ရှောင်ဖေးဖေး၏ ကမ်းလှမ်းမှု
Vol. 18 Ch. 270
“သူဌေးကြီး၊ ကျွန်မ ရှင့်ပေါင်ကို ဖက်ထားလို့ရမလား၊ ရှင့်ခြေသလုံးမွှေးလေး ရမယ်ဆိုရင်တောင်မှ အဆင်ပြေပါတယ်”
ရှောင်ဖေးဖေးက ပြောလေသည်။
“အစ်မဖေးဖေး၊ အစ်မစကားကို ကျွန်တော် ဖြည့်ဆည်းပေးရမှာပေါ့၊ အစ်မ ဘယ်မှာလဲ၊ အစ်မ ကျေနပ်တဲ့အထိ ကျွန်တော့်ပေါင်ကို ဖက်ထားခွင့်ပေးမယ်”
ရဲ့လင်းချန်က ပြောလိုက်သည်။
“ဟွန့်”
အစ်မဖေးဖေးက စိတ်ဆိုးဟန်ပြု၍ ပြောလေသည်။
“နင် တော်တော် ရဲတင်းလာတာပဲ၊ နင့်အစ်မ ဖေးဖေးကိုတောင် စရဲတဲ့အထိ သတ္တိကောင်းနေပြီပေါ့လေ”
ခဏမျှ ငြိမ်သွားပြီးနောက် သူမက လေးနက်သော အသံဖြင့် ပြောလာသည်။
“ဟုတ်သားပဲ၊ လင်းချန် အခုတလော ဟော်ရန်ကျားက သရုပ်ဆောင်တွေကို ချဉ်းကပ်နေတဲ့ ကင်းထောက်တွေ အများကြီး ရှိလာပြီ၊ သူတို့က လူတော်တွေကို လိုက်ရှာနေတာ”
“လူလိုက်ရှာတာလား”
“ဟုတ်တယ်”
ရှောင်ဖေးဖေးက ပြောသည်။
“ဟော်ရန်ကျားရဲ့ အောင်မြင်မှုက သရုပ်ဆောင် တော်တော်များများကို ထင်ပေါ်လာစေတယ်လေ၊ ငါတို့ နာမည်ကြီးတွေကို မငှားခဲ့သလို အများစုက လူရွေးပွဲကနေ ရွေးထားတာလေ၊ ငါတို့မှာ ကိုယ်ပိုင် ကုမ္ပဏီမရှိတော့ တော်တော်များများက သူတို့ကို မျက်စိကျနေတာ”
ရဲ့လင်းချန် ခေါင်းညိတ်မိသည်။ ယင်းက အံ့ဩစရာ မဟုတ်ပေ။
“ဒါပေမဲ့ …”
ရှောင်ဖေးဖေးက စကားလမ်းကြောင်း ပြောင်းလာပြီး တစ်စုံတစ်ရာကို ချီတုံချတုံ ပြောလေသည်။
“တစ်ချို့ သရုပ်ဆောင်တွေက တော်တော်လေး အလားအလာ ရှိတယ်လို့ ငါ ထင်တယ်၊ ပြီးတော့ လီကျင်း ကလည်း အခြား ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဖို့ စိတ်ဝင်စားတဲ့ပုံ မပေါ်ဘူး၊ သူတို့ တော်တော်များများက နင့်နောက် လိုက်ချင်နေကြတာ”
“ကျွန်တော့်နောက် လိုက်ချင်တာလား”
ရဲ့လင်းချန် ကြက်သေ သေသွားပြီးမှ နားလည်သွားသည်။
လီကျင်းသည် အတိတ်အခါက နာမည်ကျော် ကြယ်ပွင့်တစ်ဦး ဖြစ်သော်လည်း ဝူဟန်ကို ဆန့်ကျင်မိသောကြောင့် အချိန်အတော်ကြာအောင် ဖယ်ကျဉ်ခံခဲ့ရသည်။ သူ ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုနှင့် စာချုပ် မချုပ်ချင်သည်ကို နားလည်နိုင်ပေသည်။ ထို့အပြင် သူက သူတို့ကို ဟော်ရန်ကျား၏ ရိုက်ကူးရေးနှင် ပတ်သက်၍ အတော်လေး ကူညီခဲ့သောကြောင့် သူတို့ တော်တော်များများ၏ ယုံကြည်မှုကို ရရှိခဲ့သည်။
“အစ်မဖေးဖေး၊ အစ်မ ပြောချင်တာကို ကျွန်တော် နားလည်ပြီ”
ရဲ့လင်းချန်၏ နှုတ်ခမ်းများ တွန့်ကွေးလာသည်။
“အစ်မ အနုပညာ ကုမ္ပဏီတစ်ခု စချင်တာ မဟုတ်လား”
ဖုန်းတစ်ဖက်တွင် ရှောင်ဖေးဖေး လျှာလေး ထုတ်မိလေသည်။
“ငါ အရင်က အဲ့အကြံ ရဖူးတယ်၊ ဒါပေမဲ့ ငါ အခုမှ ထုတ်ပြောတာပါ”
အမြင့်တစ်နေရာသို့ ရောက်လာပြီးနောက် အနုပညာရှင်များသည် ကုမ္ပဏီများမှ ထွက်ခွာ၍ ကိုယ်ပိုင် ကုမ္ပဏီများ စထောင်ကြသည်။ သူတို့သည် အနုပညာရှင်များကို စာချုပ်ချုပ် ခေါ်ဆိုသည့် ကုမ္ပဏီပိုင်ရှင်များ ဖြစ်လာပြီး အနာဂတ် ကြယ်ပွင့်များကို လေ့ကျင့်ပျိုးထောင်ပေးကြလေသည်။
ရုပ်ရှင်ရိုက်ခြင်းသည် ဒုက္ခများ၍ ပင်ပန်းလှသော အတွေ့အကြုံ ဖြစ်သည်။ သူတို့သည်လည်း စာချုပ်များနှင့် ချုပ်နှောင် ခံထားရသေးသည်။ ထိုစာချုပ်က သူတို့အတွက် အရောင်းစာချုပ်လိုပင်။ အမြဲ အဖယ်ခံထားရသော သရုပ်ဆောင်တစ်ဦးသည် ကုမ္ပဏီမှ ထုတ်ဖယ်ခံရသည်။
ရဲ့လင်းချန်သည် ရှောင်ဖေးဖေး၏ ပိုက်ဆံ လုံလောက်အောင် ရှာဖွေပြီး အေးအေးချမ်းချမ်း နေချင်သော အိပ်မက်ကို မှတ်မိနေပါသေးသည်။ ကုမ္ပဏီမှ ထွက်လာပြီးမှ သူမ နောက်ထပ် ဘာစာချုပ်မှ မချုပ်တော့သည်က အံ့ဩစရာ မဟုတ်ပေ။
“အစ်မ ကျွန်တော့်ကို ဆွဲနှစ်ဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား”
ရဲ့လင်းချန် မေးလိုက်သည်။
“သူဌေးကြီးရဲ့၊ လီကျင်းလို ကြယ်ပွင့်တစ်ယောက်က အရည်အချင်းနဲ့ ခွန်အားလည်း ရှိတယ်၊ ပြီးတော့ တော်တော်လေးလည်း နာမည်ရနေပြီ၊ သူ့ကို စာချုပ် ချုပ်လိုက်တာက တစ်ရာရာခိုင်နှုန်း အကျိုးအမြတ် ရှိတယ်၊ ပြီးတော့ သူ့ကို နာမည်ကြီးလာအောင် လုပ်ပေးခဲ့တာ နင်လေ၊ သူ့ကို တစ်ခြား ကုမ္ပဏီတွေက ဆွဲခေါ်သွားတာကို နင် တကယ် မြင်ချင်တာလား”
ရှောင်ဖေးဖေးက အကျိုးသင့် အကြောင်းသင့် ထုတ်ပြောသည်။
“ပြီးတော့ ဒါရိုက်တာလီ၊ နင်သာ အနုပညာ ကုမ္ပဏီတစ်ခု ထောင်ရင် သူ နင့်ကုမ္ပဏီမှာ ဝင်ပါဖို့ စိတ်ဝင်စားမယ်လို့ ငါ ယုံတယ်”
ရှောင်ဖေးဖေးသည် အနုပညာလောက၌ အချိန်အတော်ကြာအောင် ရှိနေခဲ့သဖြင့် ထိုကဲ့သို့သော အရာများကို အလွန်အမင်း နားလည်ပေသည်။ တကယ်တမ်းတွင် သူမ ပြောခဲ့သော အရာအားလုံးက ရဲ့လင်းချန်ကို ကူညီရန် ဖြစ်သည်။
လက်ထဲရှိသော အရင်းအနှီးဖြင့် ကုမ္ပဏီတစ်ခု တည်ထောင်သည်က အလွန် အမြော်အမြင်ရှိသော ရွေးချယ်မှု တစ်ခုပင်။
“အစ်မ ဘာကို ပြောဖို့ ကြိုးစားနေတာလဲဆိုတာကို ကျွန်တော် နားလည်ပါတယ် အစ်မဖေးဖေး”
ရဲ့လင်းချန် ပြောလိုက်သည်။
“ကျွန်တော် အားပေးတယ်”
ရေပန်းစားမှု ရရှိရန် သူ့အတွက် အနုပညာ အသိုင်းအဝိုင်းက ရှောင်လွှဲ၍ မရနိုင်သော နယ်ပယ်တစ်ခုပင်။ အခြားသူများထက် လက်ဦးမှု ရရှိရန် ကုမ္ပဏီတစ်ခု တည်ထောင်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်သည်က ပိုကောင်းပေ၏။
ထို့အပြင် အနုပညာ ကုမ္ပဏီများသည် လူသစ်များကို ပံ့ပိုးရန် ပရောဂျက်များ လိုအပ်ပေသည်။ သူ၏ အရည်အချင်းအရ ထိုသို့လုပ်ရန် အလွန် လွယ်ကူလှသည်။
“နင် အဲ့လိုပဲ ဆုံးဖြတ်လိုက်တာ”
ရှောင်ဖေးဖေး အနည်းငယ် အံ့ဩသွားသည်။ သို့သော် သူမ သူ့ကို ဖျောင်းဖျလေသည်။
“လင်းချန် အရင် စဉ်းစားကြည့်ပါဦး၊ ငါက ဒီအတိုင်း အကြံပေး …”
“ဘာမှထပ်တွေးစရာ မရှိပါဘူး”
ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောသည်။
“အစ်မက ကျွန်တော့်ကို အနုပညာ ကုမ္ပဏီတစ်ခု ထောင်တာက လုပ်ကိုလုပ်သင့်တယ်လို့ သတိပေးတာလေ၊ ဘာလို့ မပူးပေါင်းရမှာလဲ ဟုတ်တယ်မလား၊ ကျွန်တော်က ရင်းနှီးမြှုပ်နှံမယ်၊ အစ်မက စီမံခန့်ခွဲဖို့ တာဝန်ယူလိုက်၊ ဘယ်လိုလဲ”
“နင်က ရင်းနှီးမြှုပ်နှံပြီး ငါက စီမံရမယ် ဟုတ်လား”
ရှောင်ဖေးဖေး နှုတ်ခမ်းကိုက်ထားမိသည်။
“နင် ငါ့ကို အဲ့လောက် ယုံတာလား”
“ယုံတယ်လေ၊ တစ်ရာ ရာခိုင်နှုန်း အပြည့်အဝပဲ”
ရဲ့လင်းချန် ပြုံးလိုက်သည်။
“အစ်မက အနုပညာ နယ်ပယ်နဲ့ ရင်းနှီးသလို လူအများကြီးနဲ့လည်း သိသေးတယ်၊ ဒါဆို အဆင်ပြေပြီနော်”
တစ်ခဏမျှ ငြိမ်သွားပြီးနောက် ရဲ့လင်းချန် ဆက်ပြောသည်။
“စသွင်းမယ့် အရင်းအနှီးကို သန်းငါးဆယ်လို့ ထားလိုက်တာပေါ့၊ ကျွန်တော် အစ်မဆီ ပိုက်ဆံ ပို့လိုက်မယ်၊ အလားအလာ ရှိတဲ့ ကြယ်ပွင့်တစ်ချို့ကို ကြည့်ပြီး သူတို့ကို စာချုပ် ချုပ်လိုက်လေ၊ ကျွန်တော် ပရောဂျက်တစ်ခု တွေ့တဲ့အခါကျရင် ထပ်ဆွေးနွေးကြတာပေါ့”
“ဟင့်အင်း၊ ဒါ နည်းနည်း အလျင်လိုမနေဘူးလား”
ရှောင်ဖေးဖေး အနည်းငယ် တွေဝေနေသည်။ သူမဆီက အကြံလေး ရလိုက်သည်နှင့် ဘယ်လိုလုပ် ဆုံးဖြတ်ချက် ချလိုက်ရသနည်း။
*ဒါ မတွေးဘဲ လုပ်တာလား၊ ထပ်မတွေးတော့ဘူးလား*
“လုံးဝ အလျင်လိုနေတာ မဟုတ်ဘူး”
ရဲ့လင်းချန်က ပြန်ပြောသည်။
“အစ်မက နောက်ဆို အထွေထွေ မန်နေဂျာ ဖြစ်လာမယ်၊ ကျွန်တော်က ဥက္ကဋ္ဌ ဖြစ်လာမယ်၊ ကျွန်တော်တို့ ပျော်စရာ ကောင်းတဲ့ စီးပွားဖက်တွေ ဖြစ်လာမှာလေ”
ရှောင်ဖေးဖေးသည် ဖုန်းပြောပြီးသွားသော်လည်း ပဟေဠိ ဖြစ်နေဆဲပင်။ ထို့နောက် သူမ ဘဏ်အကောင့်ထဲသို့ သန်းငါးဆယ် ဝင်လာသည်ကို တွေ့လိုက်ရသည်။
*ဒါက … အရမ်း ကောက်ကာငင်ကာ နိုင်လွန်းတယ်*
ရှောင်ဖေးဖေးနှင့် ဖုန်းပြောပြီးနောက် ရဲ့လင်းချန် တက္ကသိုလ်သို့ တန်းသွားလေသည်။
အမျိုးသားနေ့ အားလပ်ရက် ခုနစ်ရက်ပြီးနောက် ကျောင်းသားများသည် ပြန်လာရန် အင်တင်တင် ဖြစ်နေကြပြီး တာဝန်များကို မေ့နေပုံရသည်။ လူတိုင်းကို ကြည့်လိုက်လျင် အားလပ်ရက် ပျော်ရွှင်မှုထဲ၌ နစ်မျောနေဆဲ ဖြစ်ပုံရပြီး ကျောင်းပြန်တက်ရန် အင်တင်တင် ဖြစ်နေကြသည်။
သို့သော် ထိုထဲတွင် ပီကင်းတက္ကသိုလ်မှ ကျောင်းသားများ မပါပေ။
အခြားကျောင်းများနှင့် ယှဉ်လိုက်လျင် ပီကင်းတက္ကသိုလ်မှ ကျောင်းသားများသည် စိတ်အားထက်သန်မှုများနှင့် ပြည့်နေပုံရသည်။ သူတို့သည် မာန်ရှိသော မျက်နှာများနှင့် အချင်းချင်း စိတ်လှုပ်ရှားစွာ စကားပြောနေကြသည်။
အတန်းထဲ ဝင်လိုက်သောအခါ ကျောင်းသားများအားလုံးက တက်ကြွကာ စိတ်အား ထက်သန်နေကြသည်။
ဟောင်ကျန်းသည် စားပွဲပေါ်၌ တစ်ယောက်တည်း ရပ်နေသည်။ သူ့မျက်နှာက တောက်ပနေပြီး မိုးပေါ် လက်ညှိုးထိုး၍ ပြောလိုက်သည။
“ငါ ပြောသားပဲ၊ ငါက ပါရမီရှင်ပါလို့”
“ငါ့ကြောင့်သာ မဟုတ်ရင် နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာရေးသူက ပီကင်းတက္ကသိုလ်က ကျောင်းသားမှန်း ငါတို့ ဘယ်လိုလုပ် သိမှာလဲ၊ သွေးအေးတဲ့ ပါမောက္ခဝမ်တောင် နတ်ဘုရားများကို သုတ်သင်ခြင်းကို အားပေးနေတာ၊ ဘာလို့လဲ သိလား၊ ငါ သူ့ကို ဖတ်ဖို့ ထောက်ခံခဲ့လို့ပေါ့”
“ဟောင်ကျန်း ဒီတစ်ခါတော့ မင်းက မိုက်သွားပြီ၊ မင်းက နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာရေးသူကို ဖော်လိုက်တာပဲ”
“ပါမောက္ခဝမ် ဖတ်လိမ့်မယ်လို့ ငါ ထင်မထားဘူး၊ ဒါပေမဲ့ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာသား တော်တော်များများက အရေးအသား ကောင်းတယ်”
“ဒီတစ်ခါတော့ ငါတို့ ပီကင်းတက္ကသိုလ်က နာမည်ကြီးပြီး ထူးချွန်တဲ့သူတစ်ယောက်ကို မွေးထုတ်လိုက်တာပဲ”
ဟောင်ကျန်းက လက်နှစ်ဖက်ကိုဆုပ်၍ လူတိုင်းကို ပြုံးပြသည်။
“မင်းတို့ ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး၊ ငါ့ကျောင်းအတွက် ငါ နည်းနည်းလေး စတေးလိုက်ရရုံပါပဲ၊ ငါ နောင်တ မရဘူး”
ရဲ့လင်းချန်သည် အရူးအမူး ဖြစ်နေသော လူအုပ်ကြီးကို ငြိမ်၍ ကြည့်နေပြီး ခေါင်းခါလိုက်သည်။ သို့သော် သူ့နှုတ်ခမ်းများကတော့ ပြုံးနေလေ၏။
တက္ကသိုလ် ကျောင်းသားများသည် တက်ကြွပြီး တစ်ယောက်ချင်းစီက ဘဝကို ပျော်ပျော်နေကြလေသည်။
ထိုအဖြစ်၏ သက်ရောက်မှုကြောင့် နတ်ဘုရားများကို သုတ်သင်ခြင်းက ပီကင်းတက္ကသိုလ်၌ နာမည်ကြီး နေလောက်သည်။
“ရှောင်ရဲ့ ငါ မင်းကို နတ်ဘုရားများကို သုတ်သင်ခြင်းကို ဖတ်ကြည့်ဖို့ ငါ အရင်က ပြောခဲ့တယ်နော်၊ မင်း ဖတ်ပြီးပြီလား၊ ဒါ စိတ်ရင်းနဲ့ အကြံပေးတာ၊ မင်း ဖတ်လေလေ အံ့ဩစရာတွေ ပိုရလာလေပဲ”
ရှန်းက ရဲ့လင်းချန်ဘေး၌ ထိုင်၍ အလွန် စိတ်လှုပ်ရှားစွာ ပြောသည်။
“မင်း သိလား၊ စာရေးဆရာက တကယ်တော့ ငါတို့ တက္ကသိုလ်ကတဲ့၊ ငါတို့က သူ့ရဲ့ ကျောင်းနေဖက်တွေကွ”
“အဲ့ဒါတင် မကသေးဘူး၊ ငါတို့ ဆရာဝမ်၊ ငါတို့ ပါမောက္ခဝမ်တောင်မှ နတ်ဘုရားများကို သုတ်သင်ခြင်းကို ပို့စ်တင်ပြီး အားပေးနေတာကွ၊ ပါမောက္ခဝမ်က ယဉ်ကျေးမှု အသိုင်းအဝိုင်းမှာ အရေးပါတဲ့သူ တစ်ယောက်ပဲ”
အာလူးလေးကလည်း ပြောပြသည်။
“ဟုတ်တယ်၊ အဲ့စာရေးသူ အဖွဲ့အစည်းဆိုလား ဘာဆိုလားက ဟုန်ယွမ်က နတ်ဘုရားများကို သုတ်သင်ခြင်းကို အရင်က ခနဲ့နေတာလေ၊ သူ မနာလိုဖြစ်နေတာ အသိသာကြီး၊ ပါမောက္ခဝမ်က ပြန်တုံ့ပြန်လိုက်တာ၊ အဲ့ကောင် အခုထိ လေတောင် မလည်ရဲဘူး”
ရှောင်ကမ်းက ရယ်ပြီး ပို့စ်တစ်ခုကို ရှာလိုက်သည်။ တစ်ချက် ကြည့်လိုက်ပြီးနောက် သူ မသိမသာ မျက်မှောင်ကြုတ် သွားသည်။
“သောက်ကျိုးနည်း၊ အဲ့ငတုံးကောင် ဟုန်ယွမ်က ပြန်ပြောရဲတယ်လား”