← Chapters

ပြဿနာပဲ

Vol. 2 Ch. 25

ပြဿနာပဲ

Vol. 2 Ch. 25

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၂၅) - ပြဿနာပဲ

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

သူတို့နှစ်ယောက် ရတနာကောင်းကင် အ‌ရောင်းပြခန်းမှ ပြန်ထွက်လာသောအခါ နေ့လည်ခင်းအချိန်ကို ရောက်နေပေပြီ။

ဆူဇီမိုသည် ယောင်ရွှယ်ဘက်သို့ လှည့်လိုက်ပြီး “ဒီနေ့ကူညီခဲ့တဲ့ ကိစ္စတွေအတွက် Missယောင်ရွှယ်ကို ကျေးဇူးတင်ရမှာပဲ”ဟု ရိုးသားစွာ ပြောလိုက်၏။

“ယောင်ရွှယ်လို့ပဲ ခေါ်ပါ”

“ဒါက.. အင်း.. ကောင်းပါပြီ”

ဆူဇီမိုသည် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံး သဘောတူလိုက်၏။

ခေါင်းညိတ်နေ‌သော ဆူဇီမိုကို ကြည့်၍ ယောင်ရွှယ်က နှုတ်ခမ်းစူပြီးမှ ပြုံးလိုက်ကာ “ဒါဆို ကျမလည်း ရှင့်ကို ဇီမိုလို့ပဲ ခေါ်တော့မယ်” ဟု ချက်ခြင်းပင် ပြောလိုက်၏။

ဆူဇီမို “. . .”

ယောင်ရွှယ်က ဆူဇီမိုကို ဘေးတိုက်တစ်ချက်ကြည့်လိုက်ပြီး “ဇီမို နောက်ထပ် ဘယ်သွားဦးမှာလဲ”ဟု မေးလိုက်၏။

ဆူဇီမိုသည် အလေးအနက် စဉ်းစားလိုက်ပြီး “သွန်းလုပ်ဖို့ အပ်နှံထားတဲ့ စိတ်ဝိညာဉ်လက်နက်နှစ်ခုကို စောင့်ယူဖို့အတွက် ကျုပ်ကန်းလန်မြို့မှာ ရက်နည်းနည်းလောက် နေရဦးမယ်.. နောက်ပြီးတော့ မစ်ရှင်ကို ထမ်းဆောင်မယ့် အဆင့်၈ ချီစုဖွဲ့စစ်သည်တော် ပေါ်လာမလားကိုလဲ.. တစ်ချက်စောင့်ကြည့်ရဦးမယ်”ဟု ပြောလိုက်၏။

စဉ်းစားပြီးနောက် ယောင်ရွှယ်က “ကျမကတော့ ဂိုဏ်းကို ပြန်ရမယ်.. ကျမ ရှင်နဲ့ အဖော်ပြုမပေးနိုင်တော့ဘူး” ဟု ဆိုလိုက်၏။

“ချောမွေ့တဲ့ ခရီးစဉ် ဖြစ်ပါစေ.. ကံမကုန်သေးရင်တော့ ပြန်ဆုံရသေးတာပေါ့” ဟုဆို၍ ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ယောင်ရွှယ်သည် ဓါးပျံပေါ် ခုန်တက်လိုက်၏။ သူမသည် ရတနာကောင်းကင် အရောင်းပြခန်းမှ ထွက်ခွာတော့မည့်ဆဲဆဲတွင် ရုတ်တရတ် နောက်ပြန်လှည့်ကြည့်လိုက်ပြီး နှစ်လိုဖွယ်အပြုံးနှင့် “ကံကကုန်သွားပြီဆိုရင်တောင် ငါတို့ သေချာပေါက် ပြန်ဆုံရဦးမှာပါ”ဟု ပြောပြီး ဓါးပျံကိုစီးကာ ထွက်ခွာသွားလေတော့၏။

ဆူဇီမိုလည်း သိပ်အထွေအထူး စဉ်းစားမနေဘဲ ရတနာကောင်းကင် အရောင်းပြခန်းမှ ထွက်ခွာလိုက်ကာ နေဖို့အတွက် တည်းခိုခန်းတစ်ခုကို ရှာဖွေလိုက်လေ၏။

. . .

သုံးရက်ကြာပြီးနောက်၊ မြို့ဝန်မင်း အိမ်တော်တွင် -

ဝံပုလွေအစောင့်တစ်ယောက်ဖြစ်သော ကိုးဂန်သည် အထဲသို့ဝင်လာပြီး ရိုးကျိုးစွာဖြင့် ဦးညွတ်လိုက်၏။ သူက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “မြို့တော်ဝန်အရှင်.. ကျတော်မျိုးလက်‌အောက်က အစောင့်တစ်ယောက်က မြို့ထဲမှာ ဆူဇီမိုကို တွေ့ခဲ့တယ်တဲ့.. ထူးခြားတာတစ်ခုက ဒီကောင်လေးက မြို့ထဲမှာ ရုတ်တရတ်ဆိုသလို ပေါ်လာပြီး မြို့ထဲ သူဝင်လာတာကို ဘယ်သူမှ မမြင်ခဲ့ကြဘူးတဲ့”

ကန်းလန်မြို့ဝန်မင်း လောထျန်းဝူက ခေါင်းညိတ်လိုက်ပြီး “အင်း.. ငါတို့ သတိမထားမိလိုက်တာ ဖြစ်လိမ့်မယ်.. အဲ့ဒါက ကိစ္စမရှိပါဘူး.. ငါလည်း ဒီသတင်းကို ရထားပြီးသား.. သူကို့ စမ်းသပ်ဖို့အတွက် လူတစ်‌ယောက်ကိုတောင် လွှတ်လိုက်ပြီ.. ငါတို့က သူ့ကိုအသုံးချပြီး လူသတ်ချင်တာဆိုတော့.. ငါတို့သုံးမယ့်ဓါးက ဘယ်လောက်ထက်လဲ အရင်စမ်းကြည့်ဖို့ လိုတာပေါ့” ဟု ပြုံးစစနှင့် ပြောလိုက်၏။

“ကျတော်ကြားမိတာတော့ သိပ်မကြာခင်တုန်းက ဆူဟုန်က ယန်တိုင်းပြည်မြို့တော်ကနေ သေလုနီးပါးဒဏ်ရာတွေနဲ့ အသက်ဘေးလုပြေးလာခဲ့ရတယ်လို့ ပြောကြတယ်.. ၁၆နှစ်လောက် ပြင်ဆင်လာခဲ့ပေမယ့်လည်း နောက်ဆုံးတိုက်ပွဲတစ်ပွဲတည်းနဲ့ အားလုံးက သဲထဲရေသွန်ဖြစ်သွားတာပဲ.. အခုဆို ယန်တိုင်းပြည်မြို့တော်က အစောင့်တွေ တင်းကျပ်စွာ ချထားပြီ.. ယန်ဘုရင်‌ဘေးနားမှာ ချီစုဖွဲ့စစ်သည်တော်တွေ အများကြီးပဲ စောင့်နေကြတာ.. အဲ့ဒီဆူဇီမိုက ဘာများလုပ်နိုင်မှာမို့လဲ” ကိုးဂန်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

လောထျန်းဝူက ပြုံးရင်း ပြောလိုက်၏။ “ဆူဟုန်က သူ့လက်အောက်မှာ မဟူရာချပ်ဝတ် မြင်းစီးစစ်တပ်ရှိတယ်.. သူက အစွမ်းအစရှိသလို ရည်မှန်းချက်လဲ ကြီးတယ်.. အဲ့ဒါကြောင့် သူ့ရဲလုပ်ကြံသတ်ဖြတ်မှုက တစ်နေ့မှာ ကျရောက်လာနိုင်တယ်ဆိုတာကို ယန်ဘုရင်က မျှော်လင့်ထားပြီးသား.. ဒါပေမယ့်.. ဒုတိယသခင်လေးဆူကတော့ မတူဘူး.. ဘယ်သူကမှ သူ့ကို ခြိမ်း‌ခြောက်မှုတစ်ခုလို့ မမြင်ကြဘူး.. သူ့ရဲ့တည်ရှိမှုက လျစ်လျူရှုခံရလေလေ အဲ့ဒီလူရဲ့ လုပ်ကြံသတ်ဖြတ်မှုက အောင်မြင်ဖို့ အခွင့်များလေလေပဲ မဟုတ်လား”

. . .

ဆူဇီမိုသည် ကန်းလန်မြို့တွင် နေခဲ့သည်မှာ သုံးရက်ရှိပြီ ဖြစ်ပြီး ရတနာကောင်းကင် အရောင်းပြခန်းမှလည်း မည်သည့်သတင်းမျှ မကြားရသေးချေ။

ချီစုဖွဲ့စစ်သည်တော်တစ်ယောက်ကို ငှားရမ်းရခြင်းက သူထင်သလောက်တော့ လွယ်မနေချေ။ နောက်ပြီး သူလိုချင်တာကလည်း အဆင့်၈ ချီစုဖွဲ့စစ်သည်တော် ဖြစ်နေ၏။

ဆူဇီမိုသည် အနည်းငယ် စိတ်မသက်မသာ ခံစားနေရ၏။ သူသည် ပထမထပ်တွင် ညစာသွားစားဖို့အတွက် ပြင်လိုက်၏။

သူလှေကားအဆင်းမှာပင် လှောင်ရယ်သံများကို ကြားလိုက်ရ၏။ လူတစ်ယောက်က တစ်မူထူးခြားသော အမူအယာဖြင့် ပြောလိုက်၏။ “အ ရိုးရို့ .. ဒါက နိမ့်ကျတဲ့အညတရ တစ်ယောက်အဖြစ် လျှောချခြင်း ခံခဲရတဲ့ ဒုတိယသခင်လေးဆူ မဟုတ်ပါလား.. မင်းဘာကြောင့်များ ကန်းလန်မြို့ကို အရှက်မရှိ ပြန်လာရတာလဲ”

ဆူဇီမို မျက်လုံးတစ်ချက်စွေကြည့်လိုက်သောအခါ ယပ်တောင်တစ်ချောင်းကို ဟန်ပါပါခတ်နေသော လူကုံံထံတစ်ယောက်လို လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူက ဆက်တိုက် လှောင်ရယ်နေပြီး သူ့မျက်နှာတွင် အထင်သေးမှုက အထင်းသား ပေါ်လွင်နေ၏။

သူ့ဘေးတွင် သက်လတ်ပိုင်းအရွယ် လူနှစ်ယောက်ရှိ၏။ သူတို့၏ မျက်လုံးသည် တောက်ပနေပြီး တည်ငြိမ်သောအော်ရာတစ်မျိုး ရှိနေ၏။ သူတို့နှစ်ယောက်သည် သူတို့နှစ်ယောက်ကြားတွင် ရှိနေသော လူငယ်လေး၏ အစောင့်အရှောက်များ ဖြစ်ပုံရလေ၏။

ဤလူငယ်လေး၏ အမည်မှာ ချူးလျန်ဖြစ်ပြီး သူသည် အပင်ပန်းခံပြီး သိုင်းမသင်ချင်သလို စာပေလေ့လာရာမှာလည်း အပျင်းထူလှလေသည်။ သူလုပ်လေ့ရှိသည်မှာ မိသားစုအရှိန်အဝါကို သုံးပြီး လက်လျားလက်လျား လျှောက်သွားကာ ငယ်ရွယ်သူနှင့် အားနည်းသူများကို လိုက်အနိုင်ကျင့်ခြင်းပင် ဖြစ်လေသည်။

ဆူဇီမိုသည် ကန်းလန်မြို့တွင် စာပေလေ့လာကျောင်းတက်ခဲ့စဉ်က ထိုလူငယ်လေးက သူနှင့် အတန်းဖော် ဖြစ်ခဲ့ဖူး၏။ သူသည် ထို‌ကောင်လေးကို ကြည့်မရဖြစ်ခဲ့ဖူးသော်လည်း သူတို့နှစ်ဦးကြားမှာ ရန်ငြိုးရန်စတော့ တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။

ဆူဇီမိုသည် ချူးလျန်ကို တစ်ချက်ကြည့်လိုက်၏။ သူ့အကြည့်က တည်ငြိမ်နေပြီး သူ့အမူအယာက ပုံမှန်အတိုင်းပင်။ သူသည် ပြန်လှည့်လိုက်ပြီး လှေကားအတိုင်း ပြန်တက်လိုက်၏။

ဆူမိသားစုမှာ ရန်သူများက ရှိနေပြီး ဖြစ်၏။ ဆူဇီမိုသည် နောက်ထပ်ပြဿနာများကို ထပ်မရှာချင်ပေ။ ရန်သူများတိုးလာခြင်းက ပို‌ကောင်းလာနိုင်မည် မဟုတ်ချေ။

ချူးလျန်က လှောင်ရယ်လိုက်၏။ “သူဌေးလီ.. ခင်ဗျားတည်းခိုခန်းက ဘယ်အချိန်က စပြီး နိမ့်ကျတဲ့အညတရတွေကို တည်းခိုခွင့်ပေးလိုက်တာလဲ.. အဲ့ငနဲရဲ့ ခြေနှစ်ချောင်းကို ရိုက်ချိုးပြီး ဆိုင်ပြင်ကို ပစ်ထုတ်လိုက်စမ်းဗျာ.. သူ့ကိုကြည့်နေရတာ ကျုပ်အစား,စားချင်စိတ်တောင်ပျောက်တယ်”

“အဲ့..ဒါက....”

တည်းခိုခန်းပိုင်ရှင်သည် ကျဉ်းထဲကြပ်ထဲ အခြေအနေကို ရောက်နေ၏။

“မင်းက ငါ့ခြေထောက်တွေကို ရိုက်ချိုးချင်တာပေါ့လေ..ဟုတ်စ”

ဆူဇီမိုသည် လှမ်းလက်စခြေလှမ်းကို ရပ်တန့်လိုက်ပြီး တစ်ဖြည်းဖြည်းခြင်း ပြန်လှည့်လိုက်ပြီး ဧည့်သည်ဆောင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်၏။

ဆိုင်ထဲရှိ ဧည့်သည့်များသည် သာမန်စားသုံးသူများ ဟုတ်ပုံ မရချေ။ သူတို့စားပွဲပေါ်တွင် လက်နက်များကို တင်ထားကြ၏။ သူတို့သည် စားသောက်နေကြသည်ဟု ထင်ရသော်လည်း သူတို့၏ အကြည့်များက သူ့အပေါ်သို့ မသိမသာကျရောက်နေ၏။ ထို့အပြင် သူတို့မျက်လုံးထဲတွင် ရန်လိုသော အရိပ်အယောင်များကို မြင်တွေ့နေရ၏။

ဒါက တိုက်ဆိုင်မှု မဟုတ်ပေ။ တစ်ဖက်အဖွဲ့က သူ့ကို ပြဿနာရှာဖို့ ရည်ရွယ်ချက်ရှိရှိ ရောက်လာခြင်း ဖြစ်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အားလုံးကို ကောက်ချက်ချပြီး ဖြစ်၏။

ဆူဇီမိုသည် ချူးလျန်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။ ချူးလျန်ဘေးရှိ သက်လတ်ပိုင်းရွယ် လူနှစ်ယောက်သည် လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။ သူတို့၏ လက်များကို ခါးပေါ်ရှိ လက်နက်များပေါ်သို့ မသိမသာတင်လိုက်ရင်း သူတို့၏ ကြွက်သားများက ‌တောင့်တင်းလာလေ၏။

ဆူဇီမိုသည် ချူးလျန်‌နှင့် မျက်နှာချင်းဆိုင်ခုံတွင် ပြုံးပြုံးလေးနှင့် ဝင်ထိုင်လိုက်၏။

“မင်းကို ဘယ်သူက ထိုင်ခိုင်းလို့လဲ!”

ချူးလျန်က ကြိမ်းမောင်းလိုက်ပြီး စားပွဲခုံကို လက်ဝါးဖြင့် ဗြောင်းကနဲမြည်အောင် ရိုက်ချလိုက်၏။

ချွမ်!

ဘေးပတ်လည်ရှိ စားပွဲဝိုင်းမှ စားသုံးသူများသည် တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြပြီး လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။

ဆူဇီမို၏ အမူအယာက တစ်ချက်‌ပြောင်းမသွားချေ။ သူသည် ဘေးဘီဝဲယာကို အရေးလုပ်ကြည့်မနေဘဲ ချူးလျန်၏ ဝိုင်ကရားကို လှမ်းယူလိုက်ပြီး သူ့ဝိုင်ခွက်ထဲသို့ ငှဲ့ထည့်လိုက်၏။

သူ့ရှေ့ရှိ သက်လတ်ပိုင်းရွယ် လူနှစ်‌ယောက်၏ မျက်နှာသည် စူပုပ်ထိုင်းမှိုင်းလာပြီး ရှေ့သို့ထွက်ကာ ချူးလျန်ကို အနောက်တွင်ထား ကာလိုက်၏။

ဆူဇီမိုသည် မည်သည့်လှုပ်ရှားမှုမျှ မလုပ်ရသေးသလို သတ်ဖြတ်လိုသောအော်ရာတစ်စွန်းတစ်စလည်း ထွက်ပေါ်မနေပေ။ သို့စေကာမူ သက်လတ်ပိုင်းရွယ်လူနှစ်ယောက်သည် အလိုလို စိတ်မသက်မသာ ဖြစ်လာပြီး ကျောချမ်းလာလေ၏။

“မင်းတို့နှစ်ယောက်က ပကတိမူလသိုင်းသမားတွေပေါ့လေ..ဟုတ်စ”

ဆူဇီမိုက ဝိုင်ခွက်ကို မ,ယူလိုက်ရင်း သာမန်ကာလျှံကာ မေးလိုက်၏။

“အဲ့တော့ ဘာဖြစ်လဲ” တစ်ယောက်က ခွန်းတုံ့ပြန်လိုက်၏။

“မင်းတို့နှစ်ယောက်က .. “

ဆူဇီမိုသည် ခေါင်းမော့လိုက်ပြီး လက်ထဲကဝိုင်ခွက်ကို အကုန်မော့ချလိုက်၏။ ထို့နောက် သူသည် ခေါင်းခါလိုက်ပြီး “..သူ့ကို ကာကွယ်နိုင်လိမ့်မယ် မထင်ဘူး” ဟု ဆက်ပြောလိုက်၏။

ဝိုင်ခွက်ကို အောက်ပြန်ချလိုက်တာနှင့် ဆူဇီမို၏ လှုပ်ရှားမှုက စတင်လေပြီ။

ဝုန်း!

ဝိုင်ခွက်က စားပွဲပေါ်သို့ မပြင်းမပျော့အနေအထားနှင့် ကျရောက်သွား၏။ သို့သော် စားပွဲတစ်ခုလုံးက ရုတ်တရတ် ထက်ခြမ်းကွဲထွက်သွားလေ၏။

ဆူဇီမိုသည် ရှေ့သို့ ခုန်ဝင်လိုက်ပြီး ပကတိမူလအဆင့် သိုင်းသမားနှစ်ယောက်၏ ဦးခေါင်းနှစ်လုံးကို လက်ဝါးနှစ်ဖက်ဖြင့် တစ်ပြိုင်တည်း ရိုက်ချလိုက်၏။

သက်လတ်ပိုင်းရွယ် လူနှစ်ယောက် လွန်စွာကြောက်ရွံ့တုန်လှုပ်သွား၏။ ဆူဇီမို၏ လက်ဝါးရိုက်ချက်မှ လာသော‌အော်ရာသည် လွန်စွာအားပါပြီး မွန်းကြပ်ဖွယ်ရာပင်။ သူ့လက်ဝါးအားလှိုင်းမှ သွေးရနံ့ကိုပင် သူတို့ရလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် နုနယ်ချောမောသည့် စာပေသမားလေးက လူသားစားသားရဲတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။

သက်လတ်ပိုင်းရွယ်လူနှစ်ယောက်က ချက်ခြင်းပင် သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ပြီး တိုက်ခိုက်မှုကို ပိတ်ဆို့ကာကွယ်လိုက်၏။

ရွှစ်!

ထိခိုက်ကျိုးပဲ့သည့် အသံများက ထွက်ပေါ်လာ၏။

ထက်ရှသောလက်နက်နှစ်ခုက ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ကျိုးပဲ့သွားပြီး မြေပေါ်သို့ ပြန့်ကျဲကျသွားလေ၏။

ဘန်း! ဘန်း!

ဆူဇီမိုသည် ရှေ့သို့ ခုန်ဝင်လိုက်ပြီး သူ့ခြေနှစ်ချောင်းဖြင့် ဒီတိုင်းပင် စုံခုန်ကန်လိုက်သောအခါ မူလအဆင့်သိုင်းသမားနှစ်ယောက်သည် အပြင်ဘက်သို့ လိမ့်ဆင်းသွားလေ၏။ သူတို့၏ ရင်အုပ်များသည် ကျိုးပဲ့ကြေမွသွားပြီး သွေးများအန်ထွက်ကာ သေလုနီးပါး အခြေအနေသို့ ကျ‌ရောက်သွားလေ၏။

ကန်းလန်ရိုးမအတွင်းရှိ စိတ်ဝိညာဉ်တောကောင်များနှင့် နှိုင်းယှဉ်လျှင် ဒီလူနှစ်ယောက်၏ အနီးကပ်တိုက်ခိုက်စွမ်းရည်က လွန်စွာနိမ့်ကျ ပျင်းရိဖွယ် ကောင်းလှလေသည်။

ဆူဇီမိုသာ ခွန်အားကုန် ထုတ်သုံးခဲ့လျှင် သူ့လက်ဝါးရိုက်တစ်ခုနဲ့တင် ဒီနှစ်ယောက်သည် လက်နက်ရောလူပါ ကျိုးကြေသွားပေလိမ့်မည်။

ချူးလျန်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပြီဖြစ်ပြီး မျက်နှာတွင် အရောင်မရှိတော့ချေ။

သူအားထားရသော ကိုယ်ရံတော်နှစ်ယောက်က မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးစားမရအောင် ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဒါ့အပြင် ဆူဇီမိုက သူ့အနားသို့ ရောက်လာပြီဖြစ်ပြီး သူ့လည်ပင်းကို ဖမ်းဆုပ်ကိုင်လိုက်ကာ လေထဲသို့ ဆွဲမလိုက်၏။

မြန်လိုက်တာ။

ချူးလျန်က ဆူဇီမိုလက်တွင်း ကျဆင်းသွားပြီ ဖြစ်သော်လည်း ဘေးပတ်ပတ်လည်ရှိလူများက တုန်လှုပ်လို့ မပြီးသေးချေ။

ယခုအခါ သူတို့သည် ရှေ့သို့တိုးဝင်ချင်သော်လည်း ဖြစ်လာမည့်အကျိုးဆက်များကို ကြောက်ရွံ့၍ ချုပ်တည်းထားကြရ၏။

“မင်း ဘာလုပ်နေတာလဲ”

“ငါတို့ရဲ့ မိသားစုသခင်လေးကို အခုလွှတ်လိုက်စမ်း”

တင်းမာခက်ထန်သည့်အသံများ ဘေးပတ်ပတ်လည်မှ ထွက်ပေါ်လာ၏။ ဆူဇီမိုကတော့ ကြားရပုံမပေါ်ချေ။ သူသည် ချူးလျန်ကို အသိရခက်သော အပြုံးဖြင့် ကြည့်လိုက်ပြီး “ငါ့ခြေထောက်တွေကို ရိုက်ချိုးချင်တယ်ဆိုတာ မင်းလား”ဟု မေးလိုက်၏။

“အီ..”

ချူးလျန်၏ လည်ပင်းသည် ဆွဲညှစ်ခံထားရပြီး သူ့မျက်နှာက ခရမ်းရောင်ပြောင်းကာ သူပါးစပ်မှ ထူးဆန်းသောအသံများက ထွက်ပေါ်လာလေ၏။

ဆူဇီမို၏ အကြည့်က တစ်ဖြေးဖြေးနှင့် အေးစက်ခက်ထန်လာပြီး သူ့ခြေထောက်ကို လွှဲလိုက်၏။

ဂျွတ်! ဂျွတ်!

ချူးလျန်၏ ဒူးခေါင်းနှစ်ဖက်ဆီမှ အရိုးကျိုးသံက ထွက်ပေါ်လာ၏။ သူ့ဒူးနှစ်ဖက်သည် ဆူဇီမို၏ ကန်ချက်ဖြင့် ကျိုးကြေသွားပေပြီ။

ချူးလျန်သည် လွန်စွာ နာကျင်နေပြီး သူ့နဖူးထက်မှ ချွေးသီးများက ကျဆင်းလာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တစ်ဆတ်ဆတ်တုန်ယင်နေပြီး သူခမျာ အသံလည်း မထွက်နိုင်ရှာပေ။

“မင်းကို ဘယ်သူလွှတ်လိုက်တာလဲ” ဆူဇီမိုက သူလက်ကို ထပ်ဖိညှစ်လိုက်၏။

ချူးလျန်သည် အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ချေ။ သူမျက်လုံးများက လည်လာပြီး အချိန်မရွေး သတိလစ်ကျတော့မည် အနေအထားပင်။

ဤအချိန်မှာပင် အပြင်ဘက်တံခါးဆီမှ ဆူညံသောအသံများက ထွက်ပေါ်လာ၏။

“ရပ်လိုက်”

တည်ကြည်ပြတ်သားသော မျက်နှာထားနှင့် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က တည်းခိုခန်းဝင်ပေါက်တံခါးရှေ့တွင် ရပ်နေ၏။ သူသည် များပြားလှသော အစောင့်စစ်သားများကို ခေါ်ဆောင်လာခဲ့၏။ ဤသူကား အခြားမဟုတ်။ ကန်းလန်မြို့၏ ဝံပုလွေငါး‌ဖော်ထဲက တစ်ယောက်ဖြစ်သော ကိုးဂန်သာ ဖြစ်လေသည်။

“မြို့ထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်.. ဆူဇီမို.. အဲ့လူကို ချက်ခြင်း လွှတ်လိုက်ပါ” ကိုးဂန်က ရှေ့သို့ လှမ်းဝင်လာပြီး ဟိန်းဟောက်လိုက်၏။

တစ်ချိန်တည်းမှာပင် ကိုးဂန်သည် ရှေ့သို့ ခြေနှစ်လှမ်းဆက်တိုးလိုက်ပြီး ဆူဇီမို နားအနားသို့ “ဒုတိယသခင်လေးဆူ.. မြို့တော်ဝန်က သင်နဲ့ တွေ့ချင်နေတာ” ဟု တိုးတိုးလေးကပ်ပြောလိုက်၏။

ဆူဇီမိုသည် မျက်စိနှစ်ဖက်ကို မှေးကျဉ်းလိုက်၏။ သူ့စိတ်ထဲတွင် အတွေးတစ်ခုက ပေါ်လာပြီး ဖြစ်ပျက်သွားသော အရာများကို အကြမ်းဖျင်း ခန့်မှန်းနားလည်သွား၏။

ဆူဇီမိုသည် လက်ကိုခါလိုက်ပြီး ချူးလျန်ကို ဘေးဘက်သို့ ဒီတိုင်း ပစ်ချလိုက်၏။

“ရာဇဝတ်သားကို မြို့တော်ဝန်ဆီ ခေါ်သွားကြ”

ကိုးဂန်က နောက်တစ်ကြိမ် ထပ်‌အော်လိုက်၏။ များပြားလှစွာသော အစောင့်စစ်သားများက ရှေ့သို့တက်လာပြီး ဆူဇီမိုကို ဝန်းရံလိုက်ကြ၏။ ဘယ်သူမှ သူ့ကို မတုတ်နှောင်ရဲကြချေ။

ဆူဇီမို အမူအယာကင်းမဲ့နေပြီး စိတ်ထဲမှာတော့ လှောင်ရယ်လိုက်၏။ ထို့နောက် သူသည် ကိုးဂန်နှင့်အတူ တည်းခိုခန်းအတွင်းမှ ထွက်ခွာသွားလေတော့၏။

All Chapters