← Chapters

အကျင့်စရိုက်

Vol. 18 Ch. 266

အကျင့်စရိုက်

Vol. 18 Ch. 266

“စိတ်မကောင်းပါဘူး၊ မင်း အတွေးလွန်နေပြီ”

ရဲ့လင်းချန်၏ တည်ငြိမ်သော အသံက လွီချီ၏ စိတ်ကူးယဉ်မှုကို ချိုးဖျက်သွားသည်။

“ဟင်းဟင်း၊ တောသားလေး၊ နင်က ဘာသိလို့လဲ”

လွီချီက ရဲ့လင်းချန်အား အထင်အမြင်သေးစွာ ပြုံး၍ ကြည့်နေသည်။

ထိုအခိုက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ခြေလှမ်းကျဲကျဲဖြင့် ဝင်လာ၏။

“သူက မဟာမြို့တော် စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ပဲ”

လွီယန်၏ အသံက ထစ်ငေါ့နေပြီး အလွန် စိတ်လှုပ်ရှားနေ၏။ သူ့နှုတ်ခမ်းများက အနည်းငယ် ခြောက်သွေ့နေပြီး အလွန်အမင်း စိုးရိမ်တုန်လှုပ်နေသည်။

မဟာမြို့တော် စားသောက်ဆိုင်ပိုင်ရှင်နှင့် ရင်းနှီးသည်ဟု သူ အစောပိုင်းက အခိုင်အမာ ပြောခဲ့သော်လည်း ယင်းက သူများ အထင်ကြီးအောင် ဖြီးဖြန်းခဲ့ခြင်းသာ။

မြို့တော်တစ်ခုလုံးမှ လူတိုင်းသည် ဆိုင်ရှင်၏ အကျင့်စရိုက်ကို သိကြသည်။ ပိုက်ဆံရှိသည့်အပြင် အရေးအကြီးဆုံး ကိစ္စက သူ့၌ ရှိသော အဆက်အသွယ်များပင်။

မြို့တော်မှ အရေးပါသော ပုဂ္ဂိုလ်များအားလုံး ဤနေရာ၌ စားသောက်ကြသည်ဟု ဆိုနိုင်ပေသည်။ ဤနည်းအားဖြင့် စားသောက်ဆိုင်ပိုင်ရှင်၏ အဆက်အသွယ်များက ရှိန်စရာကောင်းသည်ဟု ပြောရပေမည်။ သူ့နောက်ခံက မည်မျှ အင်အားတောင့်လဲ ဘယ်သူမှ မသိပေ။

“အဖေ၊ အခုထိ သမီးကို ဖုံးကွယ်ထားဦးမလို့လား”

လွီချီ ပါးစပ် အဟောင်းသား ဖြစ်နေသည်။

“စားသောက်ဆိုင်ရဲ့ သူဌေးကြီးတောင်မှ ကိုယ်တိုင် လာတာလား”

“သူက လန်ကျွင်းပဲ၊ သူဌေးကြီးလန်ပဲ”

စွန်းဟုန်သည်လည်း အံ့ဩနေသည်။ သူတို့သုံးယောက်သား ရင်တဒိန်းဒိန်းခုန်ကာ ထရပ်လိုက်ကြသည်။

“အမေ၊ အဖေ၊ သူတို့ကို မသိချင်ယောင်ဆောင်ထားလိုက်၊ ဒီအတိုင်း ကျွန်တော်တို့ စားစရာ ရှိတာကိုသာ စားရအောင်”

ရဲ့လင်းချန်က စိုးရိမ်တုန်လှုပ်နေသော ရဲ့ကျင်းနှင့် ရှုကျန်းကို ပြောလိုက်သည်။ သူသည် အခြေအနေကို သတိမမူမိသကဲ့သို့ အေးဆေးပြီး တည်ငြိမ်နေသည်။

လွီယန်က ရဲ့လင်းချန်ကို စိုက်ကြည့်လိုက်သည်။

*သူက အရူးပဲ၊ တကယ့်ကို အရူးကောင်*

သူ့မျက်လုံးနှင့်သာ တပ်အပ်မမြင်ရလျင် ဤသို့သော အရူးမျိုး ကမ္ဘာပေါ်၌ ရှိနေလိမ့်မည်ဟု ယုံလိမ့်မည် မဟုတ်ပါ။

သက်ပြင်းချလိုက်ပြီးနောက် သူ့အဝတ်အစားကို ပြန့်သွားအောင် ပြုပြင်လိုက်ပြီး၊ မတ်မတ်ရပ်ကာ အားခဲ၍ မျက်နှာချိုသွေးသည့် အပြုံးဖြင့် လန်ကျွင်းကို နှုတ်ဆက်လိုက်သည်။

“သူဌေးကြီးလန်”

လွီယန်က အလွန် ရိုကျိုးစွာ နှုတ်ဆက်လိုက်သည်။ လွီချီနှင့် စွန်းဟုန်တို့ စိုးရိမ်တုန်လှုပ်နေသဖြင့် အသက်ပင် ပြင်းပြင်း မရှူရဲချေ။

“အာ … မင်းက”

လန်ကျွင်း တစ်ခဏမျှ ကြက်သေ သေသွားပြီး လွီယန်အား မယုံသင်္ကာ ကြည့်နေသည်။

လွီယန်က ဘယ်သူလဲ သူ မသိပါ။ သို့သော် ရဲ့လင်းချန်၏ ဂုဏ်သတင်းကို ထောက်၍ သူ၏ လောကဝတ်ကို ထိန်းသိမ်းထားသည်။

လွီယန် အခက်တွေ့သွားသည်။ လန်ကျွင်းက သူ့ကို လုံးဝ မသိပေ။ သို့သော် သူ ဆက်ပြုံး၍ ပြောလိုက်သည်။

“သူဌေးကြီးလန်၊ ကျွန်တော်လေ၊ လွီယန်ပါ၊ အရင်တစ်ခါတုန်းက လုလုပ်ငန်းစုရဲ့ ဒါရိုက်တာ စွန်းနဲ့ ဒီမှာ ညစာ စားဖူးပါတယ်”

“ဪ…ဪ မင်းကိုး”

လန်ကျွင်းက အခုမှ သတိပြုမိသွားဟန်ဖြင့် ပြောသော်လည်း လွီယန် ဘယ်သူလဲ ဆိုသည်ကို သူ တကယ် မှတ်မိသလား၊ မမှတ်မိသလား ဆိုသည်ကိုတော့ မည်သူမှ မသိပေ။

“လတ်စသက်တော့ ခင်ဗျားကိုး သူဌေးလွီ၊ တွေ့ရတာ ဝမ်းသာပါတယ်”

သူက နှုတ်ဆက်ပြီးသည်နှင့် ရဲ့လင်းချန်ထံ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။

*သွားပြီ၊ အဲ့ကောင်တော့ လုံးဝ သွားပြီ*

လွီယန်တို့ မိသားစုသည် ရဲ့လင်းချန်အား သနားသော အမူအရာတို့ဖြင့် ကြည့်နေကြသည်။ ထိုလူငယ်လေး၏ သာမန်ကာလျှံကာ အကျင့်စရိုက်က လန်ကျွင်းကို ဒေါသထွက်သွားစေလောက်ပြီး မြို့တော်တွင် ခက်ခဲသော အနာဂတ်ပင် ရှိလာလောက်သည်။

သို့သော် လန်ကျွင်းက ဒေါသထွက်ခြင်း မရှိသော မျက်နှာဖြင့် ရဲ့လင်းချန်ထံ လျှောက်သွားသည်။ ဒေါသထွက် ရမည့်အစား သူက ပြုံး၍ ယဉ်ကျေးစွာ ဦးညွှတ်၍ ချိုသာစွာ ပြောလေသည်။

“သခင်လေးရဲ့၊ ကျွန်တော်တို့ ဟင်းလျာနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု ရှိပါရဲ့လား”

လွီယန်၏ ခေါင်းထဲတွင် တစ်ခဏမျှ ဗလာဖြစ်သွားပြီး ဦးနှောက်ထဲ၌ မုန်တိုင်းထန်လာသည်။

လွီချီ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပြန်တောင် မပိတ်နိုင်ချေ။ ထိုအခိုက်တွင် စွန်းဟုန်၏ မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်နေပြီး ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် တွေးမိနေသည်။

*သ…သခင်လေးရဲ့တဲ့လား*

*လန်ကျွင်းက ရဲ့လင်းချန်ကို သိတာလား*

သူက ရဲ့လင်းချန်ကို ထိုသို့ ကောင်းမွန်သော အပြုအမူနှင့်ပင် ဆက်ဆံလိုက်သည်။ ထိုအပြုအမူကို အကောင်းဆုံး ဖော်ပြနိုင်သည့် စကားလုံးမှာ ရိုကျိုးမှုပင်တည်း။

*လန်ကျွင်းရဲ့ စကားအရဆိုရင် စားပွဲပေါ်က ဟင်းပွဲအားလုံးက ရဲ့လင်းချန်အတွက်များလား*

လန်ကျွင်း၏ အမေးအား ရဲ့လင်းချန်က တူကို ဖြည်းဖြည်းချင်း ချ၍ ခေါင်းညိတ်ပြလိုက်သည်။

“မဆိုးပါဘူး၊ ဒါပေမဲ့ ကျွန်တော့်မှာ မေးစရာ မေးခွန်းရှိတယ်”

“ပြောပါ”

“အမဲသားစားဖို့ ကျွန်တော်တို့ ဓားနဲ့ ခက်ရင်းကို သုံးမှ ဖြစ်မှာလား”

ရဲ့လင်းချန် မေးလိုက်သည်။

လန်ကျွင်း အနည်းငယ် အံ့ဩသွားသော်လည်း ချက်ချင်း ခေါင်းခါလိုက်သည်။

“ဘယ်ဟုတ်မလဲ”

သူ အချက်ပြရန်ပင် မလိုဘဲ စားပွဲထိုးက ရှေ့တိုးလာပြီး အမဲသားအား ပါးပါးနှင့် ညီညီညာညာ လှီးပေးပြီး လှလှပပ နေရာချပေးသည်။ ထို့နောက် စားပွဲထိုးက ပန်းကန်ကို ရဲ့ကျင်းနှင့် ရှုကျန်းထံ ချပေးလေသည်။

“ဒီအမဲသားက တစ်ရာ ရာခိုင်နှုန်း စစ်မှန်ပါတယ်၊ ဂျပန်နိုင်ငံကနေ အကန့်အသတ်နဲ့ သွင်းထားတာပါ၊ သုံးဆောင် ပါဗျ”

“ဟင် … အင်း၊ ကျေးဇူး”

ရှုကျန်းနှင့် ရဲ့ကျင်းတို့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေပြီး နှစ်ယောက်သား ထိတ်လန့်နေလေသည်။

ရဲ့လင်းချန်က လွီယန်ကို မော့ကြည့်၍ ပြုံးလိုက်သည်။

“အမဲသား စားဖို့ ဓားနဲ့ ခက်ရင်း သုံးဖို့လိုတယ်လို့ ခင်ဗျား ထင်သေးလား”

ထိတ်လန့်ခြင်း၊ မယုံနိုင်ခြင်း၊ ခြောက်ခြားခြင်း၊ ကြောက်လန့်ခြင်းနှင့် စုံလင်သော ခံစားချက်များက လွီယန်၏ မျက်လုံးတွင်း၌ အဆက်မပြတ် ဖြတ်ပြေးနေသည်။ သူ့မျက်နှာက ဖြတ်ရိုက်ခံထားရသကဲ့သို့ အလွန်အမင်း ပူလောင်နေ၏။ နောက်ဆုံးတွင် သူ ဖျစ်ညှစ်၍ နှိမ့်ချသော အပြုံးမျိုး ပြုံးလိုက်သည်။

“မထင်ပါဘူး၊ သခင်လေးရဲ့က သေချာပေါက် ဓားနဲ့ ခက်ရင်း သုံးဖို့ မလိုပါဘူး”

လွီချီသည် နေရာ၌ ငြိမ်၍ ရပ်နေပြီး သူမဝိညာဉ်က ကိုယ်မှ ခွာထွက်သွားသကဲ့သို့ ဖြစ်နေကာ ဆွံ့အနေ၏။

ရဲ့လင်းချန်ကို သူမ စတွေ့စဉ်ကတည်းက သူမ မည်သို့ ပြုမူခဲ့သလဲဆိုသည်ကို သတိရသွားသည်။ သူမက လူပြက်တစ်ယောက်ကဲ့သို့ ပြုမူခဲ့သည်။ သူ့ကဲ့သို့သော လူမျိုးရှေ့၌ သူမက ဘယ်လိုလုပ် အထက်စီးဆန်ဟန် ပြခဲ့မိသနည်း။ ထိုသို့သောလူမျိုးက ဘယ်လိုလုပ် ပိုက်ဆံ ပြတ်လပ်နေပါမည်နည်း။

ဆိုင်ထဲသို့ ဝင်လာကတည်းက သူတို့ VVIP များကဲ့သို့ ဆက်ဆံခံနေရခြင်းက လတ်စသက်တော့ ရဲ့လင်းချန်ကြောင့် ဖြစ်နေပါတကား။

လန်ကျွင်း၏ အကျင့်စရိုက်အရ အခြေအနေကို တစ်ချက်ကြည့်ရုံနှင့် ရိပ်မိသွားသည်။ သူသည် လွီမိသားစုအား အဓိပ္ပာယ်အပြည့်ပါသော အကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီးနောက် ရဲ့လင်းချန်အား ရွှေရောင်ကဒ်တစ်ကဒ် ကမ်းပေးလေသည်။

ထိုကဒ်က လွီယန်၏ မျက်လုံးအိမ်အား ကျဉ်းမြောင်းသွားစေပြီး သူ့နှလုံးက အရူးအမူး ခုန်လာ၏။

*ဒီကောင်လေးက တကယ်ပဲ ဘယ်က လာတာလဲ၊ ဘယ်လိုလုပ် တက္ကသိုလ်ကျောင်းသားတစ်ယောက်က မဟာမြို့တော် စားသောက်ဆိုင်ရဲ့ ရွှေကဒ်ကို ရနိုင်ရတာလဲ*

“သခင်လေးရဲ့၊ ကျွန်တော့်ဆိုင်မှာ သခင်လေး ညစာလာစားတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ၊ ဒီကဒ်ကို သိမ်းထားပေးပါ၊ ပြီးတော့ ဒီကို ကြိုက်တဲ့အချိန် လာနိုင်ပါတယ်”

လန်ကျွင်းက ဆက်ပြောသည်။

“သခင်လေးရဲ့ ညစာစားတာကို ကျွန်တော် ထပ်မနှောင့်ယှက်တော့ပါဘူး၊ တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကို ခေါ်လိုက်ပါ၊ ကျွန်တော် လာခဲ့ပါ့မယ်”

ထို့နောက် သူက ပြောပြီးသည်နှင့် ပြန်ထွက်သွားလေသည်။

တိတ်ဆိတ်ခြင်း။

တစ်ခန်းလုံး လုံးဝ တိတ်ဆိတ်သွားသည်။

ယခင်က ကိုယ့်ကိုယ်ကိုယ် အလွန် မာန်တက်နေသော လွီယန်သည် လည်ချောင်းထဲ၌ ခြောက်သွေ့သလို ခံစားနေ ရသည်။ သူ ရဲ့လင်းချန်ကို ဘယ်လို ရင်ဆိုင်ရမလဲ မသိတော့ချေ။

သူတို့ကြား၌ တိတ်ဆိတ်မှုသာ ကြီးစိုးနေ၏။

လွီယန်က လက်နှစ်ဖက်ကိုဆုပ်၍ ရဲ့ကျင်းကို မျက်နှာမူလိုက်သည်။ သူ တကယ် စိတ်ရင်းနှင့် ပြုမူသလား၊ ဟန်ဆောင် နေသလားတော့ မသိနိုင်ပါ။

“ရောင်းရင်းရဲ့၊ မင်းသားက တကယ့်ကို ပုန်းကွယ်နေတဲ့ ရတနာပဲ၊ သူက အသက် ငယ်ငယ်လေးနဲ့ ဒီလောက် အစွမ်းအစ ရှိနေတာ၊ သူ့အနာဂတ်ကတော့ အကန့်အသတ်မဲ့ပဲ”

အစောပိုင်းက သူတို့၏ မောက်မာဟန်များ အားလုံး ပျောက်ကွယ်သွားပြီး သူတို့မျက်နှာတွင် မြှောက်ပင့်သည့် အမူအရာပင် ရှိနေလေသည်။

“လွီချီနဲ့ ရဲ့လင်းချန်တို့ နှစ်ယောက်လုံးက ငယ်သေးတာပဲ၊ သူတို့ တော်တော်များများမှာ တူနေတာ ရှိမှာပဲ၊ မင်းတို့ အချင်းချင်း ပိုသိအောင် လုပ်သင့်တယ်”

စွန်းဟုန်ကလည်း ပြောလာသည် သူမက စကားအဆုံး၌ လွီချီကို ကြည့်လိုက်သည်။ လွီချီက ချက်ချင်း သဘောပေါက် သွားပြီး ရဲ့လင်းချန်ဘေးသို့ ဝင်ထိုင်လေသည်။

“ကျွန်တော်‌တော့ အဲ့လိုမထင်ဘူး၊ ကျွန်တော်တို့ကို ခင်ဗျားတို့ အထင်သေးတယ်ဆိုကတည်းက ဒီညစာ ပြီးတာနြ့ ထပ်ဆက်သွယ်ဖို့ မလိုဘူး”

ရဲ့လင်းချန် ထရပ်လိုက်သည်။

“လင်းချန်၊ ငါတို့ အဲ့လို မရည်ရွယ်ပါဘူး၊ ငါ ပြောတာကို နားထောင်ပါဦး”

စွန်းဟုန်န မနေနိုင်ဘဲ စိုးရိမ်တကြီး ပြန်ပြောသည်။

“ခင်ဗျားတို့မိသားစုက မြို့တော်မှာနေတာ၊ ပြီးတော့ ကျွန်တော်တို့က ဘာမှမဟုတ်တဲ့ တောသားလေးတွေပါ၊ ကျွန်တော်တို့က ခင်ဗျားနဲ့ အဆင့်မတူပါဘူး”

ရဲ့ကျင်းကလည်း ထရပ်သည်။

“ဘာမှထပ်ပြောစရာ မလိုတော့ဘူး”

“ရောင်းရင်းရဲ့၊ ဒီလို မလုပ်ပါနဲ့၊ ငါတို့အားလုံးက မိတ်ဆွေဟောင်းတွေလေ၊ တစ်ခုခု ပြောချင်တာ ရှိရင် ပြောလိုက်ပါ”

လွီယန်က ချက်ချင်း ဝင်ပြောသည်။ သူ့အသံက အလွန် စိတ်ရင်းအတိုင်း ပြောနေပုံ ပေါက်နေ၏။

“ဘာများ ပြောစရာ ရှိသေးလို့လဲ၊ ရှင် ကျွန်မသားကို မှိုချိုးမျှစ်ခိုး ဝေဖန်နေတာကို ဆက်နားထောင်နေရမှာလား”

ရှုကျန်း မေးလိုက်သည်။ သူတို့ ပြောသည့် အခြားအရာအားလုံးကို သူမ သည်းခံနိုင်ပါသည်။ သို့သော် အခြားသူများက သူမသားကို အထင်သေးသော စကားများ ပြောသည်ကိုတော့ သူမ မလိုချင်ပါ။

လွီယန်တို့ မိသားစု ဆွံ့အသွားကြသည်။ အစောပိုင်းက ရဲ့လင်းချန်ကို သူတို့ အထင်သေးစွာ ပြောခဲ့သော စကားများကို ပြန်အမှတ်ရသွားပြီး တစ်ကိုယ်လုံး ချွေးပြန်လာကြသည်။

လန်ကျွင်း၏ မောက်မာပုံသည် နာမည်ဆိုးဖြင့် ကျော်စောသည်။ သူသည် လုပ်ငန်းစုကြီးများမှ စီအီးအိုများကို တောင်မှ ယဉ်ကျေးခြင်း မရှိချေ။

ရဲ့လင်းချန်၏ အဆင့်အတန်းက ဘာလဲ သူတို့ မသိသော်လည်း ထိုကောင်လေးက သူတို့ ရန်စ၍ ရနိုင်သော လူတစ်ယောက် မဟုတ်ချေ။

All Chapters