ယောင်ရွှယ်
Vol. 2 Ch. 22
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၂၂) - ယောင်ရွှယ်
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
ဆူဇီမိုတစ်ယောက် အတွေးရေယာဉ်ကျော နစ်မြောနေစဉ်မှာပင် ဝတ်ဝါအမျိုးသမီးက တစ်ဖြည်းဖြည်း သူ့အနားကပ်လာပြီး “ကျမက အဇူရာမြူနှင်းလွှာဂိုဏ်းက ယောင်ရွှယ်ပါ.. ကျမအတွက် တိုက်ခိုက်ပေးပြီး အသက်ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်” ဟု နူးညံ့ညင်သာစွာ ပြောလိုက်လေ၏။
ဆူဇီမိုသည် စိတ်ဝိညာဉ်မျောက်၏ ခြေလက်များရှိ သံကွင်းများကို ဘယ်လိုဖြုတ်ရမလဲဟု စဉ်းစားရခက်နေသောကြောင့် ယောင်ရွှယ်ကို တစ်ချက်သာ မော့ကြည့်ပြီး ဘာမျှ ပြန်မပြောချေ။
ယောင်ရွှယ်သည် တစ်ခဏမျှ စဉ်းစားပြီးနောက် “ရောင်းရင်း.. သင်က ဒီတောကောင်ချုပ်နှောင်ကျော့ကွင်းကို ဖြုတ်ချင်တာမလား.. ကျမ ကူညီပေးပါရစေ” ဟု ပြောလိုက်၏။
ဆူဇီမိုသည် ယောင်ရွှယ်ကို တစ်ချက်ကြည့်ပြီးနောက် သဘောတူလက်ခံလိုက်လေ၏။
ယောင်ရွှယ်က သူမလက်ထဲမှ ဓါးပျံကို ညင်သာစွာ တစ်ချက်တောက်လိုက်၏။ ဓါးပျံပေါ်တွင် အလင်းတန်းနှစ်ခု ပေါ်လာပြီး မြူလွှာများလည်း ရစ်သိုင်းလာလေ၏။
ဆူဇီမိုသည် သေချာစွာ အကဲခတ် ကြည့်နေလိုက်၏။
စောစောတုန်းက ပျော်ရွှင်ဖွယ်ကလန်မှ ချီစုဖွဲ့စစ်သည်တော်နှစ်ယောက်၏ ဓါးများတွင် အလင်းတန်း တစ်ခုစီသာ ပေါ်လေသည်။ သို့သော် ယခု ယောင်ရွှယ်လက်ထဲမှဓါးတွင် အလင်းတန်းက နှစ်ခုတောင် ပေါ်လေသည်။
ဒီအမျိုးသမီးလက်ထဲကဓါးသည် အရည်အသွေးပိုကောင်း အဆင့်မြင့်သည်မှာ သေချာလေသည်။ ဓါးသွားကလည်း ပို၍ ထက်ရှလေ၏။
ဆူဇီမိုသည် ယောင်ရွှယ်၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် လေ့လာအကဲခတ်နေလိုက်၏။
ယောင်ရွှယ်က ဓါးပျံ၏ လှုပ်ရှားမှုကို အကွာအဝေးတစ်ခုမှ ထိန်းချုပ်ရင်း သူမ၏ သေးသေးသွယ်သွယ် လက်ချောင်းလေးဖြင့် ရှေ့သို့အနည်းငယ်ညွှန်လိုက်သောအခါ ဓါးပျံသည် စက်ဝန်းသဏ္ဍာန် လည်ပတ်သွားပြီး တောင်ကောင်ချုပ်နှောင်ကျော့ကွင်းကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်လေ၏။
ချွမ်း! ချွမ်း!
ထိခတ်သံများ ထွက်ပေါ်လာပြီး တောကောင်ချုပ်နှောင်ကျော့ကွင်းက ကျိုးပျက်သွားလေတော့၏။
စိတ်ဝိညာဉ်မျောက်သည် အချိန်အတန်ကြာ ချုပ်နှောင်နှိပ်စက်ခံခဲ့ရပြီး ယခုလွတ်မြောက်သွားသောအခါ လုံးဝ ရွှင်မြူးသွားလေ၏။ သူ့ဒဏ်ရာများမှ သွေးများက တစ်စက်စက်ကျနေသေးသော်လည်း အရေးစိုက်မနေဘဲ ပျော်ရွှင်စွာ အော်ဟစ်နေလေ၏။
“ကျေးဇူးတင်ပါတယ်”
ဆူဇီမိုက ယောင်ရွှယ်ဘက်သို့ ခေါင်းညိတ်ပြောဆိုလိုက်၏။
“ရပါတယ်.. အပန်းမကြီးပါဘူး” ယောင်ရွှယ်က ပြုံးရင်း ပြန်ပြောလိုက်၏။ ရုတ်တရတ် သူမရင်ထဲ သံသယတစ်ချို့ဝင်လာပြီး “ဒီစိတ်ဝိညာဉ်တောကောင်က ရှင်မွေးထားတာလား”ဟု မနေနိုင်စွာ မေးလိုက်၏။
ဒီသားရေခြုံထားသော လူရိုင်းသည် စိတ်ဝိညာဉ်မျောက်နှင့် သိသည်ကို သူမပြောနိုင်လေသည်။ ဖြစ်နိုင်တာက သူသည် စိတ်ဝိညာဉ်မျောက်ကို ကယ်ဖို့ရာအတွက် ပျော်ရွှင်ဖွယ်ကလန်သား ခုနှစ်ယောက်ကို ဝင်ရောက်သတ်ဖြတ်ခဲ့တာဖြစ်ပြီး သူမကိုကား ခရီးသွားဟန်လွဲ ကယ်လိုက်သည့် သဘောပင်။
ကျင့်ကြံခြင်းလောကတွင် များစွာသော ကျင့်ကြံသူတို့သည် သူတို့၏ တိုက်ခိုက်ရည်ကို ပိုတိုးလာစေဖို့အတွက် စိတ်ဝိညာဉ်တောကောင်များကို လက်သပ်မွေးထားလေ့ ရှိကြ၏။ စိတ်ဝိညာဉ်တောကောင်များသည် သွေးသစ္စာကျိန်ဆိုပြီးတာနှင့် သူတို့၏သခင်အပေါ် ဘယ်တော့မှ သစ္စာဖောက်ရဲကြမည် မဟုတ်ချေ။ သို့မဟုတ်ပါက ကောင်းကင်၏ အပြစ်ပေးခြင်းကို ခံရပြီး သွေးပြောင်းပြန်စီးကာ ချက်ခြင်းလက်ငင်း သေရပေလိမ့်မည်။
ဤမေးခွန်းကို ကြားပြီးနောက် “သူက ငါ့သူငယ်ချင်းပဲ” ဟု ဆိုဇီမိုက မျက်မှောင်ကြုတ်ခေါင်းခါရင်း ပြောလိုက်လေ၏။
“အာ”
ယောင်ရွှယ်သည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပဟေဠိဆန်စွာ စဉ်းစားရကြပ်သွား၏။ လူသားတစ်ယောက်နှင့် စိတ်ဝိညာဉ်တောကောင်တစ်ကောင်က ဘယ်လို ဘယ်လို သူငယ်ချင်းဖြစ်သွားတာလဲ စဉ်းစားလို့တောင် မရပေ။
ရှေးခေတ်ကတည်းက လူသားများနှင့် သားရဲများသည် မတူညီသောလမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြပြီး အကြိမ်များစွာ ခိုက်ရန်ဖြစ်ပွားခဲ့ကြ၏။ သူတို့၏ ဆက်ဆံရေးက ကြာလေကြာလေ ဆိုးသထက်ဆိုးလာခဲ့ကြ၏။ သူတို့ပေါင်းသင်းဆက်ဆံနိုင်သော ပုံစံတစ်ခုသာရှိပြီး ၎င်းမှာ ‘သခင်နှင့်ကျွန်’ဟူသော ဆက်ဆံရေးသာဖြစ်ကာ ကျွန်လုပ်ရမည့်သူက ဘယ်တော့မှ သစ္စာမဖောက်ပါဟု သွေးသစ္စာကျိန်ဆိုရပေမည်။
မတူညီသောမျိုးနွယ်နှစ်ဦးကြား သူငယ်ချင်းဆိုသော စကားလုံးမှာ နည်းနည်းတော့ ဆန်းလေသည်။
ဆူဇီမိုသည် ယောင်ရွှယ်ကို လျစ်လျူရှုထားလိုက်ပြီး ရုပ်အလောင်းများနား ချည်းကပ်လိုက်ပြီး ဓါးပျံများကို ကောက်ယူလိုက်လေသည်။
ရုတ်တရတ်ဆိုသလို ဆူဇီမိုသည် နောက်ကျောဘက်မှ အန္တရာယ်ကို အာရုံခံမိလိုက်၏။
သူ့အနောက် တောအုပ်အနက်ပိုင်းဆီက အမှောင်ထုထဲတွင် ခပ်ဖျော့ဖျော့ အလင်းစက်နှစ်စက်က ပေါ်လာလေ၏။ အော်ရာက ကြောက်စရာကောင်းလွန်းလှပြီး အားကောင်းသော သတ်ဖြတ်လိုစိတ်က လေထုထဲတွင် ပျံ့လွင့်လာ၏။
ကျွတ်!
ဆူဇီမိုသည် လေအေးများကို တုန်လှုပ်စွာ တစ်ချက်ရှူရှိုက်လိုက်ပြီး ပြောလိုက်လေ၏။
“စိတ်ဝိညာဉ်သားရဲဟ .. ပြေး!”
ဆူဇီမို မပြောခင်ကတည်းကပင် စိတ်ဝိညာဉ်မျောက်က ပြေးနှင့်နေပေပြီ။ သူ့ခြေထောက်သည် ဒဏ်ရာများနှင့် နာနေသော်လည်း စိတ်ဝိညာဉ်မျောက်သည် တောထဲတွင် သစ်ပင်များကြား ပေါ့ပါးဖျတ်လတ်စွာ ပြေးလွှားနိုင်လေသည်။
ယောင်ရွှယ်က အနည်းငယ် ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမည် မသိတော့ချေ။
ဆူဇီမိုသည် အစက ယောင်ရွှယ်ကို သိပ်အရေးမလုပ်ပေ။ သို့သော်လည်း ဒီအမျိုးသမီးက တောကောင်ချုပ်နှောင်ကျော့ကွင်းကို ဖြတ်တောက်ရာတွင် သူ့ကို ကူညီခဲ့၏။ သူသာ သူမကို ဒီနေရာမှာ ထားခဲ့လျှင် သူမ၏လက်ရှိ အခြေအနေအရ အသက်ရှင်နိုင်ဖို့ရာ မရှိချေ။
ဆူဇီမိုသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး အသံနိမ့်ဖြင့် ပြောလိုက်လေ၏။ “ကျုပ်နောက်က လိုက်ခဲ့”
ဆူဇီမိုသည် ပြောရင်းနှင့် ချာခနဲ လှည့်ထွက်ပြီးနေပေပြီ။ ယောင်ရွှယ်၏ မျက်နှာက ရှက်သွေးဖြန်း၍ နီမြန်းသွား၏။ သူမသည် အံကိုကြိတ်ရင်း သူ့နောက်သို့ လျှင်မြန်စွာ ပြေးလိုက်,လိုက်လေ၏။
ယောင်ရွှယ်က ပျော်ရွှင်ဖွယ်ဆုံဆည်းရာအဆိပ် မိထား၏။ သူမအတွက် အဆိပ်များကို ထုတ်၍ ဒဏ်ရာများကို ကုသဖို့က သိပ်မခဲယဉ်းသော်လည်း လက်ရှိအခြေအနေက ထိုသို့လုပ်ဆောင်ဖို့ရာ အချိန်အနည်းငယ်ပင် မရတော့ချေ။
ထို့အပြင် သူမသည် ပျော်ရွင်ဖွယ်ကလန်သားများနှင့် အပြင်းအထန်တိုက်ခိုက်ခဲ့ရပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအင်များက ကုန်ခမ်းလုမတတ် ဖြစ်နေပေပြီ။ သူမသည် ဓါးပျံစီးဖို့ရာပင် မတတ်နိုင်တော့ချေ။ ထို့ကြောင့် သူမသည် ပျော်ရွှင်ဖွယ်ဆုံဆည်းရာ အဆိပ်ကို တစ်ဖြည်းဖြည်း တောင့်မခံနိုင်တော့ဘဲ သူမ၏ တစ်ကိုယ်လုံးက အပူတက်လာပြီး ခြေလက်များက ထုံကျင်လာလေ၏။
“ငါဒါကို တောင့်မခံနိုင်တော့ဘူး ဆိုတော့မှလဲ သားရဲအစားခံရပြီး သေရရုံပဲ ရှိတော့တာပေါ့လေ.. သူများဆီမှာ အရှက်ရခံဖို့တော့ လုပ်မနေတော့ဘူး ” ယောင်ရွှယ်က သူမ၏ ချယ်ရီရောင်နှုတ်ခမ်းလေးကို ကိုက်ကာ ရေရွတ်လိုက်လေ၏။ (တစ်ကယ်တော့ သူမကို ဆူဇီမိုက ထမ်းခေါ်သွားဖို့ မျှော်လင့်နေတာဖြစ်ပြီး ထုတ်ပြောဖို့ရာလည်း မိန်းကလေးမာနနှင့် ရှက်ရွံ့နေခြင်း ဖြစ်လေသည်။)
စိတ်ဝိညာဉ်မျောက်က ပြေးချသွားသည်မှာ မြင်ကိုမမြင်ရတော့ပေ။ သူမရှေ့မှ လူရိုင်းကတော့ ရံဖန်ရံခါ ခပ်ရေးရေး လှမ်းမြင်နေရသေး၏။ ယောင်ရွှယ်သည် သူ့အား ရှိသမျှအားဖြင့် အမီလိုက်ရန် ကြိုးစားလိုက်၏။
ဘာကောင်မှန်းမသိရသောစိတ်ဝိညာဉ်သားရဲက သူမနောက်ကနေ နီးကပ်စွာ လိုက်လာနေ၏။ တောက်လျှောက်ကပ်ပါလာသော ကျောချမ်းဖွယ်ရာ အကြည့်က သူမ၏နောက်ကျောကို ဖောက်ထွက်သွားသည်ဟုပင် ထင်ရလေသည်။
အချိန်အတန်ကြာ ပြေးလွှားပြီးနောက် ယောင်ရွှယ်၏ ခြေထောက်များသည် ပျော့ခွေယိုင်လာပြီး သူမသည် ဒယီးဒယိုင်ဖြင့် မြေပေါ်သို့ ဟပ်ထိုးလဲကျသွားလေတော့၏။
သူမသည် သားရဲလက်တွင်း ကျဆင်းရတော့မည်ဟု စိတ်ကိုပြင်ဆင်ထားသော်လည်းပဲ တစ်ကယ့်တစ်ကယ်မှာတော့ တစ်စစီဆုတ်ဖြဲအစားခံရတော့မှာကို တွေးမြင်ကာ လွန်စွာကြောက်လန့်တုန်လှုပ်လာလေ၏။
စိတ်ဝိညာဉ်သားရဲ၏ မြက်ခင်းကိုဖြတ် နင်းလျှောက်လာသံက တစ်ဖြည်းဖြည်းနီးကပ်လာပြီး ယောင်ရွှယ်သည် သားရဲပါးစပ်မှ ထွက်လာသော ညှီစို့စို့အနံ့ကိုပင် ရလာလေ၏။
သို့သော်လည်း ယခုအချိန်တွင် ယောင်ရွှယ်သည် နောက်ထပ်ပြေးဖို့ရာ အားအင်လည်း မကျန်ရှိတော့ချေ။
“မတတ်နိုင်ဘူးလေ.. ငါ၊ ယောင်ရွှယ် ဒီနေရာမှာ သေဖို့ရာ ကံပါလာခဲ့ပြီပဲ.. ငါ့အဖေသာ ဒါကို သိရင်တော့.. အင်း”
ယောင်ရွှယ်သည် အားအင်လုံးဝကုန်ခမ်းနေပြီ ဖြစ်သော်လည်း ကြိုးစား၍ မတ်တပ်ရပ်လိုက်၏။ သူမသည် ဝမ်းနည်းပက်လက် ပရိဒေဝပူဆွေးမှုဖြင့် မျက်ရည်များက တိတ်တဆိတ် စီးကျလာလေ၏။
သေရတော့မည်ဟု စိတ်နုလုံးဒုန်းဒုန်းချလိုက်သည့် အချိန်ကလေးမှာပင် သန်မာသော လက်တစ်ဖက်က သူမခါးပေါ်သို့ ရောက်ရှိလာလေသည်။ ထို့နောက် သူမခန္ဓာကိုယ်သည် ပေါ့ပါးသွားပြီး တစ်စုံတစ်ယောက်က သူမကို အဝေးသို့ သယ်ဆောင်သွားလေ၏။
“ရိုင်းပျသွားရင် ခွင့်လွှတ်ပါ အမိ.. အခြေအနေအရ လိုအပ်လို လုပ်ရတာပါ” အမျိုးသားတစ်ယောက်၏ အသံက သူမနားထဲသို့ တိုးဝင်လာ၏။
ယောင်ရွှယ် မျက်လုံးကို ကြိုးစားဖွင့်ကြည့်လိုက်သောအခါ ဆူဇီမိုမျက်နှာကို ဘေးတိုက်မြင်လိုက်ရ၏။
“သူက ငါ့ကို ပစ်မထားခဲ့ဘူးပဲ”
ဤအချိန်တွင် ယောင်ရွှယ်၏ ရင်ထဲတွင် ပြောမပြတတ်သော ပျော်ရွှင်မှုခံစားချက်က ဖြစ်ပေါ်လာ၏။ ထို့နောက် သူမသည် သူမ၏ဝမ်းနည်းပူဆွေးသောကများကို ဖွင့်ထုတ်ရန် နေရာရှာတွေ့လိုက်သကဲ့သို့ မျက်ရည်များက စမ်းချောင်းသဖွယ် ဒလဟော စီးကျလာလေတော့၏။
ဝှစ်! ဝှစ်!
လေတိုးသံများ ထွက်ပေါ်လာပြီး သစ်ပင်များက အနောက်တွင် ရိပ်ကခနဲ ရိပ်ခနဲ ကျန်ခဲ့လေ၏။
ဤအမျိုးသားသည် ဓါးပျံခြောက်လက်ကို ဘယ်လက်ကပွေ့၊ ညာလက်က လူတစ်ယောက်က လူတစ်ယောက်ကို သယ်လာရသော်လည်း ပြေးနေသောအရှိန်က နှေးမသွားသည့်အပြင် စောစောက တစ်ယောက်တည်းပြေးတာထက်ပင် ပိုမြန်နေသေး၏။
ဒီလူသည် စောစောက သူမရှေ့ကနေ ပြေးရာတွင် အားကုန်မသုံးခဲ့ဆိုတာကို ဒီတော့မှသာလျှင် သူမနားလည်လိုက်၏။ သို့မဟုတ်ပါလည်း ဒီလူလည်း ဟိုမျောက်လို အစအနပျောက်သွားမည်မှာ ကြာလောက်ပေပြီ။
“ဒီလူက ဆိုးတော့မဆိုးဘူးပဲ”
ယောင်ရွှယ်သည် အားအင်များ ကုန်လမ်းလာပြီး သူမကို ပွေ့သယ်လာသော လူပေါ်သို့ မှီတွယ်ချလိုက်၏။ ပျော်ရွှင်ဖွယ်ဆုံဆည်းရာ အဆိပ်ကလဲ ဆက်တိုက်အစွမ်းပြလာပြီး သူမ၏ အတွေးများကို အရိုင်းဆန်လာစေ၏။
ယောင်ရွှယ်သည် တစ်ဖြည်းဖြည်း မိန်းမောလာပြီးနောက် သူမ၏လျှာဖျားကို ကိုက်ကာ သတိရှိနေစေရန် ကြိုးစားလိုက်၏။
ဘယ်ချိုးညာကွေ့နှင့် ဒီလူက ကန်းလန်ရိုးမနှင့် လွန်စွာရင်းနှီးကျွမ်းဝင်ပုံ ရလေ၏။ ယောင်ရွှယ်သည် စိတ်ဝိညာဉ်တောကောင်ဟိန်းသံများကို ကြားခဲ့ရသော်လည်း မည်သည့်တိုက်ခိုက်မှုကိုမျှ မကြုံခဲ့ရချေ။
ယောင်ရွှယ်သည် တစ်ဖြည်းဖြည်းနှင့် သူမ၏ အသိစိတ်ကို ဆုံးရှုံးသွားလေ၏။
...
“Miss.. ထတော့ ထတော့” အမျိုးသားတစ်ယောက်၏ အသံက ထွက်ပေါ်လာ၏။
“ဝူး..အူး”
ထို့နောက် တစ်ဆက်တည်းပင် ယောင်ရွှယ်၏ ကယောင်ကတမ်းနှင့် ယောင်ရမ်းအော်ဟစ်သံများ ထွက်ပေါ်လာ၏။
သူမသည် ရေသံများကို ကြားလိုက်ရ၏။
လောင်ကျွမ်းပူလောင်နေသော သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် အေးစက်နေသော ရေအထိအတွေ့ကို ခံစားရ၏။ ယောင်ရွှယ်သည် လွန်ကဲအအေးဓါတ်ကြောင့် နိုးထလာလေ၏။
“ဒါ..ဒါ ဘယ်နေရာလဲ”
ယောင်ရွှယ်သည် ဘေးပတ်ဝန်းကျင်ကို ကြည့်၍ ကတုန်ကယင်နှင့် မေးလိုက်၏။
ဤနေရာသည် သေးငယ်ကျဉ်းမြောင်းသော ကျောက်လိုဏ်ဂူလေး ဖြစ်လေသည်။ သူမသည် အေးစက်သောရေကန်လေး တစ်ခုအလယ် ရောက်နေပြီး အဲ့ဒီမှာ ထူးထူးခြားခြားရယ်လို့ ဘာမျှ မရှိလှပေ။
ပျော်ရွှင်ဖွယ်ဆုံဆည်းရာ အဆိပ်၏ အာနိသင်က ကျန်ရှိနေသေးသော်လည်း ရေကန်လေးထဲက လွန်ကဲအအေးဓါတ်က ယောင်ရွှယ်၏ အာရုံကြောများကို ဆက်တိုက်နှိုးဆွပေးနေပြီး သူမကို သတိရှိနေစေ၏။
“သင်က အခြေတည်အဆင့်ကျင့်ကြံသူပဲ.. ပြီးတော့ ဒီရေကန်ရဲ့ အကူအညီနဲ့ဆို .. ပျော်ရွှင်ဖွယ်ဆုံဆည်းရာအဆိပ်ကို ဖယ်ထုတ်နိုင်လိမ့်မယ် မဟုတ်လား”
ထိုသို့ ပြောပြီးနောက် အမျိုးသားက လှည့်ထွက်သွားလေ၏။
အပြင်မထွက်ခင် ထိုအမျိုးသားက လိုဏ်ဂူအပေါက်ဝကို ဝံပုလွေသားရေချပ်များဖြင့် ဖုံးကွယ်ပေးသွားသေး၏။
အမျိုးသား၏ ခြေသံက တစ်ဖြည်းဖြည်း ဝေးကွာသွားလေသည်။
အရာအားလုံးကို အကဲခတ်ပြီးနောက် ယောင်ရွှယ်၏ ရင်ထဲတွင် တစ်မျိုးတစ်မည် ခံစားချက်က ပေါ်လာ၏။
ရေကန်ထဲကို ကျရောက်သွားပြီးနောက် သူမ၏ အဝတ်များက စိုရွှဲသွား၏။ သို့သော်လည်း ထိုလူက သူမကို တစ်ချက်ပင် လှည့်မကြည့်ပေ။ သူက လွန်စွာစေ့စပ်သေချာ၏။ သူသည် သူမစိတ်ထဲ မလုံမခြုံ ခံစားနေရမည်ကို စိုးသောကြောင့် လိုဏ်ဂူပေါက်ဝကိုပင် ဖုံးကွယ်ပိတ်ပေးသွားသေး၏။
ပျော်ရွှင်ဖွယ်ဆုံဆည်းရာအဆိပ်က အားကောင်းသော်လည်း အခြေတည်အဆင့်သူမအတွက် သိပ်တော့အန္တရာယ် မရှိပေ။
စောစောကသူမ ဆိုးဆိုးရွားရွား အခြေအနေသို့ ကျရောက်ခဲ့ရသည်မှာ အဆိပ်ကိုဖယ်ထုတ်ဖို့ရာ သူမမှာ အချိန်အနည်းငယ်မျှပင် အခွင့်အရေးမရခဲ့သောကြောင့် ဖြစ်လေသည်။ သူမသည် သိုလှောင်အိတ်ထဲမှ ဆေးတစ်လုံးထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် သူမသည် စိတ်နုလုံးငြိမ်းချမ်းမန္တန်တစ်ခုကို ရွတ်ဆိုနေလိုက်၏။
ဒီအချိန်မှာပင် အပြင်ဘက်မှ လူတစ်ယောက်နှင့် မျောက်တစ်ကောင်၏ အသံများကို သူမကြားလိုက်ရ၏။ လူနှင့်မျောက်က စကားဆက်သွယ်ပြောကြားနေပုံရ၏။
အမျိုးသား၏ အသံက မတိုးမကျယ်နှင့် သူမ,ကြားရရုံလောက် ဖြစ်လေသည်။
ယောင်ရွှယ်၏ ရင်ထဲ နွေးထွေးသွား၏။
ဒီလူက သူသည် လိုဏ်ဂူအပြင်ဘက်၌သာ နေသည်ကို သူမအား တစ်ဖက်လှည့်နှင့် အသိပေးနေခြင်း ဖြစ်လေ၏။ သူသည် သူမနှင့် မနီးလွန်းမဝေးလွန်းသော နေရာတွင် ရှိနေ၏။ ထို့ကြောင့် သူမသည် ဒဏ်ရာများကို အေးအေးဆေးဆေး စိတ်ချလက်ချ ကုသနိုင်လေ၏။
“အင်း.. ဒီလူက .. စိတ်တော့ဝင်စားစရာပဲ” ယောင်ရွှယ်က အပြစ်ဆိုစရာမရှိ နူးညံ့လှပစွာ ပြုံးလိုက်လေတော့၏။