← Chapters

မျှော်လင့်ချက်သလင်းလေးနှင့် အေးမြစန္ဒာဆေဘာ

Vol. 2 Ch. 27

မျှော်လင့်ချက်သလင်းလေးနှင့် အေးမြစန္ဒာဆေဘာ

Vol. 2 Ch. 27

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၂၇) - မျှော်လင့်ချက်သလင်းလေးနှင့် အေးမြစန္ဒာဆေဘာ

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

ယောက်ျားအများစုသည် ဓါးရှည်များကို နှစ်သက်ကြ၏။ သူတို့သည် သိုင်းပညာမတတ်ကြလျှင်တောင် သွားလေရာဓါးရှည်တစ်ချောင်းဆောင်သွားရသည်ကို သဘောကျ၏။ အဲ့ဒါက သူတို့ကို ပို၍ ခမ်းနားတင့်တယ်ပြီး ကြည့်ကောင်းစေသည်ဟု ထင်တတ်ကြလေ၏။

ဆေဘာဓါးကတော့ စစ်မြေပြင်မှ စစ်သားများနှင့် သိုင်းလောကမှ လူမိုက်များသာလျှင် ကိုင်တတ်ကြလေ၏။ ၎င်းသည် စာပေသမားတစ်ယောက်နှင့် ဘယ်လိုမှ မလိုက်ဖက်ချေ။

ရတနာကောင်းကင်အရောင်းပြခန်းမှာ လက်နက်ရွေးချယ်တုန်းက ဆူဇီမိုသည် ဓါးရှည်အစား ဆေဘာကိုသာ အလိုလို ရွေးချယ်ခဲ့၏။ ဘာကြောင့် ဆေဘာကိုသာ ရွေးချယ်ဖြစ်ခဲ့သလဲဆိုတာ သူကိုယ်တိုင်လည်း သေချာမပြောတတ်ပေ။

နောက်ဆုံး မြို့ဝန်မင်းအိမ်တော်မှ ထွက်ခွာလာသော အချိန်မှသာလျှင် အကြောင်းရင်းကို ဆူဇီမို ရှာတွေ့သွား၏။ ဘာကြောင့်ဆိုသော် သူကိုယ်ထဲမှာ စီးနေတာက စာပေသမားတစ်ယောက်၏ သွေးမဟုတ်သောကြောင့်ပင်။

သူသည် သွေးလွှမ်းတိုက်ပွဲ၊စစ်ပွဲများစွာ ဆင်နွှဲပြီး မြို့စားတိုင်း နယ်စားတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရိုသေလေးစားခဲ့ရသော စစ်သူကြီးဆူမူ၏သား ဖြစ်လေသည်။

ထို့ကြောင့် သူသည် ထိုညက ‌ဇောင်ဒင်းယွမ်၏ လည်ပင်းပေါ် ဓါးတင်ထားချိန်တွင် ကြောက်ရွံ့မှု၊ တောင့်တင်းမှု နည်းနည်းလေးမျှ မခံစားခဲ့ရဘဲ စမ်းသပ်ကြည့်ဖို့ပင် တက်ကြွနေခဲ့သေးတာ ဖြစ်၏။

နောက်ဆုံးမှာတော့ ဆူဇီမို နားလည်သွားပေပြီ။

သူသည် ဆယ်နှစ်ကျော်လောက်ကို စာပေများ လေ့လာပြီး အချိန်ကုန်ဆုံးစေခဲ့သော်လည်း သူ့ကိုယ်ထဲက တစ်ကယ့်အစစ်အမှန်ဗီဇကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

ယခုအချိန်တွင် လောထျန်းဝူ ပြောခဲ့သောစကားများက ဆူဇီမိုရင်ထဲ စူးတစ်ချောင်းလို ဖောက်ဝင်နေ၏။ သူ့ရင်ထဲတွင် မချိတင်ကဲ ဝမ်းနည်းပူဆွေးနေရ၏။

သူ့အစ်ကိုကြီးက ပြင်းထန်စွာ ဒဏ်ရာရထားပြီး အခြေအနေက ဘယ်လိုရှိလဲ သေချာလဲ မသိရချေ။ သူသေရေးရှင်ရေး အခြေအနေများ ရောက်နေပြီလား။

ဆူမိသားစုက အတိဒုက္ခရောက် ကြမ္မာဆိုးဝင်နေချိန် သူ့ညီမလေး ရှောင်းနင်ကရော အရမ်းကြောက်လန့်သိမ်ငယ်နေမလား။

သူတည်းခဲ့သော တည်းခိုခန်းရှေ့ ဖြတ်လျှောက်ချိန်တွင် ၎င်းရှေ့၌ ရတနာကောင်းအရောင်းပြခန်းမှ ကိုယ်ပိုင်ထူးခြားသော အမှတ်အသားကို ဆူဇီမို တွေ့လိုက်ရ၏။

‘ငါအပ်ထားတဲ့ စိတ်ဝိညာဉ်လက်နက်တုနှစ်ခုက ရပြီထင်တယ်’ ဆူဇီမိုသည် ရတနာကောင်းကင် အရောင်းပြခန်းရှိရာသို့ ဦးတည်လိုက်၏။

သူ လမ်းကြားလေး၏ အဆုံးသို့ ရောက်သောအခါ နံရံက သူ့လက်ထဲရှိ ရတနာကောင်းကင်တံဆိပ်ပြားကို အာရုံခံမိသွားပုံရ၏။ နံရံက ချက်ခြင်းပင် ရေကဲ့သို့ ကြည်လင်သွားပြီး ဆူဇီမိုက ဖြတ်လျှောက်လိုက်၏။

ရတနာကောင်းကင် အရောင်းပြခန်းသို့ ‌ရောက်သောအခါ ဆူဇီမိုသည် ရပ်နားခြင်းမရှိ၊ အပေါ်ထပ်လှေကားဆီသို့ တန်းသွားလိုက်၏။

ခန်းမဆောင်ထဲတွင် ချီစုဖွဲ့စစ်သည်တော်များစွာ ရှိလေသည်။ သူတို့သည် ဆူဇီမိုကို စူးစမ်းလေ့လာ အကဲဖြတ်နေကြလေသည်။

ခန်းမထဲရှိ လေထုက အနည်းငယ် စိမ်းသက်နေ၏။

ကျင့်ကြံရေးလောကတွင် ထောက်လှမ်းအကဲဖြတ်နိုင်သော ပညာရပ်တစ်ခုရှိ၏။ ထို့ကြောင့် ချီစုဖွဲ့စစ်သည်တော်အားလုံးသည် ဆူဇီမိုမှာ စိတ်ဝိညာဉ်ချီ မရှိဆိုတာကို ပြောနိုင်ကြ၏။ ဆူဇီမိုသည် စိတ်ဝိညာဉ်ချီမရှိ၊ ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ရတနာကောင်းကင် အရောင်းပြခန်း၏ အပေါ်ထပ်သို့ တက်ရောက်ခွင့်ရှိ၏။

ဖြစ်နိုင်ခြေက တစ်ခုသာလျှင် ရှိတော့သည်။ ဆူဇီမိုက သူနဲ့အတူ ရတနာကောင်းကင်တံဆိပ်ပြား ပါလာလို့ပင်။

ရတနာကောင်းကင်တံဆိပ်ပြားနှင့်သာဆိုလျှင် ရတနာကောင်းကင် အရောင်းပြခန်းမှ ပစ္စည်းများဝယ်ယူသည့်အခါ အနည်းဆုံး ၁၀ရာခိုင်နှုန်း လျှော့စျေးရပေလိမ့်မည်။ ဒါက မက်လောက်စရာ ကောင်းလှပေသည်။

ဆူဇီမို ရတနာကောင်းကင် အရောင်းပြခန်းသို့ ပထမတစ်ကြိမ်လာတုန်းက သူနဲ့အတူ ယောင်ရွှယ်ပါလာ၏။ ယောင်ရွှယ်က အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်လေသည်။ ဒါကြောင့် ဘယ်သူကမှ သူ့ကို မထိရဲကြပေ။

ယခုတစ်ခေါက်ကတော့ မတူတော့ချေ။ ဆူဇီမိုက သူနှင့်အတူ ရတနာကောင်းကင် တံဆိပ်ပြားကို ယူဆောင်လာ၏။ ဒါက သုံးနှစ်အရွယ်ကလေးတစ်ယောက်က ‌ရွှေတုံးတစ်တုံးကိုကိုင်ကာ လျှောက်သွားနေခြင်းနှင့် အလားသဏ္ဍာန်တူလေသည်။

ထိုသူက မော်တယ်တစ်ယောက်သာ ဖြစ်သော်လည်း ရတနာကောင်းကင်တံဆိပ်ပြားကို ပိုင်ဆိုင်ထား၏။ ထိုသူက အထင်ကရမိသားစုတစ်ခုမှ ဖြစ်ပေလိမ့်မည်။ ချီစုဖွဲ့စစ်သည်တော်အများစုသည် လောဘတက်မိကြသော်လည်း ဆူဇီမို၏ မိသားစုနောက်ခံအင်အားကို စိုးရိမ်သောကြောင့် ဘယ်သူမှ လုမယူရဲကြချေ။

သို့သော်လည်းပဲ ခြွင်းချက်ဆိုတာကတော့ ရှိလေသည်သာ။

အဖိုးတန်ရတနာဆိုတာက ရာဇဝတ်မှုများကို ဖြစ်‌ပေါ်စေတတ်သော အဓိကအရာတစ်ခု ဖြစ်လေသည်။

အလိုလောဘက လှုံ့ဆော်လာသည့်အခါ အသက်ဘေးနှင့်ကြုံရမည်ဆိုလျှင်ပင် စွန့်စားလိုသောသူ တစ်ယောက်ယောက်ကတော့ ရှိတတ်လေသည်သာ။

ခန်းမဆောင်ထဲရှိ ထောင့်တစ်နေရာမှ အေးစက်စက်မျက်လုံးတစ်စုံသည် ဆူဇီမိုလှေကားအတက်ကို ရောက်သည်အထိ တောက်လျှောက် လိုက်ကြည့်နေ၏။

ဆူဇီမိုသည် အတွေးများနေသောကြောင့် ၎င်းကို သတိမထားမိခဲ့ပေ။

ဆူဇီမို ဒုတိယထပ်သို့ ရောက်ရောက်ခြင်းမှာပင် ရတနာကောင်းကင်မန်နေဂျာက မတ်တပ်ထရပ်လိုက်ပြီး အပြုံးနှင့် ကြိုဆိုလိုက်လေ၏။ “သခင်လေးဆူ နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ.. စိတ်ဝိညာဉ်လက်နက်တုနှစ်ခုကို သွန်းလုပ်လို့ ပြီးပါပြီ.. လာကြည့်ကြည့်ပါဦးခင်ဗျ”

ရတနာကောင်းကင်မန်နေဂျာက သူ့သိုလှောင်အိတ်ကို လက်ဖြင့်ပုတ်လိုက်သောအခါ ခပ်ရှည်ရှည်ဆေဘာတစ်လက်နှင့် လေးတစ်လက်က ဆူဇီမိုရှေ့ လေထဲတွင် ထွက်ပေါ်လာလေ၏။ အဲ့ဒီမှာ ချွန်ထက်သော မြှား ၁၂ချောင်းလည်း ပါလေသည်။

ရတနာကောင်းကင်မန်နေဂျာက ရှင်းပြလိုက်၏။ “ဒီအေးမြစန္ဒာဆေဘာက အရှည်သုံးပေရှိတယ်.. ဓါးကိုယ်ထည်က ငွေရောင်.. ထူပြီးတော့ထက်ရှတဲ့အနားစောင်းတွေပါရှိပြီး သတ်ဖြတ်ထိုးခုတ်ဖို့ရာ သင့်တော်တယ်.. အဲ့ဒါကို အဓိကအားဖြင့် ရှားပါးတဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေနဲ့ သွန်းလုပ်ပေးထားတယ်.. သင့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီဖို့ရာ ခုနှစ်စင်ကြယ်သဲနဲ့ ရွှေအလင်းကျောက်လိုမျိုး ခိုင်ခံမာကျောတဲ့ပစ္စည်းဆယ်မျိုးကိုပါ ကျုပ်တို့ ထပ်ပေါင်းထည့်ပေးထားသေးတယ်.. ဒီဆေဘာက စိတ်ဝိညာဉ််အင်းကွက် မပါဘူးဆိုပေမယ့်လဲ ထိပ်တိုက်ရင်ဆိုင်ရမယ်ဆို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်နဲ့တောင် ယှဉ်ခုတ်လို့ရတယ်.. ထိခိုက်ကျိုးပဲ့မှာ မဟုတ်ဘူး”

“အမ်း”

ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး လေထဲတွင် မျောနေသော ဆေဘာကို ဆွဲယူလိုက်၏။

ထိုအခါ ရတနာကောင်းကင်မန်နေဂျာ၏ မျက်လုံးထဲတွင် အထင်သေးလှောင်ပြောင်လိုသော အရိပ်အယောင်က ပေါ်လာ၏။

သူသည် ဆူဇီမို အရှက်ကွဲမှာကို စောင့်နေခြင်း ဖြစ်၏။

ဆူဇီမိုသည် စိတ်ဝိညာဉ်လက်နက်တုများ သွန်းလုပ်ရန် အပ်နှံတုန်းက တတ်နိုင်သမျှ အလေးချိန်စီးစီးလေး လုပ်ပေးရန် မှာကြားခဲ့၏။ အေးမြစန္ဒာဆေဘာက ကီလိုဂရမ် ၅၀၀ လောက် လေးလံ၏။ အဆင့်၉ ချီစုဖွဲ့စစ်သည်တော်ဖြစ်သောသူပင်လျှင် ဤလက်နက်ကို ကိုင်နိုင်ရုံသာ ရှိ၏။ ၎င်းနှင့် ရန်သူကို သတ်ဖြတ်ခုတ်ပိုင်းဖို့ရာ မဖြစ်နိုင်ပေ။

ဆူဇီမိုတစ်ယောက် ဆေဘာကို ဆွဲယူလိုက်တာနှင့် သူ့ခြေထောက်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားလိမ့်မည်ဟူ၍ ရတနာကောင်းကင်မန်နေဂျာ ယုံကြည်ထား၏။

သို့သော်လည်းပဲ နောက်တစ်ခဏမှာပင် ရတနာကောင်းကင်မန်နေဂျာသည် ကြက်သေ,သေသွားလေ၏။

ဆူဇီမိုသည် အေးမြစန္ဒာဆေဘာကို အလွယ်တကူ ဆွဲယူလိုက်ရုံသာမက အနည်းငယ်ပင် ခုတ်ပိုင်းကစားကြည့်နေသေး၏။ ၎င်းက သူ့လက်ထဲတွင် ငှက်မွှေးလေးလို ပေါ့ပါးနေလေ၏။ သူသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “အင်း ‌ဆေဘာက အတော်လေးမိုက်တယ်.. နဲနဲလေးတော့ ပေါ့နေသေးတယ်” ဟု ပြောလိုက်လေ၏။

ရတနာကောင်းကင် မန်နေဂျာ “. . .”

“ဒီလူက ဘယ်လိုမွန်းစတားပါလိမ့်.. သူ့မှာ စိတ်ဝိညာဉ်ချီလဲ မရှိဘူး.. ဒါတောင် သူ့ခန္ဓာခွန်အားသက်သက်နဲ့ ကီလိုဂရမ် ၅၀၀ လေးတဲ့ လက်နက်ကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်.. ပြီးတော့သူက ပေါ့နေသေးတယ်တောင် ပြောလိုက်သေးတယ်.. ဟွန့်....” ရတနာကောင်းကင်မန်နေဂျာသည် စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်ပြီး မျက်လုံးကလယ်သွားလေ၏။

“ဒါကတော့ မျှော်လင့်ချက်သလင်းလေးပဲ.. ရော့ ယူလိုက်” ဒီတစ်ကြိမ်တော့ ရတနာကောင်းကင်မန်နေဂျာသည် အသေးစိတ် ရှင်းပြမနေတော့ချေ။ ရှင်းပြချင်စိတ်လဲ သူ့မှာ မရှိတော့ချေ။

မျှော်လင့်ချက်သလင်းလေးက သွေးရောင်လို နီရဲနေပြီး သလင်းကျောက်လို အရောင်လက်နေလေ၏။ ၎င်းသည် လေးထဲတွင် သွေးများစီးဆင်းနေသလို ထင်ရပြီး ထူးခြားသောအော်ရာကို ထွက်ပေါ်နေစေ၏။ ၎င်း၏ အလေးချိန်ကလည်း အေးမြစန္ဒာဆေဘာနှင့် အတူတူပင် ဖြစ်၏။

ဆူဇီမိုသည် မျှော်လင့်ချက်သလင်းလေးကို သူ့ကိုယ်တွင် မှီချိတ်လိုက်ပြီး မြှားကျီတောက်ကို ကျောတွင်ချည်လိုက်ကာ ချွန်ထက်သောမြှား ၁၂ချောင်းကို မြှားကျီတောက်ထဲသို့ ထည့်လိုက်၏။ ပြီးနောက် အေးမြစန္ဒာဆေဘာကို ခါးတွင်ချည်ကာ ထွက်ခွာဖို့ အဆင်သင့် ပြင်လိုက်လေ၏။

“ဒါနဲ့ သခင်လေးဆူ သင်ငှားရမ်းချင်တယ်ဆိုတဲ့သူမျိုးတစ်ယောက် ကျုပ်တို့ရှာတွေ့ထားတယ်.. ဒါပေမယ့် သင်လိုချင်တဲ့အချက်တွေနဲ့ မကိုက်ညီတာလေးတွေတော့ နဲနဲရှိတယ်” ရတနာကောင်းကင်မန်နေဂျာက ပြောလိုက်၏။

“အို ဟုတ်လား”

“သူကတော့ စုန့်ချီဆိုတဲ့ အဆင့်၇ ချီစုဖွဲ့စစ်သည်တော်တစ်ယောက်ပဲ.. သူပြောပုံအရဆို သင်က သူ့ကို စိတ်ဝိညာဉ်ကျောက်တုံးအချို့ ကြိုပေးထားမယ်ဆိုရင် သူက အဆင့်၈ ချီစုဖွဲ့စစ်သည်တော်အဆင့်ကို သိပ်မကြာခင် ရောက်နိုင်ပါတယ်တဲ့.. တစ်ကယ်တော့ သင်သဘောမတူဘူးဆိုရင်လည်း ကျုပ်သူ့ကို ပယ်ချလိုက်ပါ့မယ်”

သူ့လိုအပ်ချက်နှင့် ကိုက်ညီသော အဆင့်၈ ချီစုဖွဲ့စစ်သည်တော်တစ်ယောက်ကို ငှားနိုင်ဖို့ ဘယ်လောက်ကြာကြာစောင့်ရဦးမလဲဆိုတာ သူမပြောတတ်ပေ။ သူ့အစ်ကိုကြီးဆူဟုန်ကလည်း ဒဏ်ရာပြင်းထန်စွာ ရထားပြီး သေမလားရှင်မလားပင် မပြောတတ်ပေ။ အခုဆို ဆူမိသားစုက ဆိုးရွားသောအခြေအနေတွင် ‌ရောက်နေပြီး ဆူဇီမိုသည် ပင်ယန်းမြို့သို့ ယခုချက်ခြင်း အမြန်ပြန်ချင်နေ၏။

“သူ့ကို ခေါ်ခဲ့ကြည့်လေ.. ကျုပ်သူနဲ့ စကားပြောကြည့်မယ်” ဆူဇီမိုက ‌လေးနက်စွာ ပြောလိုက်၏။

ရတနာကောင်းကင် မန်နေဂျာသည် မကြာမီမှာပင် သူနှင့်အတူ လူတစ်‌ယောက်ကို ခေါ်ပြီး ပြန်ရောက်လာ၏။ ထိုလူသည် အသက်လေးဆယ်ကျော်အရွယ် ချီစုဖွဲ့စစ်သည်တော်တစ်ယောက်ဖြစ်ပြီး တည်ကြည်ချောမောသောရုပ်ရည်သွင်ပြင် ရှိလေ၏။

ဒါကတော့ သခင်လေးဆူပဲ.. မင်းတို့အချင်းချင်း နည်းနည်းပါးပါး ဆွေးနွေးကြည့်ကြပေါ့” ရတနာကောင်းကင် မန်နေဂျာက အနည်းငယ် မိတ်ဆက်ပေးပြီး ဘေးတွင် ရပ်နေလိုက်၏။

ဆူဇီမိုကို ကြည့်ပြီး စုန့်ချီသည် အထင်သေးသည့်ပုံစံ မရှိသလို၊ မျက်နှာချိုလည်း သွေးမနေပေ။ သူသည် လက်သီးဆုပ် ဂါဝရပြုလိုက်ပြီး “သခင်လေးဆူ” ဟု နှုတ်ဆက်လိုက်၏။

ဆူဇီမိုက မေးလိုက်၏။ “ခင်ဗျား စိတ်ဝိညာဉ်ကျောက်တုံးတွေကို သုံးဖို့ အလောတန်လိုအပ်နေတာလား”

“ဟုတ်တယ်ဗျာ.. ကျုပ်လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးကိုသာ ရမယ်ဆိုရင် မကြာခင် အဆင့်၈ ချီစုဖွဲ့စစ်သည်တော်အဆင့်ကို တက်လှမ်းနိုင်ပါလိမ့်မယ်” စုန့်ချီက ခေါင်းညိတ်ပြောကြားလိုက်၏။

“အဲ့ဒါက ဘယ်လောက်ကြာမှာလဲ”

“ဒါကတော့.. ကျုပ်အတိအကျ မပြောနိုင်ဘူး.. လူတစ်ယောက် အဆင့်တက်မယ့်အချိန်ကို ဘယ်သူမှ အချိန်အတိအကျနဲ့ ပြောနိုင်မယ် မထင်ဘူး” စုန့်ချီက ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်၏။

ဆူဇီမိုသည် ဒီလူကို နည်းနည်းတော့ သ‌ဘောကျသွား၏။ သူက ဆက်မေးလိုက်၏။ “ခင်ဗျားက စိတ်ဝိညာဉ်ကျောက်တုံးတွေ လိုနေမှတော့ ဘာလို့ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းကို သွားမဝင်တာလဲ”

“ကျုပ်မှာရှိတာက အဆင့်နိမ့် စိတ်ဝိညာဉ်ရင်းမြစ်ပဲ.. ဘယ်ဂိုဏ်းကမှ ကျုပ်ကို လက်ခံချင်မှာ မဟုတ်ဘူး.. သူတို့ကျုပ်ကို လက်ခံခဲ့ရင်တောင် သူတို့က ကျုပ်ကို အစေခံတစ်ယောက်လိုပဲ ဆက်ဆံကြမှာ” စုန့်ချီက ခါးသက်စွာ ပြုံးလိုက်၏။

အဆင့်နိမ့်စိတ်ဝိညာဉ်ရင်းမြစ်က အဆိုးရွားဆုံး စိတ်ဝိညာဉ်ရင်းမြစ် အမျိုးအစား ဖြစ်လေသည်။ ၎င်းတွင် သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေဟူသော ဒြပ်စင်ငါးမျိုးက ရောနှောပါဝင်နေ၏။ ၎င်းသည် ရောနှောစိတ်ဝိညာဉ်ချီများကိုသာ စုပ်ယူနိုင်မည်ဖြစ်ပြီး ချီသန့်စင်မှုမရှိသောကြောင့် ကျင့်ကြံမှုအဆင့်တက်နှုန်းကလည်း အလွန်တရာ နှေးကွေးလေသည်။

ဒြပ်စင်တစ်မျိုးသာ ပါဝင်သော စိတ်ဝိညာဉ်ရင်းမြစ်လည်း ရှိ၏။ ၎င်းကတော့ ဒဏ္ဍာရီလာ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ဖြစ်လေ၏။ ၎င်းသည် အသန့်စင်ဆုံး စိတ်ဝိညာဉ်ချီများကို စုပ်ယူနိုင်ပြီး ကျင့်ကြံမှုအဆင့်တက်နှုန်းကိုလည်း မြန်စေ၏။ ထိုလူမျိုးသည် မတော်တဆ မှားယွင်းမှု တစ်စုံတစ်ရာနှင့်သာ မကြုံရဘူးဆိုလျှင် ရွှေအူတိုင်အဆင့်ကို တက်လှမ်းနိုင်ဖို့ သေချာသလောက် ဖြစ်လေသည်။

အဆင့်နိမ့်စိတ်ဝိညာဉ်ရင်းမြစ်နှင့် အဆင့်၇ ချီစုဖွဲ့စစ်သည်တော်အဆင့်ကို ရောက်ဖို့အတွက် စုန့်ချီသည် သူ့ဘဝတွင် များစွာ တွေ့ကြုံခံစားခဲ့ရကာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရမည်ဆိုတာ ဆူဇီမို သိလေသည်။

“ကျုပ်နဲ့အတူ ပင်ယန်းမြို့ကို သွားရအောင်.. ကျုပ် ခင်ဗျားကို စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် ကြိုပေးထားမယ်” ဆူဇီမိုက ပြောလိုက်၏။

“အာ!”

စုန့်ချီသည် အံ့သြသွားပြီးနောက် ပျော်ရွှင်မှုကို ဖုံးဖိမထားနိုင်တော့ချေ။

ဆူဇီမိုက သူ့တောင်းဆိုချက်ကို အလွယ်တကူ လိုက်လျောလိမ့်မည်ဟု စုန့်ချီထင်မထားခဲ့ချေ။ နောက်ပြီး သူက အဆင့်၈ ချီစုဖွဲ့စစ်သည်တော် မဟုတ်သည့်အပြင် အလုပ်ရှင်ဆီမှ စိတ်ဝိညာဉ်ကျောက်တုံးကိုလည်း ကြိုတောင်းလိုက်သေး၏။ အဲ့ဒီအတွက် သူမျက်နှာပူမိတာ အမှန်ပင်။

“သခင်လေးဆူ.. ကျေးဇူးအများကြီးတင်ပါတယ်‌ဗျာ.. ဆူမိသားစုကို ကာကွယ်ဖို့ ကျုပ်တတ်နိုင်သမျှ အကုန်လုပ်ဆောင်ပေးပါ့မယ်” စုန့်ချီက လှိုက်လှဲစွာ ကျေးဇူးတင်စကား ပြောကြားလိုက်လေ၏။

All Chapters