← Chapters

ကြက်သွေးရောင်မီးလျှံသစ်သီး

Vol. 2 Ch. 16

ကြက်သွေးရောင်မီးလျှံသစ်သီး

Vol. 2 Ch. 16

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၁၆) - ကြက်သွေးရောင်မီးလျှံသစ်သီး

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

“Missတျဲ များလား”

ဆူဇီမိုသည် ထိုသို့ရုတ်တရတ်တွေးလိုက်ပြီးနောက် ချက်ချင်းပင် မဖြစ်နိုင်ကြောင်း သိလိုက်၏။ အရပ်မြင့်မြင့်၊ ကြီးမားကြံ့ခိုင်သောကိုယ်ဟန်ရှိသည့် ပုံရိပ်က သူ့ထံသို့ ချည်းကပ်လာ၏။ သူ၏ ခန္ဓာကိုယ်သည် အမွှေးရှည်များဖြင့် ဖုံးအုပ်နေပြီး ညှီစို့စို့ အနံ့က ထွက်ပေါ်နေ၏။ အဲ့ဒါက ဘယ်လိုလုပ် တျဲယွဲ့ ဖြစ်နိုင်ပါ့မလဲ။

ဆူဇီမိုသည် ထိုသူ၏ ပုံပန်းသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း သိရဖို့ တစ်ချက်လောက် သေချာကြည့်ရန် မျက်လုံးကို ဖွင့်ကြည့်ဖို့ ကြိုးစားလိုက်၏။

သို့သော်လည်း သူသည် ပင်ပန်းနွမ်းနယ်ဖျော့တော့လာပြီး မျက်ခွံများက လေးလံလာကာ သူ၏ မြင်ကွင်းက မှုန်ဝါးလာလေတော့၏။

သူဝိုးတဝါးမြင်လိုက်ရတာကတော့ _ မည်းမှောင်နေသော ပုံရိပ်တစ်ခုက တစ်စုံတစ်ခုကို ကိုင်စွဲကာ တောင်ကြားအထက်မှ ရှေ့နောက် လွှဲယမ်းခိုကူးလာလေ၏။ သူ၏ လှုပ်ရှားပုံက အင်မတန် ပေါ့ပါးသွက်လက်လေ၏။ ခဏလေးအတွင်းမှာပင် သူသည် တောင်ကြားအထက်တောင်ကုန်းထိပ်သို့ ရောက်ရှိသွားပြီး ဝံပုလွေအုပ်၏ ဝန်းရံပိတ်ဆို့မှုမှ ဖောက်ထွက်ခဲ့လေ၏။

“ဂါး! ဂါး!”

ထိုအနက်‌ရောင်ပုံရိပ်က တောင်ကြားထဲတွင် ကျန်ခဲ့သော ဝံပုလွေအုပ်ကို တစ်ချက်ပြန်လှည့်ကြည့်လိုက်ပြီး ကြောက်စရာကောင်းစွာ လှောင်ရယ်မောလိုက်၏။ ထို့နောက် သူသည် ဆူဇီမိုကို သယ်ဆောင်ကာ တောအုပ်ထဲသို့ ပြေးဝင် ပျောက်ကွယ်သွားလေတော့၏။

. . .

ဘယ်လောက်ကြာသွားပြီပင် မသိတော့ပဲ ... ဆူဇီမိုသည် တစ်ဖြည်းဖြည်း သတိပြန်လည်လာကာ ထထိုင်ဖို့ ကြိုးစားရုန်းကန်လိုက်၏။ သူ့တစ်ကိုယ်လုံးသည် နာကျင်နေပြီး သူ့ကြွက်သားများကလည်း ထုံကျင်ကိုက်ခဲနေလေ၏။

ဆူဇီမို ငုံ့ကြည့်လိုက်သောအခါ သူ့ဒဏ်ရာများပေါ်တွင် ဘာမှန်းမသိရသော ဆေးပင်များကို ထုချေအုံထားသည်ကို တွေ့လိုက်ရ၏။ အဲ့ဒါမှ အေးမြသော အထိအတွေ့ကို သူခံစားရ၏။

သူ့ခန္ဓာကိုယ်၏ ဒဏ်ရာမရဘဲ ကျန်ရှိသော နေရာတိုင်းကိုလည်း ဘာမှန်းမသိရဘဲ ဆိုးရွားနံစော်နေသော အရာများဖြင့် လိမ်းကျံထားလေ၏။

ဆူဇီမိုသည် မျက်ခုံးတွန့်ပြီး လှည့်ပတ်ကြည့်ရှုလိုက်၏။

ဤနေရာသည် ထူးထူးခြားခြား ဘာမျှ မရှိလှဘဲ အတော်အတန်ကျယ်ဝန်းသော လိုဏ်ဂူတစ်ခု ဖြစ်လေ၏။ များစွာသော ဝံပုလွေ အရေခွံများကိုတော့ နံရံများတွင် တွဲ‌လောင်းချိတ်ထားလေ၏။

ထိုအချိန်မှာပင် လိုဏ်ဂူ၏ ဝင်ပေါက်ဘက်မှ ရှူးရှူးရှဲရှဲ အသံများ ထွက်ပေါ်လာ၏။ အရပ်ရှည်ရှည် ကြီးမားသော ပုံရိပ်ကြီးက လှမ်းဝင်လာလေ၏။ သူလမ်းလျှောက်လာပုံမှာ အနည်းငယ် ထူးဆန်းနေ၏။ သူသည် ခြေဖျားထောက်ပြီး ခုန်ဝင်လာသလိုပင်။

ဆူဇီမိုသည် သေချာအောင် ကြည့်လိုက်ပြီးနောက် နေရာမှာပင် ကြက်သေ,သေသွားလေ၏။

ယခုဝင်လာသောသူမှာ လူမဟုတ်။ မျောက်ကြီးတစ်ကောင်သာ....

သူ့ကို ကယ်တင်ခဲ့တာက တစ်ကယ်ပဲ မျောက်တစ်ကောင်လား။

ဆူဇီမို၏ ခံစားချက်က အနည်းငယ် ရှုပ်ထွေးသွား၏။ ကန်းလန်ရိုးမမှာ ရှိခဲ့သော ခြောက်လလောက် ကာလအတွင်း သူ့လက်ချက်ဖြင့် သေခဲ့သော စိတ်ဝိညာဉ်တောကောင်ပေါင်းသည် အနည်းဆုံး ၈၀၀မှ ၁၀၀၀ အတွင်းတွင် ရှိလေသည်။ အဆုံးသတ်မှာတော့ သူသည် စိတ်ဝိညာဉ်မျောက်တစ်ကောင်၏ ကယ်တင်ခြင်း ခံရလိမ့်မည်ဟူ၍ လုံးဝ ထင်မှတ်မထားပေ။

ဤစိတ်ဝိညာဉ်မျောက်က ကြည့်ရတာတော့ သာမန်လိုပင်။ သူ့တွင် တွဲလောင်းချထားသောအခါ ဒူးဆစ်ကိုကျော်လွန်အောင် ရှည်လျားသော လက်တံများ ရှိလေ၏။ သူ့မျက်လုံးအိမ်အနက်ထဲတွင် အနီရောင်အလင်းစက်လေးတစ်စက်က လှည့်ပတ်လှုပ်ရှားနေ၏။ ၎င်းက အနည်းငယ် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်နေလေ၏။

“ကျေးဇူးတင်ပါတယ်”

ဆူဇီမိုက စိတ်ဝိညာဉ်မျောက်ဘက်သို့ လက်သီးဆုပ် ဂါဝရ ပြုလိုက်၏။

စိတ်ဝိညာဉ်မျောက်က လူလိုပင် နှုတ်ခမ်းစူလိုက်၏။ သူသည် ဆူဇီမို၏ ကျေးဇူးတင်ခြင်းကို ပြန်လှန်တုံ့ပြန်မနေပေ။ သူသည် လက်ကာပြ၍ နံရံတွင်ရှိသော ဝံပုလွေအရေခွံများကို ညွှန်ပြလိုက်ပြီး ‘ဝါးလားဝါးလား’နှင့် အချိန်အနည်းငယ်ကြာ စကားပြောနေလေ၏။

နောက်ဆုံး စိတ်ဝိညာဉ်မျောက်သည် ဆူဇီမိုဘက်သို့ လက်ညိုးထိုးလိုက်ပြီးနောက် လက်ညိုးကို ပြန်ထောင်ကာ လှောင်ပြောင်ရန်စသော အမူအယာဖြင့် ဘယ်ညာယမ်းပြလိုက်လေ၏။ (ဘရုစ်လီ စတိုင်ဖြင့်။)

လူလိုစကားမပြောတတ်တာကလွဲရင် ဤစိတ်ဝိညာဉ်မျောက်သည် လူတစ်ယောက်နှင့် ထူးမခြားနားပင်။

ဤစိတ်ဝိညာဉ်မျောက်သည် လက်ဟန်ခြေဟန် မျက်နှာအမူအယာများဖြင့် သူ၏ စိတ်ခံစားချက်များကို ကောင်းမွန်စွာ ထုတ်ဖော်ပြောဆိုနိုင်လေ၏။

ဆူဇီမိုသည် မချုပ်တည်းနိုင်တော့ဘဲ ရယ်ချလိုက်၏။ သူသည် သေချာအောင် စူးစမ်းမေးမြန်းလိုက်၏။ “မင်းပြောချင်တာက မင်းက ငါ့ကို ကယ်ချင်လို့ကယ်ခဲ့တာ မဟုတ်ဘူး.. မင်းက အဲ့ဒီဝံပုလွေတွေနဲ့ ရန်ငြိုးရန်စရှိလို့ ငါ့ကိုတမင်ကယ်ခဲ့တာ.. အဲ့လိုလား”

စိတ်ဝိညာဉ်မျောက်က ပါးစပ်ဖြဲကာ ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်လေ၏။

“ကိစ္စက ဒီလိုဆိုမှတော့ ငါတို့မှာ ဘုံရန်သူရှိနေတာပဲ.. အဲ့တော့ ငါတို့လက်တွဲပြီး အဲ့ဝံပုလွေတွေကို မျိုးဖြုတ်ကြတာပေါ့”

ကန်းလန်ရိုးမအတွင်း ဆူဇီမိုသည် အထီးကျန်မှုကို ခြောက်လကြာအောင် အောင့်အင်းသည်းခံခဲ့ရ၏။ သူသည် စကားပြောဖို့ တစ်ယောက်ယောက်တော့ အဖော်လိုချင်မိပေသည်။ ယခုသူ့ရှေ့မှ စိတ်ဝိညာဉ်မျောက်သည် အလွန်တရာ ဉာဏ်ကောင်းလှပြီး လူတစ်ယောက်နှင့်မခြားပေ။

“ထွီ!”

စိတ်ဝိညာဉ်မျောက်သည် အထင်သေးသောပုံဖြင့် တံတွေးထွေးလိုက်လေ၏။ သူ၏ အမူအယာက ဆူဇီမိုသည် သူနှင့်လက်တွဲရန် ချိနဲ့လွန်းသည်ဟု အထင်သေး စက်ဆုပ် အဖက်မလုပ်ဟန်ဖြင့် လှောင်ပြောင်လိုက်ခြင်း ဖြစ်ပေ၏။

ဆူဇီမို “. . .”

ဆူဇီမိုသည် ကြောင်အသွားပြီး ပြောစရာစကားပင် မဲ့သွားရ၏။ သူ့ကို မျောက်တစ်ကောင်ကတောင် အထင်မကြီးပေ။

ဘာပဲဖြစ်ဖြစ် ဤမျောက်သည် သူ၏ အသက်သခင်ကျေးဇူးရှင် ဖြစ်လေ၏။ ပြန်လှန်ခံပြောဖို့ မသင့်ပေ။ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်လေ၏။

ဆူဇီမိုသည် လိုဏ်ဂူဝင်ပေါက်မှတစ်ဆင့် အပြင်ဘက်သို့ မလုံမလဲဖြင့် လှမ်းကြည့်လိုက်၏။ ရုတ်တရတ် သင်္ကာမကင်းစိတ်က ဖြစ်ပေါ်လာလေ၏။

သူသတိလစ်နေတာ အနည်းဆုံး တစ်ရက်တော့ ရှိလောက်ပေပြီ။ ဒီတစ်ကြိမ် အဲ့ဒီဝံပုလွေတွေက ဘာလို့ သူ့နောက်ကို လိုက်မလာတာပါလိမ့်။

သူ့ကိုယ်ပေါ်က စူးရှရှ ပုပ်အက်အက်အနံ့ကြောင့်လား။ ဆူဇီမို၏မျက်လုံးသည် အရောင်တောက်သွားပြီး “ဝံပုလွေတွေ အနံ့ခံ လိုက်မလာနိုင်အောင် ငါ့ကိုယ်နံ့ကို ဖျောက်ပေးနိုင်တဲ့နည်း မင်းမှာ ရှိတာလား” ဟု မနေနိုင်စွာ မေးလိုက်လေ၏။

“ဂါ့ဂါ့ ဂါ့ဂါ့!”

စိတ်ဝိညာဉ်မျောက်က ခေါင်းမော့ပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။ သူသည် ဂုဏ်ယူစရာ ကြီးကျယ်ခမ်းနားသော အရာတစ်ခုကို လုပ်နိုင်ခဲ့သလို လက်များကို ဝေ့ယမ်းပြီး လှည့်ပတ်ခုန်ဆွကာ ဆူဇီမိုကို အဆက်မပြတ် လှောင်ရယ်နေလိုက်၏။

ဆူဇီမို “. . .”

သူ့အား ဆက်တိုက်လှောင်ပြောင်နေသည်ကို ကြည့်ကာ ဆူဇီမိုသည် အလွန်တရာ ‌ဒေါသထွက်လာပြီး အယုတ္တအနတ္တ ဆဲရေးတိုင်းထွာသော စကားများ ထွက်မလာစေရန် ချုပ်တည်းထားရ၏။ ထို့နောက် သူသည် အံကိုတင်းတင်းကြိတ်ကာ တစ်လုံးချင်း ပြောလိုက်လေ၏။ “မင်း..သောက်မျောက်..ငါ...”

ဆူဇီမို၏ မနှစ်မြို့သော အမူအယာကို ကြည့်ကာ စိတ်ဝိညာဉ်မျောက်က ပိုလိုတောင် ပျော်ရွှင်လာလေ၏။ သူသည် ‘ဝို့ ဝို့’ဟု အဆက်မပြတ်အော်ကာ ပီတိဖြာ ကျေနပ်နေလေတော့၏။

ဆူဇီမိုသည် အံကိုကြိတ်ပြီး‌ “သောက်မျောက်.. ငါ့ဒဏ်ရာတွေ ပြန်ကောင်းသွားရင် ငါမင်းနဲ့ ချမယ်”ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်လေ၏။

စိတ်ဝိညာဉ်မျောက်က သောက်ရေးမလုပ်ပေ။ သူသည် နဂိုနေရာမှာပင် လက်ပိုက်ရပ်ပြီး မောက်မာစွာ ရယ်မောနေလေ၏။

ဆူဇီမိုသည် တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ အခုချိန်မှာ ဤမျောက်ကို သူဘာမှ လုပ်နိုင်စွမ်း မရှိပေ။ သူသည် မြေပေါ်သို့ လှဲချလိုက်ပြီး စိတ်ကို လျှော့ချရန် ကြိုးစားလိုက်၏။

သူလှဲချလိုက်စဉ်မှာပင် သူ့မျက်နှာနှင့် မလှမ်းမကမ်းတွင် စိုရဲနေသော ကြက်သွေးရောင် သစ်သီးတစ်လုံးက တွဲလောင်းကျနေပြီး အနည်းငယ်လှုပ်ယမ်းနေတာကို သူတွေ့လိုက်ရ၏။ ၎င်းသည် ဝင်း၍ပြောင်လက်နေကာ အရည်ရွှမ်းပုံရပြီး စားချင်စဖွယ်ရနံ့က ထွက်ပေါ်နေ၏။

လောလောဆယ် ဆူဇီမိုသည် ရေအတော်ဆာနေကာ သူ့လည်ချောင်းက ခြောက်ကပ်နေ၏။ သိပ်အထွေအထူးစဉ်းစားမနေဘဲ သူသည် ထိုသစ်သီးကို ဆွဲယူကာ ပါးစပ်ထဲသို့ တစ်ကိုက်ပြီးတစ်ကိုက် ပါးလုတ်ပါးလောင်း သွတ်လိုက်လေ၏။

ဤသစ်သီးသည် သူ့ပါးစပ်ထဲတွင် ဝါးလိုက်သောအခါ နုအိနေပြီး ထွက်လာသော အရည်များက လတ်ဆတ်ချိုမြနေကာ သူ့ဝမ်းဗိုက်တွင်းသို့ ပူနွေးစီးဝင်သွားလေ၏။

စိတ်ဝိညာဉ်မျောက်က ဤမြင်ကွင်းကို အမှတ်တမဲ့ မြင်တွေ့သွား၏။ သူ့သူငယ်အိမ်က ကျုံ့ဝင်သွားပြီး ကျယ်လောင်စွာ ရယ်မောနေသော အသံက ရုတ်ချည်းရပ်တန့်သွားလေတော့၏။

ဆူဇီမိုသည် သူ့လျှာကို စုတ်သပ်လိုက်ပြီး သစ်သီး၏ အရသာကို ခံစားနေလေ၏။ သူသည် ဤသစ်သီးမျိုး နောက်တစ်လုံးများ ရှိဦးမလားဆိုပြီး လှည့်ပတ်ရှာကြည့်နေတုန်း လိုဏ်ဂူထဲတွင် သတ်ချင်ဖြတ်ချင်စိတ် အငွေ့အသက်များ ရုတ်တရတ် ပျံ့လွင့်လာသည်ကို သတိထားမိလိုက်၏။

လေထုက အနည်းငယ် အေးစက်ခက်ထန်လာသည်ဟု ထင်ရလေ၏။

“အမ်”

ဆူဇီမိုသည် ကြောင်အသွား၏။ သူသည် စိတ်၏လှုံဆော်မှုအရ ငုတ်တုတ်ထထိုင်လိုက်သောအခါ စိတ်ဝိညာဉ်မျောက်၏ မျက်နှာကြီးက သူ့ရှေ့တွင် ဘွားကနဲပေါ်လာပြီး သူ့မျက်နှာနှင့် တိုက်မိတော့မတတ်ပင်။

စိတ်ဝိညာဉ်မျောက်သည် အံကို တကျိကျိကြိတ်၊ ဝင်သက်ထွက်သက်ကို တစ်ရှူးရှူးတစ်ရှဲရှဲ ရှူရှိုက်ကာ မီးဝင်းဝင်းတောက်နေသော မျက်လုံးဖြင့် ဆူဇီမိုကို စူးရဲစွာ စိုက်ကြည့်နေလေ၏။ သူသည် ဆူဇီမိုအား အစိမ်းလိုက် ဝါးစားတော့မလို့ပင်။

ဆူဇီမိုသည် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားလေ၏။ အခုလေးတင် သူဆွဲစားလိုက်သော သစ်သီးက သာမန်အသီးတစ်လုံး ဟုတ်ပုံမရပေ။

“ဟေ့.. ငါနည်းနည်းဆာနေလို့ အသီးလေးတစ်လုံး ယူစားလိုက်တာကို.. မင်းက အဲ့လောက်ဖြစ်စရာ လိုလို့လားဟ.. မင်းမျက်နှာကြီး အနားကပ်လာတာ ငါအန်တောင်အန်ချင်လာပြီ”

“အူး..အူး!”

ဆူဇီမို၏ စကားသံကို ကြားလိုက်ရချိန်တွင် စိတ်ဝိညာဉ်မျောက်၏ ဒေါသက ပို၍ပင် အထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့၏။ သူသည် အလွန်တရာ စိတ်ဆိုး‌ဒေါသထွက်လာကာ ခုန်ထ၍ သူ့ရင်ဘတ်ကို လက်ဖြင့် တစ်ဖုန်းဖုန်း ထုရိုက်နေလေတော့၏။

စိတ်ဝိညာဉ်မျောက်သည် သူ့ဘေးရှိ နံရံသို့ တစ်ဟုန်ထိုး ပြေးဝင်ချသွားကာ နံရံကို သူခေါင်းနှင့် ပစ်တိုက်ချလိုက်၏။ ကျောက်သားများက ကြေမွသွားကာ ပြန့်ကျဲ့သွားလေ၏။ ထွက်ပေါ်လာသော အသံက ကြောက်စရာပင်။

ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။

ဤစိတ်ဝိညာဉ်မျောက်က လွန်စွာ သန်မာအားကောင်းလှပေသည်။ သူ၏ ဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီး သူ၏ အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်လာလျှင်ပင် ဤမျောက်ကို သူ မနိုင် နိုင်လောက်ပေ။

ကံကောင်းထောက်မလို့ စိတ်ဝိညာဉ်မျောက်က ဒေါသများကို သူ့အပေါ်သို့ ပုံမချသေးပေ။ သူသည် ကျောက်သားမြေကို ဖနောင့်ဖြင့် ဆောင့်ပေါက်ကာ ကျောက်နံရံကို လက်သီးဖြင့် တစ်ဝုန်းဝုန်း အဆက်မပြတ် ထုရိုက်နေလေတော၏။

ဤအချိန်မှာပင် သူ့ဝမ်းဗိုက်သည် နွေးလာပြီးနောက် ပူပြင်းဆူပွက်လာသည်ကို ဆူဇီမို ရုတ်တရတ် ခံစားလိုက်၏။ သူ့ခြေလက်နှင့် အရိုးများ တစ်လျှောက် အပူစီးကြောင်းတစ်ခုက ပြန့်နှံ့တိုးဝင်လာလေ၏။

ဆူဇီမို၏ အသားများသည် စတင်နီရဲလာလေ၏။ အဲ့ဒါက သူ့ဝမ်းဗိုက်အတွင်းတွင် မီးဖိုတစ်ခုရောက်လာပြီး သူ့အသားများကို အရှင်လတ်လတ် မီးကင်နေသည့်အတိုင်းပင်။ နာကျင်မှုက ဘယ်လိုမှ တောင့်မခံနိုင်တော့‌ပေ။

“ကျွတ်!”

ဆူဇီမိုသည် အသက်ရှူထုတ်လိုက်ပြီး စိတ်ကို တည်ငြိမ်စေလိုက်၏။ သူ့ဒဏ်ရာများပတ်လည်ရှိ အသွေးအသားများသည် မျက်စိဖြင့်ကြည့်၍ သိသာစွာမြင်နိုင်သောနှုန်းထားဖြင့်ပင် တစ်ဒုတ်ဒုတ်နှင့် ပြန်လည်ပေါင်းစပ်ပြုပြင်နေကာ ဆဲလ်အသစ်များက လျှင်မြန်စွာထွက်ပေါ်လာြပီး သက်သာပျောက်ကင်းကုန်လေ၏။ ထို့နောက် အမာရွတ်များသာလျှင် ကျန်ရှိခဲ့လေတော့၏။

သိပ်မကြာခင်မှာပင် အမာရွတ်များသည်လည်း ကွာကျကုန်ပြီး အရေပြားများသည် သူ့နဂိုအတိုင်းပင် နုပျိုလတ်ဆတ်စွာ ကျန်ရှိခဲ့လေတော့၏။

ဝံပုလွေများလက်ချက်ဖြင့် အသားတစ်လိုက် ပဲ့ထွက်သွားသော သူ့ပေါင်မှ ဒဏ်ရာပင်လျှင် ဤအချိန်၌ သူ့ဘာသာ လျှင်မြန်စွာ ပြုပြင်ဖာထေးနေလေ၏။

“အား.. !”

ဆူဇီမိုသည် ကောင်းကင်သို့မော့၍ အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ခံစားလာရ၏။

“အခြေအနေ မကောင်းတော့ဘူး.. ဒီစွမ်းအင်က တော်တော်ကြီး အားကောင်းနေတာပဲ.. ဒီတိုင်းသာ ဆက်သွားရင်တော့ ငါ့ခန္ဓာကိုယ်က တစ်စစီ ဖြစ်တော့မှာပဲ!”

ဆူဇီမိုသည် သိပ်ပြီးတော့ စဉ်းစားမနေအားပေ။ သူသည် ခန္ဓာကြံ့ခိုင်မီးဆေးခြင်းနှင့် အရွတ်အသွင်ပြောင်းလဲခြင်းကို လျှင်မြန်စွာ လှည့်ပတ်စေလိုက်ပြီး ဝင်လေထွက်လေ ရှူရှိုက်ခြင်းကို စတင်လုပ်ဆောင်လိုက်၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းဖြင့် ခုန်ပေါက်နေလေ၏။ သူသည် မဟာအရိုင်းကမ္ဘာက နတ်ဆိုးသားရဲဘုရင် ၁၂ပါး၏ လျှို့ဝှက်နက်နဲဂန္တဝင် ပညာရပ်၏ ကိုယ်ဟန်လှုပ်ရှားပုံများကို ဆက်တိုက်ဖော်ထုတ်ပြီး လိုဏ်ဂူထဲတွင် ရူးသွပ်စွာ လျှောက်ပြေးလွှားပြီး တစ်ချက်တစ်ချက် နံရံနှင့် ပြင်းထန်စွာ ပစ်တိုက်နေလေ၏။ တိုးဝင်လာသော စွမ်းအင်များက အဆမတန်များလွန်းလို့ တစ်နေရာရာသို့ သူပုံချချင်နေပေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး နံရံကို ခေါင်းနှင့် ပစ်တိုက်၍ ပေါက်ကွဲနေသော စိတ်ဝိညာဉ်မျောက်ပင်လျှင် တုန်လှုပ်ရပ်တန့်သွားလေ၏။ သူသည် ဆူဇီမိုကို ကြည့်၍ ပါးစပ်အ‌ဟောင်းသားနှင့် ကြောင်အနေလေ၏။ “သူက ငါ့ထက်တောင် ပိုရူးသွပ်နေသေးတယ်ဟ”

အလွန်တရာ များပြားလှစွာသော စွမ်းအင်အဆီအနှစ်များက ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်နေပြီး သူ့ခန္ဓာကို ဆက်တိုက်အာဟာရပြုသန့်စင်ပေးနေပြီး အ‌ရေပြားများကို မာကြောလာစေကာ သူ၏အရွတ်ကြီးများကို ဆွဲဆန့်သန်မာလာစေ၏။

သူ၏ ခန္ဓာကြံ့ခိုင်မီးဆေးခြင်းနှင့် အရွတ်အသွင်ပြောင်းလဲခြင်း၏ ပညာရပ်အဆင့်ကလဲ တစ်ဟုန်ထိုး ခုန်တက်လာလေတော့၏။

ဇီ! ဇီ! ဇီ!

ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိ အရွတ်ကြီးများသည် တစ်ဒုတ်ဒုတ်ဖြင့် တုန်ခါလာလေ၏။ လေးကြိုးတုန်ခါသလို အသံများ ထွက်ပေါ်လာလေ၏။

အရွတ်အသွင် ပြောင်းလဲခြင်း၏ စဦးအောင်မြင်မှု အဆင့်!

သူ့ခန္ဓာကိုယ်၏ လိုက်လျောညီထွေဟန်ချက်နှင့် ပေါ့ပါးဖျတ်လတ်မှုကလဲ တိုးတက်လာလေ၏။ သူ့ခြေလှမ်းတိုင်းက ယခင်ကထက် သိသာစွာ ပေါ့ပါးလျှင်မြန်သွက်လက်လာ၏။ သူ့ခွန်အားကလဲ လျှင်မြန်စွာ တိုးမြင့်လာလေ၏။

တျဲယွဲ့ပြောခဲ့ပုံအရဆိုလျှင် သူသည် အရွတ်အသွင် ပြောင်းလဲခြင်း၏ စဦးအောင်မြင်မှုအဆင့်ကို ရောက်ရှိတာနှင့် သူ၏ခွန်အားက အဆင့်၈ ချီစုဖွဲ့စစ်သည်တော်ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိလာပေလိမ့်မည်။

ဤအဆင့်ထိ ရောက်ရှိလာသော်လည်း ဆူဇီမို၏ ဝမ်းဗိုက်အတွင်းမှ စလာခဲ့သည့် ကြီးမားလှသော စွမ်းအင်အရင်းအမြစ်က မကုန်ဆုံးသေးပေ။

ဆူဇီမို၏ အရေပြားများသည် စုတ်ပြဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးက သွေးအလိမ်းလိမ်းဖြင့် ဖြစ်လာလေ၏။ ၎င်းသည် ကြည့်ရသည်မှာ သွေးပျက်ကျောချမ်းစရာမြင်ကွင်း ဖြစ်လေသည်။

“ဘာတွေ လာဖြစ်နေတာလဲကွာ!”

ဆူဇီမိုသည် ကြောက်ရွံ့တုန်လှုပ်လာ၏။ ဒီတိုင်းရေဆာလို့ ကောက်စားလိုက်သော သစ်သီးတစ်လုံးက သူ့အသက်ကိုပင် နုတ်ယူတော့မှာလား မပြောတတ်ပေ။

တစ်ကယ်တော့ ထိုနီရဲရဲသစ်သီးသည် ကျင့်ကြံရေးလောကတွင် လွန်စွာနာမည်ကြီးသော သစ်သီးဖြစ်လေ၏။ ၎င်းသည် စိတ်ဝိညာဉ်အမျိုးအစားဖြစ်ပြီး ကြက်သွေးရောင်မီးလျှံသစ်သီးဟု ခေါ်ကြလေ၏။ ၎င်းအပင်သည် နှစ်တစ်ထောင်ကြာမှသာလျှင် အပွင့်ပွင့်ပြီး တစ်ခါသာသီးတတ်လေသည်။

ကြက်သွေးရောင်မီးလျှံသစ်သီးတွင် အလွန်ပြင်းထန်အားကောင်းသော စွမ်းအင်အဆီအနှစ်များ ပါရှိလေ၏။ ၎င်းသည် အလွန်ပြင်းသော အားဆေးကြီး တစ်လုံးပင်။ ၎င်း၏ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိသည် တေဇောဓါတ်ဖြစ်လေ၏။ ၎င်းသည် ပူ၏၊ ခြောက်သွေ့၏၊ ပေါက်ကွဲတတ်၏။ ဘယ်သူ့ကမှ ၎င်းကို သူ့ချည်းသက်သက် မစားသုံးရဲပေ။ အများစုသည် ၎င်းကို အခြားသော ဆေးဖက်ဝင်ပစ္စည်းများနှင့် ရောနှောသန့်စင်၍ ဆေးလုံးအဖြစ် ဖော်စပ်ကာ ၎င်း၌ပါဝင်သော များပြားသည့်တေဇောဓါတ်များကို မျှတသည့်အထိ လျှော့ချပြီးမှသာ စားသုံးကြလေ့ ရှိလေ၏။

အကယ်လို့ ဆူဇီမိုသည် နတ်ဆိုးသားရဲဘုရင် ၁၂ပါး၏ ပညာရပ်များကိုသာ လေ့ကျင့်မထားဘူးဆိုလျှင်၊ သူသည် အလွန်သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်မထားဘူးဆိုလျှင် အခုချိန်လောက်ဆို ကြက်သွေးရောင်မီးလျှံသစ်သီး၏ အားကောင်းသော အပူဓါတ်က သူ့ကို ပြာဖြစ်သည့်အထိ လောင်ကျွမ်းပြီးနေလောက်ပေပြီ။

စိတ်ဝိညာဉ်မျောက်သည် ကြက်သွေးရောင်မီးလျှံသစ်သီးကို နှစ်ပေါင်းများစွာ ကြာအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့‌ရ၏။ သူသည် ဤရက်အနည်းငယ်အတွင်း မီးလျှံသစ်သီး မှည့်လာမှာကို စောင့်နေခြင်း ဖြစ်လေ၏။

သူသည် အစက မကြာခင်အတွင်း တစ်ရက်လောက်အချိန်ပေးပြီး မီးလျှံသစ်သီးကို စားဖို့ ရည်ရွယ်ထား၏။ မမျှော်လင့်ဘဲနှင့် ဆူဇီမိုက ၎င်းကို တစ်ထိုင်တည်းနှင့် အကုန်စားပစ်လိုက်လေ၏။ အပေါ်ယံအခွံလေးပင် မကျန်ခဲ့ပေ။

စိတ်ဝိညာဉ်မျောက် စောစောက ဘယ်လောက်တောင် စိတ်ဆိုးဒေါသထွက်နေမလဲဆိုတာ စဉ်းစားကြည့်နိုင်ပေ၏။

ထိုသို့ဆိုသော်လည်း ယခုအခါ ဆူဇီတစ်ယောက် အလွန်တရာ နာကျင်ခံစားနေရသည်ကို ကြည့်ကာ စိတ်ဝိညာဉ်မျောက်သည် ‌ဒေါသမထွက်အားတော့ဘဲ ကြောက်ရွံ့တုန်လှုပ်လာလေ၏။

စိတ်ဝိညာဉ်မျောက်က အလွန်တရာ ဉာဏ်ကောင်းလှပေသည်။ ကြက်သွေးရောင်မီးလျှံသစ်သီးကို စားသုံးခဲ့သူမှာ သူသာဆိုလျှင် သူသည်လည်း ဆူဇီမို၏အခြေအနေထက် ပိုမကောင်းနိုင်ကြောင်း သူကောင်းစွာ သိလေ၏။ သူသေသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ဤသည်ကို တွေးတောပြီးနောက် စိတ်ဝိညာဉ်မျောက်သည် အနည်းငယ် လိပ်ပြာမလုံသလို ခံစားမိလေ၏။

ယခုဆူဇီမို ခံစားနေရသော အခြေအနေသည် သူသိမ်းထားသော သစ်သီးကြောင့် ဖြစ်ပေါ်လာတာ ဖြစ်လေ၏။

တစ်ကိုယ်လုံးသွေးများ ချင်းချင်းနီ၍ အလွန်တရာ ပူလောင်နာကျင်ခံစားနေရသော ဆူဇီမိုကို ကြည့်ကာ စိတ်ဝိညာဉ်မျောက်သည် နားရွက်ကိုကုတ်လိုက်၊ ပါးကိုကုတ်လိုက်နှင့် လုပ်နေလေ၏။ သို့သော်လည်း ဖြေရှင်းနိုင်မည့် အဖြေတစ်စုံတစ်ရာ သူရှာမတွေ့နိုင်ပေ။

All Chapters