← Chapters

အာရုံခံသတိစိတ်

Vol. 1 Ch. 14

အာရုံခံသတိစိတ်

Vol. 1 Ch. 14

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၁၄ - အာရုံခံသတိစိတ်

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

ဆူဇီမို၏ စိတ်ထဲတွင် တစ်ခါမျှ မကြုံဖူးသော ကြောက်ရွှံ့မှုက ဖြစ်ပေါ်လာပြီး ခေါင်းနပမ်းကြီးသွားလေ၏။ သူ၏ တစ်ကိုယ်လုံးလည်း ကြက်သီးမွှေးညင်းများ ထာလာလေ၏။

ဆူဇီမိုသည် မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်ဘဲ ထိုင်လျက်ကနေ ခြေကိုဆန့်ထုတ်ကန်ကျောက်၍ ဒိုင်ဗင်ထိုးရှောင်လိုက်၏။

ရွှစ်!

ညှီစို့စို့နှင့် ကျောချမ်းစရာ လေအဟုန်က သူရှိရာသို့ တိုးဝင်လာပြီး သူသည် အချိန်မီကလေးပင် ရှောင်တိမ်းလိုက်နိုင်၏။ သူသည် မနေနိုင်စွာ အနောက်သို့ ပြန်လှည့်ကြည့်လိုက်၏။

ဆူဇီမို၏ သူငယ်အိမ်သည် တစ်ဆတ်ဆတ် တုန်ခါသွား၏။ ချက်ခြင်းပင် သူ့နှလုံးက ပေါက်ထွက်မတတ် ခုန်သွားလေ၏။

၎င်းသည် အနာကွန်ဒါ တောကြီးမြွေ ဖြစ်ပြီး ဆူဇီမို စိတ်မကူးနိုင်လောက်အောင်ပင် လွန်စွာ ကြောက်စရာကောင်းလေ၏။ ၎င်း၏ အလွန်တရာကြီးမားသော ကိုယ်ထည်သည် ရေစည်ပိုင်းလောက် ရှိလေသည်။ ၎င်း၏ ကိုယ်ထည်သည် ကြေးခွံများဖြင့် ပိတ်ကြပ်နေပြီး အေးစက်စက် သတ္တုရောင်ဖြင့် တစ်ဖျတ်ဖျတ် တောက်ပနေလေ၏။ ၎င်းသည် သူ၏ စိမ်းဖန့်ဖန့် ခပ်စွေစွေ မျက်လုံးကြီးများဖြင့် ဆူဇီမိုကို စူးစိုက်ကြည့်နေပြီး ၎င်း၏ ကြီးမားကြောက်စရာကောင်းသော ပါးစပ်ကြီးတွင်_ သွားများကြားမှ တံတွေးရည်များက တစ်စက်စက် စီးကျနေလေ၏။

ငါတော်တော် နမော်နမဲ့ နိုင်တာပဲ။ ဆူဇီမိုသည် တွေးကြည့်ရင်း ကြောက်ရွံ့နေဆဲ ဖြစ်၏။

ဒီလောက်ကြီးမားတဲ့ သတ္တဝါကြီးက သူ့အနားကပ်လာတာတောင် သူလုံးဝ သတိမထားမိခဲ့ပေ။

အနာကွန်ဒါသည် မိုးထိအောင် မြင့်မားသော သစ်ပင်အိုကြီးကို ရစ်ခွေပတ်ပြီး ဆူဇီမိုကို အပေါ်စီးမှနေ၍ အုပ်မိုးကြည့်နေလေ၏။ သူ၏မျက်လုံးများက ပမာမခန့် အထင်သေးနေသယောင်ပင်။

ဤအရာသည် စိတ်ဝိညာဉ်တောကောင် ဖြစ်လေ၏။

ဤအနာကွန်ဒါတွင် လူသားနှင့်တူသော မျက်လုံးအကြည့်ကို မြင်ရ၏။ ထိုအရာက ၎င်းသည် လူသားလိုဉာဏ်ရည်မျိုး ရှိနေပြီဆိုတာ ဖော်ပြနေခြင်း ဖြစ်၏။ ၎င်းသည် လူလို စကားမပြောတတ်သေးတာ တစ်ခုပင်။

ထိုမြွေနှင့် လူသားများကြားတွင် အရွယ်အစားအားဖြင့် ကြီးမားသော ကွာဟချက်ရှိသော်လည်း ဆူဇီမိုသည် စိတ်ကို တည်ငြိမ်စေလိုက်ပြီးနောက် နည်းနည်းလေးမျှ ကြောက်ရွံ့မနေတော့ပေ။ ဒီကောင် ဘယ်လောက်စွမ်းနိုင်မလဲ ကြိုးစားကြည့်ချင်စိတ်ပင် ပေါ်လာလေ၏။

ဤအရာသည် ရှားရှားပါးပါး အခွင့်အရေး တစ်ခုသာ ဖြစ်လေသည်။

အနာကွန်ဒါ၏ အကြည့်က အေးစက်ခက်ထန်ပြီး ကြောက်စရာကောင်းနေ၏။ ၎င်းက အရင်ဆုံး စတင်တိုက်ခိုက်လိုက်၏။ ကြီးမားသော ကိုယ်ထည်ကြီးသည် မြေပေါ်သို့ ပစ်ကျလာပြီး မြက်ခင်းပေါ်တွင် သုံးလေးပတ်လည်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် အလင်းလို အမြန်နှုန်းဖြင့် ဆူဇီမိုထံသို့ လျှောထိုးဝင်ရောက်လာလေ၏။

“အို.. သွားပြီ”

ဆူဇီမို လွန်စွာ တုန်လှုပ်သွား၏။

အနာကွန်ဒါသည် လျှောတိုက်လာရင်း ရုတ်တရတ် ၎င်း၏ ဦးခေါင်းကို ဦးတည်ရာ ပြောင်းလိုက်ပြန်၏။ သူသည် ရုတ်တရတ် တိုက်ခိုက်ရန် အခွင့်အရေးရှာဖို့ ခဲယဉ်းကြောင်း သိလိုက်ရပြီး သူ၏ မူလတိုက်ခိုက်ရန် အစီအစဉ်ကို ပယ်ဖျက်လိုက်ရ၏။

သူ၏ ပထမ တိုက်ခိုက်မှုသာ လွဲချော်သွားမည်ဆိုလျှင် သူသေနိုင်ဖို့က သေချာသလောက်ပင်။

ဆူဇီမိုသည် သူခြေထောက်မှ အားကို ဆန့်ထုတ်လိုက်ပြီး အနောက်သို့ အလျင်အမြန် ခုန်ဆုတ်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။

ဤအချိန်မှာပင် ဆိုးယုတ်သောအော်ရာနှင့် ကျောက်ဆောင်တစ်ခုလို မာကျောသော အရာတစ်ခုက ဝေ့ယမ်း ထွက်ပေါ်လာလေ၏။ သူ အချိန်မီ မတုန့်ပြန်နိုင်ခင်မှာပင် တုတ်ခိုင်မာကျောသော အနာကွန်ဒါ၏ အမြီးက သူ့ကို ရိုက်ချလိုက်ပြီး သူစင်ထွက်သွားလေ၏။

ဘန်း! ဘန်း! ဘန်း!

ဆူဇီမိုသည် သစ်ပင်ကြီး သုံးပင်ကို ကျိုးပဲ့သွားအောင် ဝုန်းကနဲ ပစ်တိုက်ပြီးမှ မြေပြင်ပေါ်သို့ လဲကျကာ ပါးစပ်ထဲက သွေးများကို အန်ထုတ်လိုက်လေ၏။ သူ့မျက်နှာက ဖြူဆုတ်သွားလေ၏။

ဤပစ်တိုက်ခြင်းက သူ့ကို ပြင်းထန်စွာ ဒဏ်ရာ ရသွားစေ၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ၏ အရွတ်များ အရိုးများက စုတ်ပြတ်ကျိုးပဲ့ကုန်ပြီဟု ခံစားလိုက်ရ၏။ နာကျင်မှုက တောင့်မခံနိုင်လောက်‌အောင်ပင်။ သူသည် ဆက်လက်တိုက်ခိုက်ဖို့ အားအင်ပင် မကျန်တော့ပေ။

“ရိုက်ချက်တစ်ချက်တည်းနဲ့တင် ငါ့ကို ဒီလို ဆိုးဆိုးရွားရွား ဖြစ်သွားစေတာပဲ”

သူ့အတွေး မဆုံးခင်မှာပင် အနာကွန်ဒါက သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာပြီး သူ့ကို နောက်တစ်ဖန် ခုန်အုပ်လိုက်ပြန်၏။ အနက်ရောင်အရိပ်ကြီးက သူ့အပေါ် လွှမ်းခြုံလာ၏။ ဆူဇီမိုသည် အံကြိတ်၍ လက်ကိုလှည့်လိုက်ပြီး ကျောထက်မှ ဆေဘာဓါးကို ဆွဲထုတ်လိုက်ကာ ရှိသမျှ ခွန်အားနှင့် ရှေ့သို့ခုန်ဝင်ကာ လွှဲခုတ်လိုက်လေ၏။

သွေးများက ပန်းထွက်သွား၏။

အနာကွန်ဒါက နာကျင်စွာ အော်ဟစ်လိုက်၏။ သွေးရဲရဲ ဓါးဒဏ်ရာတစ်ခုက ၎င်း၏ ဦးခေါင်းတွင် ပေါ်လာပြီး မျက်လုံးတစ်ဖက်ပါ ပေါက်ပြဲကန်းသွားလေ၏။

ထိုကဲ့သို့ ဆိုးရွားသော ဒဏ်ရာကို ခံစားလိုက်ရပြီးနောက် အနာကွန်ဒါ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြောက်တက်လာပြီး ဆက်တိုက် လှိမ့်ပတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ သစ်ပင်များသည် တစ်ပင်ပြီးတစ်ပင် တစ်ဝုန်းဝုန်း ကျိုးကျကုန်လေ၏။ ထွက်ပေါ်လာသော အသံမှာ ကျောချမ်းစရာပင်။

အနာကွန်ဒါက ဒဏ်ရာရထားသော်လည်း သူသည် ထိုသတ္တဝါ၏ ပြိုင်ဘက်မဟုတ်ဆိုသည်ကို ဆူဇီမို သိလိုက်၏။ သူတို့၏ တိုက်ခိုက်စွမ်းရည်က တူညီသောအဆင့်မှာ ရှိမနေပေ။

ထို့အပြင် သူသည်လည်း ပြင်းထန်စွာ ဒဏ်ရာရထားသေး၏။ သူသည် အနာကွန်ဒါဆီက နောက်ထပ် ရိုက်ချက်တစ်ချက်လောက်သာ ထပ်မံ လက်ခံရရှိလိုက်ပါက နေရာမှာတင် ပွဲချင်းပြီး သေသွားနိုင်လေသည်။

ဆူဇီမိုသည် ဒီနေရာမှာ နောက်ထပ်ကြာကြာ ထပ်မနေရဲတော့ပေ။ သူသည် ကောင်းကင်ထယ်သွားခြေလှမ်းကို ပုံဖော်ပြီး လျင်မြန်စွာ ပြေးထွက်လိုက်၏။

သူပြေးလို့ ဝေးဝေးမရောက်ခင်မှာပင် သူခွန်အားများက ယုတ်လျော့လာလေ၏။ သူရင်အုပ်သည် ကျပ်ခဲတစ်စို့လာပြီးနောက် နောက်ထပ် ပါးစပ်အပြည့် သွေးများက ထွက်ကျလာလေ၏။

ဇောင်မိသားစုအိမ်တော်မှ တိုက်ပွဲတွင် သူသည် တစ်ကိုယ်လုံး သွေးများရဲသွားသော်လည်း အဲ့တုန်းက ရရှိခဲ့သည်မှာ အပြင်ပိုင်း ဒဏ်ရာများသာ ဖြစ်လေ၏။ မူလအဆင့် ပညာရှင်များ၏ ခွန်အားက သူ့အရေပြားနှင့်အသားကို ထိုးဖောက်နိုင်လောက်အောင် သန်မာမှု မရှိပေ။

သို့စေကာမူ အနာကွန်ဒါ၏ အမြီးရိုက်ချက်က သူ့ရင်အုပ်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစေရုံသာမက အတွင်းဒဏ်ရာများကိုပါ ရသွားစေလေ၏။

အဲ့တုန်းက ဆူဇီမိုသည် ခန္ဓာကျောက်ရုပ်ကိုယ်ဟန်ကိုသာ မသုံးခဲ့ဘူးဆိုလျှင် ထိုရိုက်ချက်က သူ့ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေဖို့ လုံလောက်လေသည်။

“ငါက ပထမဆုံးနေ့မှာပဲ ဒီနေရာမှာ သေရတော့မှာပါလား။”

ဆူဇီမိုသည် လျှာဖျားကို ကိုက်ပြီး သတိလွတ်မသွားဘဲ နိုးထနေစေရန် ကြိုးစားလိုက်၏။ ထို့နောက် သူသည် တိတ်တဆိတ် စဉ်းစားချင့်ချိန်ရင်း ရေရွတ်လိုက်၏။ “ငါ..တတ်နိုင်သမျှ အမြန်ဆုံး ပုန်းခိုဖို့နေရာတစ်ခု ရှာရမယ်.. မဟုတ်ရင် လမ်းမှာ အခြား တောကောင် တစ်ကောင်ကောင်နဲ့ တွေ့တာနဲ့ ငါသေပြီပဲ”

အနည်းကြာ ပြေးလွှားပြီးနောက် ဆူဇီမိုသည် သူ့ရှေ့တွင် မတ်စောက်သော တောင်နံရံတစ်ခုကို တွေ့လိုက်ရ၏။ မြေပြင်မှ ပေအနည်းငယ်အကွာ ထိုနံရံတွင် လိုဏ်ဂူပေါက်တစ်ခု ရှိလေ၏။

ဆူဇီမို၏ မျက်လုံးသည် ဝင်းလက်သွား၏၊။

သူသည် တောင်နံရံနားသို့ လျှောက်သွားလိုက်ပြီး မိုးကြိုးဆေဘာဓါးကို သုံးကာ တောင်နံရံပေါ်တွင် ချိုင့်ထစ်များ ပြုလုပ်၍ အပေါ်သို့ တွယ်တက်လိုက်၏၊

ဆူဇီမိုသည် ချိုင့်ထစ်များကနေ တောင်နံရံပေါ်သို့ တွယ်တက်သွားပြီး လိုဏ်ဂူပေါက်ထဲသို့ ချောင်းကြည့်လိုက်၏။ အန္တရာယ်ဖြစ်နိုင်တာ တစ်စုံတစ်ရာ မတွေ့ရသောအခါ အထဲသို့ လှိမ့်ဝင်လိုက်လေ၏။

သူသည် အထဲသို့ ရောက်သောအခါ ခွန်အားတစ်မျှင်မျှလောက်သာ ကျန်ရှိတော့၏။

ဂူက သိပ်မကြီးလှပေ။ လူသုံးယောက် ဝင်ဆံ့ရုံလောက်သာ ရှိလေသည်။ ကံကောင်းထောက်မ၍ ဤနေရာက သိပ်တော့မဆိုးလှဘဲ ကုန်းနေသတ္တဝါ အတော်များများ၏ အန္တရာယ်ကို ‌ရှောင်ကွင်းနိုင်လေ၏။

ဆူဇီမိုသည် ဂူထဲတွင် လှဲချကာ အားယူနေလိုက်၏။ သူသည် ဝင်လေထွက်လေနည်းလမ်းနှင့် လျှို့ဝှက်နက်နဲ ပညာရပ်၏ အားအင်ပြန်လည်ဖြည့်တင်းခြင်း စွမ်းအားကို အသုံးပြုကာ သူ၏ ဒဏ်ရာအနာတရများကို သက်သာ ပျောက်ကင်းလာစေရန် ကြိုးစားလိုက်၏။

အချိန်သည် လျင်မြန်စွာ ကုန်သွားပြီးနောက် နေက တစ်ဖြည်းဖြည်း ဝင်သွားလေ၏။

မနေ့ညက ဆူဇီမိုသည် တျဲယွဲ့နှင့် ရောက်လာတုန်းက ကန်းလန်ရိုးမသည် လုံးဝတိတ်ဆိတ်နေပြီး ကြောက်စရာကောင်းသည်ဟု မထင်ရပေ။ အဲ့ဒီအချိန်တုန်းက သက်ရှိအားလုံးသည် တစ်နေရာရာမှာ သွားပုန်းနေကြသလိုပင်။

ယနေ့ညမှာတော့_ မိုးချုပ်ကာစပင် ရှိသေးသည်။ တောကောင်များက စတင်ထွက်ပေါ်လာပေပြီ။ ဟိန်းသံ၊ ဟောက်သံများက တောအုပ်တစ်ခုလုံးကို တုန်ခါသွားစေ၏။ တစ်ခါတစ်ရံ ဧရာမငှက်ကြီးများက တောင်နံရံဘေးမှ ဖြတ်ပျံသွားပြီး သူတို့၏ အရိပ်က လရောင်ကိုပင် ပိတ်ကွယ်ပျောက်သွားစေ၏။

တောထဲတွင် စိတ်ဝိညာဉ်တောကောင်များက အကြောက်အရွံ့မဲ့ သွားလာလှည့်လည်နေပြီး သစ်ပင်အိုကြီးများက ယိမ်းနွဲ့လှုပ်ခါနေ၏။ လေထုက ကြောက်စရာ အငွေ့အသက်များဖြင့် လွှမ်းခြုံနေလေသည်။ ကျောချမ်းစရာ တောကောင်ဟိန်းသံများကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေလေ၏။

ဤပုံစံသည် ကန်းလန်ရိုးမ၏ သရုပ်မှန် ဖြစ်လေ‌တော့၏။

လွန်ခဲ့တဲ့ညက တျဲယွဲ့သာ သူနှင့်အတူ လိုက်မလာခဲ့လျှင် သူသည် ထိုညကိုပင် ကျော်လွှားနိုင်ခဲ့မည် မထင်ပေ။

စောစောကလေးက ဆူဇီမိုသည် ရေစင်လောက်ရှိသော လူသားမျက်နှာနှင့် ပင့်ကူကြီးတစ်ကောင်ကို တွေ့လိုက်၏။ ၎င်းသည် အလင်းလို အမြန်နှုန်းဖြင့် တောင်နံရံဆီသို့ ပြေးတက်လာလေ၏။

ထို့နောက် ပင့်ကူကြီးသည် နံရံအက်ကွဲကြောင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေ၏။

ဆူဇီမို ကြောက်ရွံ့အံ့သြနေဆဲမှာပင် ကောင်းကင်ထက်၌ ကြောက်မက်ဖွယ် အော်သံတစ်ခုက ထွက်ပေါ်လာ၏။ ချက်ခြင်းဆိုသလိုပင် ခရမ်းရောင် တောင်ပံတစ်စုံနှင့် လင်းယုန်တစ်ကောင်သည် ရောက်ချလာ၏။ ၎င်း၏ ခြေသည်းများသည် ဓါးသွားလို အေးစက်ချွန်ထက်တောက်ပနေလေ၏။ ၎င်းသည် တောင်နံရံပေါ်မှ အက်ကွဲကြောင်းထဲသို့ တူးဝင်လိုက်ပြီး အတော်အတန်ကြီးသော ကျောက်သားတစ်တုံးကို ဖဲ့ခြေမွလိုက်၏။

“ဂါး!”

ကျောက်နံရံအက်ကွဲကြောင်းထဲမှ နာကျင်စူးရှသော အော်မြည်သံက ထွက်ပေါ်လာ၏။ ခရမ်းရောင်တောင်ပံနှင့် လင်းယုန်က တွားသွားသားကောင်ကို ဖမ်းမိသွားပေပြီ။ ၎င်း၏ ခြေသည်းများက တွားသွားသားကောင်၏ ကိုယ်ထဲသို့ နက်ရှိုင်းစွာ ဖောက်ဝင်သွားပြီး လတ်ဆတ်သော သွေးများက ပြန့်ကျဲသွားလေ၏။

ဤတွားသွားသားကောင်က အလွန်တရာ ကြီးမားလှပေသည်။ ၎င်းသည် ခရမ်းရောင်တောင်ပံနှင့် လင်းယုန်ထက် အဆတစ်ရာလောက် ပိုကြီးပေသည်။ သို့စေကာမူ ၎င်းသည် ဘယ်လိုပင် ရုန်းကန်ပါစေ၊ အချည်းနှီးပင်။ ခရမ်းရောင်တောင်ပံနှင့် လင်းယုန်က ၎င်းကို သယ်ချီကာ ကောင်းကင်ထက်သို့ ပျံတက်သွားလေတော့၏။

၎င်းသည် ထွက်ခွာမသွားခင် ဆူဇီမိုကို တွေ့ရှိသွားသည်မှာ သေချာလေသည်။ ၎င်းသည် ဆူဇီမိုရှိရာ ဂူလေးဘက်သို့ ကျောချမ်းဖွယ်ရာ အကြည့်ဖြင့် ပြန်‌တောင်စိုက်ကြည့်ခဲ့သေး၏။

ထိုတွားသွားသားကောင်နှင့် နှိုင်းယှဉ်ပါက ဆူဇီမိုသည် အလွန်တရာ‌ သေးငယ် ချိနဲ့လှသည်ဟု ပြောနိုင်ပေသည်။ ထို့ကြောင့်ပင် ခရမ်း‌‌ရောင်တောင်ပံနှင့် လင်းယုန်က ဆူဇီမိုကို အဖက်မလုပ်ခဲ့တာလား မပြောတတ်ပေ။ ၎င်းသည် သူ၏ တောင်ပံတွေကို ဖြန့်ကျက်ပြီး အဝေးသို့ ပျံသန်းသွားလေတော့၏။

အကြည့်တစ်ချက်ကပင် သူ့ကို အဖျားတက်သွားစေနိုင်၏။

ထိုသတ္တဝါသည် စိတ်ဝိညာဉ်သားရဲပင်!

ထိုခရမ်းရောင်တောင်ပံနှင့် လင်းယုန်သည် သေချာပေါက် စိတ်ဝိညာဉ်သားရဲပင် ဖြစ်လေသည်။

“အာ.. ဒီကောင်က တော်တော်စွမ်းတာပဲ.. သူ့ဆီကနေ ထွက်လာတဲ့အော်ရာနဲ့တင် ငါ့ကို ကူကယ်ရာမဲ့သွားစေတယ်.. ဒီစိတ်ဝိညာဉ်သားရဲက အခြေတည်အဆင့်လား၊ ရွှေအူတိုင်အဆင့်လားတော့ ငါလည်း မသိဘူး”

တောင်နံရံအောက်ရှိ တောအုပ်ထဲတွင် သတ်ဖြတ်မှုများက နေရာတိုင်းမှာပင်။ လေထုက ညှီစို့စို့ သွေးရနံ့များဖြင့် ပြည့်နှက် ထိုင်းမှိုင်းနေလေ၏။ စောစောက မြင်ကွင်းမှာ ရေခဲတောင်၏ ထိပ်ဖျား‌‌လေးမျှသာ။

သွေးဆာရက်စက်မှုများ၊ လူမဆန်စွာ သတ်ဖြတ်မှုများက အမြဲလိုလို ဖြစ်ပွားနေလေ၏။ ထိုအရာကို ကန်းလန်ရိုးမဟု ခေါ်လေသည်။

ဒုတိယမြောက်ညကို ခက်ခဲပင်ပန်းစွာ ကျော်ဖြတ်ပြီးနောက် _ နောက်ထပ်စမ်းသပ်ချက်တစ်ခုက သူ့အား စောင့်ကြိုနေသည်ကို ဆူဇီမို သိရှိလိုက်ရ၏။

တစ်ညတာ ဖြတ်သန်းပြီးနောက် သူ၏ ဒဏ်ရာများက အလျှင်းအပျောက်ကင်းသေးပေ။

ပင်ယန်းမြို့မှာတုန်းကဆိုလျှင် အစားအသောက်အတွက် သူသိပ်ပူပန်နေစရာ မလိုပေ။ သို့‌သော်လည်း ယခုကန်းလန်ရိုးမမှာတော့ အစားအသောက်က သူ့အတွက် အကြီးမားဆုံး ပြဿနာ ဖြစ်လာပေပြီ။

ဆူဇီမိုသည် ဒဏ်ရာများ မပျောက်ကင်းသေးသောကြောက် စိတ်လွတ်လက်လွတ် မပြုမူရဲပေ။

သို့စေကာမူ အစားမစားဘဲ ကျင့်ကြံသည်အခါ သူသည် သူ့အသွေးအသားများ၏ အဆီအနှစ်ကို စွမ်းအင်အဖြစ် ပြောင်းလဲအသုံးချနေရ၏။ သူ၏ ဆာ‌လောင်စိတ်ကလဲ အရှိန်တက်လာပြီဖြစ်ပြီး သိပ်ကြာကြာ တောင်ခံနိုင်တော့မည် မထင်ပေ။

ထိုအရာသည် ရက်စက်သော လည်ပတ်မှု တစ်ခုပင်။

အစား မစားရသောအခါ စွမ်းအင်ရင်းမြစ် မရှိသောကြောင့် သူကျင့်ကြံနိုင်လိမ့်မည် မဟုတ်ပေ။ မကျင့်ကြံနိုင်သောအခါ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများ အနာကျက်ရန် ခက်ခဲသွားပြီး သိုင်းပညာ အဆင့်တက်ရန်လည်း မဖြစ်နိုင်တော့ပေ။ ထိုအခါ အစားအသောက် ထွက်ရှာဖို့က ပိုလို့တောင် ခဲယဉ်းလာပေလိမ့်မည်။

ယခုအချိန်မှစ၍ သူလှမ်းမည့်ခြေလှမ်းတိုင်းက သူ၏ ကံကြမ္မာကို သတ်မှတ်ပေးပေလိမ့်မည်။

ဆူဇီမိုသည် မိုးကြိုးဆေဘာဖြင့် လိုဏ်ဂူကို ပို၍ နက်အောင် ထပ်တူးလိုက်၏။ ထို့နောက် ဂူအဝတွင် သစ်ရွက်များ၊ သစ်ကိုင်းခြောက်များကို ထား၍ အယောင်ဖျောက်လိုက်ပြီး သူ့ကိုယ်သူ ပုံးကွယ်လိုက်လေ၏။

တစ်ရက်...

နှစ်ရက်...

ဆာလောင်မွတ်သိပ်ခြင်းဒဏ်နှင့် ဒဏ်ရာများမှ နာကျင်မှုဒဏ်ကို ပင်ပန်းစွာ ခံစားနေရသော်လည်း ဆူဇီမိုသည် စိတ်ရှည်စွာ စောင့်ဆိုင်းနေပြီး ဂူထဲမှ လုံးဝ မထွက်ပေ။

သုံးရက်မြောက်နေ့တွင်_ နောက်ဆုံးမှာတော့ သူသည် စတင်လှုပ်ရှားဖို့ အခွင့်အရေးကို တွေ့လိုက်ရပေပြီ။

ပြီးခဲ့တဲ့ညက သူနေထိုင်ရာ တောင်နံရံ‌အောက်တွင် သတ်ဖြတ်မှုများ များစွာ ဖြစ်ပွားခဲ့၏။ သေဆုံးသွားသော စိတ်ဝိညာဉ်တောကောင် တစ်ကောင်၏ကိုယ်သည် အသွေးအသားများ များစွာ ကျန်ရှိနေသေး၏။

ဆူဇီမိုသည် ကျန်ရှိနေသေးသော စိတ်ဝိညာဉ်သားရဲများကို အချိန်အတော်ကြာသည့်အထိ စောင့်ကြည့်နေသေး၏။ အတော်များများကို ကောက်ချက်ချ ဆုံးဖြတ်ပြီးနောက် သူသည် မိုးကြိုးဆေဘာကို ကိုင်စွဲကာ ဂူထဲမှ ထွက်လာခဲ့၏။

အခြားသော စိတ်ဝိညာဉ်တောကောင်များ သတိထားမိသွားမည်ကို စိုးရိမ်သောကြောင့် သူသည် မီးမမွှေးရဲပေ။ သူသည် ရွံ့ရှာမနေအားတော့ဘဲ အသားများ၊ သွေးများကို တစ်လုပ်ပြီးတစ်လုပ် လွေးလေတော့၏။ သူ၏မျက်လုံးများကလည်း အငြိမ်မနေရဲဘဲ ဟိုဟိုသည်သည် ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်ရှုနေသေး၏။

သူသည် ‌တောကောင်အသားများကို ဂူထဲသို့ သယ်ယူမလာရဲပေ။ ညှီစို့စို့ သွေးရနံ့များက သူ့လိုဏ်ဂူ၏ တည်နေရာကို ပေါက်ကြားသွားစေနိုင်သောကြောင့် ဖြစ်၏။

သုံးရက်သာ ဖြတ်သန်းရသေးသည်_ သူ၏ စာပေသမားအော်ရာနှင့် သဘာနုသည့်ဟန်ပန်တို့က အတော်‌လေးလျော့ကျသွားပေပြီ။ သူသည် ရှေးအကျဆုံး လူသားမျိုးနွယ်တစ်ယောက်လို ထူးဆန်းစွာ တည်ငြိမ်လာလေသည်။

မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုးဘုရင် ၁၂ပါး၏ အန္တိမ နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်များကို လေ့ကျင့်ပြီးနောက် ဆူဇီမို၏ အစာချက်နှုန်းနှင့် စားသောက်နိုင်စွမ်းက သိသိသာသာ တိုးတက်လာလေသည်။ များမကြာမီ စိတ်ဝိညာဉ်တောကောင်၏ အသွေးအသားများကို သူစားသောက်လို့ ပြီးဆီးသွားလေသည်။

လိုဏ်ဂူထဲသို့ ပြန်လာပြီးနောက် သူစတင် ကျင့်ကြံလေ့ကျင့်လေတော့၏။

သူကျင့်ကြံအားထုတ်သောအခါ ကွဲပြားခြားနားချက်ကို တွေ့ရှိလိုက်ရ၏။

စိတ်ဝိညာဉ်တောကောင်၏ အသွေးအသားများသည် သာမန်ကျွဲနွားဆိတ်များထက် များစွာပိုမို အာဟာရဓါတ်ကြွယ်ဝလေသည်။ ထိုအသွေးအသားများသည် ဗိုက်ထဲတွင် များစွာ အလဟဿ မဖြစ်ဘဲ ခန္ဓာကိုယ်ကို ကောင်းမွန်စွာ အာဟာရဓါတ်ပြုထောက်ပံ့ပေးနိုင်လေ၏။

သည့်အရင်ကဆိုလျှင် ဆူဇီမိုသည် အမဲသားများကို စားသောက်ပြီးသောအခါ နေ့ဝက်လောက် စွမ်းအင်ထောက်ပံ့ကျင့်ကြံနိုင်လေ၏။

ယခုအခါမှာတော့ သူသည် တစ်နေ့နှင့်တစ်ညလုံးလုံး ကျင့်ကြံနိုင်လေ၏။

တစ်ကယ်တော့ အကျိုးကျေးဇူးက လွန်စွာ ကြီးမားလေသည်။ အနာကွန်ဒါမြေကြောင့် ရခဲ့သော သူ၏ ဒဏ်ရာများသည် လုံးဝ သက်သာပျောက်ကင်းသွားပေပြီ။ ဒါ့အပြင် ခန္ဓာကြံ့ခိုင်မီးဆေးခြင်းနှင့် အရွတ်အသွင် ပြောင်းလဲခြင်းတို့ကလည်း သိသိသာသာ အဆင့်တက် တိုးတက်လာခဲ့၏။

ဆူဇီမိုသည် အရမ်းဝေးဝေးတော့ စွန့်စား မသွားရဲသေးပေ။

သူသည် အချိန်အများစုကို လိုက်ဂူထဲတွင် အရွတ်အသွင်ပြောင်းလဲခြင်းကို ကျင့်ကြံအားထုတ်နေခြင်းဖြင့် အသုံးချနေလိုက်၏။ ရံဖန်ရံခါမှာတော့ သူသည် တောင်ခြေရှိ စိတ်ဝိညာဉ်တောကောင်များ၏ သတ်ဖြတ်ခြင်း နည်းလမ်းများကို လေ့လာအကဲခတ်နေလိုက်၏။

ဆူဇီမိုသည် တစ်ခုခုကို သဘောပေါက်နားလည်သွားသည်ဟု သူ့ကိုယ်သူ ထင်မိသည့်အချိန်တိုင်းတွင် သူ၏ အာရုံခံသတိစိတ်ကို ထက်ရှလာစေဖို့ ပြုစုပျိုးထောင်ရန်နှင့် သူ၏ သိုင်းပညာကျွမ်းကျင်မှုကို အရောင်ထပ်တင်ရန်အတွက် နေထိုင်ရာ ဂူလေးထဲမှထွက်ကာ စိတ်ဝိညာဉ်တောကောင်များကို အမဲထွက်လိုက်လေ့ရှိလေ၏။

သူသည် အောင်မြင်သည့်အခါထက် လက်ဗလာနှင့် ပြန်လာရသည့်အခါက ပိုများ၏။ ဒဏ်ရာ ဗရပွနှင့် ရုပ်ပျက်ဆင်းပျက် ပြန်လာခဲ့ရသည်က များသော်လည်း သူသည် ခန္ဓာကြံ့ခိုင်မီးဆေးခြင်းနှင့် အရွတ်အသွင် ပြောင်းလဲခြင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးချ၍ အသက်ရှင်လျှက်တော့ ထွက်ပြေးနိုင်ခဲ့သည်ချည်းသာ။

သေခြင်းရှင်ခြင်း၏ ရုန်းကန်မှုများအကြားတွင် သူသည် ဆက်တိုက်ဆိုသလို ကောက်ချက်ချဆုံးဖြတ်၊ နားလည်သဘောပေါက်၊ ကျင့်ကြံအားထုတ်ခဲ့လေ၏။

သုံးလကြာပြီးသော်_ ဆူဇီမိုသည် ယခင်နေရာဟောင်းသို့ ပြန်လာကာ အနာကွန်ဒါမြွေကို ပြန်ရှာခဲ့၏။ ထို့နောက် သူသည် ၎င်းကို သူ၏ လက်ချည်းသက်သက်ဖြင့် သတ်ဖြတ်ခဲ့လေ၏။

ထိုအချိန်မှစ၍ ဆူဇီမိုသည် သူယခင်နေထိုင်ခဲ့ရာ လိုဏ်ဂူလေးထဲမှ အပြီးတိုင် ထွက်ခွာခဲ့လေ၏။ သူသည် မရေမတွက်နိုင်လောက်သော တောင်တန်းများ၊ လျှိုမြောင်များကို ဖြတ်ကျော် ခြေဦးတည့်ရာ သွားလာရင်း အမျိုးမျိုးသော စိတ်ဝိညာဉ်တောကောင်များ၊ ငှက်များနှင့်လည်း တိုက်ခိုက်ခဲ့လေ၏။

ဤနေရာသည် အသန်မာဆုံးသူများသာ ရှင်သန်နိုင်မည့် သွေးလွှမ်းသောကမ္ဘာ ဖြစ်လေသည်။

အခုလောလောဆယ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေသော်လည်း နောက်တစ်ခဏမှာပင် ထိုသူသည် အခြားစိတ်ဝိညာဉ်တောကောင်တစ်ကောင်၏ သားကောင် ဖြစ်သွားနိုင်လေ၏။

ဤနေရာတွင် ဆူဇီမိုသည် မရေမတွက်နိုင်သော_ ဆိုးရွားပြင်းထန်သည့် သွေးလွှမ်းတိုက်ပွဲများ၊ အသက်ဘေးမှ သီသီကလေး ဖြတ်ကျော်ခဲ့ရမှုများနှင့် ဆက်တိုက်ဆိုသလို သည်းတထိတ်ထိတ် ရင်တဖိုဖို သတိဝီရိယ နိုးကြားစွာနှင့် ရှင်သန်နေထိုင်ခဲ့ရ၏။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ဆူဇီမိုသည် တစ်မူထူးခြား၍ ဖော်ပြရန်ခက်ခဲသော အန္တရာယ်အားကြိုတင်သိနိုင်သည့်အသိစိတ်တစ်ခုကို ရရှိလာခဲ့လေ၏။

ဒါ.. အာရုံခံ သတိစိတ်ပဲ!

မည်သူမျှ သတိမထားမိလိုက်ဘဲနှင့် စိတ်ဝိညာဉ်ရင်းမြစ် မရှိသော လူသားမျိုးနွယ် ကောင်လေးတစ်ယောက်သည် ဤရိုးမတွင် ကျင်လည်ကျက်စားရင် အကြီးအကျယ် ပြောင်းလဲလာခဲ့လေတော့၏။

All Chapters