ရတနာကောင်းကင် ရွှေရောင်တံဆိပ်ပြား
Vol. 2 Ch. 24
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၂၄) - ရတနာကောင်းကင် ရွှေရောင်တံဆိပ်ပြား
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
“အတော်ပဲ .. ကျမလဲ ရတနာကောင်းကင်အရောင်းပြခန်းကို ပစ္စည်းနဲနဲလဲစရာရှိလို့ သွားချင်နေတာ.. ကန်းလန်မြို့က ဘယ်ဘက်မှာလဲ.. ကျေးဇူးပြု၍ ကျမကိုပါ ခေါ်သွားပေးပါ” ယောင်ရွှယ်က ပြုံးရင်း ပြောလိုက်၏။
ယောင်ရွှယ်က ကြင်နာသနားတတ်ပြီး စေ့စပ်သေချာသောသူတစ်ယောက်ဆိုတာ ဆူဇီမို ပြောနိုင်လေသည်။ သူက ကျင့်ကြံသူတစ်ယောက် မဟုတ်တာကြောင့် ရတနာကောင်းကင် အရောင်းပြခန်းသို့ သူ့ဘာသာသူ မဝင်နိုင်မှာကို သူမစိုးရိမ်သောကြောင့် သူမလည်း အဲ့ဒီကို သွားချင်နေတာဟု အကြောင်းပြ ပြောဆိုခြင်း ဖြစ်တန်ရာ၏။
ဆူဇီမိုက ဘာမှ အထွေအထူး ပြောမနေတော့ဘဲ “သွားမယ်လေ.. ကျုပ်လဲ ကန်းလန်ရိုးမကနေ ထွက်ခွာတော့မှာ” ဟုသာ ပြောလိုက်၏။
ဆူဇီမိုသည် တောကောင်သားရေများကို ထုပ်ပိုးလိုက်၏။ ဒါ့အပြင် သူ မနေ့က ရလာခဲ့သော သိုလှောင်အိတ်များနှင့် ဓါးပျံများကိုလဲ ဒီတိုင်းသယ်သွားလျှင် လူအများအာရုံစိုက်စရာ ဖြစ်နေမည် စိုးသောကြောင့် ယောင်ရွယ်၏ သိုလှောင်အိတ်ထဲသို့ ယာယီထည့်ထားလိုက်၏။
လိုဏ်ဂူအပြင်ဘက်တွင် မိုးကထိန်ထိန်လင်းနေပေပြီ။
စိတ်ဝိညာဉ်မျောက်သည် ထောင့်တစ်ထောင့်တွင် သူတို့ကို ကျောပေး၍ ခွေခွေကလေး အိပ်နေလေ၏။ သူက နှစ်ခြိုက်စွာ အိပ်မောကျနေပုံ ရ၏။
“သွားရအောင် .. သူ့ကို နှိုးမနေပါနဲ့တော့” ယောင်ရွှယ်က ညင်သာစွာ ပြောလိုက်၏။
ဆူဇီမိုက ခေါင်းခါလိုက်၏။ သူသည် စိတ်ဝိညာဉ်မျောက်အနား ချည်းကပ်သွားကာ ဘာမပြော ညာမပြောနှင့် ပိတ်ကန်လိုက်၏။ တစ်ဆက်တည်းပင် သူက ရယ်သံနှော၍ “အသေကောင်လို ဟန်ဆောင်မနေနဲ့ .. ထပြီး ငါ့ကို လိုက်ပို့ပေးဦး” ဟု ကြိမ်းမောင်းလိုက်၏။
ကန်ချက်က အားပါသောကြောင့် ယောင်ရွှယ်ပင် လန့်သွားရ၏။
ထူးဆန်းစွာပင် အိပ်မောကျနေသောမျောက်က ထိုသို့ဖြစ်လာမည်ကို ကြိုတင်သိရှိထားသည့်နှယ်၊ ဆူဇီမို၏ လျှပ်တစ်ပြက်ကန်ချက်ကို ဝှစ်ကနဲ ထခုန်ရှောင်လိုက်၏။ ထို့နောက် သူသည် ပါးစပ်ကိုဖြဲ သွားကိုကြိတ်ကာ ဆူဇီမိုဘက်သို့ အထင်သေးသောမျက်နှာဖြင့် ကြည့်၍ လက်နှစ်ဖက်ကို ယမ်းပြလိုက်၏။
ဆူဇီမိုသည် မသိမသာပြုံးရင်း “မင်းငါ့ကို လိုက်မပို့ချင်ဘူးဆိုလဲ ထားပါတော့.. မင်းကိုယ်မင်းလဲ ဂရုစိုက်ဦး သောက်မျောက် .. နောက်တစ်ကြိမ်ဆို ပါးပါးနပ်နပ် ရှိစေနော်.. နောက်တစ်ခါ ကျင့်ကြံသူတွေနဲ့တွေ့ရင် သူတို့လက်ထဲ ကျဆင်းပြီးတော့ အရူးလုပ်မခံရစေနဲ့” ဟု ပြောလိုက်၏။
“ဟမ့်”
စိတ်ဝိညာဉ်မျောက်က နှာရှုံ့ပြီး လက်သီးနှစ်ဖက်ကို ဝေ့ယမ်းပြလိုက်၏။
“အဲ့ဒါဆို ငါသွားတော့မယ်”
သူသည် စိတ်ဝိညာဉ်မျောက်ကို ကျောခိုင်း၍ လက်ပြကာ ယောင်ရွှယ်နှင့်အတူ လိုဏ်ဂူထဲမှ ထွက်သွားလေတော့၏။
ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ဆူဇီမိုသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး အမှတ်တမဲ့ အနောက်ကို ပြန်လှည့်ကြည့်လိုက်၏။ စိတ်ဝိညာဉ်မျောက်သည် လိုဏ်ဂူရှေ့၌ မတ်တပ်ရပ်ပြီး သူ့ကို စောင့်ကြည့်နေတာကို မြင်လိုက်ရ၏။ မနက်ခင်းနေရောင်အောက်တွင် အရပ်မြင့်မြင့်နှင့် မျောက်ကြီးတစ်ကောင်သည် အနည်းငယ် အထီးကျန်ဝမ်းနည်းနေပုံ ပေါ်လေသည်။
ဆူဇီမို လှည့်ကြည့်လိုက်သောအခါ စိတ်ဝိညာဉ်မျောက်၏ ခံစားနေရသော မျက်နှာအမူအယာက ပျောက်ကွယ်သွား၏။ သူသည် မောက်မာဝင့်ကြွားစွာနှင့် ဦးခေါင်းကိုမော့ကာ လိုဏ်ဂူအတွင်းသို့ ပြန်လှည့်ဝင်ကာ ပျောက်ကွယ်သွားလေ၏။
ယောင်ရွှယ်က သတိထားမိလိုက်ပြီး “နောက်ဆုံးတော့လဲ သူ မင်းကို နှုတ်ဆက်ရှာပါတယ်”ဟု ညင်သာစွာ ပြောလိုက်၏။
ဆူဇီမိုက တိတ်ဆိတ်စွာနှင့် ခေါင်းကိုငုံ့ထားလိုက်၏။
ယောင်ရွှယ်ကပင် “မင်းသူနဲ့ မခွဲချင်ဘူးဆိုလဲ ဘာလို့သူ့ကိုပါ ခေါ်မလာခဲ့တာလဲ” ဟု ပြောလိုက်၏။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆူဇီမိူသည် မော့ကြည့်ပြီး ပြုံးလိုက်၏။ သူသည် ဘာမျှမဖြစ်သလို ဟန်ဆောင်ကာ “အဆင်ပြေပါတယ်.. သူ့ကို အရေးလုပ်မနေနဲ့တော့.. အဲ့မျောက်က သူ့ကိုယ်သူ အကြီးကြီးမှန်းထားတာ.. သူက ကန်းလန်ရိုးမရဲ့ ရှင်ဘုရင် လုပ်ချင်နေတာလေ.. သူက တောထဲမှာပဲ ပေါ့ပါးလွတ်လပ်စွာနဲ့ အချုပ်အနှောင်မရှိ ပျော်ချင်တာ” ဟု ပြောလိုက်၏။
ယောင်ရွှယ်က သိုလှောင်အိတ်ထဲမှ ဓါးပျံတစ်ချောင်းကို ထုတ်ကာ လေထဲတွင် တန့်နေစေလိုက်၏။ ထို့နောက် သူမသည် ဓါးပျံပေါ်သို့ ခုန်တက်လိုက်ကာ ဆူဇီမိုဘက်သို့ လှည့်၍ “လာလေ.. အဲ့ဒါက ဒီတိုင်းလမ်းလျှောက်သွားတာထက်စာ ပိုမြန်တယ်” ဟု ပြောလိုက်၏။
ဆူဇီမိုလည်း ငြင်းမနေတော့ဘဲ ဓါးပျံပေါ်သို့ ချက်ခြင်းပင် ခုန်တက်လိုက်၏။
ရွှစ်!
ဓါးပျံကနေ အလင်းတစ်ချက် လက်သွားပြီး သူတို့နှစ်ယောက်သည် လျှပ်စီးလို အမြန်နှုန်းဖြင့် တောအုပ်အထက် ဖြတ်သန်းသွားကြလေ၏။
ဓါးပျံစီးနင်းခြင်းသည် ပေါ့ပါးဖျတ်လတ်ပြီးတော့ လွန်စွာ ကြည့်လို့ကောင်းလှပေသည်။ လေလေးတစ်ဖြူးဖြူးနှင့် လွတ်လပ်စွာ ပျံသန်းရသည့် အရသာမှ ဘာနှင့်မျှ မတူပေ။ ဆူဇီမိုသည် ထိုအရာကို အားမကျပါဟု ပြောပါက လိမ်ရာကျနေပေလိမ့်မည်။
သို့စေကာမူ သူလျှောက်နေသောလမ်းက သားရဲကျင့်ကြံခြင်းလမ်းကြောင်း ဖြစ်၏။ သူသည် လေထဲမှာ ပျံချင်လျှင် ‘အူတိုင်အစီအရင်အပိုင်း’ကို ရောက်ရှိအောင်မြင်သည်အထိ လေ့ကျင့်ရပေမည်။
အရွတ်အသွင်ပြောင်းလဲခြင်း ပြီးနောက် အဲ့ဒီမှာ နောက်ထပ်အဆင့်ကြီးလေးဆင့် ကျန်သေး၏ _ အရိုးမာကျောစေခြင်း၊ ခြင်ဆီသန့်စင်ခြင်း၊ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနှင့် ဒွါရရှင်းလင်းခြင်းတို့ ဖြစ်လေ၏။ အဲ့ဒါတွေကို ဖြတ်ကျော်ဖို့အတွက်ပဲ ဘယ်လောက်ကြာဦးမလဲ သူမပြောတတ်ပေ။
. . .
တစ်နှစ်ခွဲကြာပြီးနောက် ကန်းလန်မြို့သို့ နောက်တစ်ကြိမ် ပြန်လာရသည်မှာ သူ့အတွက် မတူကွဲပြားသော ခံစားချက်ကို ပေးစွမ်းနေ၏။
ယောင်ရွှယ်၏ ဓါးပျံပေါ်မှ ကန်းလန်မြို့ကို အထက်စီးကနေ ကြည့်ရသောအခါမှ ဒီမြို့က သူထင်ထားထက် အများကြီး ပိုကြီးကြောင်း ဆူဇီမို သိရလေ၏။
သူတို့နှစ်ယောက်က တိတ်ဆိတ်ခြောက်ကပ်နေသော လမ်းကြားလေးတစ်ခုတွင် ဆင်းသက်လိုက်ကြ၏။ ထိုလမ်းကြား၏ အဆုံး၌ အုတ်နံရံတံတိုင်းတစ်ခုသာ ရှိလေ၏။
ထိုအုတ်နံရံနားသို့ မရောက်ခင် ယောင်ရွှယ်က ထိုအုတ်နံရံဆီသို့ လက်ညိုးဖြင့်ညွှန်၍ စိတ်ဝိညာဉ်ချီ အနည်းငယ်ကို ထုတ်လွှတ်လိုက်၏။ ချက်ခြင်းပင် အုတ်နံရံပေါ်တွင် ကြည်လင်ထွင်းဖောက်မြင်နိုင်သော ရေလိုက်ကာတစ်ခုက ပေါ်လာလေ၏။
ယောင်ရွှယ်က ပြောလိုက်၏။ “ဒါက အစီအရင် အခင်းအကျင်း အမျိုးအစားတစ်ခုပဲ.. အဲ့ဒါက ပုံရိပ်ယောင် အကာအကွယ်တံတိုင်းတစ်ခုကို ဖြစ်ပေါ်နေစေတာ.. စိတ်ဝိညာဉ်ချီမရှိတဲ့ သာမန်မော်တယ်တစ်ယောက်ဆိုရင် ဒီနေရာကို ရှာတွေ့မှာ မဟုတ်ဘူး.. ရတနာကောင်းကင် အရောင်းပြခန်းဆီကို ဝင်ရောက်နိုင်တဲ့ နည်းလမ်းနှစ်ခု ရှိတယ်.. ပထမ- ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်.. ဒုတိယ- ရတနာကောင်းကင်တံဆိပ်ပြားတစ်ခု ရှိရမယ်”
ဆူဇီမိုက ခေါင်းညိတ်၍ ယောင်ရွှယ်နောက်ကနေ အုတ်နံရံကိုဖြတ်၍ လိုက်သွားလိုက်၏။ တစ်ဖက်ခြမ်းသည် အတော်ကို ကျယ်ဝန်း တောက်ပသော နေရာတစ်ခု ဖြစ်လေ၏။ မီးပွင့်မီးခတ်များ တစ်ဖျတ်ဖျတ် တစ်လက်လက် တောက်ပနေသော နန်းတော်တစ်ခုက သူတို့ရှေ့တွင် ပေါ်လာလေ၏။
‘ရတနာကောင်းကင် အရောင်းပြခန်း’ ဟူသော စာသားကို အဝင်ဝကျောက်တိုင်တွင် ရေးထိုးထား၏။
ရတနာကောင်းကင် အရောင်းပြခန်း ဟူသော စာသား၏ ညာဘက်အောက်ထောင့်နားလေးတွင် ‘ဆိုင်ခွဲ’ဟူသော သေသပ်သေးငယ်သည့် စာလုံးလေးကို လက်ရာမြောက်စွာ ရေးထားသေး၏။
ရတနာကောင်းကင် အရောင်းပြခန်း၏ အဓိကခန်းမထဲသို့ ဝင်လိုက်သောအခါ ဟိုဟိုသည်သည် ပေါများလှစွာသော ချီစုဖွဲ့စစ်သည်တော်များကို တွေ့ရှိရလေ၏။
အဓိကခန်းမဆောင်သည် ကျင့်ကြံရေးလောကရှိ ရတနာပစ္စည်းများစွာဖြင့် ပြည့်နှက်နေလေ၏။ အဲ့ဒီမှာ နတ်ဆေးလုံးများ၊ အဆောင်လက်ဖွဲ့များ၊ ကျင့်ကြံ့ရေးဆိုင်ရာ လျှို့ဝှက်နည်းစနစ်ကျမ်းများ စသည်ဖြင့် လူတစ်ယောက် လိုချင်တပ်မက်သော အရာအားလုံး ရှိနေ၏။
“ကျမနဲ့ အပေါ်ကို လိုက်ခဲ့.. အောက်ထပ်မှာ ရှိတာတွေက အကုန်လုံး သာမန်ပစ္စည်းတွေချည်းပဲ” ယောင်ရွှယ်က တိုးတိုးကပ်ပြောလိုက်၏။
များစွာသော ချီစုဖွဲ့စစ်သည်တော်များ၏ အားကျငေးမောနေသော အကြည့်များအောက်မှာပင် ဆူဇီမိုက ယောင်ရွှယ်နှင့်အတူ အပေါ်ထပ်သို့ တက်လိုက်၏။
ဒီနေရာရှိ လူအားလုံး သိထားကြသည်မှာ အခြေတည်အဆင့် ကျင်ကြံသူများသာ (သို့) ရတနာကောင်းကင် တံဆိပ်ပြား ရှိသူများသာ ရတနာကောင်းအရောင်းပြခန်း၏ ဒုတိယထပ်သို့ တက်ရောက်ခွင့် ရှိလေ၏။
သို့သော်လည်းပဲ ရတနာကောင်းကင် တံဆိပ်ပြားကို ရဖို့ဆိုတာ အလွန်တရာ ခက်ခဲလှ၏။ အဆင့်အနိမ့်ဆုံး ရတနာကောင်းကင် ကြေးတံဆိပ်ပြားတစ်ခုကို ရဖို့ဆိုလျှင်တောင် စိတ်ဝိညာဉ်ကျောက်တုံးများစွာကို သုံးဖို့ လိုအပ်လေသည်။
ဒုတိယထပ်ရှိ ကျင့်ကြံရေးလောကဆိုင်ရာ ရတနာများ၏ အရေအတွက်မှာ အောက်ထပ်ကထက်စာရင် လွန်စွာ နည်းပါးလှ၏။ သို့စေကာမူ အရည်အသွေးကတော့ သိသိသာသာ ပိုကောင်းလှပေသည်။
အဲ့ဒီမှာ ပစ္စည်းများကို ရောင်းချပေးနေသော ချီစုဖွဲ့စစ်သည်တော်အနည်းငယ်လွဲလျှင် အခြားမည်သူမျှ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်လှ၏။
ယောင်ရွှယ်က လွန်စွာလက်ရာမြောက်လှပသော ရွှေရောင်တံဆိပ်ပြားလေးတစ်ခုကို ထုတ်ကာ စားပွဲခုံကို တစ်ဒေါက်ဒေါက်နှင့် ခေါက်ရင်း “မင်းတို့ဆိုင်ရဲ့ မန်နေဂျာကို သွားခေါ်လိုက်”ဟု မတိုးလွန်းမကျယ်လွန်းသော အသံဖြင့် ပြောလိုက်၏။
အနီးရှိ ချီစုဖွဲ့စစ်သည်တော်မှာ ကြောက်လန့်မှင်တက်သွား၏။ ပြီးမှ သူသည် သတိပြန်ဝင်လာကာ “စီနီယာ.. ကျေးဇူးပြု၍ ခဏလောက် စောင့်ပါဦးခင်ဗျာ”ဟု နှစ်လိုစွာ ပြုံးရင်း ပြောလိုက်လေ၏။
များမကြာမီမှာပင် လုပ်ငန်းရှင်တစ်ယောက်လို ဝတ်စားဆင်ယင်ထားသော လူတစ်ယောက်က ကတိုက်ကရိုက်ဖြင့် ပြေးထွက်လာလေ၏။ သူသည် အတော်လေး ဝဖိုင့်သော်လည်း သူ့လှုပ်ရှားမှုကတော့ ပေါ့ပါးဖျတ်လတ်နေလေ၏။
“ရောင်းစရာတွေ ပါတယ်”
ယောင်ရွှယ်က တဲ့တိုးပင် ပြောလိုက်ပြီး စိတ်ဝိညာဉ်တောကောင်သားရေ ရာပေါင်းများစွာ၊ အမျိုးမျိုးသော ဆေးလုံးများနှင့် ဓါးပျံအနည်းငယ် ထုတ်ပြလိုက်၏။
ဆူဇီမိုသည် ရှိသမျှ အရာအားလုံးကို ရောင်းချပြီး စိတ်ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ယူဖို့ ဆုံးဖြတ်ထားပြီး ဖြစ်၏။
“အားလုံးပေါင်းဆို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးပေါင်း ၃၀၇၀ခု ရပါမယ်ခင်ဗျာ” ရတနာကောင်းကင်မန်နေဂျာက တွက်ချက်ပြီးနောက် ချွေးများကို သုတ်ရင်း ပြောလိုက်၏။
ယောင်ရွှယ်က လက်ကာပြလိုက်ပြီး “၃၁၀၀ ပေး” ဟု ပြတ်သားစွာ ပြောလိုက်၏။
“အင်း. . . ဒါက.. ရပါတယ်” မန်နေဂျာက အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးသဘောတူလိုက်၏။
ယောင်ရွှယ်က သာမန်ထက် ထူးခြားမြင့်မြတ်သော ဇာစ်မြစ်တစ်ခုမှ ပေါက်ဖွားဆင်းသက်လာတာ ဖြစ်ရမည်ကို ဆူဇီမို ရုတ်တရတ် နားလည်လိုက်၏။ သူမ၏ လှုပ်ရှားပြုမူပုံတိုင်းက လှပကျော့ရှင်းသေသပ်ပြီး အားကောင်းသောအော်ရာအပြည့်နှင့် ဖြစ်လေ၏။
အခုရမယ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၁၀၀ရယ်၊ ပျော်ရွှင်ဖွယ်ခုနှစ်ဖော်၏ သိုလှောင်အိတ်ထဲက စိတ်ဝိညာဉ်ကျောက်တုံး ၇၀၀ရယ် ပေါင်းလိုက်ပါက ဆူဇီမိုတွင် ယခုအခါ စိတ်ဝိညာဉ်ကျောက်တုံးပေါင်း ၄၀၀၀နီးပါး ရှိသွားပြီ ဖြစ်သည်။
ဤပမာဏက အဆင့်မြင့်ချီစုဖွဲ့စစ်သည်တော်တွေကြားမှာတောင် အတော်လေး ကြွယ်ဝသည်ဟု ပြောနိုင်လေသည်။
“ရှင် ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို ဘယ်လိုသုံးဖို့ ရည်ရွယ်ထားလဲ” ယောင်ရွှယ်က မေးမြန်းလိုက်၏။
ဆူဇီမိုတွင် သူစိတ်ကူးထားတာ တစ်ချို့ရှိ၏။ သူက လေးနက်စွာဖြင့် “ကျုပ်လက်နက်နှစ်ခု လိုချင်တယ်.. လေးတစ်လက်နဲ့ ဆေဘာတစ်လက်” ဟု ပြောလိုက်၏။
ကန်းလန်ရိုးမတွင် ချီစုဖွဲ့စစ်သည်တော်များနှင့် တိုက်ခိုက်ပြီးနောက် ဆူဇီမိုသည် သူ၏ အားနည်းချက်ကို သိရှိသွား၏။ အဲ့ဒါကတော့ လေထဲသို့ သူ,မပျံနိုင်ခြင်းပင်။
နောင်တွင် ဓါးပျံစီးနင်းသွားသော ချီစုဖွဲ့စစ်သည်တော်နှင့် ကြုံကြိုက်သည့်အခါ ဆူဇီမိုသည် ထိုသူတို့ကို လေးနှင့်မြှားကို သုံး၍ တွယ်ရပေမည်။
ဆေဘာကတော့ သူ့ကိုယ်သူ့ ကာကွယ်ခြင်း၊ ရန်သူကို တိုက်ခိုက်ခြင်းများတွင် သုံးနိုင်သလို ၊ ချီစုဖွဲ့စစ်သည်တော်များ၏ စိတ်ဝိညာဉ်လက်နက် တိုက်ခိုက်မှုများကို ထိပ်တိုက်ပိတ်ဆို့တားဆီးနိုင်ပြီး ရန်သူအနားသို့ အလျှင်အမြန် ချည်းကပ်နိုင်လေသည်။
အဲ့ဒီမှာ အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ သာလွန်အဆင့်နှင့် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်များအပြင် စိတ်ဝိညာဉ်လက်နက်တု ဟုခေါ်သော နောက်တစ်မျိုးလည်း ရှိသေး၏။
စိတ်ဝိညာဉ်လက်နက်များ အစွမ်းထက်ရခြင်းမှာ အကြောင်းပြချက်နှစ်မျိုး ရှိ၏။ ပထမတစ်ချက်မှာ စိတ်ဝိညာဉ်လက်နက်သွန်းလုပ်ရာတွင် အသုံးပြုရသော ကုန်ကြမ်းပစ္စည်းသတ္တုများမှာ လွန်စွာ ရှားပါးအဖိုးတန်သော ပစ္စည်းများဖြစ်၏။ နောက်တစ်ချက်မှာ နတ်ပန်းပဲဆရာက အကြိမ်များစွာ မီးဆေးသန့်စင် ထုနှက်ပြီး အညစ်အကြေးများကို ဖယ်ထုတ်လိုက်သောကြောင့် ထိုလက်နက်က အလွန်တရာ မာကျောခိုင်မာလာလေ၏။
အရေးကြီးဆုံးတစ်ချက်ရှိသေး၏။ အဲ့ဒါကတော့ စိတ်ဝိညာဉ်လက်နက်များကို အဆင့်ခွဲရာတွင် ၎င်းအပေါ်ရှိ စိတ်ဝိညာဉ်အင်းကွက် အရေအတွက်ကို ကြည့်ရလေ၏။
အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်များတွင် စိတ်ဝိညာဉ််အင်းကွက် တစ်ခုသာ ပါရှိပြီး ပျော်ရွှင်ဖွယ်ကလန်က လူနှစ်ယောက်၏ ဓါးများသည် ထိုအဆင့်ဖြစ်လေ၏။
ယောင်ရွှယ်၏ ဓါးပျံကတော့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်ဖြစ်ပြီး စိတ်ဝိညာဉ်အင်းကွက်နှစ်ခု ပါရှိလေသည်။
စိတ်ဝိညာဉ်အင်းကွက် သုံးခုပါရှိသော လက်နက်ကိုတော့ သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်ဟု ခေါ်ပြီး၊ လေးခုပါရှိသော လက်နက်ကိုတော့ ထိပ်တန်းအဆင့်လက်နက်ဟု ခေါ်ကြလေ၏။
ကျင့်ကြံသူများသည် မတိုက်ခိုက်မီ လက်နက်အတွင်းသို့ စိတ်ဝိညာဉ်ချီမျှင်ကို ပို့လွှတ်ပြီး စိတ်ဝိညာဉ်အင်းကွက်များကို တောက်ပလင်းလက်လာအောင် အသက်သွင်းရလေသည်။ လက်နက်ပေါ်တွင် ပေါ်လာသော အင်းကွက်အရေအတွက် များလေလေ၊ လက်နက်က ပို၍ စွမ်းအားကြီးလေလေ ဖြစ်၏။
စိတ်ဝိညာဉ်လက်နက်တုဆိုသည်မှာ ၎င်းကို ပြုလုပ်ရသော ကုန်ကြမ်းသတ္တုအရည်အသွေးကတော့ စိတ်ဝိညာဉ်လက်နက်အစစ်၏ ကုန်ကြမ်းနှင့် အတူတူပင် ဖြစ်၏။ ၎င်းကိုလည်းပဲ နတ်ပန်းပဲဆရာကသာ သွန်းလုပ်ခြင်းဖြစ်ပြီး ကွာခြားသွားသောအချက်မှာ ၎င်းလက်နက်တွင် စိတ်ဝိညာဉ်အင်းကွက် တစ်ခုမျှ မပါရှိခြင်း ဖြစ်လေသည်။
ဆူဇီမိုအတွက်တော့ သူသုံးရမည့်လက်နက်က စိတ်ဝိညာဉ်အင်းကွက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဘာမျှ ကွာခြားမှု မရှိချေ။ ဘာကြောင့်ဆိုသော် ထိုအင်းကွက်များကို အသက်သွင်းရမည့် စိတ်ဝိညာဉ်ချီ သူ့မှာ မရှိသောကြောင့် ဖြစ်လေသည်။
သူသုံးမည့်လက်နက်က စိတ်ဝိညာဉ်လက်နက်များကို တားဆီးပိတ်ကာနိုင်မည်ဆိုလျှင်၊ ထိုလက်နက်ဖြင့် တိုက်ရိုက်ခုတ်ပိုင်း၊ ထိုးသွင်း၍ ချီစုဖွဲ့စစ်သည်တော်ကို သေစေမည်(သို့) ဒဏ်ရာရအောင် လုပ်နိုင်မည်ဆိုလျှင် သူ့အတွက် လုံလောက်လေသည်။
ရတနာကောင်းကင်မန်နေဂျာက ပြောလိုက်၏။ “စိတ်ဝိညာဉ်လက်နက်တုနှစ်လက်ကို သွန်းလုပ်ဖို့က သိပ်မကုန်ကျပါဘူး.. ကုန်ကြမ်းစရိတ်ရယ်၊ နတ်ပန်းပဲဆရာ ငှားရမ်းခရယ်ရောမှ စိတ်ဝိညာဉ်ကျောက်တုံး လေးငါးရာလောက်ပဲ ကျသင့်မှာပါ”
“အဲ့ဒါ ဘယ်လောက်ကြာမှာလဲ” ဆူမိသားစုက ဘေးအန္တရာယ်ကပ်ဆိုးတစ်ခုကို ရင်ဆိုင်ရဖို့ သိပ်မကြာတော့ဘူးဟု ဆူဇီမို စိတ်ထဲ ခံစားနေရ၏။ ထို့ကြောင့် သူ့တိုက်ခိုက်စွမ်းရည်ကို တတ်နိုင်သမျှ မြန်မြန်တိုးမြှင့်ချင်နေလေ၏။
“အနည်းဆုံးတော့ သုံးရက်ပေါ့” ရတနာကောင်းကင် မန်နေဂျာက ပြောလိုက်၏။ “ခွဲခြားပြီး ပြောပြရင် လေးကိုင်းလုပ်တာက လွယ်တယ်ဗျ.. ခက်တာက လေးကြိုးပဲ”
ယောင်ရွှယ်သည် ဆူဇီမို၏ခါးကို ညွှန်၍ ညင်သာစွာပြုံးရင်း “ရှင့်ခါးမှာပတ်ထားတဲ့ စပါးအုံးအရွတ်ကြောက လေးကြိုးလုပ်လို့ ရလောက်တယ်”ဟု ဝင်ပြောလိုက်၏။
ဆူဇီမိုသည် အခုချိန်အထိ တောကောင်သားရေတစ်ခုကို ပတ်ထားတုန်းဖြစ်ပြီး စပါးအုံးအရွတ်ကြောကို ခါးပတ်လို ခါးမှာ စည်းထားလေသည်။ ယောင်ရွှယ်သည် လက်တစ်ဖက်က ဆူဇီမိုကိုတွန်းထုတ် တစ်ဖက်က သူမနှာခေါင်းကိုပိတ်ကာ “မြန်မြန် ရေသွားချိုးပြီး အဝတ်အစားလေးဘာလေး လဲလိုက်ပါရှင်.. အဲ့ဒါဆို စပါးအုံးအရွတ်ကြောကို ဖြုတ်လာခဲ့လို့ ရပြီ” ဟု ပြောလိုက်လေ၏။
ဆူဇီမိုသည် ချောင်းအနည်းငယ်ဟန့်ကာ ရှက်ရွံ့မှုကို ထိန်းလိုက်၏။ ထို့နောက် သူသည် အစောင့်မိန်းကလေးဝန်ထမ်း နှစ်ယောက်နှင့်အတူ လျှင်မြန်စွာ ထွက်သွားလေ၏။
သိပ်မကြာမီမှာပင် ဆူဇီမို ပြန်ရောက်လာ၍ ယောင်ရွှယ်က မျက်လုံးထောင့်ကနေ တစ်ချက်ခိုးကြည့်လိုက်ပြီး မှင်တက်သွားလေ၏။
ယခုအချိန်တွင် ဆူဇီမိုသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူသည် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်များကိုလည်း ရိတ်ထားပြီး ကြည်လင်တောက်ပသောမျက်လုံး၊ နုနယ်ချောမောသောသွင်ပြင်တို့ဖြင့် အားကောင်းသော စာပေသမားအော်ရာက ထွက်ပေါ်နေ၏။ သူသည် အရင်ကနှင့် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက် ဖြစ်သွား၏။
“အက်လဲ့.. ဒါက ဘယ်သူလေးပါလိမ့်” ယောင်ရွှယ်သည် သူမလက်ဝါးနှစ်ဖက်ကိုလှည့်၊ ရှေ့သို့အနည်းငယ်ကိုင်းကာ သူ့အနားသို့ တိုးလိုက်ပြီး သူမခေါင်းလေးကို စောင်း၍ ပြုံးစစ မျက်နှာထားနှင့် ပြောလိုက်လေ၏။
ဆူဇီမို၏ မျက်လုံးများက ကြည်လင်တောက်ပနေ၏။ သူသည် ပြုံးရုံသာပြုံးနေပြီး ငြိမ်သက်နေ၏။
“သခင်လေးလား .. ဟုတ်တာပေါ့ ရှင့်ကို သခင်လေးဆူလို့ ခေါ်ရမယ်ထင်တယ်” ယောင်ရွှယ်က ပြုံးရင် ဆက်ပြောလိုက်၏။
ဆူဇီမိုသည် မထိန်းချုပ်နိုင်တော့ဟန်ဖြင့် လက်သီးဆုပ်လေးစားဟန်ပြကာ “Missယောင်.. သင်က ကျုပ်ကို ရယ်စရာလုပ်နေတာပဲ” ဟု ပြောလိုက်၏။
“တော်ပါပြီ တော်ပါပြီ.. ကျမ ရှင့်ကို ထပ်ပြီး မစတော့ပါဘူး” ယောင်ရွှယ်က လက်ကာပြ၍ ဆက်မေးလိုက်၏ “ကျန်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကိုရော ဘာလုပ်ဦးမယ် စဉ်းစားထားလဲ”
“ချီစုဖွဲစစ်သည်တော်တစ်ယောက်ကို ငှားရမ်းဖို့ဆို စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်,လောက် လိုမလဲ” ဆူဇီမိုသည် ဆူမိသားစုကို ကာကွယ်ဖို့အတွက် ချီစုဖွဲ့စစ်သည်တော် တစ်ယောက်ကို ငှားရမ်းရန် စဉ်းစားထား၏။
မန်နေဂျာက ပြန်ဖြေလိုက်၏။ “အဲ့ဒါကတော့ ငှားရမ်းမယ့် ချီစုဖွဲ့စစ်သည်တော်ရဲ့အဆင့်အပေါ် မူတည်ပါတယ်”
“အဆင့်မြင့်မြင့် ရလေလေ ပိုကောင်းလေပဲ”
“အဆင့်-၇ ချီစုဖွဲ့စစ်သည်တော်ဆို တစ်ရက်ငှားရမ်းခ စိတ်ဝိညာဉ်ကျောက်တုံး ငါးခုပဲ ကျသင့်ပါမယ်.. အဆင့်-၈ ချီစုဖွဲ့စစ်သည်တော်ဆို တစ်ရက် ၁၀ခု၊ အဆင့်-၉ ချီစုဖွဲ့စစ်သည်တော်ဆိုရင်တော့ တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး အခု၁၀၀အထိ ပေးရပါလိမ့်မယ်”
ဆူဇီမိုသည် စိတ်တွက်,တွက်ကြည့်လိုက်၏။
သူ့မှာ စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀ကျော် ကျန်သေး၏။ သူ့အနေနဲ့ အဆင့်၉ ချီစုဖွဲ့စစ်သည်တော်ကို ငှားနိုင်ရင်တော့ အကောင်းဆုံး ဖြစ်၏။ သို့သော်လည်းပဲ သူ့မှာရှိသော စိတ်ဝိညာဉ်ကျောက်တုံးက အဆင့်၉ ချီစုဖွဲ့စစ်သည်တော်ကို တစ်လလောက်သာ ငှားရမ်းနိုင်ပေလိမ့်မည်။
အန္တရာယ်က ဘယ်အချိန်မှာ ပေါ်ပေါက်လာမလဲဆိုတာ ကြိုတင် မသိနိုင်ပေ။
တစ်ဖက်မှာတော့ အဆင့်၈ ချီစုဖွဲ့စစ်သည်တော်ဆိုလျှင် ဆူမိသားစုကို ကာကွယ်ဖို့ တစ်နှစ်လောက် ငှားရမ်းနိုင်၏။ အဲ့ဒါက ပိုအဆင်ပြေလောက်၏။
လေးနက်စွာ စဉ်းစားချင့်ချိန်ပြီးနောက် “ကောင်းပြီလေ.. အဆင့်၈ ချီစုဖွဲ့စစ်သည်တော်ကို တစ်နှစ်တာအတွက် ငှားမယ်” ဟု ဆူဇီမိုက ဆိုလိုက်၏။
“ကောင်းပါပြီခင်ဗျာ”
မန်နေဂျာက လက်ဝေ့ပြလိုက်သောအခါ အမျိုးသမီးဝန်ထမ်းတစ်ယောက်က ခေါင်းညိတ်၍ ရတနာကောင်းကင် အရောင်းပြခန်း၏ ပထမထပ် အဓိကခန်းမဆောင်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။
ယောင်ရွှယ်က ရှင်းပြလိုက်၏။ “ရတနာကောင်းကင် အရောင်းပြခန်းမှာ အမြဲတမ်း မစ်ရှင်အသစ်တွေရှိတယ်.. ချီစုဖွဲ့စစ်သည်တော်တွေက အဲ့မစ်ရှင်တွေထဲက သူတို့စိတ်ဝင်စားတဲ့တစ်ခုကို တွေ့တယ်ဆိုရင် ငှားရမ်းမယ့်သူနဲ့ လာတွေ့လိမ့်မယ်”
(mission - မစ်ရှင် - ပြီးဆုံးအောင်မြင်သည်အထိ လုပ်ဆောင်ရမည်ဟု သတ်မှတ်ထားသော လုပ်ငန်းတာဝန်တစ်ခု)
ခဏလောက်ရပ်တန့်နေပြီးနောက် ယောင်ရွှယ်က သူမလက်ထဲမှ ရွှေရောင်တံဆိပ်ပြားကို ဆူဇီမိုလက်ထဲသို့ ကမ်းပေးလိုက်ပြီး “ဒါက ရတနာကောင်းကင် ရွှေရောင်တံဆိပ်ပြားပဲ.. ဒီတံဆိပ်ပြားပါတယ်ဆိုရင် ဒီမှာရှိတဲ့ပစ္စည်းအားလုံးကို ထက်ဝက်လျှော့စျေးနဲ့ ဝယ်ယူနိုင်တယ်” ဟု ဆိုလိုက်၏။
“အဲ့လောက်တောင်လား” ဆူဇီမို တုန်လှုပ်သွား၏။
ဘေးတွင် မတ်တပ်ရပ်နေသော ရတနာကောင်းကင် မန်နေဂျာက ဝင်ရှင်းပြလိုက်၏။ “ရတနာကောင်းကင် တံဆိပ်ပြားက သုံးမျိုးသုံးစားရှိတယ်.. အနိမ့်ဆုံးအဆင့် ကြေးတံဆိပ်ပြားကတော့ ၁၀%လျှော့စျေးနဲ့ ဝယ်ယူဖို့ အခွင့်ရတယ်.. ပြီးတော့ ငွေတံဆိပ်ကတော့ ၂၀% လျှော့စျေးရမယ်.. ပြီးရင်တော့ ရွှေတံဆိပ်ပေါ့”
“ဒီပစ္စည်းက အဖိုးတန်လွန်းတယ်.. ကျုပ်လက်မခံပါရစေနဲ့” မန်နေဂျာ ရှင်းပြတာကို ကြားရပြီးနောက် ဒီပစ္စည်းက ဘယ်လောက်အဖိုးတန်လဲ ဆူဇီမို နားလည်သွား၏။
“ယူလိုက်ပါ.. ကျမမှာ နောက်ထပ် ရှိပါသေးတယ်”
နောက်ထပ်ငြင်းဆန်နေမည်ကို စိုးသောကြောင့် ယောင်ရွှယ်က ဆူဇီမိုလက်ထဲသို့ အတင်းထိုးထည့်ပေးရင်း “ဒီဟာကို ကောင်းကောင်းသိမ်းထားပါ.. အခြားသူတွေ မမြင်စေနဲ့.. မဟုတ်ရင် ပြဿနာတွေ မီးခိုးကြွက်လျှောက် လိုက်လာနိုင်တယ်” ဟု ဆိုကာ သတိပေးလိုက်၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ ထပ်ပြီး ငြင်းဆန်ဖို့ လုပ်လိုက်သောအခါ ယောင်ရွှယ်မျက်နှာက တင်းမာသွားပြီး “ရှင်က ကျမ အသက်ကို ကယ်ခဲ့တယ်.. ကျမအသက်က ဒီဂျီးတက်နေတဲ့ ရွှေတံဆိပ်လေးလောက်တောင် တန်ဖိုးမရှိတော့ဘူးလား” ဟု စကားနာထိုးလိုက်လေ၏။
ဆူဇီမို “. . .” ပြောစရာစကားမဲ့သွားလေ၏။
ဘေးမှာရပ်နေသော မန်နေဂျာက မျက်လုံးကလယ်ကလယ်နှင့် စိတ်ထဲမှာ ကြိတ်ပြီး ပြောနေ၏။ “ဂျီးတက်နေတဲ့ ရွှေတံဆိပ်ပြားတဲ့လားကွယ်.. မဟာကျိုးအင်ပါယာတစ်ခုလုံးမှာတောင် အဲ့လိုရွှေတံဆိပ်မျိုး ၁၀ခုထက် ပိုမရှိဘူးလေ.. ဒီအမျိုးသမီးက အရမ်းရက်ရောတာပဲ.. ဒီတောသားကံကောင်း ကောင်လေးက ဘယ်ကရောက်လာလဲ မပြောတတ်ဘူး”
ဒီအချိန်မှာ ဆူဇီမို မသိနားမလည်ခဲ့တာက ရတနာကောင်းကင် ရွှေတံဆိပ်ပြားရိုးရိုးဆိုလျှင် ၃၀%လျှော့စျေးသာ ရနိုင်လေ၏။ ယခုသူ့လက်ထဲက တံဆိပ်ပြားမှာ သာမန်မဟုတ်ပေ။
ရတနာကောင်းကင် အရောင်းပြခန်းမှ ပစ္စည်းများကို ထက်ဝက်လျှော့စျေးဖြင့် ဝယ်ယူနိုင်သော ရွှေတံဆိပ်ပြားကို ပိုင်ဆိုင်သူမိသားစုမှာ တစ်စုသာလျှင် ရှိလေသည်။