မင်းကတော့ သေချင်နေပြီထင်တယ်
Vol. 2 Ch. 19
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၁၉) - မင်းကတော့ သေချင်နေပြီထင်တယ်
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
ကောင်းကင်က တစ်ဖြည်းဖြည်း မဲမှောင်လာပြီး မိုးစချုပ်လာလေပြီ။
သည်လိုအချိန် ကန်လန်းရိုးမထဲတွင် ဖြတ်သန်းသွားလာဖို့ဆိုတာ လွန်စွာ အန္တရာယ်များလေသည်။ ဆူဇီမိုတောင် သူ့ကိုယ်သူ ဘေးအန္တရာယ်ကင်းဖို့ အာမ,မခံနိုင်ပေ။ သူသာ လမ်းမှာ စိတ်ဝိညာဉ်သားရဲများနှင့်တွေ့လျှင် သူတို့က သူ့ကို မျက်နှာသာပေးမှာ မဟုတ်ပေ။
သို့သော်လည်းပဲ ဆူဇီမိုသည် စိတ်ဝိညာဉ်မျောက်ကို ထွက်ရှာဖို့ ဆုံးဖြတ်ခဲ့၏။
စိတ်ဝိညာဉ်မျောက်သည် သူ့အသက်သခင်ကျေးဇူးရှင် ဖြစ်ရုံသာမက လေးနက်သော ပတ်သတ် ဆက်နွယ်မှုလည်း ရှိလေ၏။ ခြောက်လလောက် အတူနေထိုင် တိုက်ခိုက်ကြပြီးနောက် လူတစ်ယောက်နှင့် မျောက်တစ်ကောင်သည် အလွန်ခိုင်မာသော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို ပုံသွင်းတည်ဆောက်နိုင်ခဲ့လေ၏။
စိတ်ဝိညာဉ်မျောက်နှင့် ပေါင်းသင်းဆက်ဆံရခြင်းက လူသားများနှင့် ပေါင်းသင်းဆက်ဆံရခြင်းထက် ပိုမိုလုံခြုံစိတ်ချရလေ၏။
တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရာတွင် ပွင်းလင်းရိုးသားဖို့က အရေးကြီးဆုံးဖြစ်လေ၏။
စိတ်ဝိညာဉ်မျောက်သည် တိုက်ခိုက်ရတာကို ကြိုက်နှစ်သက်၍ ဆူဇီမိုကို လှောင်ပြောင်ရန်စလေ့ရှိသော်လည်း သူသည် လိမ်ညာ၍လည်းမပြောတတ်၊ အကောက်လည်းမကြံတတ်၊ နောက်ကျောကို ဓါးနဲ့ထိုးမယ့်သူမျိုးလည်း မဟုတ်ပေ။
စိတ်ဝိညာဉ်မျောက်တွင် တစ်မူဆိုးရွားသောကိုယ်နံ့ ရှိသောကြောင့် သူ့ကိုခြေရာကောက်လိုက်ဖို့က သိပ်တော့ မခဲယဉ်းလှပေ။ ဆူဇီမိုသည် လိုဏ်ဂူအပြင်ဘက်သို့ထွက်ပြီး သိပ်မကြာမီ ထူးခြားသောအနံ့ကို အာရုံခံမိလိုက်ပြီး အရပ်တစ်ဖက်သို့ ဦးတည်ပြေးချသွားလေတော့၏။
သွားရာလမ်းတစ်လျှောက်တွင် ဆူဇီမိုသည် စိတ်ဝိညာဉ်တောကောင် များစွာနှင့် ကြုံတွေ့ခဲ့ရလေ၏။
သို့သော်လည်း ဆူဇီမိုသည် သူတို့နှင့် တိုက်ခိုက်နေဖို့ အာရုံမလာပေ။ သူသည် စိတ်ဝိညာဉ်မျောက်၏ ကိုယ်နံ့ကို အာရုံခံ၍ ခြေရာကောက်ကာ တောက်လျှောက်လိုက်နေလေ၏။
စိတ်ဝိညာဉ်တောကောင် အများစုကလည်း ဆူဇီမိုကို မှတ်မိနေသောကြောင့် မြင်တာနှင့် ဝေးဝေးသို့ ရှောင်ကြလေ၏။
သိပ်မကြာမီမှာပင် ဆူဇီမိုသည် ခြေလှမ်းကို ရပ်တန့်လိုက်၏။ သူသည် နားနှစ်ဖက်ကိုစွင့်လိုက်ရာ လက်နက်ခြင်း ထိခတ်သံများ တစ်စွန်းတစ်စကို ကြားရလေ၏။
“အမ့်”
ဆူဇီမို၏ မျက်စိက မှေးကျဉ်းသွား၏။
ကန်းလန်ရိုးမထဲမှာလာပြီး ဘာလို့များ လက်နက်ခြင်းထိခတ်သံတွေက် ထွက်နေရတာလဲဟ။
မူလအဆင့်သိုင်းပညာရှင်များတောင်မှ ကန်းလန်ရိုးမတောနက်ထဲသို့ သွားမလာဝံ့ပေ။ အထူးသဖြင့် အခုလို မှောင်ရီပျိုးစအချိန်မှာပေါ့။
ကျင့်ကြံသူများ!
ဤစကားလုံးက ဆူဇီမို၏ စိတ်ထဲသို့ ဝင်လာသောအခါ သူ့မျက်နှာက ရာသီဥတုလို အရောင်ပြောင်းသွားလေ၏။
လွန်ခဲ့တဲ့တစ်နှစ်ကသာဆိုလျှင် ဤအခြေအနေမျိုးကြုံရပါက ဆူဇီမိုသည် မောက်မောက်မာမာ သွေးကြွကြွနှင့် ကမူရှူးသိုး ဝင်ရောက်တိုက်ခိုက်မိပေလိမ့်မည်။
သို့သော်လည်း တစ်နှစ်လောက် အကြမ်းအတမ်း လေ့ကျင့်ပြီးနောက် ဆူဇီမိုသည် အရင်လို အတွေ့အကြုံနုနုနယ်နယ်နှင့် ထင်ရာစိုင်းလုပ်တတ်သော လူငယ်လေးတစ်ယောက် မဟုတ်တော့ပေ။
စဉ်းစားသင့်တာက နေဝင်ရီတရော အချိန်မှာတောင် ကန်းလန်းရိုးမအတွင်း နေရဲသောသူများက အဆင့်မြင့်ပညာရှင်များ ဖြစ်ရပေမည်။ သူတို့သည် အဆင့်-၁၊ အဆင့်-၂ ချီစစ်သည်တော်များလောက်ပင် မဟုတ်တန်ရာပေ။
ကန်းလန်ရိုးမအတွင်းရှိ စိတ်ဝိညာဉ်တောကောင်အများစုသည် စိတ်ဝိညာဉ်မျောက်ကို အန္တရာယ်မဖြစ်စေပေ။ သို့သော်လည်း ကျင့်ကြံသူများဆိုလျှင်တော့ စိတ်ဝိညာဉ်မျောက်အတွက် ပြဿနာရှိလာပေပြီ။
ဤသည်ကို တွေးတောပြီးနောက် ဆူဇီမိုသည် ခြေလက်များဖြင့် မြေပေါ်တွင် တွားသွားဝပ်လိုက်၏။ သူသည် အနာကွန်ဒါမြေတစ်ကောင်လို ဘယ်ညာယိမ်းလှုပ်ရှားကာ သစ်ပင်များကြား လျှောထိုးသွားလိုက်၏။
အနာကွန်ဒါ လမ်းကြောင်းဖောက်!
အရွတ်အသွင်ပြောင်းလဲခြင်း၏ ပထမကိုယ်ဟန်မှာ ရန်သူဘက်သို့ အသံမထွက်ဘဲ ချည်းကပ်ဖို့ ဖြစ်လေ၏။
လက်နက်ခြင်း ထိခတ်သံများက ပို၍ ရှင်းလင်းပီသ ပြင်းထန်လာလေ၏။ သူသည် ထိခတ်မှု အသံများကြားမှ ယောကျ်ားများ၏ ထိကပါးရိကပါး ပြောဆိုသံများနှင့် အမျိုးသမီးတစ်ယောက်၏ ပြန်လှန်ခံအော် ပြောဆိုသံများကိုပင် ကြားလာရလေ၏။
ဆူဇီမိုသည် တိုက်ပွဲဖြစ်ပွားရာနှင့် ဆယ်ပေအကွာ မြက်ပင်များကြားမှနေ၍ လဲလျောင်းချောင်းမြောင်း ကြည့်ရှုနေလေ၏။
လက်နက်များနှင့် ထိခတ်ပိုင်းဖြတ်မှုများကြောင့် တိုက်ပွဲဝန်းကျင်ရှိ သစ်ပင်များသည် အကုန်ပြတ်ကျကုန်လေပြီ။ တာအိုဝတ်စုံနှင့် ယောက်ျားငါးဦးသည် အဝါရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးကို ဝန်းရံတိုက်နေကြလေ၏။
အမျိုးသားငါးဦးသည် လက်များကို ဝေ့ယမ်း၍ ဓါးပျံများကို ထိန်းချုပ်နေကြလေ၏။ ဓါးပျံများနှင့် သူတို့အကြားတွင် မမြင်ရသော အားလှိုင်းများက ချိတ်ဆက်ပေးထားသလိုပင်။
အဝါရောင်ဝတ်ရုံနှင့် အမျိုးသမီးကလည်းပဲ ဓါးပျံတစ်ချောင်းကို ထိန်းချုပ်၍ တိုက်ခိုက်နေ၏။ သူမရဲ့ဓါး၏ ဝန်းကျင်တွင် မြူနှင်းလွှာများက ရစ်သိုင်းနေလေ၏။ သိသာစွာပင် ဤဓါးက အမျိုးသားငါးဦးလက်ထဲမှ ဓါးများထက် များစွာ အဆင့်မြင့်ပိုကောင်းလေ၏။
အဝါရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ ထိန်းချုပ်မှုအောက်တွင် ဓါးပျံက လွန်စွာ ပေါ့ပါးလျှင်မြန်လေ၏။
အဝါရောင်ဝတ်ရုံ အမျိုးသမီးတွင် အဆင့်မြင့် အဖိုးတန်သော ပစ္စည်းများ ပါလာပုံရ၏။ အခြားသူများ၏ ဓါးပျံများက သူမကိုယ်ပေါ်သို့ ကျရောက်လာသောအခါ သူမခန္ဓာကိုယ်ပတ်လည်မှာ လင်းလက်သွားပြီး အကာအကွယ်အလင်းလွှာတစ်ခုက ပေါ်လာလေ၏။ သို့စေကာမူ အချိန်ကြာလာသည်နှင့်အမျှ ထိုဒိုင်းကာ အလင်းလွှာက အရောင်မှိန်လာလေ၏။
အဝါရောင်ဝတ်ရုံနှင့် အမျိုးသမီးက လူငါးယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေ၏။ သူမ၏ ခြေလှမ်းများက ယိမ်းယိုင်လာပြီး ကြည့်ရတာ သိပ်ကြာကြာ ထိန်းနိုင်တော့မည် မထင်ပေ။ သူမသည် အောက်စည်းသို့ ရောက်လာသည်မှာ ထင်ရှားလေသည်။
ကျင့်ကြံသူများအကြား တိုက်ခိုက်ခြင်းများကို ကြည့်ရခြင်းက ဆူဇီမိုကို ပို၍ အမြင်ကျယ်လာစေ၏။
ဆူဇီမိုသည် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး အခြားတစ်ဖက်ကို ပြန်ပြောင်းကြည့်လိုက်၏။
တိုက်ပွဲနေရာ၏ဘေးတွင် အမျိုးသားနှစ်ယောက်က တိုက်ခိုက်ခြင်းများကို စောင့်ကြည့်နေကြလေ၏။ သူတို့နှစ်ယောက်၏ ဝတ်စားဆင်ယင်ပုံမှာ ပထမလူငါးယောက်နှင့် အတူတူပင် ဖြစ်လေသည်။ သူတို့သည် တစ်ဖွဲ့တည်းဖြစ်ကြသည်မှာ သိသာထင်ရှားလေသည်။
ရပ်ကြည့်နေသောလူနှစ်ယောက်ကြားတွင် စိတ်ဝိညာဉ်မျောက်က မတ်တပ်ရပ်နေလေ၏။ သူသည် ဒဏ်ရာများဖြင့် ပေပွနေသော်လည်း မောက်မာစွာနှင့် ဒေါမာန်ထနေလေ၏။ သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် အရောင်တောက်နေလေ၏။
ဆူဇီမိုသည် အာရုံစိုက်ကြည့်လိုက်၏။ စိတ်ဝိညာဉ်မျောက်၏ ရှေ့လက်နောက်ခြေများအားလုံးကို သံကျော့ကွင်းများဖြင့် တုပ်နှောင်ထားလေ၏။ သံကွင်း၏ အနားအတွင်းဘက်တွင် ထက်ရှသောစူးချွန်များပါရှိပြီး ထိုစူးချွန်များက သူ၏ အသားထဲသို့ ဖောက်ဝင်နေလေ၏။
စိတ်ဝိညာဉ်မျောက်သည် တစ်လက်မလောက် လှုပ်ရှားဖို့ပင် ခဲယဉ်းနေပေပြီ။
ဆူဇီမိုသည် ကျင့်ကြံသူများနှင့် တစ်ခါမျှ တိုက်ခိုက်ခဲ့ဖူးခြင်းမျိုး မရှိဘဲ သူတို့၏ တိုက်ခိုက်ခြင်းနည်းစနစ်များနှင့်လည်း အကျွမ်းမဝင်ပေ။ ဒါ့အပြင် သည်လူများ၏ ကျင့်ကြံခြင်းအဆင့်များကိုလည်း သူမပြောတတ်ပေ။
သို့သော်လည်း စိတ်ဝိညာဉ်မျောက် ဒုက္ခရောက်နေတာကို ကြည့်ပြီး ဆူဇီမို၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များက တက်ကြွလာလေ၏။ သူ၏အကြည့်များက အေးစက်ခက်ထန်လာလေ၏။
ဆူဇီမိုသည် စဉ်းစားနေ၏။ သူသည် ချက်ခြင်း ထမတိုက်သေးပေ။ ထိုအစား သူသည် ခန္ဓာကိုယ်ကို ဝပ်၍ ကွယ်ဝှက်နေလိုက်၏။
ဘာကြောင့်ဆိုသော် သူစတင်လှုပ်ရှားပြီဆိုတာနှင့် ရန်သူကို လက်စပြတ် သတ်ဖြတ်ရပေမည်။ ပြိုင်ဘက်ကို တုံ့ပြန်ဖို့ အချိန်မပေးလိုပေ။
ယခုရင်ဆိုင်ရမည်မှာ တစ်ယောက်ခြင်း တိုက်ခိုက်ရမှာမျိုး မဟုတ်ပေ။
သူသည် စုစုပေါင်း ခုနှစ်ယောက်တောင် ရင်ဆိုင်ရမှာ ဖြစ်လေသည်။
ပိန်ပိန်ပါးပါးနှင့် ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က ပြုံး၍ “ကောင်မလေး.. နင့်ရဲ့ ရွှေရောင်အဆောင်က သိပ်ကြာကြာပြောင်နိုင်တော့မှာ မဟုတ်ဘူးနော်.. စေတနာနဲ့ အကြံပေးလိုက်မယ်.. လက်လျှော့အညံ့ခံလိုက်.. မဟုတ်ရင်လည်း မင်းလေးပဲ ခံစားရမှာနော်” ဟူ၍ တဏှာသံဖြင့် လှောင်ပြောလိုက်လေ၏။
“ဒါတော့ဟုတ်တယ်ကွ.. ဓါးမှာက မျက်စိမပါဘူးလေ.. မတော်လို့များ မင်းမျက်နှာလေးကို ထိသွားရင်ဖြင့်.. အမလေး.. ငါရင်ကျိုးရပါချည်ရဲ့”
“ဟဲဟဲ.. မင်းလေးက ငါတို့ရဲ့ ပျော်ရွှင်ဖွယ်ဆုံဆည်းရာ အဆိပ်မှုန့်လည်းမိထားပြီဆိုတော့ .. မင်းက အခြေတည်အဆင့် ကျင့်ကြံသူဆိုသော်လည်းပဲ သိပ်ကြာကြာခံနိုင်တော့မှာ မဟုတ်ပါဘူးလေ”
အဝါရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် ဒေါသဖြင့် မျက်တောင်က တွန့်ကွေးသွား၏။ သူမ၏ အမူအယာက အေးစက်စက်နှင့် ခပ်ချေချေပင် ဖြစ်လေသည်။ သူမက “နင်တို့ကတော့ သေချင်နေပြီထင်တယ်.. ချီစုဖွဲ့စစ်သည်တော်လေးတွေကများ.. ဟမ့်.. ငါက အဇူရာနှင်းမြူလွှာဂိုဏ်းကပဲ.. ဘာလုပ်သင့်သလဲ ကွဲပြားနားလည်တယ်ဆိုရင် .. မြန်မြန်လစ်လိုက်တော့” ဟူ၍ အေးစက်ခက်ထန်စွာ ပြောလိုက်လေ၏။
ဆူဇီမို ငေးမောသွား၏။
ဝတ်ဝါအမျိုးသမီးက အခြေတည်အဆင့် ကျင့်ကြံသူဖြစ်လိမ့်မည်ဟူ၍ သူ မထင်ထားပေ။
သူမသည် ပျော်ရွှင်ဖွယ်ဆုံဆည်းရာဟူသော အဆိပ်မိထားပြီး ချီစုဖွဲ့စစ်သည်တော်ငါးယောက်ကိုပင် ယှဉ်ပြိုင်မတိုက်ခိုက်နိုင်တော့ပေ။
စောစောက သူတို့ပြောသည့် ရွှေရောင်အဆောင်ဆိုတာကိုလည်း သူတစ်ခါမျှ မကြားဖူးပေ။
မျက်နှာကြီးကြီးနှင့် ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က “ဟေ့ဟေး.. နင်က အဇူရာနှင်းမြူလွှာဂိုဏ်းကဆိုတာ သိရမှတော့ ငါတို့က ပိုလို့တောင် လွှတ်ပေးလို့ မဖြစ်တော့ဘူး.. နင်..ငါတို့ပျော်ရွှင်ဖွယ် ခုနှစ်ဖော်ရဲ့ လက်တွင်းကို ကျဆင်းသွားတာနဲ့ သေသာသေချင်ပါတယ်လို့ ညည်းတွားသွားရလောက်တဲ့အထိ ငါတို့လုပ်ပြမယ်” ဟု လှောင်ရယ်မော ပြောဆိုလိုက်၏။
ဤစကားများက ဝတ်ဝါအမျိုးသမီးကို စိတ်အာရုံပျက်ပြားသွားစေ၏။ သူမထိန်းချုပ်နေသော ဓါးပျံသည် တစ်ခဏလောက်လေး ရပ်တန့်သွားလေ၏။ ရလာဒ်ကတော့ အခြားဓါးပျံနှစ်ချောင်းက သူမဆီကို ဖောက်ဝင်လာလေ၏။
ခလန်! ခလန်!
ဝတ်ဝါအမျိုးသမီး၏ ဘေးပတ်လည်တွင် ရွှေရောင်ဒိုင်းကာအလင်းတစ်ခု ပေါ်လာပြီး ဝင်ရောက်လာသော ဓါးပျံနှစ်စင်းကို ပိတ်ဆို့ကာကွယ်လိုက်၏။ သို့သော်လည်း ဤထိခတ်မှုပြီးနောက် ဒိုင်းကာတွင် အက်ရာများ ပေါ်လာပြီး အချိန်မရွေး ပေါက်ပြဲပြိုလဲကျတော့မည်ကဲ့သို့ ဖြစ်လာ၏။
ဝတ်ဝါအမျိုးသမီးက မည်သည့်စကားမျှ မပြောဘဲ နှုတ်ခမ်းကို စူလိုက်၏။ သူမသည် ရှိသမျှအားဖြင့် အစွမ်းကုန် ခုခံရင်း ရှုံးပြီဟု ဝန်ခံဖို့ ငြင်းဆန်နေဆဲ ဖြစ်၏။
အခြားတစ်ဖက်မှာတော့ စိတ်ဝိညာဉ်မျောက်ဘေးတွင် ရှိနေသော နဖူးပြောင်ပြောင်နှင့် ချီစုဖွဲ့စစ်သည်တော်က စိတ်အေးလက်အေး အမူအယာနှင့် ရှိနေ၏။ ထိုသူက ပြုံးရင်းနှင့် “ကန်းလန်ရိုးမကို လာတဲ့ ခရီးစဉ်မှာ ငါတို့ အတော်လေး အမြတ်ထွက်လိုက်တာပဲ.. ဒီအမျိုးသမီးမှာ အဖိုးတန်ပစ္စည်းတွေ အများကြီးပါလာမှာ သေချာတယ်.. အဲ့ဒါထက် သူမပုံစံကိုလဲ တစ်ချက်ကြည့်လိုက်ဦး.. လုံးဝအမိုက်စားလေးနော်.. ဒို့ညီအစ်ကို ခုနှစ်ယောက်ကို ကောင်းကောင်း အသုံးတော်ခံပေးနိုင်လောက်မယ် ထင်ပါရဲ့ဟေ့.. ဟဟ”ဟူ၍ တဏှာစွက်၍ ရယ်သံနှော ပြောလိုက်လေ၏။
“ပြောသာပြောရတယ်.. ငါတို့မှာ ဆရာပေးခဲ့တဲ့ တောကောင်ချုပ်နှောင်ကျော့ကွင်းသာ ပါမလာခဲ့ရင် ဒီမျောက်ကို ဖမ်းနိုင်ဖို့က လွယ်မှာမဟုတ်ဘူးနော်” ဟူ၍ တုတ်ရှည်တစ်ချောင်းကို ကိုင်ထားသော နောက်ထပ် ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က ဝင်ပြောလိုက်လေ၏။
နဖူးပြောင်ပြောင်နှင့်တစ်ယောက်က “ငါတို့ပြန်ရောက်ရင် ဒီမျောက်စုတ်ကို အားရအောင်နှိပ်စက်ပြီး သွေးသစ္စာကျိန်ဆိုခိုင်းရမယ်.. မျောက်တစ်ကောင်ကိုများ ငါတို့ ဘာလို့ မနှိမ်နင်းနိုင်ရမှာလဲ” ဟု လှောင်ရယ်မောရင်း ကြိမ်းဝါးလိုက်၏။
ဤနှစ်ယောက်သည် အခြေအနေက စိတ်ပူစရာ မရှိတော့ဘူးဆိုတာ သိရပြီးနောက် အေးအေးလူလူပင် စကားပြောဆိုနေကြလေ၏။
ဤအချိန်တွင် စိတ်ဝိညာဉ်မျောက်၏ မျက်လုံးက သွေးရောင်လွှမ်းလာလေ၏။ သူသည် မူလက မလှုပ်မယှက် ရပ်နေသော်လည်း ရုတ်တရတ် ကိုယ်ကိုလှည့်လိုက်ပြီး ပါးစပ်ကိုဟ ချွန်ထက်သည့်သွားများကို လှစ်ဟပြကာ သူ့ဘေးရှိ ချီစုဖွဲ့စစ်သည်တော်၏လည်ပင်းကို ကိုက်ချလိုက်လေတော့၏။
စိတ်ဝိညာဉ်မျောက်၏ ခြေလက်များက ချုပ်ထား၍ လှုပ်ရှားလို့ မရပေ။ သို့သော်လည်း ကိုက်ဖြတ်ခြင်းကတော့ သူ၏ မွေးကတည်းက တတ်လာသော ကျွမ်းကျင်မှု ဖြစ်လေ၏။
ချီစုဖွဲ့စစ်သည်တော်လည်း သူ၏ မိမိရရ ကိုက်ဖြတ်ခြင်းကို ခံရပါက အသက်ရှင်ရဖို့ စိတ်ပင်မကူးပါလေနှင့်။
စိတ်ဝိညာဉ်မျောက်က ကြီးမားပြီး အရပ်ရှည်၏။ ထို့ကြောင့် သူ့ထက်အရပ်ပုသော ကျင့်ကြံသူကို ကိုက်ဖို့လုပ်သည့်အခါ သူ့ခေါင်းကို ငုံ့ရလေ၏။ သို့သော် သူ့ခန္ဓာကိုယ်က ချုပ်နှောင်ခံထားရသောအခါ စိတ်လိုလက်ရ မလှုပ်ရှားနိုင်ဘဲ လှုပ်ရှားမှုက အနည်းငယ် ကြန့်ကြာသွားလေသည်။
တုတ်ရှည်ကိုင်ထားသော ကျင့်ကြံသူ၏ မျက်နှာအမူအယာက ပြောင်းလဲသွားပြီး လျှင်မြန်စွာ ရှောင်ရှားလိုက်လေ၏။
ဗြိ!
သူသည် သေနိုင်လောက်သည့် လည်ပင်းကို အကိုက်မခံရအောင် ရှောင်လိုက်နိုင်သော်လည်း သူ၏ ပုခုံးစွန်းမှ အသားစိုင်တစ်ဖဲ့ကတော့ ပဲ့ပါသွားလေ၏။ လတ်ဆတ်သော သွေးများက စီးကျလာလေ၏။
“အား..!”
ချီစုဖွဲ့စစ်သည်တော်က သံကုန်ခြစ်၍ အော်ဟစ်လိုက်၏။ ထို့နောက် သူသည် ခါးအောက်နားရှိ အိတ်ငယ်လေးကို လက်ဖြင့်ထိလိုက်သောအခါ ကြွေပုလင်းလေးတစ်လုံးက သူ့လက်ဝါးပေါ် ရောက်လာလေ၏။
သူသည် ပုလင်းအဖုံးကိုဖွင့်၍ အမှုန့်တစ်ချို့ကို ထုတ်ယူကာ ပုခုံးထက်မှ ဒဏ်ရာပေါ်သို့ ဖိသိပ်လိုက်၏။ အံ့အားသင့်စရာပင်၊ စီးကျနေသောသွေးများက တိတ်သွားလေ၏။
ချီစုဖွဲ့စစ်သည်တော်က သူ့အနာကို စီမံပြီးနောက် ဒေါသတကြီးဖြင့် သူ့သံမဏိတုတ်ရှည်ကို ဆွဲမြှောက်လိုက်လေ၏။ အလင်းရောင်တစ်ချက် လက်သွားပြီး တုတ်ရှည်က စိတ်ဝိညာဉ်မျောက်၏ ဒူးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေ၏။ သူကပင် “သောက်မျောက်.. ဒူးထောက်စမ်း” ဟု ကြိမ်းမောင်းလိုက်လေ၏။
စိတ်ဝိညာဉ်မျောက်က တုန်ယင်နေ၏။ သူ့မျက်လုံးထဲတွင် နာကျင်မှု အရိပ်အယောင်များက အထင်းသား ပေါ်လာလေ၏။
သို့စေကာမူ ဤရိုက်ချက်က စိတ်ဝိညာဉ်မျောက်ကို ဒူးထောက်ကျသွားအောင် မစွမ်းဆောင်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာက သူ၏ သတ်ဖြတ်လိုစိတ်ကို သွား၍ နှိုးဆွပေးလိုက်သလိုပင်။
စိတ်ဝိညာဉ်မျောက်က သူ့ပါးစပ်ထဲပါလာသော အသားစကို ကိုက်ဝါးရင်း ဒေါသတကြီးဖြင့် ပြန်စိုက်ကြည့်နေလေ၏။ ထို့နောက် သူသည် ဝါးနေသော အသားစကို တစ်ချက်တည်းဖြင့် မြိုချပစ်လိုက်လေ၏။
ပြီးနောက် သူသည် ချီစုဖွဲ့စစ်သည်တော်၏ မျက်နှာဘက်သို့လှည့်၍ ‘ဂါ့ဂါ့’နှင့် ကျယ်လောင်စွာ လှောင်ရယ်နေလေ၏။
“သောက်မျောက်.. မင်းကတော့ သေချင်နေပြီထင်တယ်”
စိတ်ဝိညာဉ်မျောက်၏ အပြုအမူကြောင့် ကျင့်ကြံသူ၏ ဒေါသက ပို၍ ပြင်းထန်လာလေသည်။ သူသည် သံမဏိတုတ်ရှည်ကို နောက်တစ်ကြိမ်ထပ်မြှောက်လိုက်ပြီး စိတ်ဝိညာဉ်မျောက်၏ ဦးခေါင်းကို ရိုက်ချလိုက်လေ၏။
ဤအချိန်ကလေးမှာပင် အေးစက်သော အသံတစ်သံက သူ့နားထဲသို့ ဝင်ရောက်လာလေ၏။
“သေချင်နေတဲ့သူက မင်းပဲ!”