← Chapters

ကန်းလန်ရိုးမ

Vol. 1 Ch. 13

ကန်းလန်ရိုးမ

Vol. 1 Ch. 13

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း(၁၃) ကန်းလန်ရိုးမ

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

ဆူဇီမို ပြန်လာတော့ မိုးမလင်းသေးပေ။ သူသည် အချိန်ကို အသုံးချရန်အတွက် ကျင့်ကြံရေးကွင်းထဲသို့ ပြန်ဝင်လိုက်၏။ တျဲယွဲ့နှင့် တွေ့ချိန်တွင် သူကောက်မေးလိုက်၏။ ‘’Missတျဲ.. ကျုပ်က ခန္ဓာကိုယ် ကြံ့ခိုင်စေခြင်း အပိုင်းကို လေ့ကျင့်ပြီးသွားပြီ.. ကျုပ်က အဲ့ဒီမှာ စဦးအောင်မြင်မှုပဲ ရသေးတာ ဆိုပေမယ့် ... အဆင့်၁-ချီစုဖွဲ့စစ်သည်တော်ကိုတော့ နိုင်နိုင်လောက်တယ် မဟုတ်လား”

“မင်းလား.. သေချာပေါက် မင်းသေသွားမှာပေါ့!”

တျဲယွဲ့က ဆူဇီမိုကို ဖျတ်ကနဲ တစ်ချက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

ဆူဇီမိုသည် မြေပေါ်တွင် မှိုင်တွေကာ ရပ်နေမိ၏။ သူ့မျက်လုံးထဲမှ စိတ်ပျက်မှုကို ဖုံးကွယ်မထားနိုင်ပေ။

သူသည် ချီစုဖွဲ့စစ်သည်တော်ကို အသားစီးကို ရယူနိုင်လိမ့်မည်ဟူ၍ ထင်ထားခဲ့၏။ စောစောက ဦးလေးကျန့်၏ စကားများကို ကြားရသောအခါ သူ့ကို အထင်သေးခံရသလို ခံစားခဲ့ရ၏။ သူထင်မှတ်မထားမိပေ...

ဤအချိန်တွင် ဆူဇီမို၏ ရင်ထဲတွင် သံသယများက ပေါ်ပေါက်လာ၏။

သားရဲနတ်ဆိုးကျင့်ကြံခြင်းကလည်း တာအိုကျင့်ကြံခြင်းပုံစံတစ်မျိုးပဲဆိုပြီး ဘာလို့ အဲ့ဒါက အဆင့်၁-ချီစုဖွဲ့စစ်သည်တော်အဆင့်ကိုတောင် မနိုင်,နိုင်ရတာလဲ။

တျဲယွဲ့က ဆူဇီမို၏စိတ်ကို ဖတ်နိုင်ပုံရလေ၏။ သူမသည် ထူးမခြားနားပုံစံနှင့်ပင် ပြောလိုက်လေ၏။ “မင်းရဲ့လက်ရှိ ကိုယ်ကာက ခွန်အားက အဆင့်၄-ချီစုဖွဲ့စစ်သည်တော်ကို သတ်ဖို့ လုံလောက်တယ်.. ဒါပေမယ့်လဲ မင်းမှာ တိုက်ပွဲအတွေ့အကြုံ ကောင်းကောင်းမရှိသေးဘူး.. တိုက်ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးကို အတုံ့အလှည့် အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ အချက်တွေ အများကြီးရှိတယ်.. ကိုယ်ကာယခွန်အားဆိုတာ အဲ့ဒါတွေက အချက်တစ်ချက်သာပဲ”

“အဆင့်၄-ချီစုဖွဲ့အဆင့်ကို သတ်နိုင်တယ်ပေါ့”

ဆူဇီမို ကြောင်အသွား၏။ သူ ပြီးမှ တစ်ဖြည်းဖြည်း အသိစိတ်ပြန်ကပ်လာလေ၏။ ဒါဆို.. သူ့ခွန်အားက လုံလောက်အောင် မသန်မာလို့ မဟုတ်ဘူးပေါ့.. သူ့မှာ လိုအပ်နေတာက တိုက်ပွဲအတွေ့အကြုံနဲ့ တိုက်ခိုက်ခြင်း နည်းစနစ်။

ဤအရာသည် အဖိုးတန်ဓါးကောင်းတစ်ချောင်းလိုပင်။ အသုံးချတတ်ရင် ချတတ်သလို အစွမ်းထက်နိုင်လေသည်။ ထိုဓါးကို ကိုင်ကာ အသုံးချမည့်သူ၏လက်အပေါ်တွင်သာ မူတည်လေသည်။

ကိစ္စက ဒီလိုဆိုတော့လည်း ဆူဇီမိုသည် မချင့်မရဲ ဖြစ်သွား၏။ သူသည် လေသံကို မြှင့်လိုက်ပြီး “တိုက်ခိုက်ခြင်းအကြောင်း ကျုပ်လည်း နည်းနည်းတော့ သိပါတယ်.. သိုင်းသမားတွေ ရာနဲ့ချီပြီး ကျုပ်ကို ဝိုင်းထားတုန်းက .. ကျုပ်အဲ့ဒီ အကျပ်အတည်း အခက်အခဲ ဘေးအန္တရာယ်ထဲကနေ ရအောင် ဖောက်ထွက်နိုင်ခဲ့သေးတယ်” ဟု ဂုဏ်ယူစွာ ပြောလိုက်လေ၏။

“အဲ့ဒီ မော်တယ် လူတစ်စုက မင်းကို စုတ်ပြတ်သတ်နေအောင် ဝိုင်းရိုက်လိုက်ကြသေးတယ်မလား.. ဒါတောင် မင်းက ရအောင် ဖောက်ထွက်နိုင်တယ်ဆိုပြီး ဂုဏ်ဆာနေသေးတာလား”

တျဲယွဲ့က ခနဲ့လိုက်၏။ သူမသည် လက်ကို အသာအယာ ဝေ့ယမ်းလိုက်သောအခါ မမြင်ရသော အားတစ်ခုက သက်ရောက်သွားသလိုပင်.. အစက မြေကြီးပေါ်တွင် စိုက်ထား‌သော မိုးကြိုးဆေဘာဓါးသည် ကြွတက်လာပြီး လေထဲတွင် ဝဲနေလေ၏။

“ရွှီး”

ပေအနည်းငယ် အကွာမှ.. တျဲယွဲ့သည် သူမ၏ လက်ညိုးကို ဆန့်ထုတ်ကာ ဆူဇီမိုရှိရာဘက်သို့ ညွှန်လိုက်၏။

ရွှစ်!

ဓါးသွားက အလင်းလို မြန်ဆန်၏။ ချက်ခြင်းဆိုသလို မိုးကြိုးဆေဘာက ဆူဇီမို၏ မျက်လုံးအ‌ရှေ့တွင် ဖျတ်ခနဲ ပေါ်လာ၏။ ထိုဓါးသည် ဆူဇီမို၏ နဖူးအလယ်တည့်တည့်နှင့် တစ်လက်မအကွာလောက်တွင် ရပ်တန့််သွား၏။

မြန်လိုက်တာ!

သူသည် တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ပေ။

တျဲယွဲ့က ပျင်းရိလေးတွဲသော အသံဖြင့် ပြောလိုက်၏။ “ဒါက ချီစုဖွဲ့စစ်သည်တော်တွေ တိုက်ခိုက်နေကျ ပုံစံမျိုးပဲ.. စိတ်ဝိညာဉ်ချီနဲ့ လက်နက်တွေကို ထိန်းချုပ်ပြီး တိုက်ခိုက်တဲ့ပုံစံပေါ့.. မင်းသာ အခုနေ ချီစုဖွဲ့ စစ်သည်တော်တစ်ယောက်နဲ့ တိုက်ခိုက်မယ်ဆို အခုချိန် မင်းသေနေလောက်ပြီ”

“အဲ့.အဲ့လောက်မြန်တာကို ကျုပ်ဘယ်လိုလုပ် ရှောင်လို့ရမှာလဲ” ဆူဇီမို နည်းနည်းတော့ ဖြုံသွားလေသည်။

တျဲယွဲ့က ပြောလိုက်၏။ “သားရဲတွေမှာ အခြားကျင့်ကြံသူတွေထက် ပိုအားသာတဲ့ စွမ်းရည်နှစ်မျိုး ရှိတယ်.. ပထမတစ်ခုကတော့ သန်မာအားကောင်းတဲ့ ခန္ဓာကိုယ်ထည်ပဲ.. နောက်တစ်ခုကတော့ စူးရှထက်မြက်တဲ့ အာရုံခံသတိစိတ်ပဲ.. မင်းသိထားဖို့ လိုတာက ကျင့်ကြံသူအတော်များများရဲ့ ခန္ဓာကိုယ်က အားနည်းကြတယ်.. မင်းလုပ်ရမှာက သူတို့ရဲ့ ပထမဆုံးတိုက်ခိုက်မှုကို ရအောင်ရှောင်ရှားပြီး သူတို့နားကို နီးနိုင်သမျှ နီး‌အောင် ချဉ်းကပ်ဖို့ပဲ.. လူခြင်းကပ်သွားပြီးဆိုတာနဲ့ သားရဲကလန်ရဲ့ အနီးကပ်တိုက်ခိုက်ခြင်း စွမ်းရည်ကို အသုံးချပြီး မင်း..သူတို့က သတ်ဖြတ်ဖို့ လုပ်ရမယ်”

ဆူဇီမိုသည် မျက်မှောင်ကြုတ်ကာ အလေးအနက် ‌စဉ်းစားလိုက်၏။ အနည်းငယ်ကြာပြီးနောက် သူ မေးလိုက်၏။ “သန်မာအားကောင်းတဲ့ ခန္ဓာကိုယ်ကို အသုံးချရမယ်ဆိုတာကိုတော့ ကျုပ်နားလည်ပါတယ်.. ဒါပေမယ့် အာရုံခံသတိစိတ် ဆိုတာက ဘယ်လိုမျိုးလဲ”

“ပုစဉ်းရင်ကွဲက ဆောင်းဦးလေ ရောက်မလာခင်ကတည်းက ကြိုတင် အာရုံခံမိသလိုမျိုးလား” ဆူဇီမို‌၏ မျက်လုံးက တောက်ပသွား၏။

တျဲယွဲ့က ခေါင်းညိတ်လိုက်၏။

“အာရုံခံသတိစိတ် ရလာအောင် ကျုပ်ဘယ်လို လေ့ကျင့်ရမလဲ” ဆူဇီမိုက မေးလိုက်၏။

“ရိုးရိုးလေးပဲ”

တျဲယွဲ့၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွား၏။ တစ်မူထူးဆန်းသော အပြုံးဖြင့် သူမသည် ရုတ်တရတ် သူမ၏ အင်္ကျီလက်စကို ဆူဇီမို မျက်နှာဆီသို့ ဝေ့ယမ်းလိုက်၏။

ရွှစ်!

‌ပတ်ဝန်းကျင်လေထုသည် တွန့််လိမ်ပုံပျက်သွားပြီး အရာရာသည် မှောင်မဲသွားလေ၏။ ဆူဇီမိုသည် သူ၏ အာရုံငါးပါးလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။

နောက်တစ်ခဏကြာပြီးနောက် .. သူသည် အခြားနေရာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရသည်ဟု ထင်မိလိုက်၏။

“ငါ.. ဘယ်နေရာ ရောက်သွားတာလဲ”

ဆူဇီမိုသည် သူ့အသိစိတ်များကို ပြန်လည်ရရှိပြီးနောက် ဘေးပတ်ပတ်လည်သို့ လှည့်ကြည့်လိုက်၏။ ဤနေရာသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်‌သော ပတ်ဝန်းကျင်တစ်ခု ဖြစ်လေသည်။ ၎င်းသည် မည်းနက် မှောင်မိုက်နေပြီး ရှေးကျကာ အရိုင်းဆန်ဆန် အော်ရာတစ်မျိုးက ထွက်ပေါ်နေ၏။ လေထုက မနှစ်မြို့ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေလေ၏။

တျဲယွဲ့က သာမန်ကာလျှံကာပင် ပြောလိုက်၏။ “ဒီနေရာက ကန်းလန်ရိုးမပဲ.. မင်း..ဒီနေရာမှ တစ်နှစ်ကြာတဲ့အထိ အသက်ရှင်အောင် နေနိုင်မယ်ဆို မင်းအနေနဲ့ အာရုံခံသတိစိတ် ရလာအောင် လေ့ကျင့်နိုင်လိမ့်မယ်”

ဆူဇီမို ကြက်သေ,သေသွား၏။

ကန်းလန်ရိုးမသည် ပင်ယန်းမြို့မှ ကီလိုမီတာ လေးငါးခြောက်ဆယ်ခန့် ကွာဝေးလေ၏။ ၎င်းသည် လူသားများအတွက် လွန်စွာအန္တရာယ်များ‌သော နေရာဌာနတစ်ခု ဖြစ်၏။ ဤနေရာသည် နတ်ဆိုးသားရဲများနှင့် တောကောင်ကြီးများ ကျင်လည်ကျက်စားရာ နေရာဖြစ်ပြီး ခြေလှမ်းတိုင်းက အန္တရာယ်များနှင့် ပြည့်နှက်နေလေ၏။ တစ်စုံတစ်ယောက်သည် ဤနေရာတွင် ညအချိန် ဖြတ်သန်းသွားလာနိုင်ဖို့ဆိုတာမှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ကန်းလန်ရိုးမနှင့် ပတ်သတ်ပြီး ပြောနေကျ ဒဏ္ဍာရီများစွာ ရှိခဲ့၏။ အဲ့ဒီမှာ လူသားများ၏ သွေးအဆီအနှစ်နှင့် စွမ်းအင်များကို စုပ်ယူစားသုံးတတ်သော မိစ္ဆာဆန်သော နတ်ဆိုးသားရဲများ ရှိသည်ဟု ဆိုကြလေ၏။

တစ်ကယ်တော့ ကန်းလန်ရိုးမ၏ တောဘုရင်မှာ ဝံပုလွေမျိုးနွယ်များ ဖြစ်ကြလေ၏။ သူတို့သည် သွေးဆာ ရက်စက်တတ်ပြီး အငြိုးအတေးလည်း ကြီးလေသည်။

လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က .. အနီးအနားရွာမှ မုဆိုးတစ်ယောက်သည် ကန်းလန်ရိုးမမှ ဝံပုလွေငယ်လေးတစ်ကောင်ကို ဖမ်းလာခဲ့လေ၏။ ထိုညမှာပင် မုဆိုးနေထိုင်ရာ တစ်ရွာလုံးသည် ဝံပုလွေများ ဝါးမြိုခြင်းကို ခံလိုက်ရပြီး အားလုံးမျိုးပြုတ်သွားလေတော့၏။ ကြက်ငှက်များနှင့် ခွေးနွားတိရစ္ဆာန်များပင် တစ်ကောင်တစ်မြီးမျှ မကျန်ခဲ့ပေ။

ပတ်ဝန်းကျင်ရှိ တိုင်း၊ပြည်နယ်များသည် ကန်းလန်ရိုးမ၏ ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း မရှိကြပေ။ ကန်းလန်ရိုးမ၏ တောအနက်ပိုင်းထဲသို့ မည်သည့်စစ်တပ်မျှ ခြေမချရဲကြပေ။

၎င်းရိုးမထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ကို အသာထား။ ကန်းလန်ရိုးမကို ထိခိုက်ဒဏ်ရာမရရှိဘဲ ဖြတ်သွားနိုင်ဖို့ဆိုတာပင် ကောင်းကင်ဘုံပေါ် တက်လှမ်းရသလို ခဲယဉ်းလှ၏။

တျဲယွဲ့က ဆက်လက်ပြောလိုက်၏။ “သားရဲတွေကြားမှာလည်း အဆင့် ခွဲထားတာတွေ ရှိတယ်.. အနိမ့်ဆုံးအဆင့်က အကောင်တွေကိုတော့ သားရဲလို့ခေါ်ဖို့တောင် အဆင့်မမှီဘူး.. သူတို့ကို စိတ်ဝိညာဉ် တောကောင်လို့ ခေါ်တယ်.. သူတို့ကိုလည်း ခွန်အားနည်းတဲ့တောကောင်နဲ့ ခွန်အားကြီးတဲ့တောကောင်ဆိုပြီး ထပ်ခွဲလို့ရတယ်.. မင်းရဲ့မြင်း ဇူဖန်ကို ခွန်အားအနည်းဆုံးတောကောင်အမျိုးအစားလို့ သတ်မှတ်လို့ရတယ်.. သူရဲ့ စိတ်ဝိညာဉ်က အသိဉာဏ် စဝင်လာကာစပဲ ရှိသေးတယ်.. သန်မာအားကောင်းတဲ့ စိတ်ဝိညာဉ်တောကောင်တွေ ဆိုရင်တော့ သူတို့ရဲ့ စွမ်းရည်က ပကတိ-ချီစုဖွဲ့ စစ်သည်တော်အဆင့် လူသားကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်လို့ ရတယ်..”

“စိတ်ဝိညာဉ်တောကောင်တွေရဲ့ အထက်မှာတော့ စိတ်ဝိညာဉ်သားရဲတွေ ရှိတယ်.. အဲ့ဒီမှာဆိုရင် အားနည်းတဲ့ကောင်တွေနဲ့ အားကြီးတဲ့ကောင်တွေကြား ခွန်အားကွာဟချက်က ပိုတောင်ကြီးမားသေးတယ်.. ခွန်းအားကြီးတဲ့ သားရဲတွေက ပကတိ-ရွှေအူတိုင်အဆင့် ကျင့်ကြံသူတွေလောက် သန်မာပြီး အားနည်းတဲ့သားရဲတွေကတော့ အခြေတည်အဆင့် ကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်လို့ ရတယ်”

ဆူဇီမိုက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ “အခု ကန်းလန်ရိုးမထဲမှာ စိတ်ဝိညာဉ်သားရဲတွေ ရှိလား”

တျဲယွဲ့ ပြောပုံအရ .. သူသည် သာမည ချီစုဖွဲ့စစ်သည်တော်များကိုပင် နိုင်အောင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။ အ‌ခြေတည်အဆင့် (သို့) ရွှေအူတိုင်အဆင့် ကျင့်ကြံသူများလောက် အစွမ်းထက်သော စိတ်ဝိညာဉ်သားရဲများနှင့်သာ တိုက်ခိုက်ရမည်ဆိုရင်တော့ ပြောနေစရာပင် မလိုတော့ပေ။

“အဲ့ဒါတော့ ငါလည်း မသိဘူး” တျဲယွဲ့က မသိမသာ ပြုံးရင်း ပြောလိုက်၏။

ဆူဇီမို မှင်သက်သွား၏။

ဒါက ဘယ်လို အဖြေကြီးလဲ..

ဤကိစ္စကို တျဲယွဲ့မသိဘူးဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဒါ သူမက သူ့ကို သက်သက် မပြောပြချင်လို့ပဲ ဖြစ်ရမယ်။

တျဲယွဲ့က တည်ငြိမ်စွာ ပြောလိုက်၏။ “ဒါက စမ်းသပ်ချက် တစ်ခုပဲ.. ဒီအတောအတွင်း မင်းရှင်သန်‌အောင် နေနိုင်မယ်ဆိုရင် မင်းအနေနဲ့ လုံးဝ ပြောင်းလဲသွားပြီး မဟာ အရိုင်းကမ္ဘာက နတ်ဆိုးသားရဲ ဘုရင် ၁၂ပါးရဲ့ အန္တိမ နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်ရဲ့ အစစ်အမှန် စွမ်းအင်ကို ထုတ်သုံးနိုင်လိမ့်မယ်.. မင်းအဲ့ဒါကို တောင့်မခံနိုင်ခဲ့ဘူးဆိုရင်တော့ . . . ပြောနေစရာတောင် မလိုဘူး.. စိတ်ဝိညာဉ်သားရဲတွေက မင်းကို ဝါးမြိုသွားလိမ့်မယ်.. အဲ့ဒါဆိုရင်တော့ တစ်ခါတည်း အဆုံးသတ်ပြီ”

ဆူဇီမို နားလည်လိုက်၏။ ကန်းလန်ရိုးမအတွင်းတွင် တစ်နှစ်ကြာအောင် နေထိုင်မည်ဆိုလျှင် သူသည် အမျိုးမျိုးသော စိတ်ဝိညာဉ် သားကောင်များနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ခြေလှမ်းတိုင်းက အန္တရာယ် အပြည့်နှင့်ပင်။ ဤအရာသည် လွန်စွာ ရက်စက်သော စမ်းသပ်ချက် ဖြစ်လေ၏။

၎င်းသည် တစ်ကယ်တမ်းတော့ လေ့ကျင့်မှု ပုံစံတစ်ခုလည်း ဖြစ်ပေသည်။

သေခြင်း-ရှင်ခြင်း အတွေ့အကြုံ!

သေခြင်း-ရှင်ခြင်း အသက်ဘေးနှင့် အကြိမ်ကြိမ်တွေ့ကြုံရမှသာလျှင် လူတစ်ယောက်သည် အလွန်အားကောင်းသော အာရုံခံသတိစိတ်ကို ပုံသွင်းရယူနိုင်ပေလိမ့်မည်။

တျဲယွဲ့က ပြောလိုက်၏။ “မင်းအခုနေ နောင်တရလို့ မလုပ်ချင်တော့ဘူးဆိုလည်း ရတယ်.. မင်း ဒီမှာ နေခဲ့မယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ငါမင်းကို ဒီမှာ ထားခဲ့‌တော့မယ်.. ငါမင်းကို ပင်ယန်းမြို့ကနေ စောင့်နေမယ်.. တစ်နှစ်ပြည့်လို့မှ မင်းပြန်မလာနိုင်ဘူးဆိုရင်တော့ ငါသွားရမယ့်နေရာကို ပြန်တော့မယ်”

“နောင်တလား”

ဆူဇီမိုက ပြုံးလိုက်၏။ ဇောင်ဒင်းယွမ်က အချိန်မ‌ရွေး ပြန်ရောက်လာနိုင်လေသည်။ ဆူမိသားစု၏ အန္တရာယ်အတွက်ပဲဖြစ်ဖြစ်၊ ဇူဖန်အတွက် လက်စားချေဖို့ပဲ ဖြစ်ဖြစ် သူ့မှာ အခြားရွေးချယ်စရာ မရှိပေ။

“တစ်နှစ်ပြည့်တဲ့ အချိန်ကျရင် ကျုပ်ပြန်လာခဲ့မယ်”

အမှောင်ထုထဲတွင် ဆူဇီမို၏ မျက်လုံးများသည် ကြည်လင်တောက်ပပြီး ပြတ်သားခိုင်မာနေလေသည်။

သူသည် တျဲယွဲ့ထံမှ စာရွက်နှင့် စုတ်တံတစ်ချောင်းကို တောင်းလိုက်ပြီး စာအနည်းငယ် ရေးလိုက်၏_ ‘ကိစ္စတစ်ချို့ကြောင့် ကျုပ်အခု အဝေးကို ရောက်နေတယ်.. ကျုပ်ကို လိုက်ရှာ မနေကြနဲ့”

ဆူဇီမိုက စာရွက်ကို ခေါက်လိုက်ပြီး တျဲယွဲ့ကို ကမ်းပေးရင်း ပြောလိုက်၏။ “တစ်နည်းနည်းနဲ့ ဒီစာကို ဆူမိသားစုအိမ်တော်ကို ရောက်အောင် ပို့ပေးပါ.. ဦးလေးကျန့်က ကျုပ်လက်ရေးကို မှတ်မိပါတယ်”

တျဲယွဲ့က ခေါင်းညိတ်ရင်း ပြောလိုက်၏။ “အာရုံတက်ဖို့ သုံးနာရီလောက် လိုသေးတယ်.. ငါမင်းကို အရွတ်အသွင် ပြောင်းလဲခြင်း အပိုင်းကို သင်ပေးလိုက်မယ်.. အာရုံတက်တာနဲ့ ငါသွားတော့မယ်.. မင်းလေ့ကျင့်သင်ယူဖို့ အချိန်သုံးနာရီ ရတယ်.. အချိန်ကို အကျိုးရှိရှိ အသုံးချပါ”

သုတ္တန်စာပိုဒ်များရေးထားသော ဂါထာတစ်မျက်နှာက ဆူဇီမို၏ စိတ်အာရုံထဲတွင် ပေါ်လာလေ၏။

နတ်ဆိုးသားရဲဘုရင် ၁၂ပါးရဲ့ လျှို့ဝှက်နက်နဲ ပညာရပ်မှာဆိုရင် ခန္ဓာကိုယ် ကြံ့ခိုင်မီးဆေးခြင်းက အခြေခံအုတ်မြစ်ပဲ.. အရေပြားတွေ အသားတွေက လုံလောက်အောင် မာကျောမှု မရှိဘူးဆိုရင် အရွတ်အသွင်ပြောင်းလဲခြင်းကို လေ့ကျင့်တဲ့အခါ အဲ့ဒီလူရဲ့ ခန္ဓာကိုယ်က ကြီးမားတဲ့ အရွတ်တွေရဲ့ ကျုံ့ခြင်း၊ ပွခြင်း၊ တုန်ခါခြင်းတွေရဲ့ ဒဏ်ကို မခံနိုင်ဘဲ ရောင်ကိုင်း ပေါက်ပြဲစုတ်ပြတ်ကုန်လိမ့်မယ်.. အဲ့ဒီကျင့်ကြံသူက သွက်ချာပါဒ ဒုက္ခိတ ဖြစ်လာလိမ့်မယ်”

“အရွတ်အသွင်ပြောင်းလဲခြင်း နည်းစနစ်ရဲ့ ဇာတ်မြစ်က အနာကွန်ဒါမြွေသားရဲဘုရင်နဲ့ မျှော်လင့်ချက်မျောက်ဝံသားရဲဘုရင်တို့ဆီကနေ ဆင်းသက်လာတာပဲ.. အနာကွန်ဒါမြွေက ပေါ့ပါးဖျတ်လတ်တယ်.. သူ့ရဲ့ စွမ်းရည်တွေကတော့ ခုတ်ထွင်ဖြိုလှဲနိုင်တယ်.. ရစ်ခွေပတ်ယူနိုင်တယ်.. ပြီး‌တော့ ကွေးညွတ်-ဆွဲဆန့်ချိုးဖျက်နိုင်တယ်.. မျောက်ဝံတွေကတော့ တောင်တက်တာနဲ့ ကျောက်ဆောင်တွယ်တက်ခြင်းတို့မှာ အထူးကျွမ်းကျင်တယ်”

“အရွတ်အသွင်ပြောင်းလဲခြင်းမှာ စဦး‌အောင်မြင်မှုကို ရသွားပြီဆိုရင် မင်းခန္ဓာကိုယ်ရဲ့ ဒူပေနာပေ ခံနိုင်မှုက အလွန်တရာ တိုးတက်လာလိမ့်မယ်.. မင်းက အနာကွန်ဒါမြွေလို လျှင်မြန်ဖျတ်လတ်ပြီး မျောက်ဝံတစ်ကောင်လို ပေါ့ပါးသွက်လတ်လာလိမ့်မယ်.. မင်းရဲ့ခွန်အားကလည်း သိသိသာသာ တိုးတက်လာလိမ့်မယ်.. ကြီးမားတဲ့အရွတ်တွေရဲ့ လှုပ်ခါမှုက လေးကြိုးတုန်ခါပုံလိုမျိုးပဲ ဖြစ်လာလိမ့်မယ်.. အဲ့ဒီဖြစ်စဉ်တွေကို မင်း..အောင်မြင်အောင် လေ့ကျင့်နိုင်ပြီဆိုရင် .. ခန္ဓာကိုယ် အစိတ်အပိုင်းသုံးခုဖြစ်တဲ့ အရေပြား၊ အသားနဲ့ အရွတ်တွေက လုံးဝ စည်းဝါးကိုက် လိုက်လျောညီထွေ ရှိလာမယ်.. မင်းအနေနဲ့ မင်းရဲ့ကြွက်သားတွေကို လိုသလို ကျုံ့နိုင်၊ ပွနိုင်ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်နဲ့ ရုပ်ရည်သွင်ပြင်ကိုတောင် ပြောင်းလဲလို့ရတယ်.. နိုးထဝိညာဉ်အဆင့် ပညာရှင်ကလွဲလို့ ဘယ်သူ့မှ မင်းရဲ့ သရုပ်မှန်ကို မြင်နိုင်မှာ မဟုတ်ဘူး”

တျဲယွဲ့က အရွတ်အသွင် ‌ပြောင်းလဲခြင်း နည်းစနစ်၏ ခက်ခဲနက်နဲ သိမ်မွေ့သော အဓိပ္ပါယ်များကို မမောနိုင် မပန်းနိုင် ရှင်းပြနေလိုက်၏။

တောနက်ထဲတွင် မည်းမှောင်ပြီး တိတ်ဆိတ်နေ၏။ ပုစဉ်းရင်ကွဲများတောင်မှ အသံမထွက်ရဲပေ။ အဲ့ဒီမှာ အမျိုးသမီးတစ်ယောက်၏ သာယာနာပျော်ဖွယ် လေးတွဲတွဲ အသံတစ်ခုကသာ ဟိန်းထွက်နေလေသည်။

ထိုအမျိုးသမီး၏ ဘေးတွင် အစိမ်းရောင်ဝတ်စုံနှင့် စာပေသမားလေးက အပြည့်အဝ အာရုံစူးစိုက်ပြီး နားထောင်နေလေ၏။

အချိန်သည် တစ်ဖြည်းဖြည်း ကုန်ဆုံးလာပြီး ညအမှောင်ထုက ဖျော့တော့လာလေ၏။

နေအလင်းရောင်က မြူနှင်းများကို ကျော်ဖြတ်ပြီး တောအုပ်ပေါ်သို့ ဖြာကျလာသောအခါ တျဲယွဲ့က ရပ်နားလိုက်ပြီး ဆူဇီမိုကို လှည့်ကြည့်လိုက်၏။ သူမသည် ညင်သာစွာ ပြောလိုက်လေ၏။ “ငါ သွားတော့မယ်”

ဆူဇီမို မှတ်မိသလောက် ပြောရရင် ဤကဲ့သို့သော လေသံမျိုးဖြင့် တျဲယွဲ့ စကားပြောသည်ကို သူတစ်ခါမှ မကြားဖူးခဲ့ပေ။

ဘာကြောင့်ရယ်မသိဘဲ ဆူဇီမို ရင်ထဲတွင် တစ်မျိုးကြီး ခံစားနေရလေ၏။

ဆူဇီမိုသည် ပိုင်နိုင်နေသလို ပုံစံနှင့် မေးလိုက်လေ၏။ “တစ်ကယ်လို့ ကျုပ်သာ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဆို သင်က ကျုပ်ကို ဒုက္ခနွံထဲ ဒီအတိုင်း ထားခဲ့မှာလား”

ဆူဇီမိုသည် ဤစကားကို ပြောပြီးပြီးခြင်းမှာပင် နောင်တရသွားလေ၏။

ထင်သည့်အတိုင်းပင် တျဲယွဲ့က လှောင်ရယ်လိုက်၏။ “မင်းဘာသာ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ငါနဲ့ ဘာဆိုင်လို့လဲ”

ဤစကားလုံးများက လွန်စွာ သွေးအေးရက်စက်ရာကျပေ၏။

ထိုသို့ အပြောခံရပြီးနောက် ဆူဇီမိုသည် ရှက်သွားကာ အသံတိတ်သွားလေ၏။

တျဲယွဲ့က လှည့်ထွက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် နက်ရှိုင်းသော တောအုပ်အတွင်း ပျောက်ကွယ်သွားလေတော့၏။

ဆူဇီမို၏ အထီးကျန်ပုံရိပ်တစ်ခုသာလျှင် မြေပေါ်တွင် အမြစ်တွယ် ကျန်ရစ်ခဲ့လေ၏။ ဆူဇီမို အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေတုန်းမှာပင် တျဲယွဲ့၏ အသံက တစ်ဖန်ပြန်ပေါ်လာ၏။ ၎င်းအသံသည် တစ်ဖြည်းဖြည်း ဝေးကွာသွားပြီးနောက် မှိန်ဖျော့ပျောက်ကွယ်သွားလေ၏။

“ကန်းလန်ရိုးမက အထူးသဖြင့် ညဘက်တွေမှာဆို သားရဲတွေရဲ့ ကမ္ဘာပဲ.. မင်းအနေနဲ့ ပထမဆုံးတစ်လကိုသာ ကျော်လွှားနိုင်မယ်ဆို မင်း..တစ်နှစ်ပြည့်တဲ့အချိန်အထိ အသက်ရှင်နိုင်ဖို့ ၃၀% အခွင့်အ‌ရေး ရှိတယ်”

ဆူဇီမိုသည် မှင်သက်သွားလေ၏။

ဘာပဲဖြစ်ဖြစ် တျဲယွဲ့က သူ့ကို လုံးဝ စိတ်မပူတာတော့ မဟုတ်ပေ။ ထိုသို့ မဟုတ်လျှင် သူမသည် သူ့ကို နောက်ဆုံးညအချိန်မှာ အရွတ်အသွင် ပြောင်းလဲခြင်း နည်းစနစ်ကို အပင်ပန်းခံ သင်ပေးနေစရာ အကြောင်းမရှိပေ။

“ပထမတစ်လကို တောင့်ခံပြီးရင်တောင် ရှင်သန်နိုင်ဖို့ အခွင့်အရေးက ၃၀ ရာခိုင်နှုန်းပဲ ရှိတယ်တဲ့လား”

ဆူဇီမို တိတ်တဆိတ် တုန်လှုပ်သွား၏။ သူသည် သတိဝီရိယ အပြည့်ဖြင့် ပတ်ဝန်းကျင်အနေအထားကို လေ့လာ အကဲဖြတ်ကြည့်လိုက်၏။ လောလောဆယ် အန္တရာယ် မရှိနိုင်တာကို သေချာ အတည်ပြုပြီးနောက် သူသည် မိုးကြိုးဆေဘာကို ကျောတွင်လွယ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်ကာ အရွတ်အသွင် ပြောင်းလဲခြင်း သုတ္တန်မှ သဘောတရားများကို ပြန်လည် ဆင်ခြင် နှလုံးသွင်းလိုက်လေ၏။

ကန်လန်းရိုးမမှာ သူအသက်ဆက်ရှင်ချင်သေးသည်ဆိုလျှင် အရွတ်အသွင်ပြောင်းခြင်းနည်းစနစ်ကို တတ်နိုင်သမျှ မြန်မြန် ကျွမ်းကျင်အောင် လေ့ကျင့်ဖို့ လိုပေသည်။

တျဲယွဲ့ပြောပုံအရဆိုလျှင် အရွတ်အသွင်ပြောင်းလဲခြင်း၏ စဦးအောင်မြင်မှုကို ရပြီဆိုလျှင် သူ၏ စွမ်းရည်က အဆင့်၈-ချီစုဖွဲ့စစ်သည်တော်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိလာပေလိမ့်မည်။

၎င်းသည် သူ့အနေနှင့် ကန်းလန်ရိုးမအတွင်းရှိသော စိတ်ဝိညာဉ်တောကောင် အတော်များများကို သတ်ဖြတ်နိုင်သည်ဟု အဓိပ္ပါယ် ရလေသည်။ ထိုအခါ သူ၏ အသက်ရှင်သန်နိုင်နှုန်းကလည်း သိသိသာသာ တိုးတက်လာပေလိမ့်မည်။

ဆူဇီမိုသည် ဝင်လေထွက်လေ ရှူသွင်းခြင်း နည်းစနစ်ကို ဆက်တိုက် အသုံးချလိုက်ပြီး တစ်ဆက်တည်းဆိုသလိုပင် အရွတ်အသွင် ပြောင်းလဲခြင်းကို မရပ်မနား ကြိုးကြိုးစားစား နားလည်ဆင်ခြင်သုံးသပ်လေ့ကျင့်နေလိုက်၏။

ခန္ဓာကြံ့ခိုင်မီးဆေးခြင်း၏ အခြေခံအုတ်မြစ်ကြောင့်လား၊ အန္တရာယ်ကြားမှ ဖိအားကြောင့်လား မပြောတတ်ပေ။ သိပ်မကြာခင်မှာပင် ဆူဇီမိုသည် အရွတ်အသွင် ပြောင်းလဲခြင်း၏ စဦးအောင်မြင်မှုကို စတင် ရရှိသွားလေတော့၏။

ဒီတစ်ခါတော့ တျဲယွဲ့အထူးမှာကြားနေစရာပင် မလိုဘဲ_ ဆူဇီမိုသည် ဝင်လေထွက်လေရှူသွင်းခြင်း နည်းစနစ်နှင့် အရွတ်အသွင်ပြောင်းလဲခြင်းကို ရောယှက်ကာ တစ်ပြိုင်တည်း လေ့ကျင့်လိုက်လေ၏။

သူအသက်တစ်ကြိမ်ရှူလိုက်တိုင်းတွင် ဆူဇီမို၏ အသွေးအသားများသာမက အရွတ်များကပါ သန့်စင်မာကြောကြံ့ခိုင်လာလေ၏။ သူသည် ပို၍ လိုက်လျောညီထွေရှိလာပြီး စွမ်းအားကြီးလာလေ၏။

ဆူဇီမိုသည် ကျင့်ကြံ့ခြင်းတွင် လုံးဝနစ်မြောသွားပြီး သူယခု ရောက်ရှိနေသော နေရာကိုပင် မေ့လျော့သွားလေ၏။

အချိန်ဘယ်လောက်ကြာသွားပြီလဲပင် သူ မမှတ်မိ‌တော့ပေ။ ဆူဇီမိုသည် သူ့မျက်နှာပေါ်သို့ အရည်များ တစ်စက်စက် ကျလာသည်ကို ရုတ်တရတ် ခံစားလိုက်ရ၏။ ၎င်းသည် အနည်းငယ်နွေးနေပြီး စေးပျစ်ပျစ်နိုင်လေသည်။

“မိုးရွာနေတာများလား”

ထိုအတွေးနှင့်အတူ ဆူဇီမိုသည် မျက်လုံးကို ချက်ခြင်းဖွင့်ကြည့်လိုက်၏။

မဟုတ်ဘူးဟ!

မိုးရေက ဘယ်လိုလုပ် နွေးပြီး စေးပျစ်နေမှာလဲ

ဆူဇီမိုသည် ချက်ခြင်းပင် သတိပြန်ကပ်လာလေ၏။ ငါအခုရောက်နေတာ ကန်လန်းရိုးမပဲ။ အရင်လေ့ကျင့်နေကျ ကျင့်ကြံရေးကွင်းမှ မဟုတ်ဘဲဟ။

အဲ့ဒါ အန္တရာယ်ပဲ!

All Chapters