← Chapters

ကန်းလန်ရိုးမမှာ တစ်နှစ်တာ

Vol. 2 Ch. 18

ကန်းလန်ရိုးမမှာ တစ်နှစ်တာ

Vol. 2 Ch. 18

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၁၈) ကန်းလန်ရိုးမမှာ တစ်နှစ်တာ

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

စိတ်ဝိညာဉ်မျောက်က ဒေါမာန်အဟုန်ပြင်းထန်သော မျှော်လင့်ချက် လက်သီးချိတ်စည်းကို ရုတ်တရတ် ဖော်ထုတ်လိုက်၏။ ဆူဇီမိုသည် ကြောင်အမ်းနေ၏။

ဆူဇီမိုသည် ဤကိုယ်ဟန်လှုပ်ရှားပုံကို ကြည့်၍ နားလည်ဆင်ခြင်နေသည် ဖြစ်လေရာ သတိလက်လွတ်ဖြစ်သွားပြီး စိတ်ဝိညာဉ်မျောက်၏ လက်သီးချက်က သူ့မျက်နှာပေါ်သို့ ကျရောက်သွားလေ၏။

ဆူဇီမိုသည် အငိုက်မိသွားပြီး ထိချက်က ပြင်းထန်၏။ သူသည် လွင့်စင်သွားပြီး လိုဏ်ဂူနံရံရှိ ကျောက်တုံးနံရံနှင့် ပစ်တိုက်ဆောင့်မိကာ နံရံသည် အနည်းငယ် ချိုင့်ခွက်သွားပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ၏။

“ဒီသောက်မျောက်က‌တော့ ငါ...”

ထိခတ်မှုကြောင် ဆူဇီမိုသည် မူးဝေသွားလေ၏။

ပထမတော့ ဤမျောက်က စိတ်လွတ်လက်လွတ် အမူအယာနှင့် ရယ်မောနေသေး၏။ နောက်တစ်ခဏမှာပင် သူသည် ချက်ခြင်း ရန်လိုလာပြီး ရုတ်တရတ် တိုက်ခိုက်ခဲ့လေ၏။ အဲ့ဒါက သိပ်တော့ ကျိုးကြောင်းဆီလျော်မှု မရှိပေ။

တစ်ကယ်တော့ စိတ်ဝိညာဉ်မျောက်သည် ဉာဏ်ကောင်းပြီး သိတတ်နားလည်နိုင်စွမ်း မြင့်မားသော်လည်း သူသည် လူသားတို့၏ လောကဝတ်ထုံးတမ်းများကိုတော့ နားမလည်‌ပေ။ ထို့ကြောင့်သူ့တွင် လူလောကမှာလို ကွက်ကျော်ရိုက်တာတွေ၊ လိမ်လည်လှည့်ဖျား ဉာဏ်ဆင်တာတွေ၊ ခြိမ်းခြောက်အကျပ်ကိုင်တာတွေလို အမူအကျင့်မျိုးတွေ ရှိမနေပေ။

တောထဲတွင် သားရဲမျိုးနွယ်တွေကြား ထိတွေ့ဆက်သွယ်မှုမှာ တိုက်ခိုက်ခြင်းသာ ဖြစ်လေသည်။

စိတ်ဝိညာဉ်မျောက်သည် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီးကတည်းက နောက်ပြန်ဆုတ်ဖို့စိတ်ကူး သူ့မှာ မရှိပေ။

ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာက နတ်ဆိုးသားရဲဘုရင် ၁၂ပါး၏ လျှို့ဝှက်နက်နဲဂန္တဝင်ပညာရပ်ကို လေ့ကျင့်ထားပြီး၊ ကြက်သွေးရောင်မီးလျှံသစ်သီးကို စားသုံး၍ အရွတ်အသွင်ပြောင်းလဲခြင်းတွင် စဦးအောင်မြင်မှုကို ရရှိခဲ့သောကြောင့်သာ ခံသာလေသည်။ မဟုတ်လျှင် ဤမျှော်လင့်ချက်မျောက်ဝံ လက်သီးချိတ်စည်းက သူကို သေလုမတတ် ဖြစ်သွားနိုင်လေသည်။

ဆူဇီမိုသည် သူ့နှာခေါင်းမှ စီးကျလာ‌သော သွေးများကို လက်ဖြင့် စမ်းကြည့်လိုက်၏။ သူ့မျက်နှာသည် မှုန်ကုပ်သွားပြီးနောက် “သောက်မျောက် မင်းက တိုက်ချင်တယ်ပေါ့လေ” ဟု အံကြိတ်ပြောလိုက်လေ၏။

“ဝူးဝူးဝူး!”

စိတ်ဝိညာဉ်‌မျောက်သည် အရေးမလုပ်ဟန်ဖြင့် ဆူဇီမိုဘက်သို့ သူ့လက်ညိုးကို ကွေးပြကာ ရန်စသရော်ရင်း စကားများ အဆက်မပြတ် ပြောနေလေ၏။

ဘာစကားမျှ ထပ်မပြောတော့ဘဲ ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းကို လှမ်းလိုက်လေ၏။ မျက်စိတ်တစ်မှိတ်အတွင်းမှာပင် သူသည် စိတ်ဝိညာဉ်မျောက်ရှေ့သို့ ရောက်သွားပြီး သူ့လက်ဝါးကို သွေဖယ်မြေလက်ဝါးပုံစံဖော်ကာ ရိုက်ချလိုက်လေ၏။

“ဝိုး”

ကောင်းကင်ထယ်သွားခြေလှမ်းနှင့် သွေဖယ်မြေလက်ဝါး၏ ပေါင်းစပ်ခွန်အားကြောင့် စိတ်ဝိညာဉ်မျောက်သည် ကြောက်ရွံ့တုန်လှုပ်သွားပြီး ကြက်သီးမွှေးညင်းများ ထလာလေ၏။

စိတ်ဝိညာဉ်မျောက်သည် သွေဖယ်မြေလက်ဝါ၏ ကြောက်စရာခွန်အားကို အာရုံခံစားမိသွား၏။ ထို့ကြောင့် သူသည် ထိပ်တိုက်ရင်မဆိုင်‌တော့ဘဲ ခြေဖျားထောက်ကာ အနောက်သို့ ပေါ့ပါးစွာ ခုန်ဆုတ်လိုက်လေ၏။

သူ့ရိုက်ချက်က လွဲချော်သွားသော်လည်း ဆူဇီမိုသည် စိတ်ထဲ သိပ်ထားမနေ‌ပေ။ သူသည် စိတ်ဝိညာဉ်မျောက်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားလေ၏။

ခြောက်လလောက် သေးရေးရှင်ရေး အခြေအနေများကို တွေ့ကြုံခံစားပြီးနောက် ဆူဇီမို ရရှိခဲ့သော အကျိုးအမြတ်မှာ အာရုံခံသတိစိတ် တစ်ခုသာ မဟုတ်ချေ။ သူသည် အနီးကပ်တိုက်ခိုက်စွမ်းရည်တွင် များစွာတိုးတက်လာခဲ့ပြီး အမျိုးမျိုးသော တိုက်ခိုက်ခြင်းနည်းစနစ်များကိုလည်း တတ်ကျွမ်းလာခဲ့၏။ (ပြဌာန်းထားပြီးသား သိုင်းပညာများကို တတ်ကျွမ်းလာခြင်းမျိုးမဟုတ်ဘဲ ကိုယ်တိုင်တိုက်ခိုက်ခြင်း အတွေ့အကြုံများမှ သင်ယူသိရှိလာခြင်းမျိုး ဖြစ်လေသည်။)

ဆူဇီမိုသည် ထပ်ကြပ်မကွာ လိုက်ပါသွားပြီး ဝမ်းဗိုက်အောက်နားကနေ လက်သီးနှစ်ဖက်ကိုဆုပ်၊ ဦးချိုနှစ်ချောင်းလို လက်ဆစ်နှစ်ခုကို ရှေ့ထုတ်ကာ စိတ်ဝိညာဉ်မျောက်၏ ရင်အုပ်ကို ပြေးထိုးဖောက်လိုက်လေ၏။

ဤမြင်ကွင်းကို ကြည့်၍ စိတ်ဝိညာဉ်မျောက်သည် နောက်ဆုတ်မသွားဘဲ ပြန်လည်ရင်ဆိုင် တိုက်ခိုက်လိုက်၏။ သူသည် ဒူးတစ်ဖက်ထောက်လိုက်သလို ခန္ဓာကိုယ်ကို ကွေးညွှတ်၍ ဆူဇီမို၏ နွားရိုင်းလရောင်ငေးမောခြင်းတိုက်ကွက်ကို ရှောင်လိုက်ပြီး ဆက်တိုက်ဆိုသလိုပင် သူ့လက်နှစ်ကို သစ်သီးတစ်လုံး ကိုင်ထားသည့်ဟန်ဖြင့် ပင့်တင်လိုက်လေ၏။

မျှော်လင့်ချက်မျောက်ဝံ သစ်သီးကမ်းလှမ်းခြင်း!

စိတ်ဝိညာဉ်မျောက် ဤကိုယ်ဟန်ကို ထုတ်ဖော်လိုက်သောအခါ ဆူဇီမိုသည် သတ်ဖြတ်လိုစိတ် အနည်းငယ်ကိုမျှ မခံစားခဲ့ရပေ။

မျှော်လင့်ချက်မျောက်ဝံ သစ်သီးကမ်းလှမ်းခြင်း၏ ကိုယ်ဟန်အနေအထားသည် တစ်စုံတစ်ယောက်က ဒူးထောက်အညံ့ခံကာ အရိုအသေပေးနေခြင်းနှင့် တူလေ၏။

သို့သော်လည်း ဘာကြောင့်ရယ်မသိ၊ ဆူဇီမိုသည် ခေါင်းနားပန်းကြီးသွားပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထလာလေ၏။

ဤကိုယ်ဟန်၏ နောက်ကွယ်တွင် ပြင်းထန်သော သတ်ဖြတ်ခြင်းအကွက်ကို သိုဝှက်ထားသည် သူ၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးနေ၏။

ဆူဇီမိုသည် မျက်လုံးကို မှိတ်ချလိုက်ပြီး အနောက်သို့ လျှင်မြန်စွာ ခုန်ဆုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် စိတ်ဝိညာဉ်မျောက်၏ နောက်ထပ်လာမည့် လှုပ်ရှားမှုကို သတိထား စောင့်ကြည့်နေလေ၏။

ဖန်း! ဖန်း! ဖန်း!

မူလက ကွေးညွတ်ထားသော စိတ်ဝိညာဉ်မျောက်၏ ခန္ဓာကိုယ်သည် ရုတ်တရတ် ဆန့်ထွက်လာပြီး ဆူဇီမို၏ ရှေ့သို့ ချက်ခြင်း ရောက်လာလေ၏။ ၎င်း၏ ခန္ဓာကိုယ်ရှိ အရွတ်များသည် တစ်ဆတ်ဆတ် တုန်ခါနေပြီး လေးကြိုးလွှတ်လိုက်သော အသံမျိုး ထွက်ပေါ်နေလေ၏။ ၎င်းကို ထုတ်လွှတ်လိုက်ချိန်တွင် အားကောင်းသော သတ်ဖြတ်လိုစိတ်က ဘွားကနဲ ပေါ်ပေါက်လာလေ၏။

ဆူဇီမို၏ ခေါင်းထဲတွင် အတွေးစိတ်ကူးများက ပေါ်လာ‌လေ၏။ သူသည် မျှော်လင့်ချက်မျောက်ဝံ သစ်သီးကမ်းလှမ်းခြင်း၏ အနှစ်သာရကို ဖမ်းဆုပ်မိလာလေ၏။

သူ၏ အရွတ်ကြီးများကို ဆွဲကျုံထားပြီးမှ ရုတ်တရတ် ဆန့်ထုတ်လိုက်လျှင် ကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်လေ၏။

မျှော်လင့်ချက်မျောက်ဝံ သစ်သီးကမ်းလှမ်းခြင်းသည် ပထမ သတ်ဖြတ်လိုစိတ်ကို ကွယ်ဝှက်၍ မိမိရန်သူကို အားနည်းချက်အဖြစ် ပြသပြီးမှ ရုတ်တရတ် သတ်ဖြတ်ခြင်းတိုက်ကွက်ကို ဖော်ထုတ်ကာ အငိုက်ဖမ်း တိုက်ခိုက်ရခြင်း ဖြစ်လေ၏။

ဘန်း! ဘန်း! ဘန်း!

ဆူဇီမိုနှင့် စိတ်ဝိညာဉ်မျောက်သည် လိုဏ်ဂူထဲတွင် ဆက်တိုက် တိုက်ခိုက်ခဲ့ကြ၏။

သိပ်မကြာခင်မှာပင် ဆူဇီမိုသည် စိတ်ဝိညာဉ်မျောက်ကို ဖိနှိမ်နိုင်ခဲ့လေ၏။

သို့သော်လည်း စိတ်ဝိညာဉ်မျောက်ကို အနိုင်ယူဖို့သည် ဆူဇီမိုအတွက် သိပ်ပြီး လွယ်ကူခဲ့တာတော့ မဟုတ်‌ပေ။

စိတ်ဝိညာဉ်မျောက်သည် တိုက်ပွဲတွင် သူ့အနေနဲ့ အသာစီးမရနိုင်တော့ဘူးဆိုတာ သိပ်မကြာခင် သဘောပေါက်သွားလေ၏။ ထို့ကြောင့် သူသည် မနိုင်,နိုင်တော့ဘူးထင်လျှင် သူ၏ လျှင်မြန်ပေါ့ပါးသော ခြေလှမ်းများကို သုံး၍ ထွက်ပြေးလေ၏။

တစ်ကယ်တော့ သူတို့ စတင်တိုက်ခိုက်ခဲ့ကြကတည်းက ဆူဇီမိုသည် သူ၏ ခွန်အားကို အားကုန်ထုတ်မသုံးခဲ့ချေ။

ထို့ကြောင့် စိတ်ဝိညာဉ်မျောက်သည် ရံဖန်ရံခါမှာ အံကိုကြိတ်၍ အသားကုန်အော်ဟစ်နေရသော်လည်း အပြင်းအထန် ဒဏ်ရာရသွားသည်ဟူ၍ မရှိဘဲ လူးလဲကျုံးထကာ ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်ချည်းသာ ဖြစ်လေသည်။

စိတ်ဝိညာဉ်မျောက်သည် သူ့အတွက် အကောင်းဆုံး တိုက်ခိုက်လေ့ကျင့်ဖော် ဖြစ်လေသည်။ ဆူဇီမိုသည် စိတ်ဝိညာဉ်မျောက်ကို အသုံးချ၍ သူ၏ အနီးကပ်တိုက်ခိုက်စွမ်းရည်များကို တိုးတက်စေချင်ရုံသာမကဘဲ မျှော်လင့်ချက်မျောက်ဝံ၏ ကိုယ်ဟန်သုံးသွယ်ကိုလဲ တတ်နိုင်သမျှ ပိုမိုနားလည်သဘောပေါက်လာအောင် လုပ်ချင်ပေသည်။

လူတစ်ယောက်သည် မျောက်တစ်ကောင်သည် တစ်ဦးနှင့်တစ်ဦး စကားတွေ အများကြီး မပြောကြသော်လည်း သူတို့နှစ်ယောက်ကြားတွင် ပြောစရာမလိုသော နားလည်မှုများ ရှိလေ၏။

ဆူဇီမိုသည် ဤလိုဏ်ဂူထဲမှာပင် ဆက်လက်နေဖြစ်ခဲ့၏။

လူတစ်ယောက်နှင့် မျောက်တစ်ကောင်သည် တစ်ခါတစ်ရံ ဝံပုလွေများရှိရာသို့ သွား၍ ပြဿနာရှာကြလေ၏။ သူတို့သည် ဝံပုလွေအချို့ကို သတ်ဖြတ်ပြီးနောက် ဝံပုလွေအုပ်ကြီးက သူတို့ကို ဝိုင်းမပတ်နိုင်ခင် ဖောက်ထွက်ပြန်ပြေးလာကြမည်သာ ဖြစ်လေ၏။

နောက်တော့ ဆူဇီမိုသည် စိတ်ဝိညာဉ်မျောက်၏ နံစော်နေသောချေးများကို လိမ်းကျံမနေတော့ပေ။ သူသည် ဝံပုလွေများအနံ့ခံခြင်းမှ ကာကွယ်နိုင်သည့် ဆေးပင်တစ်မျိုးကို ရှာတွေ့ခဲ့လေ၏။

လိုဏ်ဂူအပြင်ဘက်တွင် ဆူဇီမိုနှင့် စိတ်ဝိညာဉ်မျောက်သည် အတူလက်တွဲ၍ ဝံပုလွေများကို သတ်ဖြတ်ခဲ့ကြ၏။

လိုဏ်ဂူထဲသို့ ပြန်ရောက်လာသည့်အခါတွင်တော့ သူတို့နှစ်ယောက်သည် စကားအနည်းငယ် ပြောပြီးတာနှင့် လက်ရည်စမ်းတိုက်ခိုက်ကြလေတော့၏။

နောက်ပိုင်းတွင် စိတ်ဝိညာဉ်မျောက်သည် သူ့အနေနဲ့ ဘယ်လိုမှ အသာစီး မရနိုင်‌တော့ဘူးဆိုတာ သိလာပြီးနောက် စိတ်ထဲတွင် မခံချိမခံသာ ခံစားလာရပြီး၊ ထိုအချိန်မှစ၍ သူသည် စတင် အလစ်ချောင်း တိုက်ခိုက်လေတော့၏။

တစ်ခါတစ်ရံ ဆူဇီမို နားနေ၊ စားနေ၊ အိပ်နေသည့်အချိန်များတွင် စိတ်ဝိညာဉ်မျောက်သည် အနောက်ကနေ အလစ်ဝင်ရောက်တိုက်ခိုက်ပြီးနောက် ထွက်ပြေးလေ၏။ ထို့နောက် ခပ်လှမ်းလှမ်းမှနေ၍ ဆူဇီမိုကို မျက်နှာပြောင်ပြကာ အောင်နိုင်သူတစ်ယောက်လိုမျိုး မောက်မာစွာ ရယ်မောနေလေတော့၏။

အချိန်အနည်းငယ်ကြာလာပြီးနောက် ဆူဇီမို၏ အာရုံခံသတိစိတ်သည် ပို၍ စူးရှထက်မြက်လာပြီး စိတ်ဝိညာဉ်မျောက်၏ အလစ်ချောင်းမြောင်း တိုက်ခိုက်မှုများသည် သိပ်မအောင်မြင်တော့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်အချိန်ငါးလက ထပ်မံကုန်ဆုံးသွားပြန်လေပြီ။

ကန်းလန်ရိုးမအတွင်း တစ်နှစ်တာစမ်းသပ်ချက်ကာလက ကုန်ဆုံးပေတော့မည်။

ဤကာလအတွင်း ဆူဇီမိုသည် ကြက်သွေးရောင်မီးလျှံသစ်သီးကို စွမ်းအင်များကို စုပ်ယူသန့်စင်ကာ တောကောင်များ၏ အသွေးအသားများကိုလည်း စားသုံးခဲ့လေ၏။ ခန္ဓာကြံ့ခိုင်စေခြင်းနှင့် အရွတ်အသွင်ပြောင်းလဲခြင်းကလည်း ဆက်တိုက်တိုးတက်လာခဲ့ပြီး စဦးအောင်မြင်မှုကနေ သာလွန်အောင်မြင်မှုအဆင့်သို့ပင် ရောက်ရှိလာခဲ့လေ၏။

ဆူဇီမို၏ ခန္ဓကိုယ်က လုံးဝ ဟန်ချက်ညီလာ၏။ မာကြောနိုင်သလို နူးညံ့ပျော့ပျောင်း၍လည်း ရလေ၏။ သူ၏ ခြေလှမ်းများသည် ရက်ကွန်းဝံတစ်ကောင်လို ပေါ့ပါးလာပြီး သူလမ်းလျှောက်သည့်အခါ လေထဲသို့ အသံထွက်မလာသလို နှင်းတောထဲတွင်လည်း ခြေရာမထင်တော့ပေ။

တစ်ကယ်တော့ ဆူဇီမိုအတွက် အများဆုံးတိုးတက်လာသည်မှာ သူ၏ အနီးကပ်တိုက်ခိုက်စွမ်းရည် ဖြစ်ပေ၏။

ကန်းလန်ရိုးမအတွင်းတွင် ဆူဇီမိုနှင့် ယှဉ်ပြိုင်တိုက်နိုင်သော စိတ်ဝိညာဉ်တောကောင် သိပ်အများကြီး မရှိတော့ပေ။

လူတစ်ယောက်နှင့် မျောက်တစ်ကောင်သည် ဤနေရာ၏ တောဘုရင်ဖြစ်လာသည်ဟု ထင်ရလေ၏။ များစွာသော တောကောင်တို့သည် သူတို့နှစ်ယောက်ကို မြင်တာနှင့် ဝေးဝေးက ရှောင်ကြလေတော့၏။

ဆူဇီမိုသည် ထိုအေးစက်သောရေကန်ငယ်က သာမန်မဟုတ်ဟု စိတ်ထဲကနေ ထင်မိနေလေ၏။

ဤကာလအတွင်း ဆူဇီမိုသည် တစ်စုံတစ်ရာများ သိရမလားဆိုပြီး အေးစက်ရေကန်အောက်သို့ အကြိမ်များစွာ ငုပ်လျှိုးခဲ့လေ၏။

သို့သော်လည်း ရေကန်ကြမ်းပြင်နားသို့ မရောက်ခင်မှာပင် အရိုးကွဲမတတ် အအေးဓါတ်က သူ့ခန္ဓာကိုယ်အတွင်း ဖောက်ဝင်လာပြီးနောက် သူ့သွေးလှည့်ပတ်မှုက နှေးကွေးလာပြီး စတင်အေးခဲလာလေ၏။ ထို့ကြောင့် သူသည် တစ်ကြိမ်မျှ မအောင်မြင်ဘဲ ပြန်သာလာခဲ့ရ၏။

ဒီနေ့မှာတော့ ဆူဇီမိုသည် ကန်းလန်ရိုးမမှ မထွက်ခွာခင် နောက်ဆုံးတစ်ကြိမ်အဖြစ် အေးစက်ရေကန်အောက်သို့ ဆင်းခဲ့လေ၏။

သိပ်မကြာခင်မှာပင် ဆူဇီမိုသည် ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့၏။ သူ့မျက်နှာက စိတ်ပျက်လက်ပျက်ပုံပေါ်နေပြီး ခေါင်းခါလိုက်၏။

ဒီတစ်ကြိမ်လည်း မအောင်မြင်ခဲ့ပြန်ပေ။

ခန္ဓာကြံ့ခိုင်မီးဆေးခြင်းနှင့် အရွတ်အသွင်ပြောင်းလဲစေခြင်းတို့သည် အသွေး၊အသားနှင့် အရွတ်တို့ကို သန်မာလာ‌အောင် လေ့ကျင့်ရခြင်း ဖြစ်လေ၏။ ရေအနက်ပိုင်းသို့ ရောက်လာသောအခါ ခန္ဓာကိုယ်၏ ထိုအပိုင်းသုံးပိုင်းက တောင့်ခံနိုင်သော်လည်း အအေးဓါတ်က သွေးကြောများထဲသို့ စိမ့်ဝင်၍ အရိုးသို့ ဖောက်ဝင်လာသောအခါ ဆူဇီမိုသည် သိပ်ကြာကြာတောင့်မခံနိုင်တော့‌ပေ။

နတ်ဆိုးသားရဲ ကျင့်ကြံခြင်းနည်းစနစ်တွင် ခန္ဓာကြံ့ခိုင်မီးဆေးခြင်းနှင့် အရွတ်အသွင်ပြောင်းလဲစေခြင်းအပိုင်း ပြီးသောအခါ နောက်ထပ် ဆက်လက်လေ့ကျင့်ရမည့်အပိုင်းမှာ အရိုးမာကျောစေခြင်းနှင့် ခြင်ဆီသန့်စင်ခြင်းတို့ ဖြစ်လေ၏။

“အင်း ကြည့်ရတာတော့ ခြင်ဆီသန့်စင်ခြင်းအပိုင်းကို လေ့ကျင့်ပြီးမှသာ ငါဒီကန်အောက်ကို ‌ရောက်အောင်ငုပ်နိုင်လိမ့်မယ် ထင်ပါရဲ့ .. အဲ့အချိန်ကျမှ တစ်ခေါက်ပြန်လာကြည့်ရတာပေါ့” ဆူဇီမိုသည် တိတ်တဆိတ် ရေရွတ်လိုက်၏။

စိတ်ဝိညာဉ်မျောက် ဘယ်ထွက်သွားလဲဆိုတာ သူမသိလိုက်ပေ။ ဝံပုလွေတွေနဲ့ ဇယားသွားရှုပ်နေတာလဲ ဟုတ်ကောင်း ဟုတ်နိုင်ပေသည်။

ဆူဇီမိုသည် သိပ်တော့ စိတ်မပူပါ။

စိတ်ဝိညာဉ်မျောက်က အလွန်ဉာဏ်ကောင်းပြီး သတိကြီးလေ၏။ ကန်းလန်ရိုးမတွင် စိတ်ဝိညာဉ်တောကောင်ပေါင်း မြောက်မြားစွာ ရှိသော်လည်း သူ့ကို အန္တရာယ်ပေးနိုင်သောအကောင်က ရှားလေသည်။

ထို့အပြင် ဤကာလအတွင်း ဆူဇီမိုနှင့် အကြိမ်ပေါင်းများစွာ လက်ရည်စမ်းတိုက်ခိုက်ပြီးနောက် စိတ်ဝိညာဉ်မျောက်၏ တိုက်ခိုက်စွမ်းရည်က လွန်စွာ တိုးတက်လာခဲ့လေ၏။

ဆူဇီမို သိချင်မိသည်မှာ စိတ်ဝိညာဉ်မျောက်က အရွတ်အသွင်ပြောင်းလဲခြင်း အပိုင်းကို ဘယ်ကနေ သင်ယူလာတာလဲ ဆိုတာပင် ဖြစ်လေသည်။

စိတ်ဝိညာဉ်မျောက်သည် မျှော်လင့်ချက်မျောက်ဝံ၏ ကိုယ်ဟန်သုံးသွယ်ကို တတ်မြောက်ထားပြီး သူ၏ ဝင်လေထွက်လေ ရှူရှိုက်ပုံကလည်း အရွတ်အသွင် ပြောင်းလဲစေခြင်းအပိုင်းထဲကပုံနှင့် အတော်လေး ဆင်တူလေ၏။ အနည်းသာ ကွဲပြားသော်လည်းပေါ့။

အဲ့ဒါက နည်းနည်းတော့ ဆန်း၏။

စိတ်ဝိညာဉ်မျောက်ကို ဆူဇီမို မေးကြည့်သောအခါ သူက မေးခွန်းကို ရှောင်လွှဲသွားတတ်၏။

နောက်တော့ ဆူဇီမိုလည်း ထပ်မမေးတော့‌ပေ။

ယနေ့မှာတော့ ဆူဇီမိုသည် အပြင်မထွက်ဘဲ လိုဏ်ဂူထဲမှာသာ နေ,နေလေ၏။ သူသည် စိတ်ဝိညာဉ်မျောက် ပြန်လာတာနှင့် နှုတ်ဆက်ပြီး ပင်ယန်းမြို့သို့ ပြန်တော့မည်ဟု စိတ်ကူးထား၏။

တစ်နှစ်ကြာလာပြီး‌နောက် ဆူဇီမိုသည် ဆူမိသားစုကို လွမ်းလွန်းလှပေပြီ။ အထူးသဖြင့် သူ့အစ်ကိုကြီးနှင့် သူ့ညီမလေးကိုပင်။

နောက်ပြီး ဆူဇီမိုသည် တျဲယွဲ့နှင့်လည်း တွေ့ချင်ပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နေကုန်သွားပြီး မှောင်ရီစပျိုးလာပေပြီ။ စိတ်ဝိညာဉ်မျောက်က အခုချိန်ထိ ပြန်မလာသေးပေ။

ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။ သူ့မျက်လုံးထဲတွင် စိုးရိမ်မှု အရိပ်အယောင်တို့က ဝင်ရောက်လာပေပြီ။

ကန်းလန်ရိုးမက ညဘက်ဆို လွန်စွာ ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလေသည်။ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်သားရဲများက အမဲလိုက်ဖို့ ရံဖန်ရံခါ ပေါ်လာတတ်၏။ ဆူဇီမိုနှင့် စိတ်ဝိညာဉ်မျောက်သည် အစွမ်းအစအားဖြင့် မခေလှသော်လည်း သူတို့သည် စိတ်ဝိညာဉ်သားရဲများ၏ ပြိုင်ဘက်တော့ မဟုတ်ပေ။ (ဤတွင် စိတ်ဝိညာဉ်တောကောင်နှင့် စိတ်ဝိညာဉ်သားရဲသည် မတူပေ။ သားရဲက ‌တောကောင်ထက် ပိုအဆင့်မြင့်သော သတ္တဝါ ဖြစ်လေသည်။ ဤသည်ကို ဆူဇီမို ကန်းလန်ရိုးမတွင်းသို့ စရောက်ချိန်မှာ တျဲယွဲ့က သတိပေးစကားပြောကြားခန်းတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်လေ၏။)

ထို့ကြောင့် ညမရောက်ခင်မှာပင် သူတို့သည် ကျောက်လိုဏ်ဂူသို့ အမြဲပြန်လာခဲ့သည်ချည်းသာ ဖြစ်လေသည်။

စိတ်ဝိညာဉ်မျောက်သည် ဤမျှနောက်ကျသည်အထိ အပြင်မှာ တစ်ခါမျှ မနေခဲ့ဘူးပေ။

ဆူဇီမိုသည် စိတ်မသက်မသာ ခံစားလာရ၏။ သူသည် ရုတ်တရတ် မတ်တပ်ထရပ်လိုက်ပြီး ကျောက်တုံးနံရံတွင် ထိုးစိုက်ထားသော မိုးကြိုးဆေဘာကို ဆွဲနုတ်ယူ၍ ကျောတွင် သိုင်းချည်လိုက်ကာ လိုဏ်ဂူအပြင်ဘက်သို့ လှမ်းထွက်သွားလေတော့၏။

All Chapters