ပျော်ရွှင်သာယာမှု
Vol. 18 Ch. 268
ကျန်းယွင်ရှီသည် အဝတ်အစား ဝတ်ဆင်ရာ၌ အလွန် ဂရုတစိုက် ရှိလှသည်။
သူမ အဝတ်အစားများက ရိုးရှင်းပြီး မိတ်ကပ် များများ မလိမ်းထားသော်လည်း သူမအသွင်အပြင်နှင့် အလွန် လိုက်ဖက်လှသည်။
သူမ၏ နှစ်လိုဖွယ်ကောင်းသော မျက်နှာ အသွင်အပြင်နှင့် နောက်တွင် ခပ်လျော့လျော့ စည်း၍ ချထားသော ဆံပင်တို့က သူမကို ပို၍ ဖျတ်လတ်တက်ကြွဟန် ပေါ်စေသည်။
သူမ သုံးထားသော ခေါင်းစည်းကြိုးက ပန်းရောင်ဖြစ်ပြီး ကာတွန်းပုံလေးများ ပါလေသည်။ ယင်းက သူမကို ချစ်စရာ ကောင်းနေစေလေသည်။
“လင်းချန် ငါ ဒီနေ့ ဘယ်လိုနေလဲ”
ကျန်းယွင်ရှီက ခပ်တိုးတိုးပြောပြီး စနောက်ဟန်ဖြင့် မျက်စိတစ်ဖက် မှိတ်ပြသည်။
“သိပ်လှတယ်၊ နတ်သမီးလေးလိုပဲ”
ရဲ့လင်းချန်က ပြုံး၍ ပြန်ပြောလိုက်သည်။
ကျန်းယွင်ရှီက ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်သော်လည်း သူမမျက်နှာက ပျော်ရွှင်မှုကြောင့် ဝင်းလက်နေ၏။ ထို့နောက် သူမက ပြောလေသည်။
“ဦးလေး၊ ဒေါ်ဒေါ်၊ ဒီနေ့ နှစ်ယောက်လုံး တအား ပင်ပန်းနေမှာပဲ၊ အထဲ မြန်မြန်ကြွပြီး နားပါဦး”
“အင်း ဟုတ်ပြီလေ”
ရှုကျန်းက ပြုံး၍ ခေါင်းညိတ်ပြသည်။ သူမက ကျန်းယွင်ရှီကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး အချိန်တိုင်း သဘောကျ နေ၏။
“လင်းချန်၊ အခု မင်းက ယွင်ရှီနဲ့ အတူတူနေနေတယ်ဆိုတာကို အမေတို့ သိလိုက်ရတော့ ထပ်ပြီး စိတ်မပူတော့ဘူး”
ရှုကျန်းက ပြောလေသည်။
“ယွင်ရှီကို ကောင်းကောင်း ဂရုစိုက်ရမယ်နော် ဟုတ်ပြီလား”
“ဟုတ်ကဲ့ အမေ စိတ်မပူပါနဲ့”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
ရှုကျန်းက ကျန်းယွင်ရှီကို ထပ်ပြောလိုက်သည်။
“ယွင်ရှီ တကယ်လို့ လင်းချန်က သမီးကို ဆိုးဆိုးရွားရွား ဆက်ဆံတယ်ဆိုရင် ဒေါ်ဒေါ့်ကို ပြောနော်၊ ဒေါ်ဒေါ်က အမြဲ သမီးဘက်ကပဲ”
“ဒေါ်ဒေါ်၊ လင်းချန်က သမီးအပေါ် တအား ကြင်နာတာပါ”
ကျန်းယွင်ရှီက ပြုံး၍ ပြောလိုက်သည်။
“ဪ ဟုတ်သားပဲ၊ သမီး ဒေါ်ဒေါ်နဲ့ ဦးလေးတို့အတွက် အခန်း ရှင်းလင်းပြီးသွားပြီ၊ ဒေါ်ဒေါ်တို့ အနားယူလို့ ရပြီ”
ကျန်းယွင်ရှီက ရှုကျန်းနှင် ရဲ့ကျင်းကို အခန်းဆီ ခေါ်သွားသည်။ အိပ်ရာနှင့် စောင်များက သပ်ရပ်စွာ ခင်းကျင်း ထားပြီး ကြမ်းပြင်ကလည်း သပ်ရပ်သန့်ရှင်းပေသည်။
“ကောင်းတယ်၊ ကောင်းတယ်”
ရှုကျန်းက အလွန် စိတ်ကျေနပ်နေသည်။
နောက်တစ်နေ့၌ ကျန်းယွင်ရှီနှင့် ရှုကျန်းတို့သည် မီးဖိုချောင်၌ နေ့လယ်စာ ပြင်ဆင်လျက် အလုပ်များနေ၏။
သူတို့ ပထမဆုံးအကြိမ်အဖြစ် အတူတူ ဟင်းချက်ခြင်း ဖြစ်သော်လည်း သူတို့က အလွန် လိုက်လျောညီထွေ ရှိလာသည်။ ရှုကျန်း၏ ရယ်သံကို မီးဖိုချောင်ထဲမှ မကြာခဏ ကြားနေရသည်။
ကျန်းယွင်ရှီနှင့် ရဲ့လင်းချန်သည် အစကတည်းက တစ်ရွာတည်းသား ဖြစ်ပြီး သူမမိသားစုကလည်း ကျော်ကြားကာ သူမအကျင့်စရိုက်၊ ရုပ်ရည်တို့နှင့် ပတ်သက်၍ မနှစ်သက်စရာ မရှိချေ။ ရဲ့ကျင်းနှင့် ရှုကျန်း တို့သည် သူမကို ကြည့်ပြီး ပိုပို၍ ကျေနပ်လာကာ သူတို့၏ စိတ်ထဲ၌ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်လာသည်။
ရဲ့လင်းချန်နှင့် ကျန်းယွင်ရှီတို့က အချင်းချင်း သူတို့ခံစားချက်များကို တစ်ခါမှ မဖော်ပြကြသော်လည်း ရဲ့ကျင်းနှင့် ရှုကျန်းတို့သည် ဤကလေးနှစ်ယောက်က အတူတူ လက်တွဲသွားနိုင်ချေ ရှိသည်ဟု ခံစားမိနေ၏။
သူတို့နှစ်ယောက်က တစ်အိမ်တည်း အတူတူ နေနေပြီဖြစ်သဖြင့် သူတို့ ဆက်ဆံရေးက သေချာပေါက် ကောင်းမွန်မှာပင်။
ရဲ့လင်းချန်သည်လည်း သူ့မိဘများ၏ အမှန်တကယ် အူလှိုက်သည်းလှိုက် ပျော်ရွှင်မှုကို ခံစားမိပါသည်။ အထူးသဖြင့် သူ့မိခင် ရှုကျန်းပင်။
သူမသည် အချိန်အတော်ကြာစဉ်ကတည်းက ကျန်းယွင်ရှီကို မျက်စိကျနေခဲ့သော်လည်း ကျန်းယွင်ရှီ၏ မိသားစုက ရဲ့လင်းချန်အပေါ် အထင်သေးမည်ကို စိုးရိမ်နေခဲ့သည်။ သူမသည် ရဲ့လင်းချန်ကို ကူ၍ ပိုက်ဆံစု ထားရန်ပင် စဉ်းစားထားသည်။ သို့မှသာ ကျန်းယွင်ရှီကို သူမတို့ ချွေးမအဖြစ် သူ ခေါ်လာနိုင်ပေမည်။ သို့သော် ရဲ့လင်းချန်က အရင် လက်ဦးမှုရထားပြီး အရင် လှုပ်ရှားထားသဖြင် အံ့ဩခဲ့ရသည်။
ရဲ့လင်းချန်၏ အနာဂတ် အလားအလာကောင်းသည်ထက် ထိုတစ်ခုက သူမကို ပို၍ ပျော်ရွှင်စေသည်။
သို့ပေမဲ့လည်း မိဘများဖြစ်သောကြောင့် သူတို့သည် သူတို့ ကလေးထံမှ အခြားအရာများကို မမျှော်လင့်ထားပါ။ အေးအေးချမ်းချမ်းနှင့် ပျော်ပျော်ရွှင်ရွှင် နေနိုင်ရန်က သူတို့အတွက် ဦးစားပေးပင်။
ပို၍ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျင် သူတို့သား၏ ဇနီးသည်တစ်ယောက် ရှာဖွေနိုင်ခြင်းက အရေးအကြီးဆုံး ကိစ္စပင်။ မိဘတိုင်းက သူတို့၏သားကို ကျန်းယွင်ရှီကဲ့သို့ သိမ်မွေ့ ၊ဖြူစင်၍ အကျင့်စရိုက်ကောင်းသော မိန်းကလေး တစ်ယောက်နှင့် အတူနေထိုင်သွားသည်ကို မျှော်လင့်ကြသည်။
မီးဖိုချောင်ထဲ၌ ကျန်းယွင်ရှိသည် ရဲ့လင်းချန်အား မကြာခဏ ချောင်းကြည့်တတ်သည်။ သူမ၏ မျက်လုံးများက ပျော်ရွှင်မှုကြောင့် တောက်ပလျက် ရှိသည်။
သူမက ပျာယာမခတ်ဘဲ ဟင်းသီးဟင်းရွက်များကို ဆေးကြော၍ ချက်ပြုတ်ကာ နေ့လယ်စာ ပြင်ဆင်နေ၏။
နာရီဝက်ကြာသော် သင်းပျံ့မွှေးကြိုင်သော ဟင်းလျာများက စားပွဲပေါ်၌ နေရာယူထားလေသည်။
“ယွင်ရှီရဲ့ လက်ရာက တကယ် ကောင်းတာပဲ”
ရဲ့ကျင်းက အသားတစ်ဖက်ကို ကောက်ယူ၍ စားလိုက်ပြီးနောက် ချီးကျူးလိုက်သည်။
“ဟုတ်တယ်၊ သူ့အရည်အချင်းက တအား ကောင်းတာ၊ သူက တကယ့်ကို အံ့ဩစရာကောင်းတဲ့ မိန်းမပျိုလေးပဲ”
ရှုကျန်းက ပြောလိုက်ပြီးနောက် ရဲ့လင်းချန်ကို တစ်ချက်ကြည့်လိုက်သည်။
“ဒီလောက်တော်တဲ့ မိန်းကလေးက ကျွန်မတို့ လင်းချန်နဲ့ အတူတူနေနေတာကို စိုးရိမ်မိတယ်”
ရဲ့လင်းချန် ချွေးပြန်လာလေသည။
*ကျွန်တော်တို့ထဲက ဘယ်သူက အမေ့ကလေးလဲဗျာ*
ကျန်းယွင်ရှီက ထရပ်ပြီး လူတိုင်းကို ထမင်းထည့်ပေးရန် ပြင်လေသည်။ သို့သော် ရဲ့ကျင်းက သူမကို တားလိုက်သည်။
“လင်းချန်၊ သူက ဟင်းချက်တာရော နေ့လယ်စာ ပြင်တာရောမှာ အချိန်ကုန်နေခဲ့ရတာ၊ ဒါပေမဲ့ မင်းလုပ်တာဆိုလို့ ထိုင်ကြည့်နေတာကလွဲပြီး ဘာရှိသေးလဲ၊ သူ စားပါစေ၊ ထမင်း ထည့်ပေးတဲ့လူက မင်း ဖြစ်သင့်တယ်”
ရဲ့ကျင်းသည် တစ်လျှောက်လုံး ရဲ့လင်းချန်၏ အပြုအမူအား မကျေမနပ် ဖြစ်နေ၏။
“သူက မင်းကို ဒီလောက် မျက်နှာသာ ပေးထားတာ၊ မင်း သူ့ကို လေးစားမှုလေး ရှိသင့်တာပေါ့၊ နားလည်လား”
ရဲ့လင်းချန် ငြိမ်နေသည်။
“…”
သူ မတတ်သာပဲ ထရပ်၍ မီယာကို အပါအဝင် အားလုံးကို ထမင်းထည့်ပေးလေသည်။
မီယာကို မချိုမချဉ် ပြုံးလေသည်။ ရဲ့လင်းချန် သူမကို ထမင်းထည့်ပေးသည်က ပထမဆုံးအကြိမ်ပင်။ အခြေအနေက ပြောင်းလဲသွားလေပြီ။
“အဖေ၊ အဖေ နည်းနည်းလောက် သောက်ချင်လား”
ရဲ့လင်းချန် အကြံပြုလိုက်သည်။
ရဲ့ကျင်း၏ တစ်ခုတည်းသော ဝါသနာက အရက်သေစာကို အရသာခံ၍ သောက်ခြင်းဖြစ်မှန်း သူ သိပါသည်။ သို့သော် ဆရာဝန်တစ်ဦး ဖြစ်သောကြောင့် ရဲ့ကျင်းသည် အရက်သေစာကို မထိတာ များသည်။ ထို့အပြင် ရဲ့ကျင်း၌ အမြဲတမ်း အားလပ်ရက်များ မရှိပေ။
“ဒီမှာ အရက်သေစာတောင် ရှိတာလား”
ရဲ့ကျင်း အံ့ဩသွားသည်။
“ကျွန်တော်တို့မှာ အရက် ရှိရုံတင် မဟုတ်ဘူး၊ အရက်ကောင်းတွေ ရှိတာ”
ရဲ့လင်းချန် ရယ်လေသည်။ သူသည် သူဌေးကြီးများနှင့် သိကျွမ်းပြီး တစ်ချို့က သူ့အား ဝိုင်များ လက်ဆောင် ပေးကြသည်။ ၎င်းတို့အားလုံးက အရည်အသွေး အကောင်းဆုံးဝိုင်များပင်။
ရဲ့လင်းချန်က အချိန်ဆိုင်းမနေဘဲ ဝိုင်ပုလင်းကို စားပွဲပေါ်တင်လိုက်သည်။
“ဒါက … လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ထုတ်ထားတဲ့ သက်တမ်းရင့် Maotai မဟုတ်လား”
ရဲ့ကျင်း၏ မျက်လုံးများ တောက်ပလာပြီး တအံ့တဩ ပြောသည်။ သူသည် ပုလင်းကိုယူ၍ သေသေချာချာ ကြည့်နေသည်။
Maotai ၏ နာမည်ကို ရှင်းပြစရာပင် မလိုတော့ပါ။ ၎င်းက နိုင်ငံတွင်းမှ အဆင့်အမြင့်ဆုံး ယမကာတစ်ခု ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်က Maotai သည် ယနေ့ခေတ် Maotaiများနှင့် မတူပါ။ အဘယ်ကြောင့်ဆိုသော် ယခင်က Maotai ကို တတ်နိုင်သူ အလွန် နည်းသောကြောင့်ပင်။ ရဲ့ကျင်းက ယင်းကို တစ်ခါမှ မသောက်ဖူးပါ။ လွန်ခဲ့သော ဆယ်နှစ်က Maotai ပုလင်းကို မြင်ရလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပေ။
သူ တစ်ခဏမျှ ခံစားချက်များ ရောပြွမ်းနေ၏။
“အဖေ၊ ဒီဝိုင်ကို အဖေ ကြိုက်ရဲ့လား၊ ဝိုင်ရဲ့ အရသာက သက်တမ်းရင့်လေ ပိုကောင်းလေလို့ လူတိုင်းက ပြောကြတယ်၊ ကျွန်တော်တို့ ဒီနေ့ စမ်းကြည့်ကြမလား”
ရဲ့လင်းချန် ကမ်းလှမ်းလိုက်သည်။
“ဒါဆို … ဒီပုလင်းကို ဖောက်ကြတာပေါ့”
ရဲ့လင်းချန်က ဖန်ခွက်နှစ်ခွက်ကို ထုတ်၍ ဝိုင်ငှဲ့လိုက်သည်။ တစ်ခွက်ကို သူ ရဲ့ကျင်းထံ ကမ်းပေးလေသည်။
ရဲ့ကျင်းက စိတ်လှုပ်ရှားနေလေပြီ။ သူ လက်ဆန့်၍ လှမ်းယူလိုက်ပြီးနောက် မျက်နှာနားကပ်၍ အနံ့ခံကြည့် လိုက်သည်။
“လင်းချန်၊ မင်း ဘယ်တုန်းက အရက်သောက်တာကို သိလိုက်တာလဲ၊ မြတ်စွာဘုရား အရက်သမား နှစ်ယောက် ပါလား”
ရှုကျန်းက ရဲ့လင်းချန်ကို ဘုကြည့်ကြည့်၍ ကျန်းယွင်ရှီကို ပြောလိုက်သည်။
“ယွင်ရှီ၊ သမီး နောက်ဆို ရဲ့လင်းချန်ကို စောင့်ကြည့်နေမှ ရမယ်၊ နည်းနည်းပဲ သောက်ခိုင်း၊ သူ့ကို ဘယ်တော့မှ ဆေးလိပ် မသောက်ခိုင်းနဲ့”
“ဟုတ်၊ သမီး ဒေါ်ဒေါ့်စကားကို နားထောင်ပါ့မယ်”
ကျန်းယွင်ရှီ ခေါင်းညိတ်လိုက်သည်။
တစ်မိသားစုလုံး ပျော်ပျော်ရွှင်ရွှင် စားသောက်ပြီးနောက် အချင်းချင်း စကားပြောဆိုနေကြသည်။
နောက်နှစ်ရက်တွင် ရဲ့လင်းချန်က ရဲ့ကျင်းနှင့် ရှုကျန်းအား မြို့တော်အနှံ့ လိုက်ပို့ပေးပြီး အခြားအရာအားလုံးကို ဘေးချိတ်ထားသည်။ သူသည် box office၊ တိုက်ရိုက် ထုတ်လွှင့်မှုနှင့် သူ့ဝတ္ထုတို့ကို ဥပေက္ခာပြုထား၏။
သူသည် ဘဝအား သူ့မိသားစုနှင့်အတူတူ ပျော်ရွှင်စွာ အချိန်ဖြုန်းနေလေသည်။
အမျိုးသားနေ့ အားလပ်ရက်များ ကုန်ခါနီးတွင် ရှုကျန်းနှင့် ရဲ့ကျင်းတို့က အိမ်ပြန်ရန် အသင့်ဖြစ်နေကြသည်။
ရဲ့လင်းချန်နှင့် ကျန်းယွင်ရှီတို့က သူတို့ကို လေဆိပ်သို့ လိုက်ပို့လေသည်။
လမ်းတစ်လျှောက်တွင် ရှုကျန်းက ကျန်းယွင်ရှီ၏လက်ကို ကိုင်ထားသည်။ သူမသည် မိန်းမပျိုလေး၏ နေထိုင်မှုအကြောင်းကို ဂရုတစိုက်နှင့် အလေးထား၍ မေးမြန်းကာ သူမကို နှစ်သက် သဘောကျနေသည်။
ရှုကျန်းက လေယာဉ်ပေါ် မတက်ခင် ရဲ့လင်းချန်အား ဘေးသို့ဆွဲခေါ်၍ တီးတိုးပြောသည်။
“လင်းချန်၊ ကံကြမ္မာက မင်းနဲ့ ယွင်ရှီကို ကုမ္ပဏီတစ်ခုတည်းမှာ အတူတူလုပ်နိုင်အောင် လုပ်ပေးထားပြီ၊ အမေ သူ့သဘောထားကို သိတယ်၊ ယွင်ရှီက သားအပေါ် ခံစားချက် ရှိနေတာကို အမေ မြင်နေရတယ်၊ သူ့လို မိန်းမကောင်းလေးကို သေချာ ဖမ်းဆွဲထား”
ထိုအကြောင်း ပြောချိန်တွင် သူမ လွီချီကို သတိရမိသွားသည်။ နှစ်ယောက်ကို ယှဉ်လိုက်လျင် ကျန်းယွင်ရှီကို သူမ ပိုသဘောကျပါ၏။
“ပြီးတော့”
ရှုကျန်း၏ မျက်နှာက တည်လာသည်။
“နောက်ကောင်မလေးကလည်း လှတယ်၊ သူလည်း သားကို မတူတဲ့အကြည့်နဲ့ ကြည့်နေတာပဲ၊ မဟုတ်တာတွေ လုပ်ဖို့ မစဉ်းစားနဲ့၊ ပြီးတော့ ဘယ်တော့မှ လှေနံနှစ်ဖက် မနင်းနဲ့၊ အမေ ယွင်ရှီကို မကြာခဏ ဆက်သွယ်နေမှာ၊ သား မဟုတ်တာ လုပ်နေတယ်လို့ သူ ပြောလာလို့ကတော့ အမေ သားကို ခွင့်မလွှတ်ဘူး”
“အမေ ကျွန်တော် သိပါတယ်၊ စိတ်မပူပါနဲ့”
ရဲ့လင်းချန် အောင့်သက်သက်ဖြင့် ခေါင်းခါလိုက်ရသည်။
ရဲ့လင်းချန်နှင့် ကျန်းယွင်ရှီတို့ လေဆိပ်၌ စောင့်နေကြသည်။ သူတို့သည် ရှုကျန်းနှင့် ရဲ့ကျင်းတို့ လေယာဉ်ပေါ် မတက်ခင် စစ်ဆေးရေးဂိတ်အား ဖြတ်နေသည်ကို ကြည့်နေကြလေသည်။