မိဘများ ထိတ်လန့်သွားခြင်း
Vol. 18 Ch. 267
“ငါ့တူလေး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့၊ ငါ မင်းကို သုံးခွက် ငှဲ့ပေးပါ့မယ်”
လွီယန်က ရဲ့လင်းချန်ကို ကြည့်၍ ပြောလိုက်သည်။
“ချီအာ၊ မင်း ဘာလို့ ငိုင်ပြီး ကြည့်နေသေးတာလဲ၊ လင်းချန်အတွက် လက်ဖက်ရည် မြန်မြန် ငှဲ့ပေးလိုက်လေ၊ မင်းတို့ နှစ်ယောက်လုံး ငယ်ငယ်တုန်းက အတူတူ ကစားဖူးတယ်လေ၊ မင်းတို့ တကယ် ခင်ခဲ့တာ၊ အဲ့တော့ မင်း ကြီးလာတာနဲ့ အရမ်း အနေမစိမ်းသင့်ဘူး”
စွန်းဟုန်ကလည်း ဝင်ပြောသည်။
“ဪ ဟုတ်ကဲ့၊ ချက်ချင်း လုပ်လိုက်ပါ့မယ်”
လွီချီက ခေါင်းညိတ်၍ ချက်ချင်း လက်ဖက်ရည် ငှဲ့ပေးသည်။
ရဲ့လင်းချန်၏ အဆင့်အတန်းက သူတို့ ထင်ထားသည်ထက် သာလွန်နေ၏။ မိသားစုနှစ်ခုကြားမှ ဆက်ဆံရေးအရ ဆိုလျင် သူတို့ ရဲ့လင်းချန်ထံမှ အပြည့်အဝ အကျိုးကျေးဇူး ရနိုင်ခွင့်ပင် ရှိလောက်သည်။ လွီချီနှင့် ရဲ့လင်းချန်တို့ အချင်းချင်း သဘောကျသွားခဲ့ပါက အံ့ဩစရာ ကောင်းလာပေလိမ့်မည်။ သို့သော် နောင်တရရန် အချိန်နှောင်း သွားလေပြီ။
မြို့တော်ကို တက်လာပြီး တက္ကသိုလ်လာတတ်သည့် တောသားလေးက ဤမျှ အောင်မြင်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပါ။ ယင်းက အထင်ကြီးစရာ ကောင်းလွန်းလှသည်။
ချမ်းသာသော သားမက်တစ်ယောက်သည် သူတို့ မျှော်လင့်နိုင်သော အရာတစ်ခု မဟုတ်ချေ။
“ခင်ဗျားတို့ အဲ့လောက် ယဉ်ကျေးစရာ မလိုပါဘူး”
ရဲ့လင်းချန်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ စားပွဲထိုးကို လှမ်းပြောလိုက်သည်။
“ကျွန်တော်တို့အတွက် ကားတစ်စီးလောက် စီစဉ်ပေးနိုင်မလား”
“ရပါတယ်ခင်ဗျာ”
စားပွဲထိုးလေးသည် ထိုတောင်းဆိုမှုကို လျစ်လျူမရှုရဲချေ။ ညကိုးနာရီတွင် စားသောက်ဆိုင်ရှေ့၌ ဇိမ်ခံမှန်လုံ ကားတစ်စီး ရောက်လာသည်။ တစ်စုံတစ်ယောက်က တရိုတသေဖြင့် ကားတံခါးကို ဖွင့်ပေးပြီး ရဲ့လင်းချန်အား တက်စေသည်။
လွီမိသားစုသည် ရဲ့လင်းချန် ကားပေါ် တက်သွားသည်ကိုကြည့်ပြီး စိတ်ရှုပ်ထွေးကာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
ထိုအခိုက်တွင် လန်ကျွင်းက ပြေးလာပြီး ကားထဲမှ ရဲ့လင်းချန်ကို လက်ပြနှုတ်ဆက်လေသည်။
“သခင်လေးရဲ့ ဂရုစိုက်သွားပါ၊ ကျွန်တော် လိုက်မပို့တော့ဘူးနော်”
လွီယန်က လန်ကျွင်းက စိုက်ကြည့်နေပြီး ချီတုံချတုံ ဖြစ်နေဟန် တူသည်။ ထို့နောက် သူသည် အံကြိတ်၍ အနားသို့ လျှောက်သွားကာ မေးလိုက်သည်။
“သူဌေးကြီးလန်၊ ကျွန်တော်က အဲ့လူသုံးယောက်နဲ့ ဇာတိမြို့ချင်း အတူတူပါပဲ၊ ပြီးတော့ ကျွန်တော်တို့ အချင်းချင်း ရင်းနှီးကြပါတယ်၊ အဲ့သခင်လေးရဲ့ အဆင့်အတန်းက ဘာလဲဆိုတာ ကျွန်တော် သိလို့ရမလား”
လန်ကျွင်းက လွီယန်ကို ပေါ့ပျက်ပျက်ကြည့်၍ သရော်ပြုံး ပြုံးလိုက်သည်။
အရာအားလုံးကို မြင်ခဲ့ပြီးဖြစ်သဖြင့် ဖြစ်ခဲ့သည့် အမှန်တရားကို ခန့်မှန်းကြည့်ရုံနှင့်တင် သိနိုင်ပေသည်။
လန်ကျွင်းတွင် လွီယန်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစရာ အကြောင်းမရှိချေ။ သူ တုံးတိတိ ပြန်ပြောလိုက်သည်။
“သူ့အဆင့်အတန်းက မင်း ထင်တာထက် အများကြီး ပိုမြင့်တယ်၊ မင်းသာ သူနဲ့ ခင်မင်ရင် သူက မင်းကို အမြင့်ဆီ ခေါ်သွားနိုင်တယ်၊ ဒါပေမဲ့ မင်း သူ့ကို အာခံရင်တော့ မင်းကို တစ်သက်လုံး ငရဲကျသွားအောင် အသာလေး လုပ်လိုက်နိုင်တယ်”
လွီယန်က သူ့နဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။
“သူက တကယ်တော့ ကျွန်တော့်ရဲ့ ချစ်တူလေးပါ၊ ပြီးတော့ ကျွန်တော်တို့က တကယ် ရင်းနှီးပါတယ်”
“ဟဲဟဲ မင်းက ပိုသိမှာပေါ့”
လန်ကျွင်းက အေးစက်စွာ ပြုံးနေသည်။
“သခင်လေးရဲ့က အငြိုးထားတတ်တဲ့သူ မဟုတ်တာ မင်းအတွက် ကံကောင်းသွားတယ်၊ ဒါပေမဲ့ … မင်းကိုယ်မင်း အဟုတ် ထင်မနေနဲ့”
လွီချီနှင့် စွန်းဟုန်တို့ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ပြီးနောက် ကျယ်လောင်စွာ သက်ပြင်းချမိသည်။ သူတို့ ကိုယ့်ကိုယ်ကိုယ် ပါးချချင်စိတ်ထက် အခြားအတွေး မရှိတော့ပေ။ ဘဝတွင် တစ်ကြိမ်သာ ရနိုင်မည့် အခွင့်အရေးက သူတို့ရှေ့တည့်တည့်၌ ပေါ်လာခဲ့သော်လည်း ဖမ်းဆုပ်ရမည့်အစား သူတို့သည် ပြန်ပက်ရန် ကြိုးစားခဲ့ပြီး ကိုယ့်မျက်နှာကိုယ် တံတွေးစဉ်စေခဲ့သည်။ ကမ္ဘာပေါ်ရှိ နာကျင်မှုအားလုံးက သူတို့ ခံစားနေရသော မချိတင်ကဲ ဝေဒနာကို ယှဉ်နိုင်မည် မဟုတ်ပါ။
“နည်းနည်းလောက် နားလည်မှု လွဲသွားတာပါ၊ တစ်မျိုးမထင်ပါနဲ့ သူဌေးကြီးလန်”
လွီယန် တစ်ကိုယ်လုံး တုန်ယင်နေသည်။ အခြေအနေကို ကြည့်လိုက်ခြင်းအားဖြင့် လန်ကျွင်းသည် ရဲ့လင်းချန်တစ်ယောက် သူ့ဂုဏ်သိက္ခာ ပြန်ရအောင် ကူညီပေးနေပုံရပြီး ယင်းက လွီယန်ကို အတော်လေး ကြောက်ရွံ့စေသည်။
“သူဌေးကြီးလန်၊ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”
“လိုက်မပို့တော့ဘူး”
…
အိမ်ပြန်လမ်း၌ ရဲ့ကျင်းသည် သူတို့ ပြောခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ ခံရခက်နေဆဲပင်။
“လူတွေက မြို့ကြီးကို လာတဲ့အခါကျရင် ပြောင်းလဲသွားတတ်ကြတယ်ဆိုတာ တကယ်ပဲလား၊ သူတို့မိသားစုက အရင်တုန်းက လူကောင်းတွေပါ၊ အခု ဘာလို့ အဲ့လောက် မောက်မာသွားရတာလဲ”
“ဟုတ်တယ်၊ သူတို့ ပါးစပ်က ထွက်လာသမျှ အရာအားလုံးက ပိုက်ဆံ မဟုတ်ရင် အဆက်အသွယ်တွေချည်းပဲ၊ အဲ့အရာနှစ်ခုကလွဲရင် ဒီလောကကြီးမှာ အခြားကိစ္စတွေ မရှိတော့ဘူးလား”
ရှုကျန်းက အနည်းငယ် စိတ်တိုနေသည်။
“လွီချီ ငယ်ငယ်တုန်းက ဘယ်လောက် ချစ်ဖို့ကောင်းလဲဆိုတာကို ကျွန်မ မှတ်မိနေသေးတယ်၊ ကျွန်မ သူ့ကို ချီတောင် ချီဖူးသေးတယ်၊ အခု သူက လုံးဝကို မတူတော့တဲ့ လူတစ်ယောက် ဖြစ်နေပြီ”
“အဖေနဲ့အမေ အဲ့ဒါကို အရမ်း စိုးရိမ်မနေပါနဲ့၊ လူဆိုတာ အမြဲ ပြောင်းလဲတတ်ကြတာပဲလေ”
ရဲ့လင်းချန်က ရိုးရိုးရှင်းရှင်း မှတ်ချက်ပြုသည်။
ရှုကျန်း သက်ပြင်းချလိုက်ပြီးနောက် ရဲ့လင်းချန်အား စူးရှသော အကြည့်ဖြင့် စိုက်ကြည့်သည်။
“သား၊ မင်းတော့ အဲ့လို လုံးဝ မဖြစ်လာရဘူးနော်”
“စိတ်ချပါ အမေ၊ ကျွန်တော်က အမြဲ အမေ့သား ဖြစ်နေမှာပါ”
ရဲ့လင်းချန် အစွမ်းကုန် ပြုံးပြလိုက်သည်။
ရဲ့ကျင်းက တစ်ခဏမျှ စဉ်းစားနေပြီးနောက် ပြောလာသည်။
“လင်းချန် မင်း အခု ဘာလုပ်နေလဲ အဖေ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ အမြဲ လိပ်ပြာလုံရမယ်၊ နားလည်လား၊ ရာဇဝတ်မှု ကိစ္စတွေမှာ ဘယ်တော့မှ မပါမိစေနဲ့”
“ဟုတ်တယ်၊ အခု မင်းက အရွယ်ရောက်နေပြီ၊ ပြီးတော့ မင်း လုပ်စရာတွေ ရှိမှာပဲ၊ ဒါပေမဲ့ မင်းရဲ့ အပြုအမူက သင့်တော်အောင် အမြဲ လုပ်ရမယ်၊ နားလည်လား”
ရှုကျန်းကလည်း အကြံပေးသည်။
“အမေနဲ့အဖေ စိတ်ချပါ”
ရဲ့လင်းချန်က ခေါင်းညိတ်၍ ကတိပေးသည်။
ရဲ့ကျင်းနှင့် ရှုကျန်းတို့သည် ယနေ့ည ဖြစ်ပျက်ခဲ့သမျှကြောင့် မယုံနိုင်လောက်အောင် ထိတ်လန့်နေကြသည်။
သူတို့နှစ်ယောက်လုံး မြို့တော်မှ ရဲ့လင်းချန်၏ အခြေအနေကို ကောင်းကောင်း သတိထားမိပါသည်။ သို့သော် ယနေ့ည အဖြစ်အပျက်များက သူတို့၏ သားနှင့် သူတို့ ပိုဝေးကွာသွားသလို ခံစားလာရသည်။ ရဲ့လင်းချန်သည် မြို့တော်မှ လူတော်တော်များများနှင့် ရင်းနှီးနေပုံရပြီး လက်တွေ့က သူတို့ ထင်ထားသည်ထက် အတော်လေး ကျော်လွန်နေ၏။
သို့သော်ငြားလည်း နှစ်ယောက်လုံးက ရဲ့လင်းချန်ကို သူ ဘာတွေလုပ်နေခဲ့သလဲ မမေးပါ။
ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်ပြီးနောက် သူ့ဖုန်းကိုထုတ်၍ ကျန်းယွင်ရှီထံ စာပို့လိုက်သည်။
“ငါ့မိဘတွေ မကြာခင် အိမ်ကို ရောက်လာတော့မယ်၊ မြန်မြန်လေး ပြင်ထားပေးပါ”
“ဘာတွေဖြစ်နေတာလဲ၊ နင် အမှန်အတိုင်း ပြောနေတာလား၊ ဒါမှမဟုတ် ဖြီးဖြန်းနေတာလား”
ကျန်းယွင်ရှီက စက္ကန့်ပိုင်းအတွင်း ပြန်ဖြေလာပြီး စာအဆုံး၌ ပြုံးနေသော အီမိုဂျီသုံးခုနှင့် ငိုနေသော အီမိုဂျီ သုံးခုကိုပါ ထည့်ပို့လာ၏။
“နောက်နေတာ မဟုတ်ဘူး”
ရဲ့လင်းချန် ပြန်ပို့လိုက်သည်။
“အခန်းတစ်ခန်း ရှင်းထားပေးပါ၊ ပြီးတော့ ငါတို့က မီယာကိုနဲ့ ကုမ္ပဏီတစ်ခုတည်းမှာ အတူတူ လုပ်နေတာ၊ ကုမ္ပဏီရဲ့ ဝန်ထမ်းအိမ်ရာမှာ နေနေကြတာ”
“အင်း … ငါ ဘာပြောရမလဲ သိပါတယ်”
ကျန်းယွင်ရှီက ပြန်ပြောလာသည်။
ရဲ့လင်းချန်သည် အခြေအနေကို ရှင်းလင်းအောင် လုပ်ပြီးမှသာ စိတ်အေးကာ သက်ပြင်းချလိုက်သည်။ သူသည် စကားလုံးများကို စီပြီးမှ ပြောလေသည်။
“အမေနဲ့အမေ၊ အဖေတို့ နှစ်ယောက်လုံး မြို့တော်က ကျွန်တော့်လစာက အရမ်း မြင့်တယ်ဆိုတာ သိပြီးပြီမလား၊ အဲ့ဒါအပြင် ကုမ္ပဏီက ကျွန်တော့်ကို နေဖို့နေရာလည်း ထောက်ပံ့ထားသေးတယ်”
ရှုကျန်း ခေါင်းညိတ်လိုက်သည်။
“ပတ်ဝန်းကျင်ကရော ဘယ်လိုလဲ၊ ဝန်ထမ်းအိမ်ရာလား”
“ပတ်ဝန်းကျင်က တအား ကောင်းတယ်၊ ပြီးတော့ အိမ်ရာက … တကယ် အကြီးကြီးပဲ”
ရဲ့လင်းချန်က သူ့မိဘများအား လှည့်စားနိုင်ရန် အစွမ်းကုန် ကြိုးစားနေ၏။
“တကယ်တော့ ကျွန်တော်တို့ ကုမ္ပဏီက အကောင်းဆုံး ထောက်ပံ့မှုတွေပေးတဲ့ နိုင်ငံတကာ ကုမ္ပဏီတစ်ခုလေ၊ ကျွန်တော်တို့ ရောက်တာနဲ့ အမေတို့ အံ့ဩစေရမယ်”
“အံ့ဩစရာတွေလား”
ရှုကျန်းနှင့် ရဲ့ကျင်းတို့ နှစ်ယောက်လုံး ပြုံးနေသည်။ သူတို့သားက သူတို့ ထင်ထားသည်ထက် ပို၍ အထင်ကြီးစရာ ကောင်းနေပြီး သူ၏ အနာဂတ်က အလားအလာ ရှိသည့်ပုံပင်။
ကားက နံပါတ်တစ် တောင်ကျစမ်းရေအိမ်သို့ မောင်းဝင်လာသောအခါ ရှုကျန်းနှင့် ရဲ့ကျင်းတို့၏ အပြုံးများ ပျောက်ကွယ်သွားလေသည်။ အကြောင်းမှာ သူတို့ အလွန်အမင်း ထိတ်လန့်သွားသောကြောင့်ပင်တည်း။
၎င်း၏ ခမ်းနားမှုက ကြီးကျယ်လွန်းလှသည်။
သူတို့ တစ်ခုမှ နားမလည်လျင်တောင်မှ ဤနေရာ၌ နေသော သူများသည် သာမန်လူများ မဟုတ်မှန်း သိသာပါသည်။ နေထိုင်သူများက သေချာပေါက် အလွန်အမင်း ချမ်းသာသူများပင်။
“ဒါ မင်းရဲ့ ဝန်ထမ်းအိမ်ရာလား”
ရဲ့ကျင်းက ရဲ့လင်းချန်ကို မသင်္ကာသလို ကြည့်သည်။
*ဒါ ဘယ်လို ကုမ္ပဏီမျိုးလဲ*
ရဲ့လင်းချန်သည် သူ့စိတ်ထဲ၌ အောင့်သက်သက် ဖြစ်နေသော်လည်း ရဲဝံ့စွာ ခေါင်းညိတ်ပြလိုက်ရသည်။
သူ့မိဘများကို သူ လိမ်လည်လိုစိတ် မရှိသော်လည်း အိမ်က သူ့အိမ်ပါဟု ပြောလိုက်လျင် ပိုက်ဆံ ရလာသည့် အရင်းအမြစ်ကို ရှင်းပြရ ခက်ပေလိမ့်မည်။
“ဦးလေး၊ ဒေါ်ဒေါ်”
ကျန်းယွင်ရှီသည် တံခါးဝ၌ အချိန် အတော်ကြာအောင် စောင့်နေခဲ့သည်။ သူမက ရဲ့လင်းချန်၏ မိဘများ ကားပေါ်မှ ဆင်းလာသည်နှင့် နှုတ်ဆက်လေသည်။
“ယွင်ရှီလား၊ သမီးလည်း ဒီမှာပဲလား”
ရှုကျန်း အလွန် အံ့ဩသွားသော်လည်း မကြာခင်မှာပင် အလွန် ကျေနပ်သော အပြုံးမျိုး ပြုံးလေသည်။
“ဟုတ်တယ်၊ သမီးက လင်းချန်နဲ့ ကုမ္ပဏီတစ်ခုတည်းမှာ လုပ်နေတာလေ၊ သမီးတို့ သူဌေးက အမြဲ နိုင်ငံခြား သွားနေတာ၊ အဲ့ဒါကြောင့် သမီးတို့ကို သူ့အိမ်မှာ နေခွင့်ပြုထားတာ၊ ဘာလို့လဲဆိုတော့ သမီးတို့က မြို့တော်က မဟုတ်ဘူးဆိုတာကို သူ သိနေလို့လေ”
ကျန်းယွင်ရှီက ပြုံး၍ ပြောပြသည်။
“အထဲမှာ သမီးတို့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လည်း ရှိသေးတယ်”
“အဲ့လိုကိုး”
ထိုစကားများက ရဲ့လင်းချန်၏ စကားထက် ပို၍ လက်ခံယုံကြည်စေသည်။ ရဲ့ကျင်းနှင့် ရှုကျန်းတို့ နှစ်ယောက်လုံး ခေါင်းတညိတ်ညိတ် ဖြစ်နေကြသည်။
သူတို့သည် ရဲ့လင်းချန် တစ်ယောက်တည်း ဖြစ်နေမည်ကို စိုးရိမ်နေသော်လည်း ကျန်းယွင်ရှီကို မြင်လိုက်ရ သောအခါ သူတို့ ထပ်၍ မသင်္ကာ မဖြစ်တော့ဘဲ စိတ်အေးသွားကြသည်။