သတ်
Vol. 2 Ch. 20
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၂၀) - သတ်
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
ဤအသံနှင့်အတူ အားကောင်းသော သေခြင်းအော်ရာက လိုက်ပါလာပြီး သူ့ကို မွန်းကြပ်သွားစေ၏။
“ဘယ်သူလဲဟ.. ငါ့နောက်ကနေ ရုတ်တရတ် ထွက်လာတာ ငါသတိတောင် မထားမိပါလား”
သူ့အတွေးမဆုံးခင်မှာပင် သူ့ခေါင်းက နာကျင်သွားပြီး အသိစိတ်ပါ ချက်ခြင်း ပျောက်ကွယ်သွားလေတော့၏။
အစကတော့ ချီစုဖွဲ့စစ်သည်တော်၏ ဘေးမှ အခြားတစ်ယောက်သည် သူ့အဖော်က မျောက်ကို သင်ခန်းစားပေးဆုံးမနေတာကို စိတ်အေးလက်အေးနှင့် အရသာခံကြည့်နေခြင်းဖြစ်၏။ ရုတ်တရတ်ဆိုသလို ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်စရာ မြင်ကွင်းကို မြင်ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားပေ။
စောစောတုန်းက ခပ်လှမ်းလှမ်းမှ ချုံပုတ်လေးလှုပ်သွားတာကို သိလိုက်သော်လည်း သူ့စိတ်ထဲ သိပ်မထားမိခဲ့ပေ။
သို့သော်လည်း နောက်တစ်ခဏမှာပင် သူ့ရဲဘော်နောက်မှ ပုံသဏ္ဍာန်တစ်ခုက ဆန်းကြယ်စွာ ပေါ်လာလေ၏။ ဝိုးတဝါး အမှောင်ကြားမှ ဘွားကနဲပေါ်လာသော ထိုသူသည် အားကောင်းသော သတ်ဖြတ်ခြင်းအော်ရာနှင့် ငရဲမှ တက်လာသော တစ္ဆေတစ်ကောင်လိုပင်။
အဖြစ်အပျက်က ရုတ်တရတ် လျှင်မြန်လွန်းလှ၏။
ဝင်ရောက်လာသူက တုတ်ရှည်ကိုင်ထားသော ချီစုဖွဲ့စစ်သည်တော်၏ ဦးခေါင်းကို လက်ဝါးဖြင့် ဗြောင်းကနဲနေအောင် ရိုက်ချလိုက်လေ၏။ အရိုက်ခံရသူမှာ အငိုက်မိသွားပြီး ဘယ်လိုမှတောင် မကာလိုက်နိုင်ချေ။
ဖူး! ဖူး! ဖူး!
တုတ်ရှည်ကိုင်ထားသောသူ၏ ဦးခေါင်းသည် ကွဲကြေမွသွားပြီး လည်ပင်းမှ သွေးများပန်းထွက်လာသော အသံက သွေးပျက်ခြောက်ခြားစရာပင်။
နဖူးပြောင်ပြောင်နှင့် ချီစုဖွဲ့စစ်သည်တော်၏ မျက်နှာက သွေးဆုတ်ဖြူလျော့သွား၏။ သူကျယ်လောင်စွာ အော်ဟစ်မလို့ လုပ်တုန်းမှာပင် ဝင်ရောက်လာသူက သူထံသို့ ပြေးဝင်ချလာလေပြီ။ ထိုသူသည် ခြေနှစ်လှမ်းတည်းနှင့် သူ့ရှေ့သို့ ချက်ခြင်း ရောက်လာလေ၏။
သတ်ဖြတ်လိုသောအော်ရာများက ပျံ့နှံ့သွား၏။
ဤသို့လွှမ်းခြုံလာသောအော်ရာက နဖူးပြောင်ပြောင်နှင့်သူ၏ အော်ဟစ်တော့မည့် စကားသံများကို လည်းချောင်းဝမှာပင် တစ်စို့သွားစေ၏။
နဖူးပြောင်ပြောင်နှင့်သူသည် သူ့ခါးမှ အိတ်ငယ်လေးဆီသို့ အလိုအလျောက် လက်က လှမ်းလိုက်၏။ ဓါးပျံတစ်ချောင်းက သူ့လက်တွင်းသို့ ကျဆင်းလာသောအခါ သူ့စိတ်က အနည်းငယ် တည်ငြိမ်သွား၏။
သို့စေကာမူ သူသည် ဓါးပျံကို သေချာချိန်တွယ် မပို့လွှတ်နိုင်သေးခင်မှာပင် ဝင်ရောက်လာသူ၏ လက်ဝါးက သူ့ပေါ်သို့ ကျဆင်းလာနေပေပြီ။
ဖောက်!
နဖူးပြောင်ပြောင်နှင့်သူ၏ ဦးခေါင်းခွံသည် ကွဲကြေသွားပြီး ဦးနှောက်များက ပြန့်ကျဲသွားကာ နေရာမှာပင် ပွဲချင်းပြီး စင်းသွားလေတော့၏။
တစ်ကယ်တော့ စိတ်ဝိညာဉ်မျောက်က ချီစုဖွဲ့စစ်သည်တော်ကို ကိုက်ဖို့ကြိုးစားလိုက်ကတည်းက ဆူဇီမိုက သူ့ရဲ့လှုပ်ရှားမှုကို စတင်ခဲ့တာ ဖြစ်လေသည်။
သို့သော်လည်း နှစ်ဖက်နှစ်ဖွဲ့က ဆယ်ပေလောက်ကွာနေတာကြောင့် ဆူဇီမိုသည် အရမ်းကာရော ပြေးဝင်မသွားရဲပေ။ အနားမရောက်သေးခင် သူ့ကို ရှာတွေ့သွားမှာ စိုးသောကြောင့် ဖြစ်လေသည်။
ဆူဇီမိုတစ်ယောက် ချီစုဖွဲ့စစ်သည်တော်နှစ်ယောက်နားသို့ ရောက်ရှိသွားပြီးကတည်းက ထိုနှစ်ဦး၏ သေခြင်းတရားက ပြဌာန်းပြီးသား ဖြစ်နေခဲ့ပေပြီ။
ဖြစ်စဉ်တစ်ခုလုံးက ပြောပြရသည်မှာ ကြာသော်လည်း တစ်ကယ်တော့ လျှပ်တစ်ပြတ်အတွင်း ဖြစ်သွားခဲ့တာ ဖြစ်လေသည်။
ထိပ်တန်းအဆင့် သိုင်းသမားများအတွက် လျှပ်တစ်ပြတ်အချိန်ကလေးကပင် သေခြင်းရှင်ခြင်း အဆုံးအဖြတ် ဖြစ်လေ၏။
“အို့! အို့!”
စိတ်ဝိညာဉ်မျောက်က ဆူဇီမိုကို မှတ်မိသွားပြီး မျက်လုံးက အရောင်တောက်ကာ ဝမ်းသာပျော်ရွှင်သွားလေ၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
ဆူဇီမိုက စိတ်ဝိညာဉ်မျောက်ကို လျစ်လျူရှုထားလိုက်၏။ သူသည် စကားတစ်ခွန်းမျှမပြော၊ တည်ငြိမ်သောမျက်နှာထားနှင့်ပင် နဖူးပြောင်ပြောင် ချီစုဖွဲ့စစ်သည်တော်ကို သတ်ဖြတ်ပစ်လိုက်၏။ ခန္ဓာကိုယ်ကို ယိမ်းနွဲ့လှုပ်ရှားပြီး သူသည် အခြားတိုက်ပွဲနေရာတစ်ခုဆီကို ပြေးဝင်ချသွားလေ၏။
သူစမတိုက်ခင်ကတည်းက ဆူဇီမိုသည် တွက်ချက်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်၏။
သူစတိုက်ပြီဆိုတာနှင့် သူ၏ အပြင်းထန်ဆုံးတိုက်ကွက်များကို ဖော်ထုတ်ပြီး လျှပ်စီးလိုအမြန်နှုန်းဖြင့် ရန်သူကို အပြတ်ချေမှုန်းရပေမည်။
ဤချီစုဖွဲ့စစ်သည်တော်ခုနှစ်ယောက်သည် မကောင်းသောစိတ်ထားများ ရှိနေတာကို အသာထား၊ သူတို့သည် စိတ်ဝိညာဉ်မျောက်ကို ညှင်းဆဲနေတာ တစ်ခုတည်းနဲ့တင် ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို သွားနှိုးဆွပြီးသား ဖြစ်နေခဲ့ပေပြီ။
ဒါ့အပြင် သူသည် သူတို့ကို လွှတ်ပေးလိုက်ပါက မီးခိုးကြွက်လျှောက် ပြဿနာများကို ဖြစ်ပေါ်လာစေပေလိမ့်မည်။
ဤခုနှစ်ယောက်သည် ပျော်ရွှင်ဖွယ်ကလန်က ဖြစ်သည်ဟု ဆူဇီမို ရှင်းလင်းစွာ ကြားခဲ့ရ၏။ ဘယ်ပြောနိုင်ပါမလဲ၊ အဲ့ဒီကလန်မှာ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ရှိရင်ရှိနေမှာကို။ ဒီနေ့သတ်ဖြတ်မှုသာ ပေါက်ကြားသွားရင် သူတို့က သူ့ကို အမဲလိုက်ကြဦးမှာ မဟုတ်လား။
တိုက်ပွဲကွင်းတွင် ပျော်ရွှင်ဖွယ်ကလန်မှ ချီစုဖွဲ့စစ်သည်တော် ခုနှစ်ယောက်သည် ရုတ်တရတ် ပြောင်းလဲသွားသော အခြေအနေများကို ကြည့်၍ အံ့သြတုန်လှုပ်ကုန်ကြလေ၏။
ဘယ်သူက ထင်မိမှာလဲ၊ သူတို့၏ ရဲဘော်ရဲဘက်နှစ်ယောက်သည် တစ်ခဏလေးအတွင်းမှာပင် ဆိုးဆိုးရွားရွား အသေဆိုးနဲ့သေကုန်ကြလိမ့်မည်ဟူ၍။
သူတို့ကို ပိုပြီးတော့ စဉ်းစားရကြပ်သွားစေတာက ဝင်ရောက်လာသူသည် တောကောင်သားရေကို ဝတ်ဆင်ထားပြီး တိုနန မုတ်ဆိတ်မွှေးများ မျက်နှာအပြည့်နှင့် ဖြစ်လေ၏။ သူသည် ရှေးခေတ်က တောတွင်းသား လူရိုင်းတစ်ယောက်နှင့် တူနေလေ၏။ သူတို့သည် သူ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ချီ စီးဆင်းမှုကိုလည်း မတွေ့ရပေ။
သူက ကျင့်ကြံသူ မဟုတ်ဘူးလား။
ဒီလိုမျိုး တောတွင်းလူရိုင်းတစ်ကောင်က ချီစုဖွဲ့စစ်သည်တော်နှစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်း တစ်ကယ်ကြီး သတ်နိုင်တယ်ပေါ့။
သူတို့ငါးယောက်သည် သိပ်ပြီး စဉ်းစားနေဖို့ အချိန်မရပေ။ ဤလူရိုင်းက သတ်ဖြတ်လိုစိတ်အပြည့်၊ ကြောက်ခမန်းလိလိအော်ရာနှင့်အတူ သူတို့ရှိရာသို့ ပြေးဝင်ချလာပြီး ဖြစ်သောကြောင့် ဖြစ်လေ၏။
ဆူဇီမိုဘက်သို့ မျက်နှာချင်းဆိုင်လိုက်သော မျက်နှာပြဲပြဲနှင့် ချီစုဖွဲ့စစ်သည်တော်၏ မျက်လုံးထဲတွင် ရက်စက်ကောက်ကျစ်တော့မည့် အရိပ်အယောင်များက တိုးဝင်လာ၏။ သူသည် မနှစ်မြို့စွာ ပြုံးလိုက်ရင်း “ဒီလူရိုင်းက ဘယ်ကရောက်လာတာပါလိမ့်.. အန္တရာယ်ကို မသိဘူးထင်တယ်”ဟု ပြောလိုက်လေ၏။
“ဇီ..!”
ထိုသူက ဟိန်းဟောက်၍ သူ၏ဓါးပျံကို ဆူဇီမိုရှိရာသို့ ပစ်လွှတ်လိုက်လေ၏။
ဓါးပျံမှ အလင်းတန်းတစ်ခုက တောက်ပလာပြီး ဓါး၏အော်ရာက ပြင်းထန်အားကောင်းလာလေ၏။ ၎င်းက ထူးခြားလေသည်။
ဆူဇီမိုက သူ့မျက်လုံးကို မှိတ်ချလိုက်၏။ ဝင်လာသော ဓါးပျံကို ကြည့်၍ အစက သူသည် နွားရိုင်းလျှာဆေဘာအကွက်ကို သုံးပြီး ဓါးကို ကျိုးပဲ့သွားစေဖို့(သို့) ပြန်ကန်လွင့်စင်သွားစေဖို့ ရည်ရွယ်ထား၏။
သို့သော်လည်း ဆူဇီမို၏ ထက်မြက်သော အာရုံခံသတိစိတ်က သူ့ကို သတိပေးနေ၏။ ဤဓါးက လွန်စွာအားကောင်းပြီး ထိုသို့လုပ်ပါက သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေလိမ့်မည် ဟူ၍။
ဆူဇီမိုသည် လျှပ်စီးလိုအမြန်နှုန်းဖြင့် ရှေ့သို့ ပြေးဝင်သွား၏။ သို့သော်လည်း ဓါးပျံက သူ့ထက်တောင် ပိုမြန်နေသေး၏။
လွန်ခဲ့တဲ့တစ်နှစ်ကသာဆိုလျှင် ဆူဇီမိုသည် ဤဓါးကို ရှောင်ဖို့မပြောနှင့်၊ ဘာမှတောင် တုံ့ပြန်လိုက်နိုင်မှာ မဟုတ်ပေ။
သို့သော်လည်း ဒီနေ့မှာတော့_ ဆူဇီမိုသည် ရုတ်တရတ် သူ့ခန္ဓာကိုယ်ကို ဝပ်ချလိုက်၏။ သူ့ခွန်အားကို ခြေလက်လေးချောင်းသို့ ပို့လွှတ်လိုက်ပြီး မြေကြီးပေါ်ထောက်ကာ ယိမ်းနွဲ့လှုပ်ရှားလိုက်၏။ ပေါ့ပါးဖျတ်လတ်စွာဖြင့် သူသည် ဓါးပျံကို ရှောင်လိုက်ကာ နောက်တစ်ခဏမှာပင် သူသည် မျက်နှာပြဲပြဲနှင့် ချီစုဖွဲ့စစ်သည်တော်၏ရှေ့သို့ ရောက်ရှိသွားလေ၏။
ချီစုဖွဲ့စစ်သည်တော်သည် မှင်တက်သွားပြီး သူ့မျက်နှာက အရောင်ဖျော့သွား၏။
ဆူဇီမိုက ရုတ်တရတ် ကျုံးထလိုက်၏။ သူ့ခန္ဓာကိုယ်နှင့် ခြေလက်လေးချောင်းသည် အနာကွန်ဒါလို အလိုက်သင့် ပျော့ပျောင်းသွားပြီး ဤလူ၏ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်၏။ သူ၏ အရွတ်ကြီးများက တစ်ဆတ်ဆတ် တုန်ခါသွားပြီး အသွေးအသားများက ရုန်းကန်ပြန့်ကားလာကာ သူ့ခန္ဓာတစ်ခုလုံးတွင် စွမ်းအင်များက ထကြွလာလေ၏။
သူသည် အနာကွန်ဒါလမ်းကြောင်းခင်းအကွက်ဖြင့် အနားသို့ ချဉ်းကပ်ပြီးနောက် အရွတ်အသွင်ပြောင်းလဲခြင်း၏ သတ်ဖြတ်ခြင်းအကွက်ဖြစ်သော ‘အနာကွန်ဒါ ရစ်ပတ်ညှစ်သတ်ခြင်း’ကို ဆက်လက်ဖော်ထုတ်လိုက်လေ၏။
တစ်စုံတစ်ယောက်သည် အနာကွန်ဒါမြေ အကိုက်ခံရရင်တောင် လွတ်မြောက်ကောင်းလွတ်မြောက်နိုင်သေး၏။ သို့သော်လည်း အနာကွန်ဒါ၏ ရစ်ပတ်ခြင်းကို ခံရပြီဆိုပါက ထိုသူသည် မုချသေရပေတော့မည်။
ထိုသူ၏ ခန္ဓာကိုယ်သည် သန်မာ၍ အနာကွန်ဒါနှင့် ယှဉ်လုံးနိုင်သည်ဆိုလျှင်တောင် ထိုသူသည် မွန်းကြပ်မှုကြောင့် သေဆုံးရပေလိမ့်မည်။
လွန်ခဲ့သောခြောက်လအတွင်း စိတ်ဝိညာဉ်မျောက်သည် ဆူဇီမိုနှင့် မကြာခဏဆိုသလို လက်ရည်စမ်းတိုက်ခိုက်ခဲ့ကြသော်လည်း သူသည် ဆူဇီမိုအား ဘယ်တော့မှ အနားကပ်လုံးခွင့် မပေးရဲခဲ့ပေ။
ချီစုဖွဲ့စစ်သည်တော်၏ ခန္ဓာကိုယ်က စိတ်ဝိညာဉ်မျောက်လောက်တောင် ကြံ့ခိုင်မှု၊ ဒူပေနာပေခံနိုင်မှု မရှိပေ။ ဆူဇီမိုသည် ထိုသူကို ရစ်ပတ်ပြီးနောက် ဆွဲညှစ်လိုက်သောအခါ သူ့ခန္ဓာကိုယ်၏ အရိုးများသည် ကျိုးကြေကုန်လေတော့၏။ အရိုးကျိုးသံများက ထွက်ပေါ်လာပြီး အဲ့ဒါက လုံးဝထိတ်လန့်သွေးပျက်စရာကောင်းလေ၏။
“ဖူး!”
သွေးများက ပန်းထွက်လာ၏။ အားလုံး၏ အကြည့်အောက်မှာပင် တုတ်ခိုင်သန်မာသောခန္ဓာကိုယ်ကြီးသည် ကျိုးပဲ့ပေါက်ပြဲထွက်ကုန်ပြီး နေရာမှာတင် အသားပုံကြီးလို ပျော့ခွေကျသွားလေသည်။ သွေးအလိမ်းလိမ်းနှင့် လုံးဝ ပုံပျက်ပန်းပျက်ပင်။
ဤအရာသည် မဟာအရိုင်းကမ္ဘာက နတ်ဆိုးသားရဲဘုရင် ၁၂ပါးရဲ့ လျှို့ဝှက်နက်နဲဂန္တဝင် ပညာရပ်၏ အစစ်အမှန်ခွန်အားပင် ဖြစ်လေတော့၏။
ဤလူကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုက ရပ်တန့်မသွားပေ။ သူသည် ကောင်းကင်ထယ်သွားခြေလှမ်းကို သုံးကာ ပိန်လှီခြောက်ကပ်နေသောမျက်နှာနှင့် နောက်ထပ်ချီစုဖွဲ့စစ်သည်တော် တစ်ယောက်ဆီသို့ ပြေးဝင်ချသွားလေ၏။
ဆူဇီမိုသည် လက်ရှိချီစုဖွဲ့စစ်သည်တော်ငါးယောက်၏ ကျင့်ကြံခြင်းအဆင့်များကို မပြောနိုင်သော်လည်း၊ စောစောကသေသွားသော မျက်နှာပြဲပြဲတစ်ယောက်နှင့် ယခုသူ့ရှေ့မှတစ်ယောက်က အသန်မာဆုံးနှင့်ခြိမ်းခြောက်နိုင်စွမ်းရှိသောသူများ ဖြစ်သည်ဟု သူ၏မသိစိတ်က သတိပေးနေလေ၏။
သည်နှစ်ယောက်ကိုသာ သူအရင်သတ်နိုင်လျှင် ကျန်သုံးယောက်ကို ရင်ဆိုင်သည့်အခါ အနိုင်ရဖို့ အခွင့်ပိုများနိုင်လေ၏။
သူ့လူသုံးယောက် ဆက်တိုက်အသတ်ခံရတာကို မြင်ရပြီးနောက် ပိန်ကပ်ကပ်နှင့်ကျင့်ကြံသူ၏ မျက်နှာက မှုန်ကုတ်နေလေ၏။ သူသည် လုံးဝ မပေါ့လျော့ရဲပေ။ သူ၏ လက်ချောင်းထိပ်မှ အလင်းတန်းလေးတစ်ချက် ထွက်လာပြီး ဓါးပျံထဲသို့ ဝင်သွားလေ၏။
“သွား!”
ဤဓါးပျံက ဆူဇီမိုဆီသို့ ပြေးဝင်သွားလေ၏။ ရွေ့လျားမှုက လျှပ်စီးလို လျှင်မြန်လေသည်။
ဝတ်ဝါအမျိုးသမီးနှင့်တိုက်နေသော ချီစုဖွဲ့စစ်သည်တော် သုံးယောက်ထဲက တစ်ယောက်ကလည်း ရှေ့သို့ ထွက်လာပြီး ဆူဇီမို၏ နောက်ကျောကို ဓါးပျံဖြင့် ချိန်ရွယ်ပစ်လိုက်လေ၏။
ချီစုဖွဲ့စစ်သည်တော်နှစ်ယောက်က ဆူဇီမိုအား ရှေ့နောက်ညှပ်၍ တိုက်ခိုက်လိုက်ကြပေပြီ။
သူ့ကျောကို ဓါးပျံက ဖောက်ဝင်တော့မည့်အချိန်တွင် ဆူဇီမိုသည် နောက်ကျောမှာ မျက်လုံးအပိုပါသကဲ့သို့ လှည့်မကြည့်ဘဲ ဓါးပျံကို ရှောင်လိုက်လေ၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် မိုးကြိုးဆေဘာကို လက်ပြန်ဆုပ်ကိုင်၍ ရှေ့တည့်တည့်မှ ဝင်လာသောဓါးကို ရိုက်ထုတ်လိုက်လေ၏။
“ခလန်း!”
လက်နက်ခြင်းထိခတ်သံက နားကွဲမတတ် ထွက်ပေါ်လာလေသည်။ ဓါးပျံနှင့် ထိခတ်ပြီးနောက် မိုးကြိုးဆေဘာ၏ အသွားအနည်းငယ်သည် ပဲ့ကျသွားလေ၏။ ပဲ့ရာတစ်ဝိုက်တွင် အက်ရာများကလည်း ပေါ်လာလေ၏။ မိုးကြိုးဆေဘာက ပျက်စီးသွားပြီဖြစ်ပြီ နောက်ထပ်သုံးလို့ အဆင်မပြေတော့သည်မှာ ထင်ရှားလေသည်။
ဆူဇီမို မှင်တက်သွား၏။
မိုးကြိုးဆေဘာကို သူစကိုင်ခဲ့ကတည်းက ဤဓါးက သူ့အတွက် များစွာ အသုံးတည့်ခဲ့၏။ မမျှော်လင့်ဘဲနှင့် ၎င်းသည် ယခု ပါးပါးသွယ်သွယ်ဓါးပျံလေးနှင့် ထိတွေ့သောအခါ ကျိုးပဲ့လုနီးပါးပင် ဖြစ်သွားရပေပြီ။
ဆူဇီမို၏ အမူအယာက ပြောင်းလဲမသွားပေ။ သူသည် ၎င်းကို အရေးလုပ်မနေပေ။
ဘာကြောင့်ဆိုသော် သူသည် သူလိုချင်တာကို ရသွားပြီး ဖြစ်သောကြောင့်ပင်။ မိုကြိုးဆေဘာသည် ဓါးပျံနှင့် ထိတွေ့ပြီးနောက် တုန်လှုပ်စရာ စွမ်းအင်လှိုင်းများ ဖြာထွက်သွားပြီး ဓါးပျံက မူလလမ်းကြောင်းမှ သွေဖယ်သွားလေပြီ။
မူလက ဆူဇီမို၏ ဦးခေါင်းကို ဖောက်ဝင်တော့မည့် ဓါးပျံသည် သူ့ပါးဘေးမှ ကပ်ထွက်သွားလေ၏။
စတင်လှုပ်ရှားလိုက်ကတည်းက ဆူဇီမိုသည် သူ၏တိုက်ခိုက်မှုကို တစ်ချက်ကလေးမှ မရပ်နားခဲ့ပေ။
ဆူဇီမိုသည် မိုးကြိုးဆေဘာကို သုံး၍ ဓါးပျံကို တားဆီးကာ ပိန်ပိန်ပါးပါး ချီစုဖွဲ့စစ်သည်တော်အနားသို့ ပြေးကပ်လိုက်လေ၏။
ဆူဇီမိုသည် တျဲယွဲ့ပြောခဲ့တာကို အသေမှတ်ထား၏။ ကျင့်ကြံသူအများစု၏ ခန္ဓာကိုယ်က အားနည်းလေသည်။ မင်းအနေနဲ့ သူတို့ရဲ့ ပထမဆုံးတိုက်ခိုက်မှုကို ရအောင်ရှောင်ပြီး တတ်နိုင်သမျှ လူချင်းကပ်သွားအောင် လုပ်ရမယ်။ ပြီးတာနဲ့ သားရဲကလန်ရဲ့ အားကောင်းတဲ့ အနီးကပ်တိုက်ခိုက်စွမ်းရည်နဲ့ ရန်သူကို သတ်ဖြတ်ဖို့ လုပ်ရမယ် ဆိုတာကိုပင်။