှုပ်သွားပေလိမ့်မည်။ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများသည် သာမန်မျက်လုံးနှင့် မြင်နိုင်လောက်သော အမြန်နှုန်းဖြင့် အနာပြန်ကျက် ကောင်းမွန်လာနေလေသည်။
အဓိက အကြောင်းရင်းက နှစ်ချက်ရှိ၏။ ပထမအနေနဲ့ ခန္ဓာကြံ့ခိုင်မီးဆေးသုတ္တန်ကို ကျင့်ကြံ့ပြီးနောက် သူ့ခန္ဓာကိုယ်၏ စွမ်းအင်ပြန်လည် ဖြည့်စွက်နိုင်စွမ်းသည် လွန်စွာ အားကောင်းလာ၏။ ဒုတိယအချက်က နက်မှောင်နေသော ဆေးရည်များမှ အကန့်အသတ်မရှိ ဆေးအာနိသင် အဆီအနှစ်များက သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေသောကြောင့် ဖြစ်လေ၏။
သုံးနာရီလောက် အိပ်စက်ပြီးနောက် ဆူဇီမိုသည် နိုးထလာ၏။ ယခင်သူခံစားနေရသော ပင်ပန်းနွမ်းလျမှုများကို လုံးဝ မခံစားရတော့ပေ။ ယခု သူ့တွင် အားမာန်များ၊ စွမ်းအင်များ ပြည့်စွက်နေလေ၏။
ဆူဇီမိုသည် တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်ရသောကြောင့် သူဒီနေ့ရလာခဲ့သော ဒဏ်ရာများကို လက်ဖြင့် စမ်းကြည့်လိုက်၏။ ထိုနေရာများက ကျောက်စိမ်းသားလို့ ကောင်းမွန်ချောမွတ်နေ၏။ မည်သည့် အနာရွတ်မျှပင် မကျန်ခဲ့ပေ။
‘’ဘယ်လောက်ကောင်းလိုက်တဲ့ အနာကျက်နှုန်းလဲ!” ဆူဇီမိုသည် ကြိတ်၍ တုန်လှုပ်သွားလေ၏။
တစ်ပြိုင်တည်းဆိုသလိုပင် ဆူဇီမို၏ ခေါင်းထဲတွင် စိတ်ကူးတစ်ခုက ပေါ်လာ၏။ သူသည် စိတ်ထဲကနေ ခန္ဓာကြံ့ခိုင်မီးဆေးသုတ္တန်ကို တိတ်တဆိတ် ရွတ်နေလိုက်၏။
ချက်ခြင်းဆိုသလိုပင် သူ့ကြွက်သားများ တင်းကြပ်လာသည်ကို ဆူဇီမို ကောင်းစွာခံစားသိရှိလိုက်၏။ သူ၏ အသားများကို နေရာလပ်မကျန် ဆွဲ၍ဖျစ်ညှစ်လိုက်သောအခါ သူ၏အသားပြင်များသည် ကျောက်သားလို မာကျောကြံ့ခိုင်လာလေ၏။
‘’ဒါက အဆိုးထဲက အကောင်းပဲ”
ဆူဇီမိုသည် တိတ်တဆိတ်တွေးရင်း ပြောလိုက်၏။ “ဒီပြင်ပဒဏ်ရာတွေသာ ရမလာဘူးဆိုရင် ခန္ဓာကြံ့ခိုင်မီးဆေးသုတ္တန်ရဲ့ အနှစ်သာရကို ဒီလောက်အချိန်ကလေးအတွင်း နားလည်လာဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး”
ဆူဇီမိုသည် ကျုံးထလာပြီးနောက် ‘’ကျတော် ပြန်ထွက်လိုက်ဦးမယ်” ဟု တျဲယွဲ့ကို ပြောလိုက်၏။
တျဲယွဲ့က သူပြောသည်ကို ကြားသည်ပင် မထင်ရပေ။ သူမသည် အနားယူနေသည့်အတိုင်း သူမမျက်လုံးများကို မှိတ်ထား၏။
ဆူဇီမိုသည် ကျင့်ကြံ့ရေးကွင်းထဲမှ လှမ်းထွက်လိုက်ပြီး သူ့အိမ်ထဲသို့ ပြန်သွားကာ အစိမ်းရောင် ဝတ်စုံတစ်ထည်ကို လဲလှယ်လိုက်၏။ ထို့နောက် သူသည် ဆူမိသားစုအိမ်တော်သို့ ဦးတည်လိုက်လေ၏။
ဆူဇီမိုသည် ဒီနေ့ အဖြစ်အပျက်များနှင့် ပတ်သတ်ပြီး သူ့ရင်ထဲတွင် ကြိတ်မနိုင်ခဲမရ သိချင်စိတ်ပြင်းပြနေသော အကြောင်းအရာများ ရှိလေသည်။ ထိုအရာသည် ဇောင်မိသားစု၊ လီမိသားစုများနှင့် ပတ်သတ်၍ မဟုတ်ပေ။ ထိုအရာသည် ဆူမိသားစုအကြောင်းနှင့် သူ့အစ်ကိုကြီး ဆူဟုန် အကြောင်းပင် ဖြစ်လေသည်။
ဤအချိန်တွင် ညက မည်းမှောင်နေပေပြီး လမ်းများတွင် လူသူမရှိတော့ပေ။ ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းကို သုံးကာ ရူးသွပ်စွာ ပြေးသွားလေ၏။ မကြာမီပင် သူသည် ဆူမိသားစုအိမ်သို့ ရောက်ရှိသွားလေ၏။
ခြံတံခါးက ပိတ်မထားဘဲ ဒီအတိုင်း ဖွင့်ထား၏။
ဆူဇီမိုသည် တစ်ခဏမျှ စဉ်းစားပြီးနောက် ဦးလေးကျန့်နေထိုင်ရာ အပိုင်းဘက်သို့ ဦးတည်လိုက်၏။
ခြံဝန်းက သိပ်မကျယ်လှပေ။ ခြံဝန်း၏အလယ်တွင် ကျောက်သားစားပွဲဝိုင်းတစ်ခု ရှိ၏။ ဦးလေးကျန့်သည် ထိုနေရာတွင် ထိုင်နေ၏။ သူသည် ထိုနေရာတွင် ထိုင်စောင့်နေသည်မှာ အတော်ကြာနေမည့်ပုံပင်။
‘’ဒုတိယသခင်လေး.. နောက်ဆုံးတော့ သင့်ရောက်လာပြီပေါ့” ဦးလေးကျန်တွင် စိတ်ခံစားချက် အနည်းငယ် ရှိနေ၏။
ဆူဇီမိုသည် ကျောက်သားစားပွဲခုံဝိုင်းဘေးတွင် ထိုင်ချလိုက်၏။ သူသည် ဦးလေးကျန့်နှင့် မျက်လုံးချင်းဆိုင်ကြည့်လိုက်ပြီး “ကျုပ်ဘာလို့ လာတာလဲဆိုတာ ကြိုသိနေမှတော့ ဦးလေးကျန့်က အဲ့ဒါကို ကျုပ်ဆီကနေ ဖုံးကွယ်ထားဦးမလို့လား”
ဦးလေးကျန့်က ခါးသက်သက် ပြုံးလိုက်ရင်း ခေါင်းခါလိုက်၏။
“ကျုပ်တို့ ငယ်ငယ်ကလေးတည်းက အစ်ကိုကြီးက ကျုပ်တို့ကို သိုင်းပညာသင်ဖို့ ပိတ်ပင်ခဲ့တယ်.. သူက ကျုပ်ကို ပညာသင်ဖို့ဆိုပြီး အဝေးပို့ရင်း မိသားစုအရေးကိစ္စတွေနဲ့ မပတ်သတ်အောင် လုပ်လိုက်တယ်.. ပြောစရာတွေကတော့ အများကြီးပဲ.. အစ်ကိုကြီးက တမင်ရည်ရွယ်လိုပဲဖြစ်ဖြစ်၊ မရည်ရွယ်လိုပဲဖြစ်ဖြစ် ရှောင်းနင်နဲ့ ကျုပ်ကို ဆူမိသားစုနဲ့ ဝေးရာကို ပို့ထားခဲ့တာပဲ.. ရှောင်းနင်က ရိုးသားတုံးအ,လို့ သိချင်မှ သိလိမ့်မယ်.. ဒါပေမယ့် ကျုပ်ကတော့ အဲ့ဒါကို သတိထားမိနေတာ ကြာပြီ”
ဆူဇီမိုက ညင်သာစွာ ပြောလိုက်၏။ “ရှောင်းနင်သာ ငယ်ငယ်ကလေးတည်းက သိုင်းပညာကို သင်ထားခဲ့မယ်ဆိုရင် ဒီနေ့လို ကိစ္စမျိုးက ဖြစ်လာချင်မှ ဖြစ်လာလိမ့်မယ်.. ကျုပ်တစ်ခုပြောနိုင်တာက ဒီနေ့ ဦးလေးကျန့်ခေါ်လာတဲ့ စစ်သားတွေ အကုန်လုံးက တိုက်ပွဲပေါင်းများစွာ ဆင်နွှဲလာတဲ့ စဦးအဆင့် သိုင်းသမားတွေပဲ.. ကျုပ်တို့မိသားစု အဖွဲ့အစည်းက အဲ့လောက် အင်အားတောင့်တင်းနေမှတော့ အရင်တုန်းကတည်းက သူတို့ကို ဘာလို့ ထုတ်မပြတာလဲ.. အစ်ကိုကြီး လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းကရော ဘာလဲ.. သူက မြင်းရောင်းဝယ်ရေး လုပ်ရုံပဲလား.. အဲ့ဒါလုပ်ဖို့ သူက ဘာလို့ ဒါကီတိုင်းပြည်ထဲမှာပဲ မလုပ်ဘဲ ယန်တိုင်းပြည်ကို သွား,သွား နေရတာလဲ”
ဦးလေးကျန့်သည် ကျဉ်းထဲကြပ်ထဲ ကျရောက်သွားသလိုပင်။ သူသည် တစ်စုံတစ်ရာကို ပြောချင်၏။ သို့သော် ပြန်လည် ထိန်းချုပ်ထားလေ၏။
လူနှစ်ယောက်သည် တိတ်ဆိတ်စွာ မျက်နှာချင်း ဆိုင်နေကြ၏။ လေထုက တစ်ဖြည်းဖြည်း မွန်းကြပ်ဖွယ် ကောင်းလာ၏။
ဆူဇီမိုသည် ရုတ်တရတ် ကောက်ပြောလိုက်၏။ “ကျုပ်မိဘတွေက တစ်ယောက်ယောက်သတ်တာ ခံခဲ့ရတာလား”
ဦးလေးကျန့်၏ မျက်နှာထားက ရုတ်တရတ် ပြောင်းလဲသွား၏။ သို့သော်လည်း သူသည် တစ်ခဏအတွင်း နဂိုပုံမှန်သို့ ပြန်ပြောင်းလိုက်၏။
“ဦးလေးကျန့်.. ကျုပ်က အရင်လို ခပ်ပျော့ပျော့ စာပေသမားလေး မဟုတ်တော့ဘူးဗျ.. ဆူမိသားစုက ဘာကို ကြောက်နေရတာလဲ.. ဆူမိသားစုရဲ့ ရန်သူက ဘယ်သူလဲ.. ကျုပ်ကို ပြောပြစမ်းပါဗျာ” ဆူဇီမိုသည် ဦးလေးကျန့်၏လက်ကို ဆုပ်ကိုင်ရင်း သူ့မျက်လုံးများက ရန်လိုအေးစက်စွာနှင့် တောက်ပနေ၏။
ဦးလေးကျန့်က သက်ပြင်းရှည်ကြီး ချလိုက်၏။ “ဒုတိယသခင်လေး.. အဲ့ဒါက ကျုပ်ပြောမပြချင်လို့ မဟုတ်ပါဘူး.. ပြောလည်း ဘာမှ ကောင်းလာမှာ မဟုတ်လို့ပေါ့.. သင်က အရင်ကနဲ့ မတူတော့ဘူးဆိုတာ ဟုတ်ပါတယ်.. သင်က အများကြီး ပိုသန်မာလာတယ်.. မူလအဆင့် ပညာရှင်ကိုတောင် သတ်နိုင်တယ်.. ဒါပေမယ့်လည်း.....”
ဦးလေးကျန့်က ပြောလက်စကို ခဏလောက်ရပ်တန့်လိုက်ပြီးမှ “ဘာပဲဖြစ်ဖြစ် အဲ့ဒါတွေက သေမျိုးတွေရဲ့ ခွန်အားအဆင့်မှာပဲ ရှိသေးတယ်” ဟု ခေါင်းခါကာ ပြောလိုက်လေ၏။
ဤစကားလုံးများက သိပ်မစိမ်းလှပေ။
လွန်ခဲ့တဲ့ နှစ်ဝက်ခန့်က ရှမ်မန်းကီ ထွက်မသွားခင် ဆူဇီမိုကို ပြောခဲ့ဖူးလေ၏။ သူသည် စဦးအဆင့်(သို့) မူလအဆင့်ကို ရောက်နိုင်ခဲ့လျှင်ပင် ထိုအရာသည် သေမျိုးတို့၏ ခွန်အားအဆင့်သာ ဖြစ်လေ၏။ သူသည် အင်မော်တယ်နှင့် ရင်ဆိုင်ရလျှင် မည်သို့မျှ ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။
ဆူဇီမိုသည် ဦးလေးကျန့် ဘာကို ဆိုလိုချင်သည်ဆိုတာ သဘောပေါက်လေ၏။
သို့သော်လည်း သူတို့ဆူမိသားစု၏ ရန်သူက ဒဏ္ဍာရီလာ အင်မော်တယ်များ ဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။
ထို့အပြင် ဆူဇီမိုကိုယ်တိုင်ကလည်း မရည်ရွယ်ပါဘဲနှင့် ပကတိ-ရွှေအူတိုင်အဆင့် အင်မော်တယ်ကို အာခံမိထားသေး၏။
“ဆူမိသားစုရဲ့ ရန်သူက ဘယ်အဆင့်မှာလဲ.. ချီစုဖွဲ့စစ်သည်တော်အဆင့်လား.. အခြေတည်အဆင့်လား.. ရွှေအူတိုင်အဆင့်လား” ဆူဇီမိုကို တည်ငြိမ်စွာ မေးလိုက်၏။
ထိုအဆင့်များနှင့် ပတ်သတ်ပြီး ဆူဇီမိုသည် တျဲယွဲ့ထံမှ ကြားဖူးထားပေပြီ။ ချီစုဖွဲ့အဆင့်ကို အဆင့်ငယ်ဆယ်ခု ထပ်မံခွဲခြားထားပြီး ဆယ်ခုမြောက်အဆင့်ကို ပြီးပြည့်ဆုံသော အဆင့်ဟု ခေါ်နိုင်ပေ၏။ အခြေတည်အဆင့်သို့ ရောက်လျှင် ထိုသူကို ကျင့်ကြံသူဟု ခေါ်ဆိုနိုင်ပြီး ရွှေအူတိုင်အဆင့်ရောက်မှသာလျှင် ထိုသူကို ပကတိပြည့်စုံသော အဆင့်ဟု သတ်မှတ်နိုင်လေ၏။
“သင်...”
ဦးလေးကျန့်သည် ကျင့်ကြံ့ရေးလောက ဝေါဟာရများကို ဆူဇီမို သိရှိထားမည်ဟု လုံးဝ မထင်ထားပေ။ သူအမူအယာက လွန်စွာ ထိတ်လန့်တုန်လှုပ်သွားဟန်ပင်။
တစ်ခဏကြာပြီးနောက် ဦးလေးကျန့်က ပြောလိုက်၏။ “အခြေတည်အဆင့်နဲ့ ပကတိ ရွှေအူတိုင်အဆင့်ဆိုတာ ကျုပ်တို့နဲ့ အတော်အလှမ်းကွာပါသေးတယ်.. ကျုပ်တို့သာမန်သေမျိုးတွေက ချီစုဖွဲ့စစ်သည်တော်အဆင့်ကိုတောင် ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”
“အခုချိန်မှာ သင်က မူလအဆင့်ပညာရှင်ကို သတ်နိုင်ကောင်းသတ်နိုင်လိမ့်မယ်.. ဒါပေမယ့်.. အဆင့်-၁ ချီစုဖွဲ့ စစ်သည်တော်ကတောင် သင့်ကို အလွယ်တကူ သတ်နိုင်တယ်”
ဆူဇီမို၏ မျက်ခုံးနှစ်ဖက်သည် အနည်းငယ် တွန့်ကွေးသွား၏။
ဦးလေးကျန့်ပြောစကားများကို သူ မယုံကြည်ပေ။
တျဲယွဲ့ပြောပုံအရဆိုလျှင် နတ်ဆိုးသားရဲကျင့်ကြံ့ခြင်းသည်လည်း တာအိုကျင့်ကြံ့ခြင်း အမျိုးအစားသာ ဖြစ်လေသည်။ ၎င်းသည်လည်း အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာ ဂိုဏ်းကြီးသုံးဂိုဏ်းအောက် မကျပေ။
ယခုသူသည် သားရဲနတ်ဆိုး၁၂ပါး၏ အန္တိမ နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်တွင် ခန္ဓာကိုယ်ကြံ့ခိုင်စေခြင်းအပိုင်းကို ကျွမ်းကျင်သွားပေပြီ။ သူက အဆင့်၁ ချီစုဖွဲ့စစ်သည်တော်ကိုတောင် မနိုင်,နိုင်ဘူးလား။
ထို့အပြင် နှစ်ဝက်အတွင်း သတ်ဖြတ်မှု နှစ်ကြိမ်က ဆူဇီမိုကို အများကြီး ယုံကြည်မှု ရှိလာစေ၏။
“ဦးလေးကျန့်.. ကျုပ်သာ ချီစုဖွဲ့စစ်သည်တော်တစ်ယောက်ကို တိုက်ခိုက်သတ်ဖြတ်နိုင်တဲ့ ခွန်အားရှိနေပြီဆို သင်..ကျုပ်ကို အမှန်တရားကနေ ဘာမှမထိမ်ချန်ဘဲ အကုန်ပြောပြမှာလား” ဆူဇီမိုက ထပ်မေးလိုက်၏။
“အဲ့ဒါက...” ဦးလေးကျန့်သည် အနည်းငယ် တုန့်ဆိုင်းနေ၏။ “ဒုတိယသခင်လေး.. သင့်မှာ စိတ်ဝိညာဉ်ရင်းမြစ်မှ မရှိတာ.. သင်က သေမျိုးတွေရဲ့ အဆင့်ထိပဲ လေ့ကျင့်နိုင်မှာ.. ဘယ်လိုပဲဖြစ်ဖြစ် သင့်က အင်မော်တယ်တွေနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”
ဆူဇီမိုက လှောင်ရယ်လိုက်၏။ တျဲယွဲ့ပြောခဲ့တာကို ပြန်သတိရပြီးနောက် သူပြောလိုက်လေ၏။ “ချီစုဖွဲ့စစ်သည်တော်အဆင့်ကို ဘယ်လိုလုပ် အင်မော်တယ်လို့ ပြောနိုင်မှာလဲ... ပကတိရွှေအူတိုင်အဆင့်ကို ရောက်ရင်တောင် သူတို့ကိုယ်သူတို့ အင်မော်တယ်လို့ ပြောနိုင်ပါ့မလား”
တျဲယွဲ့ ထိုစကားကို ပြောတုန်းက ဆူဇီမိုသည် ကြောင်အပြီး ပြောစရာ စကားမဲ့သွားရလေ၏။ ယခုဦးလေးကျန့်လည်း ထိုအတိုင်းပင်။ သူသည် ပါးစပ်အဟောင်းသားနှင့် တုန်လှုပ်သွားလေ၏။
“သခင်လေး ပြန်လာတာကို စောင့်ကြရအောင်.. ပြီးမှ အဲ့အကြောင်း ဆက်ပြောကြတာပေါ့” နောက်ဆုံး ဦးလေးကျန့်က ပြောလိုက်၏။
“ကောင်းပြီလေ.. အစ်ကိုကြီး ပြန်လာမှပဲ သူ့ကို မေးကြည့်ရတာပေါ့”
ဆူဇီမိုသည် ဆက်နေ မနေတော့ဘဲ လှည့်ထွက်သွားလေတော့၏။