အေးစက်နေသော ရေကန်အောက်တွင်
Vol. 2 Ch. 17
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၁၇) - အေးစက်နေသော ရေကန်အောက်တွင်
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
ကြက်သွေးရောင်မီးလျှံသစ်သီးရဲ့ အဆီအနှစ်၏ လောင်မြိုက်ခြင်းအောက်တွင် ဆူဇီမိုသည် ခန္ဓာကိုယ်သည် ဆူပွက်နေပေပြီ။ သူအသက်ရှူထုတ်လိုက်တိုင်းတွင် သူ့နှာခေါင်းထဲမှ ကြက်သွေးရောင် လေစီးကြောင်းက ထွက်ပေါ်လာလေ၏။
ပကတိရွှေအူတိုင်အဆင့်ပညာရှင်များ၏ ဘဝသက်တမ်းမှာ အများဆုံး နှစ်၅၀၀ အထိ ဖြစ်လေသည်။
ယခုသူစားလိုက်သော သစ်သီးမှာ နှစ်တစ်ထောင်ကြာမှ တစ်လုံးသာသီးတတ်သော စိတ်ဝိညာဉ်သစ်သီး ဖြစ်လေ၏။ ဘယ်လောက်များပြားသော စွမ်းအင်များကို သိုလှောင်ထားမလဲ စဉ်းစားကြည့်နိုင်ပေသည်။
စီးဝင်လာသော စွမ်းအင်များက အလွန်တရာ များပြားပေါကြွယ်လှပြီး ဆူဇီမိုသည် ဆက်လက်တောင့်မခံနိုင်တော့ပေ။ နတ်ဆိုးသားရဲဘုရင် ၁၂ပါး၏ လျှို့ဝှက်နက်နဲ ပညာရပ်ကြောင့် ငါးမိနစ်လောက်ကြာအောင် တောင့်ခံနိုင်ခဲ့သည်မှာပင် သူ့အတွက် အတော်လွန်လှပေပြီ။
“အား...!”
ဆူဇီမိုသည် ကောင်းကင်သို့ မော့၍ အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို ဘယ်နားသွားပုံချရမလဲ သူမသိတော့ပေ။ ထိုအရာက သူ့ကို သေချင်လောက်အောင် နာကျင်နှိပ်စက်နေလေ၏။
“ဘန်း!”
ဆူဇီမိုသည် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို လှည့်ပတ်ကာ တောင်တန်းဖိနှိမ်ခြင်းကို ပုံဖော်လိုက်၏။ သူသည် လိုဏ်ဂူထဲရှိ ကျောက်တုံးနံရံများကို ရှိသမျှအားဖြင့် ပစ်တိုက်ချလိုက်လေ၏။ တစ်ချက်ပြီးတစ်ချက်။ များစွာသော ကျောက်သားများသည် ကွဲအက်ကာ မြေပေါ်သို့ ကွာကျကုန်လေ၏။
ဘန်း! ဘန်း! ဘန်း!
ဆူဇီမို၏ မျက်လုံးနှစ်လုံးသည် ရဲရဲနီနေပေပြီ။ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ ထွက်သွားမလားစိတ်ကူးနှင့် ကျောက်တုံးနံရံများကို သူ့ခန္ဓာကိုယ်နှင့် ထပ်ကာထပ်ကာ ပစ်တိုက်ချနေလေ၏။
နံရံနှင့် သူတစ်ကြိမ်တိုက်လိုက်တိုင်းတွင် လိုဏ်ဂူသည် ပြင်းထန်စွာ တုန်ခါသွားပြီး ကျောက်စကျောက်နများက ပြုတ်ကျလာလေ၏။ လိုဏ်ဂူသည် အချိန်မရွေး ပြိုကျတော့မည်ကဲ့သို့ ဖြစ်လာလေ၏။
လိုဏ်ဂူသာ ပြိုကျသွားလျှင် ပေါင်သောင်းချီသော အလေးချိန်က သူတို့အပေါ်သို့ ပိကျလာပေလိမ့်မည်။ ဘယ်လောက်သန်မာလှပါသည်ဆိုတော့ ခန္ဓာကိုယ်ပဲဖြစ်ဖြစ် အသားပြားဖြစ်သွားပေလိမ့်မည်။ လူတစ်ယောက်နှင့် မျောက်တစ်ကောင်သည် အချိန်မရွေး သေသွားနိုင်သည့် အနေအထားပင်။
ဆူဇီမိုသည် ပုံမှန်အသိစိတ် ပျောက်ဆုံးနေပြီဖြစ်ပြီး စိတ်ဝိညာဉ်မျောက်ကတော့ ထိုသို့မဟုတ်ပေ။
ဆူဇီမိုသည် သေရတော့မည်မှာ သိသာထင်ရှားလေသည်။ သူနှင့် စိတ်ဝိညာဉ်မျောက်သည် ဆွေမျိုးနီးစပ်လဲ မတော်သလို မိတ်ဆွေအရင်းအခြာလည်း မဟုတ်ပေ။ သူတို့သည် အမှတ်တမဲ့ တွေ့ဆုံခဲ့ကြခြင်းသာ ဖြစ်လေသည်။ ဤနေရာမှ ယခုချက်ခြင်း အလျှင်အမြန် ထွက်သွားဖို့က စိတ်ဝိညာဉ်မျောက်အတွက် လိမ္မာပါးနပ်သော ရွေးချယ်မှု ဖြစ်လေ၏။
သို့သော်လည်း ဤအခြေအနေတွင် စိတ်ဝိညာဉ်မျောက်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များက ပေါ်ပေါက်လာလေ၏။
စိတ်ဝိညာဉ်မျောက်သည် တစ်ခဏကြာ ချီတုံချတုံ ဖြစ်နေပြီးနောက် ထွက်သွားဖို့ မရွေးချယ်ခဲ့ပေ။
ဘေးမှာ ရပ်နေပြီး သူသည် မီးခဲပေါ် ဖင်ခုထိုင်ထားရသလို ဖြစ်နေ၏။ သူသည် အံ့ဖွယ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာဖို့ မျှော်လင့်ရင်း မျက်လုံးကို မှိတ်လိုက်ဖွင့်လိုက် လုပ်နေလေ၏။
“ဘန်း! ဗွမ်း! ဗွမ်း!”
ဤအချိန်တွင် ထိခိုက်ပြိုကျသော အသံများက ကျောက်တုံးနံရံဆီမှ ထွက်ပေါ်လာလေ၏။ တောင်ကုန်းတစ်ခုလုံးက ခဏမျှ တုန်ခါသွားလေ၏။
“အိုး!”
စိတ်ဝိညာဉ်မျောက်၏ မျက်လုံးက တောက်ပသွား၏။ ဆူဇီမို၏ ပစ်တိုက်ချက်များကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများက လိုဏ်ဂူ၏ ကျောက်တုံးနံရံကို ပြိုကျသွားစေပြီး သူ့ကို နောက်ထပ် လိုဏ်ဂူတစ်ခုထဲသို့ ပစ်ကျသွားစေ၏။
လိုဏ်ဂူထဲမှာမှ နောက်ထပ်ထပ်ဆင့်လိုဏ်ဂူတစ်ခု!
စိတ်ဝိညာဉ်မျောက်သည် လျှင်မြန်စွာ လှမ်းလိုက်ပြီး ဆူဇီမိုနောက်ကို အမှီလိုက်,လိုက်လေ၏။ ဒုတိယလိုဏ်ဂူသည် သေးငယ်ပြီး ကျဉ်းမြောင်းလေ၏။ ထိုလိုဏ်ဂူ၏ အလယ်တွင် ရေကန်ငယ်လေးတစ်ခု ရှိလေ၏။ ထိုနားရှိ လေထုက ရေခဲတစ်မျှ အေးစက်နေပြီး အရိုးထဲသို့ပင် ဖောက်ဝင်လာလေ၏။
စိတ်ဝိညာဉ်မျောက်သည် လိုဏ်ဂူထဲသို့ မရောက်ခင်မှာပင် သူ့တစ်ကိုယ်လုံးက ချမ်းတုန်နေပေပြီ။ သူသည် သူ့ခြေလှမ်းကို ချက်ခြင်းပင် ရပ်တန့်လိုက်၏။
ရေကန်ငယ်လေးမှ ထွက်ပေါ်လာသော လေအေးများသည် အလွန်ပြင်းထန်လှလေသည်။ စိတ်ဝိညာဉ်မျောက်သည် အနားသို့တိုးကပ်ကြည့်လိုက်သောအခါ နှင်းခဲလွှာတစ်ခုက ပေါ်လာပြီး သူ့ခန္ဓာ၏ အမွှေးများပေါ်သို့ တစ်ဖြည်းဖြည်းချင်း ပျံ့နှံ့သွားလေ၏။ အအေးဓါတ်ကို သူ့အထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး ၎င်းက သူ့အသွေးအသားများကို များပြားလှစွာသော သံအပ်ကလေးများဖြင့် ထိုးဖောက်နေသလိုပင်။
ဤအချိန်တွင် ဆူဇီမိုက တစ်ကိုယ်လုံး လောင်ကျွမ်းနေလေ၏။ သူသည် အသည်းခိုက်မတတ် အအေးဓါတ်ကို အာရုံခံမိသောအခါ ထိုအေးမြသော ရေကန်ဆီသို့ ပြေးဝင်ချသွားလေတော့၏။
အအေးဓါတ်က လွန်ကဲလှပြီး ဘယ်လိုမှ တောင့်မခံနိုင်လောက်အောင်ပင်။
သို့သော်လည်း ကြက်သွေးရောင်မီးလျှံသစ်သီးကို အမှတ်တမဲ့ စားသုံးမိပြီး တစ်ကိုယ်လုံးလောင်ကျွမ်းနေသော ဆူဇီမိုကတော့ ထိုအအေးဓါတ်ကို ခြေဖျက်ခုခံနိုင်လေသည်။
ဆူဇီမိုသည် ရေကန်ငယ်ထဲသို့ တိုက်ရိုက်ခုန်ချလိုက်လေ၏။ ထို့နောက် ရဲနေအောင် မီးဖုတ်ထားသော သံချောင်းကို အေးစက်သော ရေထဲသို့ ပစ်ထည့်လိုက်သကဲ့သို့ တစ်ရှဲရှဲ တစ်ဖျစ်ဖျစ် အသံများက ထွက်ပေါ်လာလေ၏။
အပူနှင့်အအေး၊ မီးနှင့်ရေ၊ ကွဲပြားခြားနားသော ဆန့်ကျင့်ဘက် အားအင်နှစ်ခုက တစ်ခုနှင့်တစ်ခု ပွတ်တိုက်ချေဖျက်နေကြလေ၏။
ဆူဇီမိုသည် ရေကန်ထဲတွင် ပေါ်လာလိုက်၊ မြှပ်သွားလိုက်နှင့် တစ်ခါပြီးတစ်ခါ ဖြစ်နေလေတော့၏။ ရေငွေ့များက တက်လာပြီး မြူများက သိုင်းလာလေ၏။ ထိုအရာက နတ်ပြည်သို့ ရောက်နေသလိုပင်။
စိတ်ဝိညာဉ်မျောက်က ဤမြင်ကွင်းကို ခပ်လှမ်းလှမ်းကနေ မတ်တပ်ရပ် ကြည့်နေလေသည်။ ဤအခြေအနေတွင် ဆူဇီမိုသည် သေခြင်းတရားမှ လွတ်မြောက်နိုင်သွားလောက်ပြီဟု သူ ခပ်ရေးရေး မှန်းဆမိလေ၏။
ရှေးလူကြီးတွေ ပြောကြသလိုပင် အဆိပ်တိုင်း၏ ဖြေဆေးသည် ၎င်းအဆိပ်ဖြစ်ပေါ်စေသော နေရာဝန်းကျင်မှာပင် ရှိတတ်ကြလေ၏။
ဆူဇီမိုသည် ကြက်သွေးရောင်မီးလျှံသစ်သီးကို လွဲမှားစားသုံးမိပြီးနောက် ထွက်ပေါ်လာသော စွမ်းအင်များကို တောင့်မခံနိုင်ခဲ့ပေ။ သို့သော်လည်း သူသည် ကံကောင်းထောက်မစွာဖြင့် အေးစက်နေသော ရေကန်တစ်ခုကို ရှာတွေ့ခဲ့ပြီး ၎င်းမှ အအေးဓါတ်ဖြင့် သူ့အသွေးအသားများထဲရှိ လောင်ကျွမ်းတေဇောဓါတ်များကို ချိတ်ပိတ်တားဆီးဖိနှိမ်နိုင်ခဲ့လေ၏။
ဤတေဇောဓါတ်အဆီအနှစ်များက ဆူဇီမို၏ ခန္ဓာကိုယ်ထဲတွင် အကုန်မကြေပျက်သေးပေ။
သို့သော်လည်း ထိုတေဇောဓါတ်အဆီအနှစ်ခဲကြီးက သူ့ခန္ဓာကိုယ်ထဲတွင် ယာယီ ချိတ်ပိတ်သွားခဲ့လေ၏။ သူကျင့်ကြံသည့်အချိန်တိုင်းတွင် သူသည် ထိုကြက်သွေးရောင်မီးလျှံသစ်သီးမှ အဆီအနှစ်များ မကုန်မခြင်း နည်းနည်းချင်းစီ စုပ်ယူသန့်စင်နိုင်ပေလိမ့်မည်။
ဤအရာက အနာဂတ်တွင် သူကျင့်ကြံသည့်အခါ ဆူဇီမိုအတွက် များစွာ အထောက်အကူ ပြုပေလိမ့်မည်။
ရေကန်ထဲသို့ ရောက်ရှိသွားချိန်ကစပြီး ဆူဇီမိုသည် အသိစိတ် ပြန်ကပ်လာခဲ့ပေပြီ။
မကြာမီမှာပင် ကြက်သွေးမီးလျှံသစ်သီး၏ စွမ်းအင်က သူ့အတွက် အသက်အန္တရာယ်ကို မဖြစ်နိုင်စေတော့ကြောင်း သူနားလည်သွား၏။ ဆူဇီမိုသည် ရေကန်ထဲမှ ပြန်ခုန်တက်မလို့ လုပ်နေတုန်းမှာပင် ရူးရူးမူးမူး အတွေးတစ်ခုက ပေါ်လာပြီး နုလုံးခုန်မြန်လာလေ၏။
ဒီနေရာက ကြက်သွေးရောင်မီးလျှံသစ်သီးမျိုးကိုတောင် ပျိုးထောင်ပေးနိုင်တယ်ဆိုတော့ ဒီအေးစက်နေတဲ့ရေကန်နားမှာ အခြားအလားတူ အသီးတွေဘာတွေများ ရှိနေဦးမလား။
အေးစက်ရေကန်ရှိသော လိုဏ်ဂူသည် သိပ်မကျယ်လှပေ။ တစ်ချက်လောက် လှည့်ပတ်ကြည့်လိုက်တာနှင့် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ ဆူဇီမိုတစ်ယောက် မည်သည့်အရာကိုမျှ ရှာမတွေ့ပေ။ ‘ငါထင်တာ မှန်မယ်ဆိုရင် အဲ့ဒါက ရေကန်အောက်ခြေမှာ ရှိနေတာ ဖြစ်ဖို့များတယ်။’
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ရေကန်အောက်သို့ ထိုးငုပ်လိုက်လေ၏။
အေးစက်ရေကန်က အလွန်အကြူးကို အေးလွန်းလှလေသည်။ တစ်ခုထူးခြားတာက အဲ့လောက်အေးနေတာတောင် ရေများက ခဲမနေတာ ဖြစ်လေသည်။ ဆူဇီမိုသည် ပြင်းထန်လာသော ဖိအားကို တောင့်ခံရင်း ပို၍ ပို၍ နက်အောင် ငုပ်လျှိုးခဲ့လေ၏။ ကန်၏ရေကလည်း ပို၍ ပို၍ အေးစက်လာလေ၏။
လျှို့ဝှက်နက်နဲဂန္တဝင်ကို လေ့ကျင့်ပြီးနောက် ဆူဇီမို၏ အသက်အောင့်နိုင်စွမ်းက အတော်လေးကောင်းလာ၏။ သူသည် ဆယ်ငါးမိနစ်ကြာသည့်အထိ အသက်အောင့်နိုင်စွမ်း ရှိလေ၏။
သို့သော်လည်း ဆူဇီမို၏ ခန္ဓာကိုယ်မှ အအေးဓါတ်က လွန်စွာ ပြင်းထန်လာလေ၏။ သူ့လက်ချောင်းခြေချောင်းများသည် အေးစက်ထုံကျင်လာပြီး သွေးလှည့်ပတ်မှုနှုန်းကလည်း နှေးကွေးလာလေ၏။
ဤရေကန်၏ အောက်ခြေက အဆုံးမရှိဟု ထင်ရလေ၏။ ဒီအတိုင်းသာ ဆက်သွားနေလျှင် ရေကန်အောက်ခြေကို မမြင်ရခင်မှာပင် သူသည် အေးစက်တောင့်ခဲပြီး သေသွားပေလိမ့်မည်။၏။
ဤအချိန်တွင် ရုတ်တရတ် အေးစက်ရေကန်၏ အောက်ဘက်ထောင့်နားဆီမှ အနီရောင်အလင်းရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။
ဆူဇီမိုသည် ထိုအနီရောင်အလင်းကို သေချာစွာ စိုက်ကြည့်သော်လည်း ကြားထဲမှ ရေထုက မြင်ကွင်းကို ပိတ်ဆို့နေသောကြောင့် ရေရေရာရာ မမြင်နိုင်ပေ။ သူသည် ရေကန်၏ အနက်ပိုင်းတွင် ကျောက်သားပေါ်၌ စာလုံးလေးလုံး ထွင်း၍ ပုံဖော်ထားသည်ကိုသာ ဝိုးတဝါး မြင်ရလေ၏။
ဆူဇီမိုသည် လက်နှစ်ဖက်ဖြင့် ရေကို ထိုးခွဲယက်၍ အောက်သို့ ထပ်မံ ငုပ်လျှိုးလိုက်၏။ သူ့ခန္ဓာကိုယ်၏ ခံနိုင်ရည် အကန့်အသတ်သို့ ရောက်သောအခါမှသာလျှင် မျက်လုံးကိုဖွင့်၍ ထိုကြီးမာသား ကျောက်ချပ်အပိုင်းကြီးကို လှမ်းကြည့်လိုက်လေ၏။
မီး!
ဆူဇီမိုသည် ကျောက်သားပေါ်ရှိ စာလုံးလေးလုံးအနက်မှ ‘မီး’ ဆိုသော စာလုံးတစ်လုံးကိုသာလျှင် ကွဲကွဲပြားပြား မြင်ရလေ၏။ ကျန်ရှိသော စာလုံးသုံးလုံးမှာမူ ဝါးတားတား ရှိနေဆဲပင်။
အအေးဓါတ်က သူ့ခန္ဓာကိုယ်တွင်းသို့ စိမ့်ဝင်လာပြီး သူသည် တစ်ကိုယ်လုံး ချမ်းတုန်လာလေ၏။
“ဒီတိုင်းသာ ဆက်သွားရင် ငါသေသွားလိမ့်မယ် ထင်ပါရဲ့”
ဆူဇီမိုသည် ဆက်လက်မငုပ်ရဲတော့ပေ။ သူသည် ခြေလက်လေးဘက်ကို အသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လိုက်လေတော့၏။
များမကြာမီတွင် ဆူဇီမိုသည် ရေကန်ထဲမှ တက်လာခဲ့လေ၏။ သူ့ဆံပင်များနှင့် မျက်ခုံးများတွင် နှင်းခဲလွှာများက ကပ်ငြိနေလေ၏။ သူ့နှုတ်ခမ်းက ခရမ်းရောင်သန်းနေပြီ ဖြစ်ပြီး မျက်နှာက ဖြူလျော့ဖျော့တော့နေပြီ ဖြစ်လေတော့၏။
ရှူး!
ဆူဇီမိုသည် ဟောဟဲဆိုက်နေပေပြီ။ သူ့ဦးခေါင်းထိပ်မှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာလေ၏။
“ဝူးဝုဝူး!”
စိတ်ဝိညာဉ်မျောက်သည် မလှမ်းမကမ်းကနေ ဆူဇီမိုကို စကားများ လှမ်းပြောနေလေ၏။ သူသည် ဆူဇီမိုအား စိုးရိမ်စွာဖြင့် အခြေအနေ ဘယ်လိုလဲဟု မေးနေသလိုပင်။
“ငါ အဆင်ပြေသွားပါပြီ”
ဆူဇီမိုသည် ပြုံးလိုက်၏။ တစ်ခဏကြာ နားနေပြီးနောက် သူသည် အေးစက်ရေကန်ကနေ ထထွက်လာခဲ့လေ၏။
ဒီတစ်ကြိမ်တွင် ဆူဇီမိုသည် ကပ်ဆိုးထဲမှ အတော်လေး အမြတ်ထုတ်လိုက်နိုင်၏။ သူသည် အရွတ်အသွင်ပြောင်းလဲခြင်းတွင် စဦးအောင်မြင်မှုကို ရရှိနိုင်ခဲ့သလို၊ အလွန်အားကောင်းသော စွမ်းအင်အရင်းအမြစ်ကိုလည်း သူ့ခန္ဓာကိုယ်ထဲတွင် ချိတ်ပိတ်ထားနိုင်ခဲ့လေ၏။
ဆိုလိုသည်မှာ ဆူဇီမိုသည် မည်သည့်အစားအစာမျှ စားသုံးစရာမလိုဘဲ ခန္ဓာကိုယ်ထဲမှ ချိတ်ပိတ်ထားသော စွမ်းအင်အဆီအနှစ်ကို နည်းနည်းချင်း စုပ်ယူ၍ အချိန်မရွေးနေရာမရွေး ကျင့်ကြံနိုင်လေ၏။
ဆူဇီမို၏ စိတ်ခံစားချက်က အတော်လေး ကြည်လင်ကောင်းမွန်လာလေ၏။ သူသည် စိတ်ဝိညာဉ်မျောက်၏ ပုခုံးကို ပုတ်လိုက်ပြီး “ကျေးဇူးတင်တယ် မောင်မျောက်ကလေး”ဟု ပြုံးရွှင်စွာ ပြောလိုက်လေ၏။
စိတ်ဝိညာဉ်မျောက်က ကောင်းကင်ကို တစ်ချက်မော့ကြည့်၍ ‘ဟမ့်!’ဟု ဆိုကာ နှာတစ်ချက်မှုတ်လိုက်လေ၏။ သူသည် ဆူဇီမို၏ ကျေးဇူးတင်စကားကို ပြန်လှန်တုံ့ပြန်မနေပေ။
ဆူဇီမိုသည် မနေနိုင်စွာ ရယ်ချလိုက်လေ၏။
ဤမျောက်က အတော်မာနကြီးလေ၏။ ဆူဇီမိုသည် သူ၏စိတ်နေသဘာထားကို နည်းနည်းတော့ နားလည်လာလေ၏။
ဆူဇီမိုသည် မတ်တပ်ရပ်လိုက်ပြီး ခြေနှစ်ဖက်ကို အနည်းငယ်ချဲလိုက်ကာ အရွတ်အသွင်ပြောင်းလဲခြင်းမှ မျှော်လင့်ချက်မျောက်ဝံ၏ ကိုယ်ဟန်သုံးသွယ်ကို ကျင့်ကြံဖို့ ပြင်ဆင်လိုက်လေ၏။
မျှော်လင့်ချက်မျောက်ဝံလက်သီးချိတ်စည်း၊ မျှော်လင့်ချက်မျောက်ဝံ သစ်သီးကမ်းလှမ်းခြင်း၊ မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်း။
ပထမကိုယ်ဟန် နှစ်မျိုးမှာ သတ်ဖြတ်ခြင်းသိုင်းကွက်များဖြစ်ပြီး တတိယကိုယ်ဟန်မှာ အနှစ်အချုပ် ဖြစ်လေ၏။ တျဲယွဲ့က သူ့ကို တစ်ခါက ပြောဖူးလေ၏။ သူသည် သေဘေးနှင့်ကပ်သီသော အခြေအနေနှင့် မကြုံရမခြင်း မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်း ကိုယ်ဟန်ကို ပုံဖော်နိုင်လိမ့်မည် မဟုတ်ပေ။
တောင်ကြားထဲတွင် ဝံပုလွေအုပ်၏ ဝန်းရံခြင်းကို ခံနေရသောအချိန်မှာပင် ဆူဇီမိုသည် မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်းကိုယ်ဟန်ကို မထုတ်ဖော်ခဲ့ပေ။ ဘာကြောင့်ဆိုသော် သူသည် အဲ့အချိန်တုန်းက အရွတ်အသွင်ပြောင်းလဲခြင်း၏ စဦးအောင်မြင်မှုကို မရရှိသေးသောကြောင့် ဖြစ်လေသည်။ အဲ့ဒီတုန်းကသာ ထိုအရာကို သူပြုလုပ်ခဲ့လျှင် သူ၏ကြီးမားသော အရွတ်များသည် စုတ်ကွဲထွက်ကာ သူ့ခန္ဓာသည် ပေါက်ကွဲပြီး နေရာမှာပင် ပွဲချင်းပြီး သေသွားပေလိမ့်မည်။
အနာကွန်ဒါ၏ အရွတ်များသည် လိုက်လျောညီထွေပြောင်းလဲနိုင်၍ ဒူပေနာပေခံနိုင်ရည်ရှိပြီး မျောက်ဝံ၏ အရွတ်များကတော့ သန်မာသလို နူးညံ့ပျော့ပျောင်းနိုင်စွမ်းလည်း ရှိလေ၏။ လူတစ်ယောက်သည် မျှော်လင့်ချက်မျောက်ဝံ လက်သီးချိတ်စည်းကို လေ့ကျင့်သည့်အခါ အရွတ်များ၏ ဆက်တိုက် ဆွဲဆန့်ခြင်း၊ တုန်ခါခြင်းများ၏ တက်ကြွပြင်းထန်သော အားအင်ကို ခံနိုင်ရည်မရှိသည့်အခါ ထိုအရွတ်များသည် ကွဲအက်ပေါက်ထွက်ကုန်ပြီး မသေလျှင်တောင် သွက်ချာပါဒ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့်သာ မျောက်ဝံကိုယ်ဟန်ကို မလေ့ကျင့်ခင် အနာကွန်ဒါကိုယ်ဟန်ကို အရင်လေ့ကျင့်ရခြင်း ဖြစ်လေ၏။
ဆူဇီမိုသည် ခဏမျှ နားလိုက်ပြီးနောက် ခန္ဓာကိုယ်ကို ဆန့်ဆန့်မတ်လိုက်၏။ သူ၏ ဘယ်ဘက်လက်သီးက ရင်အုပ်ရှေ့မှာ ကာထားလိုက်ပြီး ညာဘက်လက်သီးက စက်ဝန်းပုံသဏ္ဍာန်ဝေ့ယမ်းကာ အောက်ဘက်သို့ ထိုးချလိုက်လေ၏။
မျော်လင့်ချက်မျောက်ဝံ လက်သီးချိတ်စည်း!
ထို့နောက် ဆူဇီမိုသည် လက်သီးကို ပြန်သိမ်းလိုက်ပြီး ဒူးနှစ်ဖက်ကို ကွေးညွတ်၍ ပေါ့ပါးသော မျောက်တစ်ကောင်လို ခန္ဓာကိုယ်ကိုကျုံ့လိုက်လေ၏။ သူသည် ဒူးတစ်ဖက်ကိုထောက်ကာ လက်နှစ်ဖက်က သစ်သီးတစ်လုံးကို ကိုင်ထားသည့်ဟန်ဖြင့် အပေါ်သို့ ပင့်တင်လိုက်လေ၏။
မျှော်လင့်ချက်မျောက်ဝံ သစ်သီးကမ်းလှမ်းခြင်း!
ကိုယ်နေဟန် အနေအထားအရ ကြည့်ရလျှင် ဤကိုယ်ဟန်နှစ်သွယ်သည် သေဖြတ်ခြင်း အကွက်များဟု မထင်ရပေ။
ဆူဇီမိုသည် ခေါင်းခြောက်နေ၏။ ဘာပါလို့ သူသေချာ မပြောနိုင်သော်လည်း လေ့ကျင့်ခြင်းနှင့်ပတ်သတ်ပြီး တစ်ခုခု လွဲမှားနေသလို သူခံစားနေရလေ၏။
“ဂါ့ဂါ့ဂါ့ဂါ့!”
ဤအချိန်မှာပင် ဘယ်သူ့ကိုမှ ဂရုမစိုက်သည့်ဟန်ပန်ဖြင့် အားပါးတရ ရယ်သံတစ်ခုက ထွက်ပေါ်လာလေ၏။
ဆူဇီမိုသည် လှည့်ကြည့်လိုက်၏။ စိတ်ဝိညာဉ်မျောက်သည် ထိုင်လျက်နှင့် ဆူဇီမိုကို လက်ညိုးထိုးပြီး အားရပါးရကို လှောင်ရယ်နေလေ၏။ သူ၏ မျက်လုံးများက အထင်အမြင်သေးခြင်းကို ဖော်ပြနေလေ၏။ သူ၏ အမူအယာကို ဘာသာပြန်ရလျှင် ‘မင်းက သောက်ရူးပဲ’ ဟု ပြောနေသလိုပင်။
“ဒီသောက်မျောက် အထင်သေးတာ ငါထပ်ခံပြန်ပြီကွာ”
ဆူဇီမိုသည် သူ့ကို စူးစိုက်ကြည့်ရင်း “မင်းဘာထပ်ဖြစ်နေပြန်ပြီလဲ”ဟု ပြောလိုက်လေ၏။
မျောက်က လှောင်ရယ်နေတာကို ရပ်လိုက်၏။ သူသည် ခုန်ထကာ ရုတ်တရတ်ဆိုသလို ဆူဇီမိုထံသို့ မြားတစ်စင်းလို ပြေးဝင်ချသွားလေ၏။ သူ့ရဲ့ဘယ်ဘက်လက်က ရင်အုပ်ကို ကာထား၍ ညာဘက်လက်က လက်သီးဆုပ်ကာ လေထဲတွင် စက်ဝန်းပုံသဏ္ဍာန် ဝေ့ယမ်းလိုက်ပြီး ဆူဇီမို၏ ဦးခေါင်းကို ချိန်ရွယ်ပစ်သွင်းလိုက်လေ၏။
“အမ်”
ဆူဇီမို၏ မျက်နှာအမူအယာက ရုတ်ချည်း ပြောင်းလဲသွား၏။
စိတ်ဝိညာဉ်မျောက်၏ လက်သီးချက်က ‘မျှော်လင့်ချက်မျောက်ဝံ လက်သီးချိတ်စည်း’၏ ပြီးပြည့်စုံသော ပကတိကိုယ်ဟန်ပင် ဖြစ်လေတော့၏။ ၎င်းသည် ကြောက်စရာသတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ပို၍အားကောင်းတိကျရက်စက်လေ၏။
ဆူဇီမိုသည် မျှော်လင့်ချက်မျောက်ဝံ လက်သီးချိတ်စည်းမှ ‘ချိတ်စည်း’ဟူသော စကားလုံး၏ အဓိပ္ပါယ်ကို ယခင်က သေချာ သဘောမပေါက်ခဲ့ပေ။
စိတ်ဝိညာဉ်မျောက်က သူ့ထံသို့ လက်သီးဖြင့် ပစ်သွင်းလိုက်သော အခိုက်အတန့်ကာလကလေးမှပင် အဲ့ဒါကို သူနားလည်သဘောပေါက်သွားလေတော့၏။
စိတ်ဝိညာဉ်မျောက်က လက်သီးကို ဆုပ်လိုက်၏။ ၎င်း၏ စိမ်းညိုရောင် အရွတ်ကြီးများက ငေါ့ထွက်လာပြီး အသွေးအသားများက ပြန့်ကားလာလေ၏။ ကြီးမားသော အချိတ်အပိတ်တစ်ခုလို ပွယောင်းလာသော လက်သီးကြီးက ရုတ်တရတ် ကျဆင်းလာလေ၏။
ဤထိုးချက်နှင့်အတူ လေထဲတွင် ပေါက်ကွဲသံကပါ ထွက်ပေါ်လာလေ၏။
ဒါက ဒီလိုပေါ့လေ။
မျှော်လင့်ချက်မျောက်ဝံ လက်သီးချိတ်စည်းတွင် အရွတ်၏ ခွန်အားကို အသုံးချပြီး အရေပြားနှင့်အသားကို ပိုမိုမာကျောသန်မာလာအောင် လုပ်ရ၏။ ထို့နောက် အရွတ်နှင့်အသားတို့ကို အတူတကွ စပ်ယှက်လိုက်သောအခါ လက်သီးချိတ်စည်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။ ဤသည်မှာ မျှော်လင့်ချက်မျောက်ဝံ လက်သီးချိတ်စည်း၏ အနှစ်သာရ ဖြစ်လေ၏။
လူတစ်ယောက်၏လက်သီးသည် ဘယ်လောက်အတိုင်းအတာအထိ ခွန်အားကြီးနိုင်ပါမည်လဲ။
သို့သော်လည်း ကြီးမားသော ချိတ်စည်းကြီးတစ်ခုက မျက်နှာကို လာရောက်ရိုက်ခတ်မည် ဆိုပါက ရလာဒ်က မည်သို့ ဖြစ်လာနိုင်ပါမည်လဲ။
ဆူဇီမိုနှင့် စိတ်ဝိညာဉ်မျောက်သည် တူညီသော သိုင်းကွက်ကို အသုံးပြုနေကြ၏။ သို့စေကာမူ ထွက်ပေါ်လာသော ရိုက်ခတ်မှုခွန်အားက မိုးနဲ့မြေလို ကွာခြားလေ၏။