← Chapters

ဝံပုလွေများနှင့် သွေးလွှမ်းတိုက်ပွဲ

Vol. 1 Ch. 15

ဝံပုလွေများနှင့် သွေးလွှမ်းတိုက်ပွဲ

Vol. 1 Ch. 15

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၁၅) - ဝံပုလွေများနှင့် သွေးလွှမ်းတိုက်ပွဲ

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

ခြောက်လကြာပြီးနောက် . . .

ကန်းလန်မြို့တော်၏ မြို့ဝန်မင်းအိမ်တော်တွင် . . .

ကန်းလန်မြို့၏ မြို့ဝန်မင်းဖြစ်သော လောထျန်းဝူသည် ကုလားထိုင်ပေါ်တွင် မှီထိုင်ရင်း မေးစေ့ကိုကိုင်ကာ မျက်လုံးနှစ်ဖက်ကို မှိတ်ထားလေ၏။ သူသည် မျက်မှောင်ကြုတ်ရင်း အလေးအနက် စဉ်းစားနေခြင်း ဖြစ်လေ၏။

“မြို့တော်အရှင်.. ကျွန်ုပ်ကို ခေါ်ပါသလားခင်ဗျာ”

များမကြာမီ ဝံပုလွေအစောင့်ငါးဖော်ထဲမှ တစ်ယောက်ဖြစ်သော ကိုးဂန်သည် လမ်းလျှောက်ဝင်လာကာ လက်သီးဆုပ်ဂါရဝပြုပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်လေ၏။

“အမ်း”

လောထျန်းဝူက မျက်လုံးဖွင့်ကြည့်လိုက်၏။ အလင်းတန်းတစ်ခုက သူတို့နား ဖြတ်သန်းသွား၏။ သို့သော် ခဏလေးသာ ကြာလိုက်၏။ သူသည် သာမန်ကာလျှံကာ ပုံစံနှင့်ပင် “ပင်ယန်းမြို့က ဆူမိသားစုနဲ့ ပတ်သတ်ပြီး မင်းဘယ်လို သဘောရလဲ” ဟု မေးလိုက်၏။

ကိုးဂန်က တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေ၏။ “ဆူမိသားစုရဲ့ နောက်ခံက သိပ်တော့ မရိုးရှင်းလှဘူး.. ဖြစ်နိုင်တာကတော့.... သူတို့က ကျုပ်တို့ ဒါကီတိုင်းပြည်ကလူတွေ မဟုတ်လောက်ဘူး.. ကျုပ်ထင်တာတော့ သူတို့က ယန်တိုင်းပြည်ကလာတာ ဖြစ်ရမယ်.. နောက်ပြီးတော့ ဆူမိသားစုက ထင်သလောက် အားမနည်းလှဘူး.. သခင်လေးဆူကဆို သူရဲ့စွမ်းရည်ကို နှစ်တွေအကြာကြီး လျှို့ဝှက်ထားခဲ့တာ.. သိပ်ပြီးတော့ လျှော့တွက်လို့ မရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ.. သူက ကိစ္စကြီးတစ်ခုခုကို လျှို့ဝှက်ကြံစည်နေတာပဲ ဖြစ်ရမယ်.. ဒုတိယသခင်လေးဆူကတော့ ..အင်း...”

ကိုးဂန်က ပြောနေရင်း ရပ်လိုက်၏။ လောထျန်းဝူသည် သိချင်စိတ်ပေါ်သွားပြီး “ဒုတိယသခင်လေးဆူ ဘာဖြစ်လဲ ဆက်ပြောပါဦး” ဟု မသိမသာပြုံးရင်း မေးလိုက်လေ၏။

“လွန်ခဲ့တဲ့တစ်နှစ်က.. ဒုတိယသခင်လေးဆူက အင်မော်တယ်တစ်ယောက်ကို ပြန်လှန်ခံပြောခဲ့တာ ကျုပ်မျက်မြင်ကိုယ်တွေ့ ရှိခဲ့တယ်”

ကိုးဂန်ကပင် “ဒီကောင်လေးက အတွေ့အကြုံနုနယ်ပြီးတော့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ လူငယ်လေးတစ်ယောက်ပဲ.. သူက အရင်တုန်းက အတော်လေး ဉာဏ်ကောင်းသား.. သူက စာပေဂုဏ်ထူးဘွဲ့တွေတောင် ရခဲ့သေးတယ်.. ဒါပေမယ့်လည်း အင်မော်တယ်တစ်ယောက်ကို ပုန်ကန်ခဲ့တဲ့အတွက် သူ့ဂုဏ်ထူးဘွဲ့တွေက ပယ်ဖျက်ခံရပြီးတော့ သာမန်အညတရတစ်ယောက်ဖြစ်သွားခဲ့တယ်.. သူနဲ့ပတ်သတ်ပြီး သိပ်အရေးလုပ်နေစရာ မရှိပါဘူး” ဟုဆိုကာ ခေါင်းခါလိုက်လေ၏။

“အ‌တော်လေး ဉာဏ်ကောင်းသား ဟုတ်လား.. ဟဟ” လောထျန်းဝူက လှောင်ရယ်လိုက်၏။ “ကိုးဂန်.. မင်းခန့်မှန်းလာတာ ဒီတစ်ခါတော့ လွဲသွားပြီ”

“အမ်” ကိုးဂန် တစ်ခဏမျှ ကြက်သေသေသွား၏။

‘’ရော့.. ဒါက ငါ့လက်အောက်ငယ်သားစပိုင် တစ်ယောက်ဆီကလာတဲ့ သတင်းအချက်အလက်ပဲ.. တစ်ချက်လောက် ကြည့်ကြည့်လိုက်” ဟုဆိုကာ လောထျန်းဝူက လျှို့ဝှက်စာရွက်အနည်းငယ်ကို ကိုးဂန်ရှေ့ရှိ စားပွဲခုံပေါ်သို့ ပစ်တင်ပေးလိုက်၏။

ကိုးဂန်သည် စာရွက်များကို တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်ပြီးနောက် သူ့မျက်နှာအမူအယာက တစ်ဖြည်းဖြည်း ပြောင်းလဲသွားလေ၏။

လောထျန်းဝူက “လွန်ခဲ့တဲ့ ခြောက်လလောက်က ဆူဇီမိုက လီမိသားစုနဲ့ ဇောင်မိသားစုက သိုင်းသမားတွေကို သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ အကုန်လုံးနီးပါးသတ်ပစ်ခဲ့တယ်.. မိသားစုနှစ်ခုက လူအချို့ကျန်ခဲ့သေးပေမယ့် သူတို့က နာမည်ပဲ ရှိတော့တာ.. ယန်မိသားစုကလဲ သူတို့အပေါ် ကပ်ဆိုးရောက်မလာဖို့အတွက် ဆူမိသားစုကို မျက်နှာလိုမျက်နှာရ လုပ်နေရတယ်.. အခုဆိုရင် ပင်ယန်းတစ်မြို့လုံးကို ဆူမိသားစုက ချုပ်ကိုင်ထားပြီ.. အဲ့ဒီပုဂ္ဂိုလ်က ပျော့တိပျော့ဖတ် စာပေသမား‌လေး မဟုတ်ဘူးကွ.. သူက ဆူဟုန်ထက်တောင် ပိုကြောက်ဖို့ကောင်းတဲ့သူပဲ” ဟု အသံနိမ့်နိမ့်ဖြင့် ပြောလိုက်လေ၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ကိုးဂန် ဆွံ့အ,သွားလေသည်။

လောထျန်းဝူက ပြောလိုက်၏။ “ဖြစ်နိုင်တဲ့အချက် နှစ်ချက်ရှိတယ်.. ပထမတစ်ချက်က.. ခြောက်လအတွင်း ဆူဇီမိုက ပျော့တိပျော့ဖတ် စာပေသမားလေးအဖြစ်ကနေ ထိပ်သီးသိုင်းသမားတစ်ယောက်အဖြစ် ပြောင်းလဲသွားတာပဲ.. ဒုတိယအချက်ကတော့ .. ဆူဇီမိုက နဂိုကတည်းက သူ့ရဲ့စွမ်းရည်ကို ဖုံးကွယ်ထားပြီး လူတိုင်းကို ညာနေခဲ့တာပဲ.. ဘယ်လိုဖြစ်ဖြစ် သူက သွားနောက်လို့ရတဲ့ ပါချည်ပါချဲ့ ပုဂ္ဂိုလ်တစ်ယောက်တော့ မဟုတ်ဘူး”

“တစ်ကယ်တမ်း ဆူမိသားစုက ဘာကို အကွက်ချ ကြံစည်နေတာပါလိမ့်” ကိုးဂန်က စဉ်းစားရခက်စွာ မျက်မှောင်ကြုတ်လိုက်၏။

လောထျန်းဝူက ကြိမ်းဝါးလိုက်၏။ “ယန်တိုင်းပြည်ကလူတွေ_ လွန်ခဲ့တဲ့ ၁၅နှစ်_ မျိုးရိုးနာမည်က ဆူ။ အဲ့ဒီအချက်တွေကို ပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင်... မင်းမခန့်မှန်းနိုင်သေးဘူးလား”

“ယန်တိုင်းပြည်ရဲ့ နယ်စားကြီး... ဆူမူ!” ကိုးဂန်က ပြောရင်း သူ့အသံက တိမ်ဝင်သွားလေ၏။

လောထျန်းဝူက ခေါင်းညိတ်ရင်း နောင်တရစွာ ပြောလိုက်လေ၏။ “ဆူမူက အတော်ကို ထူးချွန်ပြောင်မြောက်တဲ့ သူရဲကောင်းတစ်ယောက်လို ပြောလို့ရတယ်.. သူက ထောင်သောင်းချီတဲ့ ချပ်ဝတ်မြင်းစီးစစ်တပ်ကြီးကို ဦးဆောင်ပြီး တိုက်ပွဲပေါင်းများစွာကို လွှမ်းမိုးခြယ်လှယ်ခဲ့တာ.. သူသွားတဲ့နေရာတိုင်းက အောင်ပွဲတွေနဲ့ချည်းပဲ.. ဘယ်လောက်ကျော်ကြား ခမ်းနားထည်ဝါခဲ့သလဲ.. သူရှိတုန်းကဆို ဘယ်ပြည်နယ်ကများ သူ့ကို ပုန်ကန်ရဲလို့လဲ.. ကံမကောင်းစွာနဲ့ သူဟာ လိမ်မာပါးနပ်မှု မရှိခဲ့ဘူး.. အဆုံးသတ်မှာတော့ သူ့ရဲ့အဖြစ်ဟာ ငှက်တွေမရှိတော့တဲ့အခါ ချောင်ထိုးခံရတဲ့ လေးတစ်လက်လိုပဲ.. အသုံးချလို့ မရ‌တော့တဲ့အခါ အသတ်ခံရတဲ့ အစေခံတစ်ယောက်လိုပဲ..”

ပြောလက်စကို ခဏလောက် ရပ်နားလိုက်ပြီးနောက် လောထျန်းဝူက မျက်လုံးနှစ်ဖက်ကို ပိတ်ချလိုက်ပြီး စူးရှပြတ်သားသောအော်ရာက ထွက်ပေါ်လာ၏။ သူသည် ဖြည်းဖြည်းခြင်း ပြောလိုက်လေ၏။ “ရှေ့မှာပြသွားတဲ့ သင်ခန်းစာတွေ ရှိနေမှတော့ ငါတို့က ဆူမူရဲ့ ခြေလှမ်းအတိုင်း လိုက်လို့တော့ မဖြစ်ဘူး။ ကြီးမြတ်သော ကျိုးမင်းဆက်က ပြည်နယ်လေးခုကို အုပ်ချုပ်နေတုန်းဆိုပေမယ့်.. နေရာတိုင်းမှာက သူတစ်လူငါတစ်မင်း ဖြစ်နေကြပြီ.. မြို့စားတွေရဲ့ အင်အားကလည်း တစ်ဟုန်ထိုး တိုးတက်နေတာ.. အခါအခွင့်ကို ကောင်းကောင်းအသုံးချပြီးတော့ မြို့တွေကို ကျူးကျော်၊ နယ်မြေတွေကို ချဲ့ထွင်ပြီးတော့ ငါတို့ကိုငါတို့ ရှင်ဘုရင် ဖြစ်ကြောင်း ကြေညာမောင်းခတ်ရမယ်”

“ကိုးဂန်က မြို့စားမင်းရဲ့ အမိန့်ကို နာခံလိုပါတယ်..အယ်. ဘုရင့်အမိန့်ကို နာခံလိုပါတယ်” ကိုးဂန်သည် အခြေအနေအရ လိုက်လျောညီထွေအောင် လောထျန်းဝူအား ခေါ်ဆိုပုံကိုလဲ လျှင်မြန်စွာ ပြောင်းလဲလိုက်လေ၏။

လောထျန်းဝူက ခေါင်းညိတ်၍ “ကိုးဂန်.. ငါက ချီစုဖွဲ့စစ်သည်တော်တွေရဲ့ အထောက်အပံ့ကို ရထားပြီးသား.. ငါမသေချာရင် ဘာမှ လုပ်မှာ မဟုတ်ဘူး” ဟု အားရကျေနပ်စွာဖြင့် ပြောလိုက်လေ၏။

ချီစုဖွဲ့စစ်သည်တော်ဟူသော စကားသံကို ကြားရချိန်တွင် ကိုးဂန်၏ မျက်လုံးက ဝင်းလက်သွားပြီး တက်ကြွလာလေ၏။

“ဆူမိသားစုက အဲ့လိုနောက်ခံမျိုး ရှိနေမှတော့ ငါတို့ သူတို့ကိုလည်း အသုံးချလို့ ရတာပေါ့...” လောထျန်းဝူက ရွှင်မြူးသော အပြုံးကို လှစ်ဟပြလိုက်၏။

. . .

ကန်းလန်ရိုးမတွင် ....

တောရိုင်းထဲတွင် ခြောက်လကြာ လှည့်လည်သွားလာပြီးနောက် ဆူဇီမိုသည် အရွတ်အသွင် ပြောင်းလဲခြင်းတွင် များစွာ တိုးတက်လာခဲ့၏။ သူသည် စဦးအောင်မြင်မှု ရရှိဖို့ပင် နီးစပ်နေပေပြီ။ အနာကွန်ဒါကိုယ်ဟန်ကို လေ့ကျင့်ပြီးနောက် သူသည် မျောက်ဝံကိုယ်ဟန်ကို ဆက်လက်လေ့ကျင့်လိုက်၏။

ပိုပြီး‌တော့ ကျေနပ်စရာကောင်းတာက ဆူဇီမိုသည် အာရုံခံသတိစိတ်ကို ပိုင်ဆိုင်နိုင်လာခဲ့ပေပြီ။ သူ၏စိတ်သည် အံသြဖို့ကောင်းလောက်အောင်ပင် စူးရှနိုးကြားထက်မြက်လာလေ၏။

အာရုံခံသတိစိတ်ကြောင့်ပင် သူသည် သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်နိုင်ခဲ့လေ၏။ သူသည် စိတ်ဝိညာဉ်သားရဲများကြားမှပင် ရအောင် ထွက်ပြေးနိုင်ခဲ့ဖူးလေ၏။

သို့သော်လည်း ပြီးခဲ့သော တစ်လမှစ၍ ဆူဇီမိုသည် ပြဿနာတက်နေလေ၏။

ကန်းလန်ရိုးမ၏ တောဘုရင်မှာ မရေမတွက်နိုင်သော အကောင်ရေများစွာဖြင့် ဖွဲ့စည်းထားသော ဝံပုလွေမျိုးနွယ်စု ဖြစ်လေသည်။

အဲ့ဒီအချိန်တုန်းက ဆူဇီမိုသည် ဝံပုလွေတစ်ကောင်နှင့် ပက်ပင်းတိုးမိခဲ့လေ၏။ သွေးသံရဲရဲ တိုက်ခိုက်ပြီးနောက် သူသည် ထိုဝံပုလွေကို သတ်လိုက်နိုင်၏။ သို့သော် ထိုအရာက ပျားအုံကို တုတ်ဖြင့် ထိုးလိုက်မိခြင်းပင်။ ထိုအချိန်မှ စ၍ ဝံပုလွေများ၏ ဆက်တိုက် အမဲလိုက်ခြင်းကို ခံရလေတော့၏။

သူသည် တစ်ယောက်-တစ်ယောက်ခြင်း တိုက်ခိုက်ရမည်ဆိုလျှင် ဝံပုလွေအတော်များများက သူ့ပြိုင်ဘက် မဟုတ်ပေ။

သို့သော်လည်း ကြောက်စရာကောင်းတာက ဝံပုလွေများသည် လွန်စွာ စိတ်ရှည်ပြီး အနံ့ခံအာရုံကလဲ လွန်စွာ စူးရှထက်မြလေ၏။

ဆူဇီမိုသည် ဝံပုလွေအုပ်စုများထံမှ အကြိမ်များစွာ လွတ်အောင် ပြေးထွက်နိုင်ခဲ့၏။ သို့သော် များမကြာမီမှာပင် ဝံပုလွေများက သူတို့၏ စူးရှထက်မြက်သော အနံ့ခံအာရုံနှင့်အတူ ဆူဇီမိုအား ထပ်မံ အမဲလိုက်ကြပြန်လေ၏။

ဤကဲ့သို့ တစ်သမတ်တည်း အမဲလိုက်ခံရခြင်းက တစ်လကြာသည့်တိုင် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်၏။

ဆူဇီမိုသာ လုံလောက်အောင် သန်မာမှု မရှိဘဲ ခန္ဓာကြံ့ခိုင်မီးဆေးသုတ္တန်နှင့် အရွတ်အသွင်ပြောင်းလဲခြင်းကိုလဲ တတ်မထားဘူးဆိုလျှင် သူသည် အခုလောက်ဆို အမောဆို့ပြီး သေနေလောက်ပေပြီ။

အကြိမ်ပေါင်းများစွာ ကာလကြာရှည် ပြေးလွှားနေရပြီးနောက် ဆူဇီမို၏ အဝတ်များသည် တိုက်ပွဲအတွင်း တောကောင်များ လက်ချက်ဖြင့် စုတ်ပြဲသွားခဲ့ပေပြီ။ အခုဆို သူသည် ကြုံရာကျပန်း တောကောင်သားရေများကိုသာ ကောက်ပတ်ထားရလေ၏။ သူ့မျက်နှာတွင်လည်း အမွှေးအမျှင်များဖြင့် ညစ်ပေရေနေပြီး သူသည် တောတွင်းသားလူရိုင်းတစ်ယောက်နှင့် မခြားနား‌တော့ပေ။

ပြီးခဲ့သော ရက်များအတွင်းတွင် ဝံပုလွေများသည် ဆူဇီမို သိပ်ကြာကြာတောင်မခံနိုင်တော့ဘူးဆိုတာ သိရှိသွားသကဲ့သို့ သူ့နောက်သို့ ပို၍ နီးကပ်စွာ သည်းကြီးမည်းကြီး လိုက်လာကြလေ၏။

ဆူဇီ၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော ဒဏ်ရာအချို့  ရရှိခဲ့၏။ ထိုဒဏ်ရာများသည် သွေးမထွက်တော့သော်လည်း လုံးလုံးတော့ မပျောက်သေးပေ။

ဝံပုလွေအုပ်သည် ဆူဇီမိုအား အနာများ သက်သာလာဖို့ လုံးဝ အချိန်မပေးလိုပေ။

ဒီအတိုင်းသာ ဆက်သွားနေလျှင် အခြေအနေက ပိုဆိုးလာဖို့ရာ ရှိသည်ကို ဆူဇီမို သိထား၏။ သို့စေကာမူ ဝံပုလွေများ အမဲလိုက်နေခြင်းမှ ရုန်းထွက်နိုင်မည့် အဖြေတစ်စုံတစ်ရာကို သူမရှာဖွေနိုင်သေးပေ။

ယနေ့ညတွင် ဆူဇီမိုသည် တောင်ချိုင့်ကြားတစ်နေရာသို့ ရောက်ရှိလာခဲ့၏။ သူသည် တောင်ချိုင့်ကြား၏ အလယ်တွင် ရုတ်တရတ် ရပ်တန့်လိုက်၏။ သူမျက်နှာက သုန်မှုန်နေ၏။

သူ့မျက်နှာသို့ တိုက်ခတ်လာသော အေးမြသည့် လေပြေများတွင် သတ်ဖြတ်လိုသောအော်ရာများက ရောပါလာလေသည်။

သူ့နောက်တွင် ဝံပုလွေများ၏ စိမ်းဖန့်စဉ်းလဲသော မျက်လုံးများက အစီအရီ ပေါ်လာလေ၏။ ဒေါမာန်ထနေသော အကြည့်များက သူ့အပေါ်သို့ ကျရောက်လာ၏။ ဝံပုလွေများသည် အမှောင်ထုထဲမှ လျှောက်လှမ်းလာကြပြီး တောင်ကြားတစ်ခုလုံး ပြည့်နှက်သွားကာ အလယ်တွင်ရှိသော ဆူဇီမိုကို ဝိုင်းပတ်လိုက်ကြ၏။ တောင်ကြား၏ နှစ်ဖက်နှစ်ချက်စလုံးတွင် ဝံပုလွေများက နေရာယူလိုက်ကြ၏။

‘’နောက်ဆုံးတော့လည်း မင်းတို့နဲ့ ငါနဲ့ တွေ့ကြပြီပေါ့ကွာ..ဟမ့်!”

ဆူဇီမိုသည် ခြောက်သွေ့အက်ကွဲနေသောနှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။ သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာလေ၏။

တစ်လလောက် အိပ်စက်ခြင်း၊ အနားယူရခြင်း မရှိဘဲ ဆက်တိုက်ပြေးလွှားနေရပြီးနောက်  ဆူဇီမို၏ အာရုံခံသတိစိတ်သည် ကောင်းမွန်သော အခြေအနေတွင် ရှိမနေတော့ပေ။ ရလဒ်ကတော့ ယခုသူသည် ဝံပုလွေများ၏ ရှေ့နောက် ဝန်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရပေပြီ။

သည့်အရင်က ဆူဇီမိုသည် သူ၏ဆေဘာကို ထုတ်သုံးခဲ၏။ အဲ့ဒါက သူသည် ဆေဘာဓါးနှင့်တွဲဖက်သုံးရသော မည်သည့်သိုင်းကိုမျှ မတတ်တာက တစ်ကြောင်း၊ နောက်ပြီး သူ၏ အနီးကပ်တိုက်ခိုက်စွမ်းရည်(လက်နက်မဲ့)ကို လက်ရည်သွေးချင်တာကလဲ တစ်ကြောင်းကြောင့် ဖြစ်လေသည်။

ယခုအခါ ဆူဇီမိုသည် မိုးကြိုးဆေဘာကို လက်ပြန်ဆုပ်ကိုင် ဆွဲထုတ်လိုက်ပြီး သေခြင်းရှင်ခြင်းကို လောင်းကြေးထပ်ရန် ပြင်ဆင်လိုက်၏။

“ဝူ..အူး..!”

တောင်ကြားထိပ်မှ ခေါင်းဆောင်ဝံပုလွေက တစ်ချက်အူလိုက်၏။ ‌တောင်ကြား၏ ရှေ့နောက် နှစ်ဖက်နှစ်ချက်မှ ဝံပုလွေများသည် ရှေ့သို့ ပြုံတက်လာကြလေတော့၏။

ဖောက်!

ဆူဇီမိုသည် သူ့လက်ကို ဖျတ်ကနဲ လှုပ်လိုက်ပြီး ခုတ်ပိုင်းလိုက်၏။ ပြေးဝင်လာသော ပထမဆုံး ဝံပုလွေသည် ဆူဇီမို လက်ချက်ဖြင့် ထက်ပိုင်းပြတ်ကျသွားလေ၏။ လတ်ဆတ်သော သွေးစက်များက ရွှမ်းကနဲ ပန်းထွက်လာလေ၏။

ဘန်း!

ဆူဇီမိုသည် ပြေးဝင်လာသော နောက်ထပ်ဝံပုလွေတစ်ကောင်၏ခေါင်းကို သွေဖယ်မြေလက်ဝါးဖြင့် ရိုက်ချလိုက်သောအခါ ဦးနှောက်များက ပြန့်ကျဲထွက်သွားလေတော့၏။

သတ်ဖြတ်ခြင်းများက ပြေးတက်လာသော ဝံပုလွေများကို ရပ်တန့်မသွားစေပေ။ ထိုအရာက သူတို့၏ဒေါသကို ပိုဆွပေးလိုက်သလိုပင်။ ဝံပုလွေများက သေဆုံးသွားသော သူတို့မျိုးနွယ်များ၏ ရုပ်ကလာပ်များပေါ် တက်လှမ်း၍ သူ့ထံသို့ ဆက်တိုက်ခုန်အုပ် ဝင်လာကြလေ၏။

ရွှစ်, ရွှစ်, ရွှစ်!

ဆူဇီမိုက ကောင်းကင်ထယ်သွားခြေလှမ်းကို စတင်အသုံးပြုလိုက်၏။ ဘယ်ဘက်လက်က ဆေဘာဓါးကိုကိုင်၊ ညာဘက်လက်က လက်သီးချက်များ ထိုးသွင်းရင်း သူသည် အသာအယာ ပြေးလွှားနေ၏။

ဤတိုက်ပွဲကို တစ်ယောက်‌ယောက်ကသာ ဘေးမှ ကြည့်နေမည်ဆိုလျှင် ထိုသူသည် အံ့သြတုန်လှုပ်သွားပေလိမ့်မည်။

များပြားလှစွာသော ဝံပုလွေများ၏ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံနေရသော်လည်း ဆူဇီမိုသည် တိုက်ခိုက်မှုအများစုကို ရှောင်ရှားနိုင်နေဆဲဖြစ်ပြီး တစ်ကယ့်သေကွင်းသေကွက်များအပေါ် တိုက်ခိုက်မှုများ ကျရောက်မလာအောင် တားဆီးရှောင်ရှားနိုင်ခဲ့၏။

စူးရှချွန်ထက်သော ဝံပုလွေတစ်ကောင်၏ လက်သည်းက ဆူဇီမို၏ ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်တော့မည့် အချိန်တွင် သူသည် လှည့်မကြည့်ဘဲနှင့် ရုတ်တရတ် ရှောင်လိုက်ပြီး လက်ပြန်ရိုက်ချလိုက်သောအခါ ထိုဝံပုလွေသည် လွင့်စင်ထွက်သွားလေတော့၏။

ဤအရာသည် အာရုံခံသတိစိတ်ပင် ဖြစ်လေတော့သည်။

မြင်ရခြင်း ကြားရခြင်း မရှိဘဲနှင့်ပင် ကျရောက်လာတော့မည့်အန္တရာယ်ကို ကြိုတင်အာရုံခံသိနိုင်စွမ်းရှိလေသည်။

လွန်ခဲ့တဲ့ နှစ်ဝက်ကနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဆူဇီမို၏ တိုက်ခိုက်ခြင်းနည်းလမ်းများသည် ပို၍ ရိုးရှင်းလာပြီး တဲ့တိုးဆန်လာလေ၏။ မည်သို့ပင်ဆိုစေ အဲ့ဒါက အများကြီး ပိုမို ထိရောက်မှု ရှိလေ၏။

ဆူဇီမိုသည် သူ၏ ကိုယ်ဟန်အနေအထားကို တစ်သမတ်တည်း ချုပ်တည်းမထားပေ။ သူ၏ ဦးခေါင်း၊ လက်ဖျံ၊ လက်သီး၊ ဒူးနှင့် နောက်ကျောကအစ ရန်သူကို သတ်ဖြတ်ရာတွင် အသုံးချနိုင်လေ၏။ ဤအရာသည် တိုက်ပွဲများ အဆက်မပြတ် တိုက်ခိုက်ရာမှ ကျွမ်းကျင်တတ်မြောက်လာသော အနီးကပ်တိုက်ခိုက်ခြင်း နည်းစနစ်များ ဖြစ်လေသည်။ ၎င်းသည် သွေးရနံ့များဖြင့် ထုံသင်းနေလေ၏။

ရွှပ်!

ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်ဒဏ်ရာတစ်ခုက ထပ်မံပေါ်လာလေသည်။ ၎င်းမှ လတ်ဆတ်သော သွေးများက စီးကျလာလေ၏။

အာရုံခံသတိစိတ်က သူ့ကို များစွာ အထောက်အကူပြုပေးနိုင်သော်လည်း အပြင်းအထန် ဆက်တိုက် တိုက်ခိုက်မှုများကြောင့် သူ၏ ခွန်အားက တစ်ဖြည်းဖြည်း ယုတ်လျော့လာပြီဖြစ်ပြီး စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပေ။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများက တစ်ခုပြီးတစ်ခု ခပ်စိတ်စိတ်ပေါ်လာပြီးနောက် သွေးများက အဆက်မပြတ် စီးကျလာလေ၏။ သူ၏အင်္ဂါအစိတ်အပိုင်းများကလည်း ဟန်ချက်ညီညီ အလုပ်လုပ်နိုင်စွမ်း မရှိတော့ပေ။ ဆူဇီမိုသည် နားထဲတွင် တစ်ဝီဝီမြည်လာပြီး ကြယ်,လများကိုပင် စတင်မြင်လာရလေ၏။

“ငါ ဒီထက်ကြာကြာ တောင့်မခံနိုင်တော့ဘူး”

ဆူဇီမိုသည် အံကို တင်းတင်းကြိတ်ပြီးနောက် မလှမ်းမကမ်းမှ ခေါင်းဆောင်ဝံပုလွေကို တစ်ချက်လှမ်းကြည့်လိုက်၏။ ၎င်းသည် ဆယ်ပေလောက်မြင့်ပြီး ခန္ဓာအရွယ်က ဆင်ကြီးတစ်ကောင်လောက် ရှိလေ၏။ သူသည် ဘေးနှစ်ဖက်နှစ်ချက်မှ တိုက်ခိုက်မှုများကို လျစ်လျူရှု၍ ရှိရှိသမျှခွန်အားဖြင့် ကောင်းကင်ထယ်သွားခြေလှမ်းကို သုံးကာ ‌ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်ချသွားလေ၏။

တောင်တန်းအားပြု!

ဘန်း! ဘန်း! ဘန်း!

ဝံပုလွေအချို့သည် နေရာမှာပင် လွင့်စင်ထွက်ကုန်ကျပြီး သွေးများက နေရာတိုင်း ပြန့်ကျဲသွား၏။

တစ်ချိန်တည်းမှာပင် တစ်ချို့ဝံပုလွေများ၏ ပြင်းထန်သော တိုက်ခိုက်မှုများက ဆူဇီမိုအပေါ်သို့ ကျရောက်လာပြီး သူ့တွင် ဒဏ်ရာအနာတရများစွာ ထပ်မံရရှိသွား၏။ သူ့ပေါင်တစ်ဖက်မှ အသားတစ် တစ်ပိုင်းသည် ဝံပုလွေတစ်ကောင်လက်ချက်ဖြင့် ပဲ့ကျသွားလေ၏။

ဆူဇီမို၏ ခြေထောက်များသည် ချိနဲ့ပျော့ခွေလာပြီး မြေပေါ်သို့ ဒူးထောက်လဲကျတော့မည်ကဲ့သို့ပင်။

ဆူဇီမို ဘာလုပ်ချင်တာလဲဆိုတာ သိနေသည့်အတိုင်းပင် ခေါင်းဆောင်ဝံပုလွေ၏ မျက်လုံးထဲတွင် လှောင်ပြောင်မှု အရိပ်အယောင်များက ဖြတ်သန်းသွား၏။

ဤအချိန်တွင် ဝံပုလွေအုပ်ကြီးသည် ဘေးသို့ချဲသွားကြပြီး ခေါင်းဆောင်ဝံပုလွေသည် အောင်နိုင်သူတစ်ယောက်လို တစ်ဖြည်းဖြည်း လျှောက်လှမ်းလာလေသည်။ သူ့တွင် အဆုံးမရှိသော သတ်ဖြတ်လိုစိတ်အော်ရာများက ထွက်ပေါ်နေလေသည်။

ဆူဇီမိုသည် ချဉ်းကပ်လာသော ဝံပုလွေကို စိုက်ကြည့်နေလိုက်၏။ ဆေဘာဓါးကို ကိုင်စွဲထားသော သူ့ဘယ်ဘက်လက်သည် ချွေးများဖြင့် ရွှဲနေပေပြီ။ သူသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် နောက်ဆုံးရိုက်ချက်တစ်ခု ‌ဖော်ထုတ်ရန်အတွက် ပြင်ဆင်လိုက်၏။

ဒီနေ့သူသည် သေခြင်းမှလွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။ သူသေရမည်ဆိုလျှင်တောင် ခေါင်းဆောင်ဝံပုလွေကို သူနှင့်အတူ အပါခေါ်သွားချင်လေသည်။ ထိုအရာသည် သူ၏ ဂုဏ်သိက္ခာပင် ဖြစ်လေသည်။

“ရွှစ်”

ခေါင်းဆောင်ဝံပုလွေက တဲ့တိုးခုန်အုပ်လိုက်၏။ ပြင်းထန်အားကောင်းသောအော်ရာက လေထုကို လွှမ်းခြုံသွားပြီး ဆူဇီမိုထံသို့ ပြေးဝင်လာလေ၏။

ဆူဇီမိုသည် ပါးစပ်ကို ဟကာ လောကရှိ မမြင်ရသော စွမ်းအားများကို ဝါးမြိုသလို အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။ သူ၏အသားများသည် မျက်စိဖြင့် မြင်နိုင်လောက်အောင် လူးလွန့်လှုပ်ရှား တစ်ဆတ်ဆတ် တုန်ခါလာလေ၏။ သူ၏ အရွတ်များသည် အနာကွန်ဒါမြွေများ ရစ်ပတ်လိုက်သလို အတူတကွ ထုံးဖွဲ့သွား၏။

“ရွှစ် ရွှစ်!”

ပတ်ဝန်းကျင်ရှိ လေများက ဆူဇီမို၏ အဆုတ်ထဲသို့ အရူးအမူး တိုးဝင်ချလာပြီး ထူးဆန်းသော အသံကို ဖြစ်ပေါ်လာစေ၏။

အနာကွန်ဒါ ဆွဲယူရစ်ပတ်ခြင်း!

၎င်းသည် အရွတ်အသွင် ပြောင်းလဲခြင်း အပိုင်းထဲက ကိုယ်ဟန်တစ်ခု ဖြစ်လေသည်။ ၎င်းသည် အရွတ်များကို ပိုမို ကြီးထွားလာစေပြီး အဆမတန် ခွန်အားကို ညှစ်ထုတ်နိုင်လေသည်။

ဆူဇီမိုသည် မိုးကြိုးဆေဘာကို လက်တစ်ဖက်က စွဲကိုင်မပြီး ခေါင်းဆောင်ဝံပုလွေ၏ ဦးခေါင်းကို ချိန်ရွယ်ကာ ပြေးဝင်ချသွားလေ၏။ တစ်ချိန်တည်းမှာပင် သူ၏ညာဘက်လက်က သွေဖယ်မြေလက်ဝါးကို ပုံဖော်ကာ လျှပ်တစ်ပြက် ထပ်မံ တိုက်ခိုက်လိုက်၏။

ဤအရာသည် ဆူဇီမို၏ အကောင်းဆုံးတိုက်ကွက်တစ်ခုဟု ပြောနိုင်လေသည်။

ခေါင်းဆောင်ဝံပုလွေ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်က ပေါ်လာ၏။ ၎င်း၏ ခန္ဓာကိုယ်က လွန်စွာ ကြီးမားသော်လည်း အင်မတန် ပေါ့ပါးဖျတ်လတ်လေသည်။ ၎င်းသည် မိုးကြိုးဆေဘာကို လေထဲတွင် ခုန်ရှောင်လိုက်ပြီးနောက် ဆူဇီမိုထံသို့ တစ်ဖန် ပစ်ဝင်ကာ ၎င်း၏ လက်သည်းက ဆူဇီမို၏ ရင်အုပ်ပေါ်သို့ ကျဆင်းသွားလေ၏။

တစ်ကယ်ဆို ထိုလက်သည်းက ဆူဇီမို၏ ရင်အုပ်ကို တိုးလျှိုပေါက် ဖောက်ဝင်နိုင်စွမ်း ရှိလေသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ဆူဇီမိုက ခေါင်းဆောင်ဝံပုလွေ၏ ဘေးဘက်ခြမ်းကို သွေဖယ်မြေလက်ဝါးဖြင့် ဖောင်းကနဲ ရိုက်ချလိုက်လေ၏။

“ဝူး!”

ခေါင်းဆောင်ဝံပုလွေက နာကျင်စွာ အော်ညည်းလိုက်၏။ ၎င်းသည် ဆူဇီမို ရိုက်ချက်ဖြင့် လွင့်စင်သွားလေ၏။ ၎င်းသည် မြေပေါ်တွင် တစ်ပတ်လှိမ့်ပြီးနောက် တစ်ဖန် ပြန်ကျုံးထလာကာ ခေါင်းကိုခါလိုက်၏။ ဘာမှ သိပ်မဖြစ်ခဲ့သလိုပင်။

ဆူဇီမိုမှာတော့ အားအင် လုံးဝ မကျန်ရှိတော့ပေ။

စူးရှချွန်ထက်သော ဝံပုလွေလက်သည်းက ဆူဇီမို၏ ရင်အုပ်ကို ‌‌ဖောက်ထွက် မသွားသော်လည်း သူ့ရင်ဘတ်ပေါ်ရှိ အရိုးအသားများကို ကြေမွသွားစေ၏။

ဆူဇီမိုသည်လည်း ခေါင်းဆောင်ဝံပုလွေ၏ လက်သည်းကုတ်ရိုက်ချက်ဖြင့် လေထဲကို မြောက်တက်သွားပြီး ဝံပုလွေအုပ်ထဲသို့ အရုပ်ကြိုးပျက် ပြုတ်ကျလာလေ၏။

ဆူဇီမိုတွင် ခွန်အား တစ်စက်မျှ မကျန်ရှိတော့ပေ။ သူသည် တစ်ချက်ဝေ့ကြည့်လိုက်၏။ သူ့အောက်တွင်_ များပြားလှစွာသော ဝံပုလွေများသည် သွားရည်တစ်မြှားမြှားဖြင့် ပါးစပ်များကို ဟဖြဲကာ သူ့အောက်သို့ ပြုတ်ကျတာနှင့် ကိုက်ဖြတ်စားသောက်ကြရန် အဆင်သင့် ဖြစ်နေကြလေ၏။

“နောက်ဆုံးတော့လည်း ငါ ဒီတောင်ကို မကျော်လွှားနိုင်ခဲ့ဘူးပဲ..ငါ....”

ဆူဇီမိုသည် စတင် မူးဝေထုံထိုင်းလာလေသည်။

ဆူဇီမို ဝံပုလွေအုပ်ထဲသို့ ပြုတ်ကျ‌တော့မည့်ဆဲဆဲမှာပင် အမှောင်ထဲမှ ပုံရိပ်တစ်ခုသည် ရုတ်တရတ် ဖျတ်ကနဲ ပေါ်လာပြီး လေထဲတွင် လွှဲယမ်းကာ ဖြတ်ကျော်လာလေ၏။ ထိုပုံရိပ်က လေထဲတွင် ဖြတ်သန်းလာရင်း ဝံပုလွေများ၏ နှုတ်ခမ်းဝနားမှ ဆူဇီမိုကို ဖမ်းဆွဲယူဆောင်သွားလေတော့၏။

All Chapters