ကပ်ဆိုး
Vol. 2 Ch. 21
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၂၁) - ကပ်ဆိုး
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
ဆူဇီမိုသည် ခြေလှမ်းကျဲကြီးများဖြင့် ပိန်ကပ်ကပ်ချီစုဖွဲ့စစ်သည်တော်ထံသို့ ဝင်ချသွားလေ၏။ ထို့နောက် သူသည် သွေဖယ်မြေလက်ဝါးဖြင့် တစ်ဖက်လူ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်လေ၏။
ချီစုဖွဲ့စစ်သည်တော်က အလွန်အမင်း သတိထားနေပြီး လျှင်မြန်စွာ တုံ့ပြန်လိုက်၏။ ဆူဇီမိုတစ်ယောက် သူ့ဓါးပျံကို ရှောင်လိုက်တာကို မြင်လိုက်ရကတည်းက သူသည် ခါးအောက်နားရှိ အိတ်ငယ်လေးထဲမှ ကြည့်မှန်တစ်ချက်ကို ဆွဲထုတ်လိုက်ပြီး တစ်စုံတစ်ရာကို မန်းရွတ်လိုက်လေ၏။
ကြည့်မှန်က ချက်ခြင်းပင် အရွယ်အစား လွန်စွာ ကြီးမားလာပြီး သလင်းကျောက်လို ကြည်လင်လာလေ၏။
ဆူဇီမိုသည် ကျင့်ကြံသူများ၏ ခါးအောက်နားရှိ တွဲလောင်းချထားသော အိတ်ငယ်လေးများကို သတိထားမိနေသည်မှာ ကြာပြီ ဖြစ်၏။ ၎င်းက ပစ္စည်းများစွာကို သိုလှောင်ထားနိုင်ပုံ ရ၏။ ၎င်းကို ထိလိုက်တာနှင့် တစ်ခုခုက ထွက်ကျလာစမြဲ ဖြစ်၏။
သို့သော်လည်း ဆူဇီမိုသည် ၎င်းကို သိပ်ပြီး ထူးခြားသည်ဟု မထင်ပါ။ အခန်းကျဉ်းလေးထဲတွင် ကြီးမားကျယ်ပြန့်သော ကျင့်ကြံလေ့ကျင့်ရေးကွင်းကြီးကို ဖွင့်ပြခဲ့သော တျဲယွဲ့၏ နည်းလမ်းနှင့်ယှဉ်လျှင် ဒီသိုလှောင်အိတ်ကလေးတွေက ဘာမှမပြောပလောက်ပါချေ။
ပိန်ကပ်ကပ်နှင့် ချီစုဖွဲ့စစ်သည်တော်သည် ကြည့်မှန်ကို အလျှင်စလို မ,လိုက်ပြီး သူ့ဦးခေါင်းထက်ကို ကာကွယ်လိုက်၏။
ဝုန်း!
ခရက်! ခရက်! ခရက်!
ဆူဇီမို၏ လက်ဝါးသည် ကြည့်မှန်ပေါ်သို့ ကျဆင်းသွား၏။ ဝုန်းကနဲ မြည်သံက အရင်ထွက်လာပြီးနောက် ကြည့်မှန်၏ မျက်နှာပြင်တွင် အက်ကွဲကြောင်းရာများက ချက်ခြင်းပေါ်လာလေ၏။
“အား..!”
ပိန်ကပ်ကပ်ကျင့်ကြံသူက သံကုန်ခြစ်၍ အော်ဟစ်လိုက်၏။ သူ၏လက်မောင်းတစ်ဖက်သည် ကြည့်မှန်မျက်နှာပြင်မှ တန်ပြန်ကန်အားကြောင့် ကျိုးကြေသွားပြီး လက်တစ်ဖက်လုံး ပြတ်ကျကာ လွင့်ထွက်သွားလေ၏။
ပိန်ကပ်ကပ်ချီစုဖွဲ့စစ်သည်တော်သည် နေရာမှာတင် သေလုမတတ်ပင်။
သူသည် မြေပေါ်သို့ အရုပ်ကြိုးပြတ်ကျသွားပြီးနောက် သွေးဆုတ်ဖြူလျော့သွားကာ “မင်း.. ဘယ်သူလဲ.. ငါတို့ပျော်ရွှင်ဖွယ်ကလန်ရဲ့ ကိစ္စကို ဘာလို့ဝင်ရှုပ်ရတာလဲ” ဟု ကြောက်လန့်တကြား အော်ဟစ်လိုက်လေ၏။
“ငါ မင်းတို့ အကုန်လုံးကို သတ်ရလိမ့်မယ်”
ဆူဇီမိုသည် လှောင်ရယ်လိုက်ပြီး ပိန်ကပ်ကပ်နှင့်လူကို လက်စတုံးပေးရန် ရှေ့သို့လှမ်းလိုက်လေ၏။
ထိုခဏမှာပင် ဆူဇီမိုသည် ပိန်ကပ်ကပ်နှင့်လူ၏ မျက်လုံးထဲတွင် ထူးဆန်းသောသွင်ပြင်ကို ဖြတ်ကနဲ မြင်လိုက်လေ၏။
“အမ်.. မူမမှန်ဘူး”
ဆူဇီမို ရင်ထဲထိတ်သွားကာ လျှင်မြန်စွာ နောက်ပြန်ဆုတ်လိုက်၏။
ကျင့်ကြံသူများ၏ တိုက်ပွဲမှာ ဆူဇီမို ဝင်ရောက်ပတ်သတ်တာ ဒါပထမဆုံး ဖြစ်လေသည်။ တစ်ဖက်လူက သူအကျွမ်းမဝင်သော နည်းလမ်းများနှင့် သူ့ကို အငိုက်မိ ထိခိုက်စေမှာကို စိုးရိမ်သောကြောင့် သူသည် သတိကြီးစွာထားနေရ၏။
ဖွမ်း!
ပိန်ကပ်ကပ်နှင့်လူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ပြီး ခပ်ဖျော့ဖျော့ရနံ့ထွက်နေသော အမှုန့်များဖြင့် သူ့ကို လှမ်းပက်လိုက်လေ၏။
သို့သော်လည်းပဲ ဆူဇီမိုသည် ခြေတစ်လှမ်းစော၍ နောက်ဆုတ်လိုက်သောကြောင့် ဤအဆိပ်မှုန်များနှင့် ထိတွေ့မသွားခဲ့ချေ။
“ရောင်းရင်း.. အဲ့ဒါ ပျော်ရွှင်ဖွယ်ဆုံဆည်းရာ အဆိပ်မှုန့်! မရှူမိစေနဲ့!” ဝတ်ဝါအမျိုးသမီး၏ အသံက ထွက်ပေါ်လာ၏။ ဤအသံက နူးညံ့သိမ့်မွေ့ပြီး စိုးရိမ်မှုက ရောနှောနေ၏။
ဆူဇီမိုသည် အဆိပ်မှုန့်များဖြင့် လွှမ်းခြုံနေသော ပိန်ကပ်ကပ်ချီစုဖွဲ့စစ်သည်တော်ကို ခဏရပ်ပြီး မျက်မှောင်ကြုတ်ကြည့်လိုက်၏။
သူခဏလောက်သာ ထပ်စောင့်လိုက်လျှင် ထိုအမှုန့်များက လေလွင့်ပျောက်ကွယ်သွားမှာ ဖြစ်သော်လည်း အနီးနားမှာ နောက်ထပ်ရန်သူသုံးယောက်က ရှိနေသေးသောကြောင့် သူသည် အချိန်မဖြုန်းလိုပေ။
ဆူဇီမိုသည် ထိုသူကို ခဏအသာထားလိုက်ပြီး ပြတ်သားစွာဖြင့် သူ့နောက်ကလူထံသို့ လှည့်ကာပြေးဝင်လိုက်လေ၏။
ပိန်ကပ်ကပ်နှင့်လူသည် ဆူဇီမို၏ လက်ဝါးတစ်ချက်တည်းဖြင့် ဒုက္ခိတဖြစ်သွားတာကို ကြည့်ပြီး ဆူဇီမိုအနောက်မှလူသည် ကြောက်လန့်သွေးပျက်နေပေပြီ။ ယခုဆူဇီမိုက သူ့ဘက်သို့ လှည့်၍ ပြေးဝင်လာသည်ကို တွေ့သောအခါ ကြောက်လန့်တကြားနှင့်ပင် ဓါးပျံကို ထိန်းချုပ်ပြီး ဆူဇီမို၏ နဖူးကို ထိုးစိုက်ဖို့ ကြိုးစားလိုက်၏။
ဤဓါးက အလင်းရောင်တောက်နေတာမျိုး မရှိပေ။
ဆူဇီမိုသည် မျက်လုံးကို မှိတ်ချလိုက်ပြီး ရှောင်ဖို့ စိတ်ကူး မရှိချေ။ သူသည် နေမြဲအတိုင်းနှင့်ပင် ဝင်လာသောဓါးပျံကို ညာလက်ဖြင့် ခံယူလိုက်၏။
ရစ်ပတ်.. ထိတွေ့.. ဆွဲ!
နွားရိုင်းလျှာဆေဘာ!
ရွှစ်!
ဓါးပျံက ကျိုးပဲ့မသွားသော်လည်းပဲ ဆူဇီမိုလက်ချက်ဖြင့် ဘေးဘက်သို့ လွင့်ထွက်သွားပြီး နွံအိုင်ထဲကို ခပ်ရွှေရွှေ စိုက်ကျသွား၏။
ဤချီစုဖွဲ့စစ်သည်တော်သည် ကြောင်အသွား၏။
သူထိန်းချုပ်နေသည်က အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက် ဖြစ်သော်လည်း ဤလက်နက်မျိုးကို ဒဏ်ရာမရဘဲ လက်ချည်းသက်သက်ဖြင့် ခံယူနိုင်သောသူမျိုး သူ့တစ်သက် မတွေ့ဖူးသေးပေ။
ဒီကောင်က ဘယ်လို သတ္တဝါလဲဟ။
သူခေါင်းရှုပ်သွားသော တစ်ခဏမှာပင် ဆူဇီမိုသည် သူ့ဘေးသို့ ရောက်လာပြီး ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ ဒူးတစ်ဖက် ထောက်လိုက်သလို၊ လက်နှစ်ဖက်က တစ်ခုခုကို ကိုင်ထားသည့်ဟန်ဖြင့် အပေါ်သို့ပင့်တင်ရင်း ခန္ဓာကိုယ်ကို တစ်ဆက်တည်း ဆန့်ထုတ်လိုက်လေ၏။
မျှော်လင့်ချက်မျောက်ဝံ သစ်သီးကမ်းလှမ်းခြင်း!
ဘန်း!
သူ့လက်နှစ်ဖက်က ချီစုဖွဲ့စစ်သည်တော်၏ မေးစေ့ကို ပင့်ရိုက်လိုက်လေ၏။
လည်းပင်းနှင့်မေးစေ့ဆီမှ အရိုးကျိုးသံများက ထွက်ပေါ်လာ၏။ သူ့ဦးခေါင်းက နောက်ပြန်လန် တွဲလောင်းကျသွားပြီး မျက်စိအပြူးသားနှင့် အသက်ပါသွားချေပြီ။
ဤမြင်ကွင်းကို ကြည့်၍ ဝတ်ဝါအမျိုးသမီးနှင့် တိုက်ခိုက်နေကြသော နောက်ထပ်ချီစုဖွဲ့စစ်သည်တော် နှစ်ယောက်လည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်တုန်လှုပ်သွားကြလေသည်။
ဆူဇီမိုသည် သူတို့ထဲမှ တစ်ယောက်ထံသို့ ပြေးဝင်ချသွားလေ၏။ ဘယ်ဘက်လက်က ရင်အုပ်ကိုကာ၊ ညာဘက်လက်က လက်သီးဆုပ်၊ အရွတ်များက တစ်ဆတ်ဆတ်တုန်ခါ၊ အသွေးအသားများက ပြန့်ကားလာပြီး သူ့လက်သီးက ချိတ်စည်းတစ်ခုအသွင်ပြောင်းသွားကာ ကောင်းကင်အထက်မှ ကျဆင်းလာလေ၏။
ကြီးမားသော အရိပ်ကြီးက လွှမ်းခြုံလာလေ၏။
ဤချီစုဖွဲ့စစ်သည်တော်သည် ဆူဇီမိုပြသခဲ့သော သတ်ကွက်များနှင့် အော်ရာ အရှိန်အဝါကြောင့် ဆိုးဆိုးရွားရွားကို သွေးပျက်ကြောက်လန့်နေပေပြီ။ သူသည် တိုက်ခိုက်ဖို့၊ ခုခံဖို့ ဘာတစ်ခုမှ စဉ်းစားမနေဘဲ လျှင်မြန်စွာ လှည့်ပြေးဖို့ လုပ်လေတော့၏။
သို့သော်လည်း ကြီးမားသော အချိတ်အပိတ်စည်းကြီးက ကြောက်လန့်တကြား လှည့်ပြေးနေသော ချီစုဖွဲ့စစ်သည်တော်၏ ဦးခေါင်းပေါ်သို့ လျှင်မြန်စွာ ကျရောက်သွားလေ၏။
ဖူး!
သူ၏ ဦးခေါင်းက ပေါက်ကွဲသွားသော်လည်း ချိတ်စည်း၏ စွမ်းအင်များက ကြွင်းကျန်နေသေးကာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဝုန်းကနဲ ပြေးဆောင့်လိုက်လေ၏။
သူ့၏ ကလန်သားခြောက်ယောက်တွင် ငါးယောက်ကသေ၊ တစ်ယောက်က အပြင်းအထန်ဒဏ်ရာရသွားသည်ကို ကြည့်ကာ ကျန်ရှိနေသော ချီစုဖွဲ့စစ်သည်တော်သည် ဘယ်လိုမှ ဆောက်တည်ရာ မရတော့ပေ။ ဤသည်ကို အခွင့်ယူကာ အဝါရောင်ဝတ်ရုံနှင့်အမျိုးသမီးက သူမ၏ ဓါးပျံဖြင့် သူ၏လည်ပင်းကို ရစ်ဖြတ်လိုက်လေ၏။
ဦးခေါင်းက ပြတ်ကျသွားပြီး သွေးများက ပြန့်ကျဲသွား၏။ ခေါင်းမပါသော ခန္ဓာကိုယ်ကြီးက မြေပေါ်သို့ လဲကျသွားပြီး အနည်းငယ်ကြာ တွန့်လိမ် အကြောဆွဲနေလေ၏။
ဝတ်ဝါအမျိုးသမီးသည် ချွေးများဖြင့် ရွှဲနေပေပြီ။ ဤတစ်ယောက်ကို သတ်ပြီးနောက် သူမ၏ ရင်အုပ်သည် နိမ့်တုံမြင့်ချည်ဖြင့် ခန္ဓာကိုယ်၏ အကန့်အသတ်ကို ရောက်ရှိနေပေပြီ။
ဆူဇီမိုသည် စောစောက လက်တစ်ဖက်ပြတ်သွားသော ပိန်ကပ်ကပ်ချီစုဖွဲ့စစ်သည်တော်ကို လှည့်ကြည့်လိုက်၏။
ဤအချိန်တွင် တစ်ဖက်လူက ရလာသော အခါအခွင့်ကို အသုံးချကာ အဝေးသို့ ပြေးထွက်နေပေပြီ။ သူသည် ညာဘက်လက်ဖြင့် ဒဏ်ရာကို ဖိကာ ဓါးပျံကို စီးရင်း တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
ဤအချိန်တွင် သူ့ကို အမီပြေးလိုက်ဖို့ဆိုတာ နောက်ကျလွန်းသွားပေပြီ။ သူပြေးလိုက်လို့ မီသည်ပဲထားဦး၊ လေပေါ်မှာ ရှိနေသောသူတစ်ယောက်ကို သူဘာမျှ လုပ်နိုင်စွမ်း မရှိပေ။
ရုတ်တရတ် ဆူဇီမိုသည် သူ၏ ကြီးမားသော အားနည်းချက်ကို ရှာတွေ့သွား၏။
သူသည် လေပေါ်မှာ မပျံနိုင်ပေ။
ချီစုဖွဲ့စစ်သည်တော်သည် သူနဲ့မတိုက်ခင် ချက်ခြင်း ဓါးပျံစီး၍ လေထဲကနေသာ တိုက်ခိုက်မည်ဆိုလျှင် သူ့အနေနဲ့ ဘာမျှ ပြန်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
တိုက်ပွဲပြီးသွားသောအခါ မိုးကစုန်းစုန်းချုပ်သွားပေပြီ။ နေရာအနှံ့အပြားမှ ခြောက်ခြားဖွယ် တောကောင်အော်သံများကို ကြားလာရ၏။
ပိန်ကပ်ကပ်ချီစုဖွဲ့စစ်သည်တော် ထွက်ပြေးသွားရာဘက်သို့ ကြည့်၍ ဆူဇီမို၏ ရင်ထဲတွင် ပူပန်သောကများက ပေါ်ပေါက်လာ၏။
ဒီတစ်ယောက်ထွက်ပြေးသွားခြင်းက တစ်ကယ့်ပြဿနာကပ်ဆိုးပင်။
ထိုကပ်ဆိုးက ဘယ်အချိန်ထပေါ်လာမလဲ ဘယ်သူသိနိုင်ပါ့မလဲ။
တစ်ခုတွေးလို့ရတာကတော့ ညမှောင်လာသောအခါ စိတ်ဝိညာဉ်တောကောင်နှင့်သားရဲများက ထွက်ပေါ်လာပြီး သားကောင်ထွက်ရှာလေ့ ရှိ၏။ အဲ့ဒီလူရဲ့ ဒဏ်ရာက သွေးညှီနံ့က တောကောင်နှင့် သားရဲများကို ဆွဲဆောင်နေပေလိမ့်မည်။ သူသည် ကန်းလန်ရိုးမကနေ အသက်ရှင်လျှက် မထွက်သွားနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
“အူး..အူး..”
စိတ်ဝိညာဉ်မျောက်၏ အော်သံက ဆူဇီမိုကို အတွေးပျက်သွားစေ၏။
စိတ်ဝိညာဉ်မျောက်သည် ချုပ်နှောင်ခံထားရ၏။ သူသည် သံကွင်းများကို လျှင်မြန်စွာ ဖြုတ်ပေးရန် ခုန်ဆွ၍ ဆူဇီမိုအား အကူအညီတောင်း အော်ဟစ်နေခြင်း ဖြစ်လေသည်။
“အဲ့နားမှာပဲ ငြိမ်ငြိမ်လေးနေ.. လျှောက်ခုန်မနေနဲ့”
စိတ်ဝိညာဉ်မျောက် အနိုင်ကျင့်ခံရသည်ကို မြင်ရသည်မှာ ရှားရှားပါးပါးမြင်ကွင်း ဖြစ်လေသည်။ ဆူဇီမိုသည် တမင်ပင် မသိချင်ယောင်ဆောင်ကာ သေဆုံးပြီးသား ရုပ်အလောင်းများနားသို့ သွား၍ သူတို့ကိုယ်မှ သိုလှောင်အိတ်ငယ်လေးများကို ကောက်ယူသိမ်းနေလိုက်လေ၏။
အဲ့ဒါတွေက ဘာဆိုတာ သူသေချာမသိသော်လည်း ဤသိုလှောင်အိတ်ငယ်လေးတွေထဲမှာ အဖိုးတန်ပစ္စည်းများ ပါနိုင်တာကို သူခန့်မှန်းမိလေ၏။
ဆူဇီမိုသည် မြေပေါ်တွင် ကျနေသော ဓါးပျံတစ်ချောင်းကို ကောက်ယူလိုက်၏။
ဤဓါးပျံ၏ ပုံစံက နည်းနည်းတော့ ထူး၏။ ၎င်းတွင် လွန်စွာ ထက်ရှသော ဓါးသွားသာပါပြီး လက်ကိုင်နေရာ မပါရှိပေ။
သာမန်လူများအနေနဲ့ ၎င်းကို ကိုင်တွယ်ဖို့ရာ အဆင်မပြေနိုင်ပေ။
သို့သော်လည်း ဆူဇီမိုအတွက်ကတော့ ကိစ္စမရှိပေ။
ဆူဇီမိုသည် ဓါးကို လက်ချည်းသက်သက်ဖြင့် ကိုင်လိုက်ပြီး စိတ်ဝိညာဉ်မျောက်ရှိရာသို့ လျှောက်သွားလိုက်၏။ ထို့နောက် သူသည် ချုပ်နှောင်ထားသောသံကွင်းများကို ချိန်ရွယ်၍ ပြင်းထန်စွာ ခုတ်ချလိုက်လေ၏။
ချွမ်း!
မီးပွားများစွာ ထွက်ပေါ်လာကာ သံကွင်းက အစင်းရာလေးသာထင်ပြီး ကျိုးပဲ့မသွားချေ။
ဆူဇီမို မျက်မှောင်ကြုတ်လိုက်၏။ ပြဿနာပဲ။
ဖြစ်နိုင်တာကတော့ ဓါးပျံက မထက်လို့မဟုတ်ဘဲ မှန်ကန်စွာ သူအသုံးမပြုတတ်လို့ ဖြစ်တန်ရာ၏။