← Chapters

Box Office ၌ တားဆီးမရတော့ခြင်း

Vol. 18 Ch. 269

Box Office ၌ တားဆီးမရတော့ခြင်း

Vol. 18 Ch. 269

လူတိုင်း မသိလိုက်မသိခင်မှာပင် အမျိုးသားနေ့က တိတ်ဆိတ်စွာ ကုန်ဆုံးသွားလေသည်။

အားလပ်ရက်တစ်လျှောက်လုံး စိတ်ဝင်စားစရာ အကောင်းဆုံး အဖြစ်က ဟော်ရန်ကျား၏ box office မှ စွမ်းဆောင်မှုပင်။

ဟော်ရန်ကျား၏ အောင်မြင်မှုက box office တွင် အပြတ်အသက် ပွက်လောရိုက်နေ၏။ မည်သည့်နေရာဖြစ်စေ၊ မည်သည့် ရုပ်ရှင်ကုမ္ပဏီဖြစ်စေ ရုံတိုင်း၌ လူများဖြင့် ကျပ်ညက်နေသည်။

အမျိုးသားနေ့ အားလပ်ရက် ခုနစ်ရက်အတွင်း ဟော်ရန်ကျား၏ box office ရလဒ်က သန်းငါးရာ ကျော်နေပြီ ဖြစ်သည်။ ဟော်ရန်ကျားသည် အစက ရလဒ်မကောင်းခဲ့သောကြောင့်သာ ဤမျှ ရခြင်းဖြစ်သည်။ သို့မဟုတ်ပါက ထို့ထက် ပိုများလောက်သည်။

ငါက သူရဲကောင်းမှာမူ အစပိုင်း အောင်မြင်မှုက အားလပ်ရက် မတိုင်ခင် နှစ်ရက်အလို၌ မြင့်တက်လာသော်လည်း ခုနစ်ရက်ကြာသော် box office ၌ ဆိုးရွားသွားခဲ့သည်။ ၎င်း၏ နာမည်က ပို၍ ဆိုးရွားလာပြီး box office ၌ စုစုပေါင်း သန်းကိုးဆယ်ကျော်သာ ရခဲ့လေသည်။

ရုပ်ရှင်ကား နှစ်ကားသည် ရုံမတင်ခင်က အချင်းချင်း ရန်လိုခဲ့သည်။ ရှစ်လေ့က ဝိုင်၏ ကွန်ဖူးကို ခနဲ့ခဲ့ပြီး ဝူဟန်က ဝိုင်ကို ရန်ရှာခဲ့သည်။ ချန်ဖုန့်ကလည်း လီထိုက်နှင့် မတည့်ပေ။ ထိုအဖြစ်အပျက်များက ရုပ်ရှင်နှစ်ကားလုံး အတူ ယှဉ်တွဲ၍ ရှိမနေနိုင်ကြောင်း သေချာသွားစေသည်။

သို့သော် ဟော်ရန်ကျားက ငါက သူရဲကောင်းကို ရက်ရက်စက်စက် ဖျက်ဆီးနိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။

ယင်းက ရုပ်ရှင်နယ်ပယ်တစ်ခုလုံးအား ပွက်လောရိုက်သွားစေသည်။

လူသစ်တစ်ယောက်က ရေးသော ဇာတ်ညွှန်းတစ်ခု၊ ရုပ်ရှင်လောကထဲသို့ ဝင်ခါစ ဒါရိုက်တာ၊ အောင်မြင်မှု မရှိတော့သော ရုပ်ရှင်ကြယ်ပွင့်များ၊ ကြယ်ပွင့်များပင် မဟုတ်သော သရုပ်ဆောင်များ စသည်တို့က ဤမျှ အရည်အသွေး မြင့်သော ရုပ်ရှင်ကားတစ်ကားကို ထုတ်လုပ်နိုင်ခဲ့ပါတကား။

အချို့သော ပရော်ဖက်ရှင်နယ်သမားများသည် ဟော်ရန်ကျားကို လေ့လာသောအခါ ရင်းနှီးမှုက သုံးသန်ပင် မကျော်ကြောင်း သိလိုက်ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အချို့သော အထူးကင်မရာ ရိုက်ကူးမှုများမှလွဲ၍ ငွေကုန်မခံ သောကြောင့်ပင်။

ထိုသို့ အရင်းအနှီးနည်းသော ရုပ်ရှင်ကားတစ်ကားက ခုနစ်ရက်မျှလေးအတွင်းနှင့် box office တွင်း၌ သန်းငါးရာ ရအောင် လုပ်နိုင်ခဲ့သည်က မယုံနိုင်စရာပါတည်း။

ယင်းက ကုန်ကျစရိတ်က ဆယ့်ခုနစ်ဆ ပိုများပေသည်။

ပို၍ အရေးကြီးသည်က ၎င်းသည် အဆုံးသတ် မဟုတ်သေးပေ။ ဟော်ရန်ကျား၏ ကျော်ကြားမှုက ထို့ထက် ပိုများလိမ့်မည်ဟု လူတော်တော်များများက ခန့်မှန်းကြသည်။ Box office ၌ တစ်ဘီလီယံအထိ ထိုးဖောက်နိုင်ရန် သိပ်မလိုတော့ချေ။

ထိုသို့သောအချိန်၌ လူတိုင်းသည် စကားလုံးတစ်လုံးကိုသာ တွေးမိကြသည်။ ယင်းမှာ ဝိုင်ပင်တည်း။

ဝိုင်ဟူသော စကားလုံးက အံ့ဩစရာကောင်းသော အရာတစ်ခုကို ထပ်မံ၍ သက်သေ ပြလိုက်လေပြီ။

ရှစ်လေ့ကို ဒေါသထွက်နေသည့် အကြောင်းရင်းကြောင့် သူသည် တိုတောင်းလှသော အချိန်အတွင်း၌ ထိုမျှ အံ့ဩဖွယ်ကောင်းသော ဇာတ်ညွှန်းကို ဖန်တီးနိုင်ခဲ့သည်။ ဝိုင်က တကယ့်ကို ပါရမီရှင်များထဲမှ ပါရမီရှင် တစ်ယောက် ဖြစ်ပေသည်။

တစ်ဖက်တွင်မူ ငါက သူရဲကောင်းသည် သရုပ်ဆောင်များ ငှားရမ်းရန်ပင် သန်းငါးဆယ် သုံးစွဲခဲ့ရပြီး ထည့်သွင်းထားသော အထူးပြုလုပ်ချက်များသည် လူအများ ကျေနပ်ရုံမျှသာ ဖြစ်သည်။ ယင်းက စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် သန်းတစ်ရာကျော်သည်ဟု ကြေညာထားသည်။

၎င်းက အရှုံးပေါ်တော့မည်မှာ အသေအချာပင်။

အစက လူအများသည် ဟော်ရန်ကြား၏ ကျော်ကြားမှုက အမျိုးသားနေ့ ရုံတင်ချိန်များနှင့် ဆက်စပ်သည်ဟု ထင်ခဲ့ကြသည်။ ၎င်း၏ အောင်မြင်မှုက အမျိုးသားနေ့ ကျော်သွားသည်နှင့် ကျဆင်းသွားလိမ့်မည်ဟု သူတို့ ယုံကြည် ထားသည်။

သို့သော် လက်တွေ့၌ ထိုသို့မဟုတ်ချေ။

လူအများစုသည် အမျိုးသားနေ့ အားလပ်ရက်များအတွင်း၌ ခရီးထွက်ကြပြီး ရုပ်ရှင် မကြည့်ကြချေ။ အားလပ်ရက် ကုန်သွားပြီးနောက် သူတို့ ပတ်ဝန်းကျင်မှ လူများက ဟော်ရန်ကျားကို ချီးကျူးပြီး သူတို့အား လက်မှတ် ဝယ်ရန် လှုံ့ဆော်ကြသည်။

အားလပ်ရက် ကုန်သွားသော်လည်း တနင်္လာနေ့မှ သောကြာနေ့အထိ လက်မှတ်များအားလုံး ရောင်းကုန် သွားသည်။ တကယ်ကို မြင်ရခဲသည့် မြင်ကွင်းပင်။

ဤသို့သောမြင်ကွင်းကို လက်ဖျားခါရသည်ဟု ဆိုရပေမည်။ ထိုအချိန်အတွင်း၌ မည်သည့် ရုပ်ရှင်ကမှ ဟော်ရန်ကျား၏ ထင်ပေါ်ကျော်ကြားမှုကို မတားဆီးနိုင်ချေ။

ထိုအစား အခြားရုပ်ရှင်များကို ကြည့်သည့် လူအရေအတွက်က ထိုးကျသွားပြီး ရုပ်ရှင်ရုံများ၌ အလွန် ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်လာလေသည်။

ဟော်ရန်ကျား၏ ရုံတွင် လူတို့နှင့် ပြည့်ကျပ်နေသော်လည်း အခြားရုံများ၌ ဗလာကျင်းနေ၏။

လူတော်တော်များများသည် တစ်ကြိမ်ကြည့်ပြီးနောက် နှစ်ကြိမ်၊ သုံးကြိမ်အထိ ကြည့်လာသည်။

ထိုအခြေအနေကို ဖြေရှင်းရန်အတွက် ရုပ်ရှင်ရုံများက မူလ ပြသချိန်ထက် ထပ်တိုး ပြသချိန်များ တိုးပေးမည်ဟု ပူးတွဲ ကြေညာလာ၏။ ဟော်ရန်ကျားက ရုံတင်ပြသမှု၏ ရှစ်ဆယ် ရာခိုင်နှုန်းကို ရရှိသွားခဲ့သည်။

ဟော်ရန်ကျားနှင့် တစ်ချိန်တည်း ရုံတင်သည့် ရုပ်ရှင်များ၏ သရုပ်ဆောင်များနှင့် ဝန်ထမ်းများအားလုံး အောင့်သက်သက် ဖြစ်သွားကြသည်။

ရုပ်ရှင်ကားတစ်ကား ရုံတင်လိုက်ချိန်တိုင်း သရုပ်ဆောင်များနှင့် ဝန်ထမ်းများ အကြောက်ဆုံးအရာက ရုတ်တရက် တစ်စုံတစ်ရာက ခေတ်ထသွားမည်ကိုပင်။ ၎င်းက ပရိသတ်များစွာကို ဆွဲခေါ်သွားပြီး တစ်ချိန်တည်း ရုံတင်သော အခြား ရုပ်ရှင်များသည် box office ၌ ဆုတ်ယုတ်သွားကြသည်။ ထိုသို့ ယုတ္တိမတန်သော အခြေအနေနှင့် ကံဆိုးစွာ ကြုံတွေ့မိလျင် မိမိကံကောင်းမှုများ မရှိတော့ဟု ဝန်ခံရုံမှလွဲ၍ အခြား မတတ်နိုင်တော့ချေ။

ထိုအဖြစ်ကြောင့် မကြာခင် ရုံတင်တော့မည်ဟု ကြေညာထားသော ရုပ်ရှင်များသည် ရုံတင်ရက်များကို ဆုတ်သွားပြီး ဟော်ရန်ကျား၏ ကျော်စောမှုနှင့် မတိုက်အောင် ရှောင်ကြလေတော့သည်။

တော်တော်များများက ထိုသို့ ကြားလိုက်ရသည့်အတွက် ဝမ်းသာနေကြသည်။

[ချီးပဲ ဟော်ရန်ကျားအတွက် နောက်ထပ် ရုံတင်ချိန်တဲ့လား၊ မြန်မြန် သွားဝယ်ဦးမှ]

[ဟော်ရန်ကျားရဲ့ ရုံတင်ချိန်တွေ တိုးလာမယ်ဆိုတာ ငါ သိနေတယ်၊ အဲ့ဒါရဲ့ အောင်မြင်မှုက စာရင်းဇယား ထက်တောင် ကျော်နေပြီ]

[ငါ သုံးကြိမ်မြောက် ကြည့်ဖို့ အသင့်ဖြစ်နေပြီ၊ ဒါမှ ဟော်ရန်ကျားက နိုင်ငံခြားမိစ္ဆာတွေကို အနိုင်ယူနိုင်မှာ၊ box office က မြင့်သွားလေ ပိုကောင်းလေပဲ]

[ကျစ် … ငါ အမျိုးသားနေ့အတွင်း ကြည့်နေတာ လေးခါရှိပြီ၊ တစ်ကြိမ်က ငါ့ကောင်မလေးနဲ့၊ တစ်ချိန်က ငါ့အတန်းဖော်တွေနဲ့၊ တစ်ကြိမ်က ငါ့အစ်ကိုနဲ့၊ နောက်တစ်ကြိမ်က ငါ့မိဘနဲ့]

[ငါ့မိဘတွေကတောင် ဒီရုပ်ရှင်က ကောင်းတယ်လို့ ပြောကြတာ၊ သူတို့ စိတ်ဝင်တစားကို ကြည့်တာ]

[အားလုံးပဲ ငါ ပြောတာကို နားထောင်ပေးကြပါ၊ ဆက်ပြီး များများကြည့်ပေးပါ၊ box office ရဲ့ ထိပ်ဆုံးကို ရောက်အောင် လုပ်ရမယ်၊ နိုင်ငံခြားသားတွေကို မြင်အောင် ပြရမယ်]

[ပြောတာကောင်းတယ်၊ အပေါ်ကလူရေ၊ အားလုံး စည်းလုံးကြရအောင်၊ နောက်ထပ် လက်မှတ်ဝယ်ပြီး အားပေးဖို့ ငါ အသင့်ပဲ]

…

ဟော်ရန်ကျားအတွင်း၌ ဆက်စပ်နေသော အကြောင်းအရာက များပြားလှသည်။ ကွန်ဖူး၊ ဂုဏ်သိက္ခာနှင့် ပြင်းပြသော မျိုးချစ်စိတ် အစရှိသည်တို့ ပါဝင်နေ၏။

ယင်းက သူတို့ သွေးထဲမှ စိတ်အားထက်သန်မှုကို ပွက်ပွက်ဆူလာစေသည်။ သူတို့သည် နိုင်ငံခြားသားများ အားလုံးကို အကြောင်းသိအောင် ပြမည်ဟု လေးနက်စွာ သစ္စာဆိုလာခဲ့သည်။

လေးနက်လာသော အခြေအနေက ငါက သူရဲကောင်း၏ ရိုက်ကူးရေး ဝန်ထမ်းများနှင့် သရုပ်ဆောင်များ၏ မျက်နှာကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်သလိုပင်။

အထူးသဖြင့် မျက်နှာ အလွန်အမင်း ပူနေသော ရှစ်လေ့ပင်။ သူ့ဝေ့ပေါ်အောက်တွင် လူတစ်စုက မခံချင်အောင် လာပြောကြသည်။

[မင်း မျက်နှာ နာနေလား]

ကွန်ဖူးပညာကို သိသော်လည်း ရုပ်ရှင်နှစ်ခုလုံးကို ကြည့်ခြင်းဖြင့် ဘယ်သူက ပိုကောင်းလဲ သိရန် မခက်ချေ။ သူ့အရည်အချင်းက ဝိုင်ထက် အလွန် နိမ့်ကျနေပြီး ဝိုင်က တစ်ခါမှ မာန်တက်ခြင်း မရှိပေ။ ဝိုင်သည် တိုက်ခိုက်ရေး နည်းပြတစ်ယောက်မျှသာ ဖြစ်သော်လည်း ဤမျှ အံ့ဩဖွယ်ကောင်းသော ရုပ်ရှင်ကားတစ်ကားကို ထုတ်လုပ်နိုင် နေလေပြီ။

ရှစ်လေ့သည် သူ့ပါးစပ်တွင်းမှ ခါးသီးမှုကိုပင် ခံစားမိနေပြီး နောင်တမရဘဲ မနေနိုင်အောင် ဖြစ်နေသည်။

သူသာ ရေပန်းစားမှုကို မက်မောပြီး ဝိုင်ကို ချိုးဖဲ့ခြင်း မရှိခဲ့လျင် ဝိုင်က ဘယ်သောအခါမှ စွန့်စားပြီး ရုပ်ရှင်ကား တစ်ကားနှင့် လက်စားချေမည် မဟုတ်သလို ဟော်ရန်ကျားလည်း ရှိလာမည် မဟုတ်ပါ။ တကယ်တမ်းတွင် သူသည် ကိုယ့်ပေါင် ကိုယ်ပြန်ထောင်းသလိုသာ ဖြစ်နေ၏။

ချန်ဖုန့်က သူ့ထက် ပိုဆိုးနေ၏။ ငါက သူရဲကောင်း၏ ကျဆင်းနေသော ရုံတင်ပြသခွင့်သည် ဖယ်ရှားရန် အချိန်ဆွဲနေခြင်းသာ ဖြစ်ကြောင်း ပြသနေ၏။ သူ၏ သန်းသုံးဆယ် ရင်းနှီးမြှုပ်နှံမှုတွင် နှစ်သန်း သို့မဟုတ် သုံးသန်းမျှသာ ပြန်ရနိုင်လောက်သည်။ ထိုဆုံးရှုံးမှုသည် ကြီးမားလှ၏။

ယင်းက ဖျော်ဖြေရေး စက်ဝိုင်းအတွင်းမှ ခြေတစ်လှမ်း ထွက်သွားသည်နှင် အတူတူပင်။ ထိုမျှ ပိုက်ဆံလေးနှင့် ရုပ်ရှင်ကားကောင်း တစ်ကား ရိုက်ကူးရန် ခက်ခဲလွန်းလှသည်။ သူ ကြိုးစား၍ ရင်းနှီးမြှုပ်နှံသူများကို ဆွဲထားလျင်တောင်မှ လက်ရှိတွင် မည်သူကမှ သူ့ကို စပွန်ဆာပေးရန် ယုံကြည်မှု ရှိမည် မဟုတ်ပါ။

ရဲ့လင်းချန်က ထိုအရာထဲက မည်သည့်အရာကိုမှ အလေးမထားချေ။

အားလပ်ရက်များအတွင်း မိဘများနှင့် အချိန်ကုန်ဆုံးပြီးနောက် သူသည် တက္ကသိုလ် ပြန်တက်ရန် အသင့်ဖြစ် နေ၏။

သို့ရာတွင် မနက် အစောပိုင်း၌ ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ဖုန်းဆက်လာသည်။

“ဂုဏ်ယူပါတယ် ဇာတ်ညွှန်းရေးဆရာကြီးရဲ့ရေ”

ရှောင်ဖေးဖေးက ကျီစယ်လေသည်။

“နေပါဦး၊ အခု နင့်ကို သူဌေးကြီးရဲ့လို့ ခေါ်သင့်တာထင်တယ်”

“အစ်မဖေးဖေး ဘာဖြစ်လို့လဲ”

ရဲ့လင်းချန် မချိပြုံး ပြုံးလိုက်သည်။

“နင် တကယ် မသိတာလား၊ ဒါမှမဟုတ် နင် ငါ့ကို တုံးအချင်ယောင်ဆောင်နေတာလား”

ရှောင်ဖေးဖေးက တခစ်ခစ် ရယ်၍ ရှင်းပြလေသည်။

“အခု နင်က နာမည်ကြီးနေတာလေ၊ နင်က ရုပ်ရှင်ကား တစ်ကားတည်းနဲ့ ပထမတန်းစား ဇာတ်ညွှန်ရေးဆရာ အဖြစ် အဆင့်တက်သွားပြီ၊ ဟော်ရန်ကျားရဲ့ box office အခြေအနေကလည်း သန်းငါးရာကျော်သွားလေပြီ၊ နင်တော့ ချမ်းသာတော့မှာပဲ”

“အဲ့လောက်တောင်လား”

ရဲ့လင်းချန် မသိမသာ မျက်ခုံးပင့်မိသွားသည်။ သူ့တွင် သန်းငါးရာ ရှိနေပါသေးသည်။

*ငါ အခုတလော ကံထနေတာလား*

“ဟုတ်တယ်၊ နင်က ဇာတ်ညွှန်းရေးဆရာ တစ်ဝက်၊ ဒါရိုက်တာတစ်ဝက်လေ၊ ပြီးတော့ နင်က ဒီထဲမှာ နောက်ထပ် ဆယ်သန်း ရင်းနှီးထားသေးတယ်၊ နင် box office အမြတ်ရဲ့ အနည်းဆုံး သုံးဆယ် ရာခိုင်နှုန်းလောက် ရလောက်တယ်၊

ရှောင်ဖေးဖေးက ပင့်သက်ရှိုက်၍ ဆက်ပြောသည်။

“တကယ်လို့ box office ကနေ တစ်ဘီလီယံကိုသာ ရလာရင် နင် သန်းသုံးရာလောက် ရမှာ၊ ငါ ပွဲဦးထွက်လာတာ ကြာလှပြီ၊ ငါတော့ လမ်းပေါ်မှာ စွန့်ပစ်ခံရပြီး မေ့ပျောက်ခံရတော့မှာပဲ”

All Chapters