← Chapters

ဝဲဂယက်အတွင်း ကျဆင်းသွားခြင်း

Vol. 2 Ch. 23

ဝဲဂယက်အတွင်း ကျဆင်းသွားခြင်း

Vol. 2 Ch. 23

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၂၃) ဝဲဂယက်အတွင်း ကျဆင်းသွားခြင်း

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

ဆူဇီမို လိုဏ်ဂူထဲမှ လှမ်းထွက်လာသောအခါ စိတ်ဝိညာဉ်မျောက်က သူ့ကို အပြင်ကနေ စောင့်နေ၏။

စိတ်ဝိညာဉ်မျောက်က လိုဏ်ဂူထဲသို့ လက်ညိုးထိုးရင်း အော်ရယ်ပြနေ၏။ သူသည် ဆူဇီမိုကို တစ်မူထူးခြားသော အမူအယာဖြင့် မျက်စိတစ်ဖက်ကို မှိတ်ပြလိုက်၏။ သူသည် ခန္ဓာကိုယ်ကို ရှေ့နောက် အကြိမ်အနည်းငယ်ပင် လှုပ်ရမ်းပြလိုက်သေး၏။

ဆူဇီမိုက ရယ်သံနှော၍ ကျိန်ဆဲလိုက်၏။ “သောက်မျောက် မင်းကတော့ အကုန်လုံးကို သိနေတော့တာပဲ”

တစ်ကယ်တော့ ဆူဇီမိုသည် ပျော်ရွှင်ဖွယ်ဆုံဆည်းရာအဆိပ်ကို အရင်က မကြားဖူးခဲ့သော်လည်း ဤအဆိပ်၏ အာနိသင်အကျိုးသက်ရောက်ပုံကို အကြမ်းဖျင်းတော့ ခန့်မှန်းမိလေသည်။ ၎င်းက စိတ်အာရုံကို ထွေပြားအရိုင်းဆန်သွားစေပြီး မိန်းမောသွားစေပုံရလေ၏။

သူသည် ဆယ်စုနှစ်တစ်ခုကျော်အောင် စာပေများကိုသာ လေ့လာခဲ့သော လူယဉ်ကျေးတစ်ယောက်ဖြစ်၏။ ဒုက္ခရောက်နေသော လူတစ်ယောက်အပေါ် သူဘယ်တော့မှ အခွင့်အရေးယူမှာ မဟုတ်ပေ။

“မင်းဒဏ်ရာတွေက ဘယ်နဲ့လဲ” ဆူဇီမိုက မေးလိုက်၏။

“ဝို့ဝို့”

စိတ်ဝိညာဉ်မျောက်က ဘာမှမပြောပ‌လောက်ပါဘူးဆိုသော အဓိပ္ပါယ်နှင့် လက်ကာပြလိုက်၏။

စိတ်ဝိညာဉ်မျောက်၏ ခန္ဓာကိုယ်က အံ့သြဖို့ကောင်းလောက်အောင်ပင် အနာကျက်နှုန်းမြန်ဆန်ပြီး လွန်မင်းစွာ သန်မာလေသည်။ ထိုဒဏ်ရာများက ရက်အနည်းငယ်ဆို အားလုံးပြန်ကောင်းသွားနိုင်၏။

တစ်ခဏကြာ စကားမပြောဘဲ တိတ်ဆိတ်နေပြီးနောက် ဆူဇီမိုက ညင်သာစွာဖြင့် “ငါ ဒီကနေ ထွက်သွားရတော့မယ်” ဟု အလေးအနက် ပြောလိုက်၏။

“အို့”

စိတ်ဝိညာဉ်မျောက်၏ မျက်လုံးများက ပြူးကျယ်သွားပြီး အနည်းငယ် ချီတုံချတုံ ဖြစ်သွား၏။

သူသိခဲ့ရသလောက်ဆို ဆူဇီမိုက သူ့ပုံစံသူ့အနေအထားနှင့် အ‌တော်လေးဆင်တူလေ၏။ သူတို့သည် ကန်းလန်ရိုးမမှာ နေထိုင်ကြပြီး မည်သည့်အနှောင်အဖွဲ့ နောက်ဆံတင်းစရာမျှ မရှိဘဲ စိတ်ထဲရှိသလို လွတ်လပ်ပေါ့ပါးစွာ လုပ်ကိုင်ပြုမူခဲ့ကြလေ၏။

ဆူဇီမိုက ပင်ယန်းမြို့ဘက်သို့ ညွှန်ပြရင်း “ကန်းလန်ရိုးမကနေ ကီလိုမီတာ အနည်းငယ်အကွာ အဲ့ဒီဘက်မှာ မြို့ငယ်လေးတစ်မြို့ရှိတယ်.. ငါ့ရဲ့အိမ်က အဲ့ဒီမှာပဲ.. ငါအခု အိမ်ပြန်ရတော့မယ်” ဟု ပြောလိုက်၏။

စိတ်ဝိညာဉ်မျောက်က လျှောက်အော်နေတာကို ရပ်တန့်လိုက်၏။ မျက်ရည်များက ရစ်ဝိုင်းလာပြီး အနည်းငယ် ဝမ်းနည်းနေပုံ ရ၏။ သူသည် တစ်ဖက်သို့လှည့်ကာ သူ့ခန္ဓာမှ ဒဏ်ရာများကို လျှာနှင့်လျက်နေလိုက်၏။

ဆူဇီမိုလည်း ခံစားချက်များ ရောပြွန်းပြီး အနည်းငယ် မသက်မသာပုံစံ ဖြစ်သွား၏။

စိတ်ဝိညာဉ်မျောက်က စတွေ့တုန်းကလို သူ၏ အသက်ကယ်တင်ရှင်တစ်ယောက်သာလျှင် မဟုတ်တော့ပေ။

စိတ်ဝိညာဉ်မျောက်က သူနှင့်အတူ ကောင်းတူဆိုးဖက် မျှဝေခံစားပြီး၊ အတူသွားအတူစား နေထိုင်ခဲ့ကြသော သူငယ်ချင်းတစ်ယောက် ဖြစ်လေသည်။ စိတ်ဝိညာဉ်မျောက်ကို သူနှင့်အတူ အပြင်လောကသို့ ခေါ်သွားဖို့ ဆိုသည်မှာလည်း စိတ်ကူးယဉ်ဆန်လွန်းလေသည်။

စိတ်ဝိညာဉ်မျောက်သည် အပြင်လောကနှင့် အသားမကျမှာကို သူစိုးရိမ်မိသလို စိတ်ဝိညာဉ်မျောက်ကို အပြင်လောက အန္တရာယ်မှ မကာကွယ်နိုင်မှာကိုလဲ သူ စိုးရိမ်မိလေသည်။

စိတ်ဝိညာဉ်မျောက်က အလွန်မာနကြီးပြီး ခေါင်းမာ၏။ သူကို နာခံတတ်လာအောင်လုပ်ဖို့ရာ မလွယ်ကူပေ။ သူပုံစံနှင့် အပြင်လောကမှာဆို ပြဿာနာပေါင်းစုံ တက်နိုင်လေသည်။ သူ့အတွက်တော့ ကန်းလန်ရိုးမမှာ နေခြင်းက အပြင်လောကထက် ပို၍ လုံခြုံ၊ စိတ်ချ၊ လွတ်လပ်၊ ပျော်စရာ ကောင်းပေလိမ့်မည်။

“‌ရောင်းရင်း.. ဝင်လာခဲ့လို့ ရပါတယ်”

ဤအချိန်မှာပင် လိုဏ်ဂူထဲမှ နူးညံ့ညင်သာသည့် အမျိုးသမီးအသံက ထွက်ပေါ်လာပြီး အပြင်ဘက်မှ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

ဆူဇီမိုသည် စိတ်ဝိညာဉ်မျောက်၏ ပုခုံးကို အသာပုတ်လိုက်ပြီး လိုဏ်ဂူထဲသို့ လှမ်းဝင်လိုက်၏။

ညက မှောင်မည်းနေပြီ ဖြစ်သော်လည်း လျှို့ဝှက်နက်နဲဂန္တဝင်ပညာရပ်ကို လေ့ကျင့်ပြီးနောက် ဆူဇီမို၏ အမြင်အာရုံက ထိပ်တန်းအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။ ယောင်ရွှယ်ကို ကြည့်လိုက်ပြီးနောက် ဆူဇီမိုသည် အနည်းငယ် မှင်တက်သွားလေ၏။

ယောင်ရွှယ်၏ အလှတရားက လက်ဖျားခါလောက်ပေသည်။ သူမ၏အလှက ရှန်းမန်းကီထက် သာလွန်ပြီး တျဲယွဲ့နှင့်ပင် နှိုင်းယှဉ်လို့ ရလောက်၏။ သူမမှာ တျဲယွဲ့လို တစ်မူထူးခြားတဲ့ ညှို့ငင်ဓါတ်လေး မရှိတာ တစ်ခုပင်။

ယောင်ရွှယ်သည် အခုလေးမှ ရေကန်ထဲက တက်လာတာဖြစ်ပြီး သူမ၏ နက်မှောင်နေသော ဆံကေသာများက ရေစိုနေဆဲဖြစ်၏။ ယခုမှ ရေချိုးပြီးကာစလို ဖြစ်နေသည့် သူမက နူးညံစိုပြေနေပြီး လွန်စွာ ဆွဲဆောင်မှု ရှိနေလေ၏။

ဆူဇီမိုသည် အနည်းငယ် အာရုံထွေပြားသွားကာ သတိလက်လွတ်ဖြစ်သွားသော်လည်း တစ်ခဏအတွင်း ပုံမှန်အတိုင်း ပြန်လည်ပြုမူလိုက်၏။

ယောင်ရွှယ်၏ လက်ရှိပုံစံအရ ပျော်ရွှင်ဖွယ်ဆုံဆည်းရာအဆိပ်က ပြေပျောက်သွားလောက်ပြီဟု သူခန့်မှန်းလိုက်၏။

ဆူဇီမိုသည် ယောင်ရွှယ်ကို ခေါင်းညိတ်ပြလိုက်ပြီး သူပုံမှန်နားနေကျနေရာသို့ လျှောက်သွားလိုက်၏။ သူသည် ပျော်ရွှင်ဖွယ်ကလန်သားများဆီမှ ရလာခဲ့သော အိတ်ငယ်လေးများကို သိချင်စိတ် ပြင်းပြစွာဖြင့် ဂနာမငြိမ် ရှာဖွေမွှေနှောက်နေလေ၏။

“ရောင်းရင်း.. သင့်နာမည်ကိုလဲ မသိရသေးပါလား” ယောင်ရွှယ်က ပြုံးရင်း မေးလိုက်၏။

“ဆူဇီမို”

ဆူဇီမိုသည် မော့ပင်မကြည့်ဘဲ ပြန်ဖြေလိုက်ပြီး သူ့လက်ထဲမှ အိတ်ငယ်လေးများဖြင့် အလုပ်ရှုပ်နေလေ၏။

ယောင်ရွှယ်က ဆူဇီမိုကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူမအဆိပ်မိခဲ့တုန်းက ရှက်စရာကောင်းသော အခြေအနေများကို ပြန်အမှတ်ရသွားပြီး သူမမျက်နှာက ရှက်သွေးဖြန်း၍ နီမြန်းလာလေ၏။

ယောင်ရွှယ်က ညင်သာစွာ အံကြိတ်လိုက်ပြီး အာရုံထွေပြားနေသော မျက်လုံးများဖြင့် ဘေးဘီဝဲယာ လျှောက်ကြည့်လိုက်၏။ ထို့နောက် သူမက စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး မေးလိုက်၏။ “စောစောက.. ကျမ...”

“စောစောက .. Missသတိလစ်နေတုန်းက ဘာမှ မဖြစ်ခဲ့ပါဘူး” ယောင်ရွှယ် ဆက်မပြောခင် ဆူဇီမိုက သူမပြောချင်တာကို အဆုံးသတ်ဖြေပေးလိုက်၏။

ဆူဇီမိုက သူမကို စကားပြန်ပြောချင်စိတ် ရှိမနေတာကို သူမသတိထားမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ သူသည် သူ့လက်ထဲမှ အိတ်ငယ်လေးများနှင့်သာ အလုပ်ရှုပ်နေ၏။ သူမကို စိတ်မဝင်စားချေ။ သူမရင်ထဲ အနည်းငယ် မကျေနပ်သလို ခံစားလာရ၏။

သူမသည် ခဏလောက် ဘေးကနေ ထိုင်ကြည့်နေရင်း နောက်ဆုံး မနေနိုင်စွာဖြင့် “‌ရောင်းရင်း.. ရှင်က ကျင့်ကြံသူ မဟုတ်ဘူးမလား” ဟူ၍ စကားစမေးလိုက်၏။

ဆူဇီမိုက လုပ်လက်စကို ခဏနားလိုက်၏။ သူသည် ယောင်ရွှယ်ကို မျက်လုံးချင်း တစ်ချက်ဆုံကြည့်ကာ “ကျုပ်မှာ စိတ်ဝိညာဉ်ရင်းမြစ် မရှိဘူး” ဟု တည်ငြိမ်စွာ ပြောလိုက်၏။

ဤစကားကို ကြားရချိန်တွင် ယောင်ရွှယ်၏ မျက်လုံးထဲတွင် အထင်အမြင်သေးခြင်းအရိပ်အယောင် အနည်းငယ်မျှ မရှိပေ။ ထို့အစား အံ့သြမှုနှင့် နှမြေတသစိတ် အနည်းငယ်သာ ရှိလေ၏။

သူ့အတွက် ဤအမူအယာက ယောင်ရွှယ်နဲ့ပတ်သတ်၍ အကောင်းမြင်စိတ်ကို ဖြစ်ပေါ်စေ၏။

ယောင်ရွှယ်က ဆူဇီမိုအနား ချည်းကပ်သွားပြီး ညစ်ပေရေမှာကို စိတ်ထဲထားမနေဘဲ မြေပေါ်တွင် ထိုင်ချလိုက်၏။ သူမက ရယ်သံနှော၍ “ဒါဆို ကျမက ရှင့်ကို ရောင်းရင်းလို့ ဆက်မခေါ်တော့ဘူး.. အခုကစပြီး လူကြီးမင်းဆူလို့ပဲ ခေါ်တော့မယ်” ဟု ပြောလိုက်၏။

“သင်အဆင်ပြေသလို ခေါ်ပါလေ” ဟုဆို၍ ဆူဇီမိုက ပြုံးလိုက်၏။

ယောင်ရွှယ်က ဆူဇီမိုလက်ထဲမှ အိတ်ငယ်‌လေးများကို ညွှန်ပြ၍ “အဲ့ဒါကို သိုလှောင်အိတ်လို့ခေါ်တယ်.. ကျင့်ကြံရေးလောကမှာတော့ သုံးနေကျ ပစ္စည်းပဲ.. လူတိုင်းနီးပါး တစ်ခုစီ ဆောင်ထားလေ့ရှိကြတယ်.. အဲ့ဒီထဲမှာ နေရာလွတ်ပါပြီး ပစ္စည်းအတော်များများကို ထည့်ထားလို့ရတယ်” ဟု ရှင်းပြလိုက်၏။

“အို့”

“ဒါပေမယ့် အဲ့ဒီသိုလှောင်အိတ်တွေက စိတ်ဝိညာဉ်ချီနဲ့ လှုံ့ဆော်နှိုးဆွလိုက်မှ ဖွင့်လို့ရတာ”

ယောင်ရွှယ်က ပြောရင်းနဲ့ သိုလှောင်အိတ်တစ်လုံးကို ကောက်ယူကာ သူမလက်ဖြင့် အသာယာထိလိုက်၏။ မြေပေါ်သို့ ပစ္စည်းများ ပုံကျလာ၏။ အများစုမှာ ပုလင်းများ၊ ဖန်ဗူးများဖြစ်ပြီး အဲ့ဒါတွေအပြင် လက်သီးဆုပ်ခန့် ကျောက်တုံးများကလဲ ဆယ့်လေးငါးခုလောက် ပါလေ၏။

“အဲ့ဒါတွေကို စိတ်ဝိညာဉ်ကျောက်တုံးလို့ ခေါ်တယ်.. ကျင့်ကြံသူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းပဲ.. အဲ့ဒါကို သာလွန်အဆင့်၊ အလယ်အလတ်အဆင့် နဲ့ အဆင့်နိမ့် ဆိုပြီး အဆင့်သုံးမျိုးခွဲလို့ရတယ်.. အခုတွေ့နေရတာကတော့ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးတွေပဲ”

“စိတ်ဝိညာဉ်ရင်းမြစ်ကိုတော့ အဆင့်ငါးမျိုးခွဲလို့ရတယ်.. အဲ့ဒါတွေက အဆင့်နိမ့်၊ သာမန်၊ သာလွန်၊ မြေကမ္ဘာနဲ့ ကောင်းကင် စိတ်ဝိညာဉ်ရင်းမြစ်တွေ ဖြစ်ပြီး ကောင်းကင်အဆင့်ကတော့ မရှိသလောက်ကို ရှားတယ်... ...”

ယောင်ရွှယ်က လွန်စွာ ပါးနပ်၏။ သူမသည် ကျင့်ကြံရေးလောကနှင့် ပတ်သတ်၍ ဆူဇီမို သိချင်စိတ် ပြင်းပြနေတာကို သတိထားမိသောကြောင့် ဆူဇီမို မေးစရာမလိုလောက်အောင်ပင် စိတ်လိုလက်ရ မမောနိုင်မပန်းနိုင် ရှင်းပြပေးနေလေ၏။

ထိုအကြောင်းများနှင့် ပတ်သတ်၍ တျဲယွဲ့က ပြောခဲ၏။ ထို့ကြောင့် ဆူဇီမိုသည် ကြားရသော သတင်းအချက်အလက်များတွင် နစ်မြောနေလေ၏။

တစ်ယောက်က နှိမ့်ချစွာ မေးမြန်းကြားနာပြီး တစ်ယောက်ကလည်း မခြွင်းမချန် ရှင်းလင်းပြောပြပေးနေ၏။ မသိလိုက်မသိဖာသာနှင့်ပဲ အာရုံတက်လာပြီး တစ်ညတာ ကုန်ဆုံးသွားလေတော့၏။

ကျင့်ကြံသူဆိုရင်‌တောင် တစ်ညလုံး မအိပ်ဘဲနေလျှင်တော့ ပင်ပန်းနွမ်းနယ်မည်သာ။

ဆူဇီမိုသည် ‌တောင်းပန်သလိုကြည့်၍ ထရပ်ကာ “Missယောင် ကျင့်ကြံရေးလောက အကြောင်းအရာတွေကို မခြွင်းမချန် စိတ်လိုလက်ရ ပြောပြပေးတဲ့အတွက် ‌ကျေးဇူးတင်ပါတယ်.. ကျုပ်အတွက် အများကြီး အကျိုးရှိခဲ့ပါတယ်” ဟု ပြောလိုက်၏။

ယောင်ရွှယ်က ပြုံးပြရင်း “ရှင်တစ်ကယ် ကျေးဇူးတင်တယ်ဆိုရင်‌တော့ ကျမကို ဝံပုလွေသားရေ သုံးခုလောက် လက်ဆောင်ပေးပါလား.. ကန်းလန်ရိုးမကို ကျမလာခဲ့ရတဲ့ အကြောင်းကလဲ အဲ့ဒါအတွက်ပါပဲ”ဟု တောင်းဆိုလိုက်၏။

ဤလိုဏ်ဂူထဲတွင် ဝံပုလွေသားရေများက ရာချီရှိ၏။ ဆူဇီမိုက လက်ကာပြရင်း “သင်လိုချင်သလောက်သာ ယူသွားပါချေ” ဟု ပြောလိုက်လေ၏။

ယောင်ရွှယ်က ပြောလိုက်၏။

“တစ်ကယ်တော့ စိတ်ဝိညာဉ်တောကောင်တွေရဲ့ ခန္ဓာကိုယ်က အကုန်အ‌ဖိုးတန်တွေချည်းပဲ.. လက်ဖွဲ့သခင်တစ်ယောက်အတွက်တော့ သားရေတွေက မရှိမဖြစ်ပဲ .. ရှင်တို့လိုဏ်ဂူထဲမှာဆို တောကောင်သားရေတွေ အများကြီးပဲ.. အဲ့ဒါတွေသာ ရောင်းလိုက်ရင် စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရမှာ”

ယောင်ရွှယ်သည် စောစောက ဆူဇီမိုကို ပြောပြခဲ့သေး၏။ ကျင့်ကြံရေးလောကတွင် ဂုဏ်သိက္ခာအဆင့်အတန်း မြင့်မားသော ကျင့်ကြံသူလေးမျိုး ရှိ၏။ သူတို့၏ အဆင့်အတန်းက သာမန်ကျင့်ကြံသူများထက် ပို၍ ထူးခြားမြင့်မားလေ၏။

၎င်းတို့မှာ-

နတ်ဆေးဆရာက ဆေးလုံးများကို သန့်စင်ဖော်စပ်ရ၏။ ကျင့်ကြံသူများအတွက် ဆေးလုံးများက လက်လွှတ်လို့ မရချေ။

နတ်ပန်းပဲဆရာက လက်နက်တွေကို သွန်းလုပ်ရ၏။ စိတ်ဝိညာဉ်လက်နက်များက အဆင့်အမျိုးမျိုးရှိပြီး တိုက်ခိုက်စွမ်းရည်ကို သိသိသာသာ တိုးမြှင့်ပေးနိုင်ကာ ကျင့်ကြံသူများအတွက် အလွန်အရေးပါလေ၏။

လက်ဖွဲ့သခင်ကတော့ အဆောင်၊ လက်ဖွဲ့၊ အင်းအိုင်၊ ခါးလှည့်များကို ပြုလုပ်ရ၏။ ပျော်ရွှင်ဖွယ်ကလန်သားများနှင့် တိုက်ခိုက်ခဲ့တုန်းက ယောင်ရွှယ်သုံးခဲ့သော အလင်းဒိုင်းကာမှာလည်း အဆောင်အမျိုးအစားတစ်ခု ဖြစ်လေ၏။ ထိုအဆောင်သာ မရှိခဲ့ပါက စောစောကတည်းက သူမသည် တောင့်မခံနိုင်ဘဲ ရှုံးနိမ့်ခဲ့ပေလိမ့်မည်။

ဝင်္ကပါသခင်ကတော့ အစီအရင်ဝင်္ကပါအခင်းအကျင်းများ ပြုလုပ်ရာတွင် ကျွမ်းကျင်လေ၏။ များစွာသော ဂိုဏ်းအဖွဲ့အစည်းများတွင် အဆင့်မြင့်ခုခံရေးဝင်္ကပါအစီအရင်များ ခင်းကျင်းထားလေ့ ရှိလေ၏။ ကျင့်ကြံသူများသည် တစ်ဖက်လူ ခင်းကျင်းထားသော အစီအရင်စက်ဝန်းထဲသို့ ကျရောက်သွားလျှင် သူတို့၏ လှုပ်ရှားမှုများသည် ကန့်သတ်ခံရပြီး အသက်အန္တရာယ်ပင် ခြိမ်းခြောက်ခံရနိုင်ပေသည်။

တစ်ကယ်တော့ ထိုကျင့်ကြံသူလေးမျိုးထဲက တစ်ယောက်ဖြစ်လာဖို့ဆိုလျှင် အနိမ့်ဆုံးလိုအပ်ချက်မှာ စိတ်ဝိညာဉ်ရင်းမြစ် ရှိဖို့နှင့် ချီစုဖွဲ့စစ်သည်တော်တစ်ယောက် ဖြစ်နေဖို့ ဖြစ်၏။

ဆူဇီမိုက “စိတ်ဝိညာဉ်ကျောက်တုံးတွေ ရလာရင်တောင် အဲ့ဒါက ကျုပ်အတွက် အသုံးမှမတည့်တာကို.. အဲ့ဒါတွေလဲပြီး ဘယ်နားသွားသုံးရမလဲ”

“ဘာလို့ မရ,ရမှာလဲ”

ယောင်ရွှယ်က ချက်ခြင်း ပြောလိုက်၏။ “ရှင်သိထားဖို့က အဆင့်နိမ့်စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးရဲ့တန်ဖိုးက ရွှေဒင်္ဂါးတစ်ထောင်နဲ့ ညီမျှတယ် ဆိုတာပဲ.. ကျင့်ကြံရေးလောက တစ်ချို့ ကုန်သွယ်ဖလှယ်ရေးအိမ်တော်တွေမှာဆို စိတ်ဝိညာဉ်ကျောက်တုံးသာ အလုံအလောက်ရှိရင် အမျိုးမျိုးသော ပစ္စည်း၊ လက်နက်တွေကို လဲလှယ်ယူလို့ ရတယ်.. မင်းတတ်နိုင်ရင် ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုအတွက် ချီစုဖွဲ့စစ်သည်တော်တွေကိုတောင် ငှားပြီး ခိုင်းလို့ရတယ်.. ချီစုဖွဲ့စစ်သည်တော်ရဲ့ အဆင့်က မြင့်လေလေ ငှားရမ်းခကလဲ ပိုများလေလေပေါ့”

ဤစကားကို ကြားပြီးနောက် ဆူဇီမို ရင်ထဲ အနည်းငယ် လှုပ်ရှားသွား၏။ ဒါဆိုရင် ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေက သူ့ဟာနဲ့သူတော့ အသုံးတည့်သားပဲ။

တစ်ခဏမျှ စဉ်းစားပြီးနောက် ဆူဇီမိုက မေးလိုက်၏။ “ပျော်ရွှင်ဖွယ် ခုနှစ်ဖော်က ဘယ်အဆင့်တွေမှာလဲ”

ယောင်ရွှယ်က ဖြေလိုက်၏။ “စိတ်ဝိညာဉ်မျောက်ကို စောင့်ကြည့်နေတဲ့ နှစ်ယောက်က အားအနည်းဆုံးပဲ.. သူတို့နှစ်ယောက်က အဆင့်၅ ချီစုဖွဲ့စစ်သည်တော်တွေ.. ထွက်ပြေးသွားတဲ့တစ်ယောက်ရယ်၊ မျက်နှာပြဲပြဲနဲ့တစ်ယောက်ရယ်က အဆင့်အမြင့်ဆုံးပဲ.. သူတို့နှစ်ယောက်က အဆင့်၈ ချီစုဖွဲ့စစ်သည်တော်.. ကျန်တဲ့သုံးယောက်စလုံးကတော့ အဆင့်၇ ချီစုဖွဲ့စစ်သည်တော်တွေပဲ”

ဆူဇီမို ခေါင်းညိတ်လိုက်၏။

တစ်နှစ်လောက် လေ့ကျင့်ရေးဆင်းပြီး အတွေ့အကြုံရှာခဲ့တာတွေက အလဟဿ မဖြစ်ခဲ့ပေ။ အခုဆို အဆင့်၈ ချီစုဖွဲ့စစ်သည်တော်ကတောင် သူ့ပြိုင်ဘက် မဟုတ်တော့ချေ။

အနီးကပ်တိုက်ခိုက်ရလျှင် အဆင့်၉ ချီစုဖွဲ့စစ်သည်တော်ကိုတောင် လှဲသိပ်နိုင်လိမ့်မည်ဟူ၍ သူယုံကြည်မိ၏။

ခြွင်းချက်အနေနဲ့ တစ်ဖက်လူက တွေ့တွေ့ခြင်းကတည်းက ဓါးပျံစီးနင်းတာကို မသုံးခဲ့ဘူးဆိုရင်ပေါ့။

တစ်ကယ်တော့ ဓါးပျံစီးနင်းတာက စိတ်ဝိညာဉ်ချီကို များစွာလောင်ကျွမ်း ကုန်ဆုံးစေ၏။ တစ်ကယ့် ရန်ပွဲ၊ တိုက်ပွဲတွေမှာဆိုလျှင် ချီစုဖွဲ့စစ်သည်တော်ဖြစ်စေ၊ အခြေတည်အဆင့်ကျင့်ကြံသူဖြစ်စေ ပြိုင်ဘက်နှင့်တိုက်ခိုက်ရာတွင် စိတ်ဝိညာဉ်ချီများကို တတ်နိုင်သလောက် ခြွေတာရပေမည်။ တစ်ထိုင်တည်းနှင့် ကျင့်ကြံသူတစ်ယောက် သုံးနိုင်သော ချီပမာဏသည် အကန့်အသတ်ရှိ၏။

တစ်ယောက်က မြေပေါ်မှာ ရပ်နေလျှင်တောင် ဓါးပျံစီးနေသောတစ်ဖက်လူကို အောက်ကနေ ဓါးပျံကို ထိန်းချုပ်၍ တိုက်ခိုက်နိုင်သေး၏။

ဒါ့ကြောင့်ပင် သတ်ဖြတ်တိုက်ခိုက်ခြင်းများတွင် ချီစုဖွဲ့စစ်သည်တော်ဖြစ်စေ၊ အခြေတည်အဆင့်ဖြစ်စေ ဓါးပျံစီးနင်းခြင်းနှင့် တိုက်ခိုက်ခြင်းကို တစ်ပြိုင်တည်း လုပ်ကြလေ့ မရှိပေ။

ထိုသို့လုပ်ခြင်းက အာရုံစူးစိုက်မှုကို ထွေပြားစေသလို စိတ်ဝိညာဉ်ချီကိုလည်း မြန်မြန် ကုန်ဆုံးစေ၏။

သို့စေကာမူ ပကတိ ရွှေအူတိုင်အဆင့်ကို ရောက်လျှင်တော့ အခြေအနေက မတူတော့ပေ။

ပကတိရွှေအူတိုင်အဆင့်၏ အားသာချက်များထဲက တစ်ခုမှာ ဓါးပျံ (သို့) မည်သည့်ပြင်ပ ပစ္စည်းကိုမျှ မမှီခိုဘဲ လေထဲမှာ ဒီတိုင်းပျံနိုင်ခြင်း ဖြစ်လေသည်။

“ဒီပစ္စည်းတွေကို ကျုပ်က ဘယ်နေရာမှာ သွားရောင်းရမှာလဲ”

ဆူဇီမိုသည် မနေ့က ပစ္စည်းအတော်များများ ရလိုက်၏။ သူသည် သိုလှောင်အိတ် ခြောက်ခုကို ရလိုက်ပြီး ၎င်းတို့ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးချည်းပဲ ခုနှစ်ရာကျော်လေ၏။ ထို့အပြင် ဓါးပျံများနှင့် ဆေးလုံးများလည်း ပါဝင်‌လေ၏။

ယောင်ရွှယ်က ပြောလိုက်၏။ “မဟာကျိုးအင်ပါယာနိုင်ငံတော်မှာဆိုရင် အကြီးဆုံး ကုန်သွယ်ဖလှယ်ရေးအိမ်တော်က ရတနာကောင်းကင် အရောင်းပြခန်းပဲ.. ရတနာကောင်းကင် အရောင်းပြခန်းက ကျင့်ကြံသူတွေ အတော်များများ ရှိတတ်တဲ့ မြို့တွေမှာဆို ဆိုင်ခွဲတွေ သွားဖွင့်ထားလေ့ရှိတယ်.. အဲ့လိုမြို့တွေထဲက အများစုကတော့ ရှင်ဘုရင်တွေမင်းမူတဲ့ အင်ပါယာလက်အောက်ခံတိုင်းပြည်ထဲက မြို့တွေပဲ”

(ဒီနေရာမှာ အနည်းငယ် ရှင်းပြချင်တာက ဆူဇီမို လက်ရှိနေသောမြို့ငယ်လေးပင်ယန်းမြို့မှာ ကန်းလန်မြို့တော်(ခရိုင်မြို့)၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး၊ ကန်းလန်မြို့တော်မှာ ဒါကီတိုင်းပြည်အတွင်းရှိ မြို့များထဲမှ တစ်မြို့ဖြစ်၏။ ဆူဇီမိုတို့ မိသားစုသည် ဒါကီတိုင်းပြည်နှင့် အိမ်နီးချင်းတိုင်းပြည်ဖြစ်သော ယန်တိုင်းပြည်မှ ပြောင်းရွှေ့လာကြခြင်း ဖြစ်၏။ ဒါကီတိုင်းပြည်ဖြစ်စေ၊ ယန်တိုင်းပြည်ဖြစ်စေ မဟာကျိုးအင်ပါယာနိုင်ငံတော်၏ လက်အောက်တွင်ရှိပြီး နှစ်စဉ်ပဏ္ဏာဆက်သရလေ၏။ ကန်းလန်မြို့၏ မြို့ဝန်မင်းမှာ အုပ်ချုပ်မှု ဖရိုဖရဲဖြစ်နေသော ယန်တိုင်းပြည်ကို ကျူးကျော်ပြီး ယန်တိုင်းပြည်၏ဘုရင် လုပ်ချင်နေခြင်း ဖြစ်လေ၏။)

“ရတနာကောင်းကင် အရောင်းပြခန်းလား” ဆူဇီမို အနည်းငယ် တွေဝေစွာ မေးလိုက်၏။ “ကန်းလန်မြို့မှာလဲ အဲ့လိုပြခန်း တစ်ခု ရှိတယ်ထင်တယ်”

သူကန်းလန်မြို့မှာ စာပေလေ့လာသင်ယူခဲ့စဉ်က ရတနာကောင်းကင် အရောင်းပြခန်းဟူသော အမည်ကို အမှုမဲ့အမှတ်မဲ့ ကြားခဲ့ဖူး၏။ ၎င်းနေရာသည် အခြားသောနေရာများထက် ပိုမိုလျှို့ဝှက်ဆန်းကြယ်သော နေရာတွင် ရှိသည်ဟုလည်း သူကြားဖူးခဲ့၏။

ကန်းလန်မြို့မှာ ရတနာကောင်းကင် အရောင်းပြခန်း ရှိတယ်ဆိုတော့ အဲ့ဒီမှာ ကျင့်ကြံသူတွေ အများကြီး ရှိနေတာလား။

ဆူဇီမိုသည် တစ်စုံတစ်ရာကို တွေးဆနေဟန်ဖြင့် မျက်စိကို မှေးကျဉ်းနေလိုက်၏။

“သူတို့က ကျင့်ကြံသူတွေဆိုတော့ မော်တယ်ကမ္ဘာက သိုင်းလောကနဲ့ အုပ်ချုပ်တရားစီရင်ရေး အရေးကိစ္စတွေကို ဝင်မရှုပ်ကြဘူးလား” ဟူ၍ ဆူဇီမိုက မေးလိုက်၏။

ယောင်ရွှယ်က ပြန်ရှင်းပြ၏။ “ချီစုဖွဲ့စစ်သည်တော်တွေရဲ့ ဘဝသက်တမ်းက သာမန်လူသားတွေနဲ့ သိပ်မကွာဘူး.. အခြေတည်အဆင့် ကျင့်ကြံသူတွေရဲ့ သက်တမ်းတောင် နှစ်တစ်ရာကျော်ရုံလေးပဲ ရှိတာ.. သူတို့က အသက်ကြီးလာလို့ ဘဝနေဝင်ချိန်ကလည်း နီးလာ၊ နောက်ထပ်အဆင့်တက်ဖို့ကလဲ မဖြစ်နိုင်တော့တဲ့အခါ ချီစုဖွဲ့စစ်သည်တော်နဲ့ အခြေတည်အဆင့် ကျင့်ကြံသူအများစုက တော်ဝင်တရားစီရင်‌ရေးကောင်စီတွေကို ဝင်ပြီး သူတို့ရဲ့ လက်ကျန်ဘဝကို လွတ်လပ်ပေါ့ပါးစွာနဲ့ ဖြတ်သန်းဖို့ လုပ်ကြတာပဲ”

“တစ်ကယ်တော့ တိုင်းပြည်အတော်များများမှာ ကျင်လည်နေကြတဲ့ ကျင့်ကြံသူအများစုက ချီစုဖွဲ့စစ်သည်တော်တွေပဲ.. ဒါပေမယ့်လဲ မဟာကျိုးအင်ပါယာမှာတော့ အခြေတည်အဆင့်ကျင့်ကြံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကြီး တစ်ခုရှိပြီး အဲ့ဒီမှာ ပကတိရွှေအူတိုင်အဆင့်တွေ‌တောင် ပါတယ်လို့ ပြောကြတာပဲ.. မဟာကျိုးအင်ပါယာနိုင်ငံတော်က အခြားသောတိုင်းပြည်တွေ အပေါ်မှာ လွှမ်းမိုးနိုင်ပြီး အားလုံးရဲ့အထက် ငွားငွားစွင့်စွင့် ရပ်တည်နိုင်တယ်ဆိုတာလဲ အဲ့ဒီအချက်တွေကြောင့်ပဲ”

ဒါကီတိုင်းပြည်နှင့် ယန်တိုင်းပြည်တို့သည် အင်ပါယာလက်အောက်ခံတိုင်းပြည်ခွဲများ ဖြစ်ကြပြီး နှစ်စဉ်နှစ်တိုင်း မဟာကျိုးအင်ပါယာသို့ လက်ဆောင်ပဏ္ဏာဆက်သရလေသည်။

ဆူဇီမိုသည် ရုတ်တရတ် သ‌ဘောပေါက်သွား၏။ “ဒါကြောင့် မဟာကျိုးအင်ပါယာက အမျိုးမျိုးသော တိုင်းပြည်တွေရဲ့ နန်းလုပွဲတွေမှာ ဝင်မပါတာကိုး..  ဘာလို့လဲဆိုတော့ ဘယ်သူပဲနန်းတက်တက် သူ့အာဏာစက်ကို လာမခြိမ်းခြောက်နိုင်‌လို့ပေါ့ ဟုတ်တယ်မလား”

“အမှန်ပဲ” ယောင်ရွှယ်က ခေါင်းညိတ်လိုက်၏။

ခဏလောက် တိတ်တိတ်နေပြီးနောက် ယောင်ရွှယ်ကပင် ပြုံး၍ “ကန်းလန်မြို့က ခရိုင်မြို့သာသာပဲကို.. ရတနာကောင်းကင် အရောင်းပြခန်းက အဲ့ဒီမှာ ဆိုင်ခွဲလာဖွင့်ထားတယ်ဆိုတော့ .. အင်း..ကန်းလန်မြို့တော်ဝန်က ကိစ္စအကြီးကြီး တစ်ခုကို ကြိတ်ကြံနေတာပဲ ဖြစ်ရမယ်” ဟု အလေးအနက် ပြောလိုက်‌လေ၏။

ကန်းလန်မြို့တော်ဝန်က ဘာလုပ်ချင်နေတာပါလိမ့်။

ဆူမိသားစုကရော အဲ့ဒီဝဲဂယက်ထဲမှာ ပါနေမလား။

ဆူဇီမိုသည် အကြမ်းဖျင်း ခန့်မှန်းမိလိုက်၏။ ဆူမိသားစုက ကြီးမားသော ဝဲဂယက်ကြီးတစ်ခုအတွင်း ရောက်နေပုံရ၏။ အနည်းငယ် ခြေလှမ်းမှားသွားနှင့် တစ်စစီပျက်စီး ကိုယ်ကျိုးနည်းသွားနိုင်လေ၏။

All Chapters