အငြိုးကြီးသော
Vol. 16 Ch. 237
အခန်း ( ၂၃၆ ) က အောက်ပိုင်း ကျန်နေခဲ့လို့ ထပ်ထည့်ထားပါတယ်။ အခန်း ( ၂၃၆ ) ကို ပြန်ဖတ်ပေးပါ။
ရွှီချင်း ရပ်သွားပြီး မြေပြင်ပေါ်မှ သစ်သီးများကို ဖျတ်ခနဲ ကြည့်လိုက်သည်။
ပန်းသီးများကို သူ မြင်လိုက်ရပြီး ပန်းသီးအကြီး အနည်းငယ်ပါသည်ကိုလည်း သတိထားမိလိုက်သည်။ တစ်ဖက်လူက သူ့ဝတ်ရုံထဲ ပစ္စည်းများစွာ မည်သို့ထည့်သည်ကို သူ အလွန် သိချင်စိတ်ပြင်းပြသွားသည်။
မူလက အလျင်အမြန် နောက်ဆုတ်နေသော အဖြူရောင်ဝတ်ရုံဝတ်အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ အတန်ငယ် ရပ်သွားသည်။ သူ့ခမောက်က မဆိုစလောက် လျောကျသွားသည်။ သူ့မျက်နှာ မပေါ်ပါသော်လည်း သူ့ဆံပင်များ အောက်သို့ ကျလာသည်။
သူသည်လည်း မြေပြင်ပေါ်မှ သစ်သီးများပေါ် အကြည့်ရောက်နေသည်။
ပြီးသည်နှင့် သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ခေါင်းမော့လိုက်ရာ လေထဲတွင် အကြည့်ချင်းဆုံသွားသည်။
ရွှီချင်းက စကားတစ်ခွန်း မပြောပေ။
အဖြူရောင်ဝတ်ရုံဝတ်ကျင့်ကြံသူသည်လည်း ငြိမ်သက်နေသည်။
ထိုအချိန်၌ မြေပြင်က ရုတ်တရက် တုန်ခါလာပြီး ကျွန်းအပြင်ဘက်ရှိ ပင်လယ်ရေများ တဝုန်းဝုန်း အော်မြည်လာသည်။ အဝေးတစ်နေရာမှ မြေပြင်တုန်ဟီးသွားစေနိုင်သော ပေါက်ကွဲသံကြီး မြည်ဟည်းလာပြီး နတ်ဘုရား၏ မာန်သွင်းကျုံးဝါးသံအလား အဖက်ဖက်သို့ ပျံ့နှံ့သွားပေရာ လောကတစ်ခွင် လေပြင်းမုန်တိုင်းများ တိုက်ခတ်လာဟန်တူသည်။
အလင်းပင်လယ်ကြီးပမာ ချက်ချင်း ပျံ့နှံ့ရိုက်ခတ်လာသော ခရမ်းရောင်အလင်းတန်းတစ်ခုလည်း ရှိသည်။ အနီးကပ်ကြည့်ပါက ထိုအလင်းနှင့် တဝုန်းဝုန်းမြည်ဟည်းသံများက ရေသူကျွန်းများမှ ရောက်လာကြောင်း ပြောနိုင်မည် ဖြစ်သည်။
ယင်းသည် ရွှီချင်း၏ တာဝန်ထဲတွင် ဖော်ပြထားသော ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင် ဒီရေစွမ်းအား ဖြစ်ပေသည်။
ထိုအလင်းပင်လယ်ကြီး၏ လွှမ်းခြုံခြင်းအောက်တွင် ပုလဲကျွန်းများပေါ်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တည်နေရာရွှေ့ပြောင်းခြင်း အချုပ်အနှောင်များအားလုံး ချက်ချင်း ဖိနှိပ်ခံလိုက်ရပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များ ပြန်လည်အသက်ဝင်လာသည်။
ထိုတခဏတွင် ကောင်းကင်ကြီး ခရမ်းရောင်ပြောင်းသွားပြီး ပဉ္စမမြောက်တောင်ထိပ် ဂိုဏ်းသားများ ထိန်းညှိထားသော ရွှီချင်း၏နောက်ရှိ တောင်ကြားထဲမှ မန္တန်အစီအရင်မှာ ဝင်းလက်သွားသည်။ အထဲမှ ပထမဂိုဏ်းသားတစ်သုတ် ချက်ချင်း ပျောက်သွားပြီး တည်နေရာရွှေ့ပြောင်းသွားသည်။
တချိန်တည်းမှာပင် ပုလဲကျွန်းများပေါ်တွင် အလားတူ တည်နေရာရွှေ့ပြောင်းခြင်းများ ဖြစ်ပျက်သွားသည်။
ထိုအဖြစ်အပျက်ကို ရွှီချင်း မြင်ပါသော်လည်း ဂရုမစိုက်ပေ။ သူ့နောက်ရှိ တောင်ကြားထဲတွင် ဒုတိယဂိုဏ်းသားတစ်သုတ် တည်နေရာရွှေ့ပြောင်းရန် ပြင်ဆင်နေသည်ကိုလည်း သူ အာရုံခံမိလိုက်သည်။ မကြာခင် ထိုအသုတ်လည်း တည်နေရာရွှေ့ပြောင်းတော့မည့်ဟန်တူသည်။
သို့သော်လည်း ယခုအချိန်၌ ရွှီချင်းသည် သူ့ရှေ့မှ အဖြူရောင်ဝတ်ရုံဝတ်ကျင့်ကြံသူကို ပို၍ စိတ်ဝင်စားနေသည်။
အဖြူရောင်ဝတ်ရုံဝတ်ကျင့်ကြံသူနှင့် အကြည့်ချင်း ဆုံသွားသည့်အခိုက် ရွှီချင်း ပြေးသွားသည်။ သက်စောင့်မီးအိမ်အစွမ်းကြောင့် သူ၏ရွှမ်ယောက်အသွင်သဏ္ဍာန်မှာ အမြန်နှုန်းအရဖြစ်စေ၊ အစွမ်းအရဖြစ်စေ ကြောက်ခမန်းလိလိဖြစ်လာသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း အဖြူရောင်ဝတ်ရုံဝတ်ကျင့်ကြံသူအနားသို့ သူ ရောက်သွားသည်။ ယခုတစ်ခေါက်တွင် ထိုကျင့်ကြံသူ၏ လည်ပင်းကို ပစ်မှတ်မထားဘဲ ဆံပင်ကို ပစ်မှတ်ထားလိုက်သည်။
သူက ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဆံပင်ကို ပို၍ စိတ်ဝင်စားနေသည့်အလားပင်။
အဖြူရောင်ဝတ်ရုံဝတ်ကျင့်ကြံသူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်ထဲမှ သက်စောင့်မီးတောက်များ ချက်ချင်း ပြန်လည်တောက်လောင်လာကာ အပူလှိုင်းများ လွင့်ပျံသွားပြီး ရွှီချင်း၏ ဖမ်းဆုပ်ခြင်းကို ရှောင်တိမ်းလိုက်သည်။ ရွှီချင်းနှင့် သူ ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။
ကောင်းကင်တွင် တဝုန်းဝုန်းမြည်ဟည်းသံများ လွင့်ပျံသွားသည်။ ရွှီချင်းက မြန်ဆန်သွက်လက်စွာ လှုပ်ရှားနေသည်ဖြစ်ရာ တောင်ကြားထဲရှိ ကျင့်ကြံသူများမှာ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရရပေ။ အဝေးသို့ တည်နေရာရွှေ့ပြောင်းခြင်း မပြုရသေးသော ဒုတိယတောင်ထိပ်မှ အမျိုးသမီးသည်ပင် ကောင်းစွာ မမြင်ရဘဲ ဝိုးတဝါးအရိပ်များကိုသာ မြင်ရသည်။
မြေပြင်ကြီး တုန်ခါနေပြီး ဘေးပတ်လည်တွင် တဝုန်းဝုန်းမြည်ဟည်းသံများ မကြာခဏ ထွက်ပေါ်နေပေရာ ထိုတိုက်ပွဲက မည်မျှအန္တရာယ်များသည်ကို သိနိုင်ပေသည်။
ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ တိုက်ကွက်များသည်လည်း ကြောက်မက်ဖွယ်ကောင်းသည်။ သူက ဆံပင်ကို ကာကွယ်ရင်း တောင်ကြားအပြင်ဘက်၌ ရွှီချင်းကို ကြမ်းတမ်းခက်ထန်စွာ တိုက်ခိုက်နေသည်။
သူသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသူဖြစ်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အမြန်နှုန်း၌ သူ့ကို မမီသည့်အပြင် တိုက်ခိုက်ရန် အခွင့်အရေးပင် မရပေ။
အရိပ်သည်ပင် အလားတူအခြေအနေသို့ ရောက်သွားသည်။ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူနှင့်ယှဉ်လျှင် အရိပ်၏ အမြန်နှုန်းက နှေးကွေးလွန်းနေသည်။
ရွှီချင်းသည်သာ တရကြမ်း တိုက်ခိုက်နေ၏။ သူ့ဓမ္မစွမ်းအားများ ဖောင်းကားလာပြီး ညာလက်ဖြင့် ထိုးနှက်လိုက်သည်။ ထို့နောက် ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ တံတောင်ကို ခုန်ရှောင်လိုက်ပြီး ညာဒူးကို မြှောက်ကာ ခန္ဓာကိုယ်အောက်ပိုင်းအား အညှာအတာမဲ့စွာ တိုက်လိုက်သည်။
ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ ကွက်ခနဲ မျက်နှာပျက်သွားသည်။
သို့သော် သူသည်လည်း ရက်စက်ကြမ်းကြုတ်သောလူတစ်ယောက်ဖြစ်သည်။ ရွှီချင်း၏ဒူးကို လက်တစ်ဖက်ဖြင့် ရိုက်လိုက်ပြီး တစ်ဆက်တည်း ပါးစပ်ဟ၍ ရွှီချင်းကို အလောင်းအဆိပ်များဖြင့် မှုတ်ထုတ်လိုက်သည်။
ထိုအဆိပ် ပေါ်လာသည်နှင့် ရွှီချင်း၏ခန္ဓာကိုယ်တစ်ခုလုံး ပုပ်ပွပျက်စီးသွားတော့မည့်ဟန်တူသည်။ သို့သော်လည်း ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ သူ့ဒူးတိုက်ကွက်ကို တားဆီးခံလိုက်ရသည်နှင့် သူက ခန္ဓာကိုယ်ကို ဆတ်ခနဲ လှည့်ကာ ဘယ်ခြေကို မြှောက်၍ ကြာပွတ်တစ်ခုအလား ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ခေါင်းကို လှမ်းကန်လိုက်သည်။
သို့သော် သူတို့နှစ်ယောက်လုံး အချင်းချင်း ခုန်ရှောင်လိုက်ကြပေရာ တိုက်ကွက်များ လွဲချော်သွားသည်။ ရွှီချင်းက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်၍ လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ့ကိုယ်ထဲမှ အနက်ရောင်မီးလုံးများ လွင့်ပျံလာသည်။
၎င်းတို့က မီးလက်ဝါးများအသွင် ပြောင်းလဲ၍ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူထံ ဝင်ရောက်သွားသည်။
ထိုဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ အသက်ရှူသံများ မြန်ဆန်သွားသည်။ ဤပြင်းထန်သော တိုက်ပွဲ၌ သူ အားအင်များစွာ ကုန်ခမ်းနေပြီ ဖြစ်သည်။
သူက မာန်သွင်းအော်ဟစ်လိုက်ပြီး လက်တစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်၍ ရွှီချင်းကို အောက်သို့ဖိချလိုက်သည်။
ထိုဖိအားကြောင့် လေဟာနယ် ရှုံ့တွသွားသည်။ ရွှီချင်း မျက်နှာပျက်သွားပြီး ချက်ချင်း ရှောင်တိမ်းလိုက်သည်။
သူ ရှောင်တိမ်းလိုက်သည်နှင့် ဝတ်ရုံဖြူဝတ်ကျင့်ကြံသူက သူ့ရှေ့တွင် ရိပ်ခနဲ ပေါ်လာပြီး ကြမ်းတမ်းစွာ ဖိချလိုက်သည်။
ရွှီချင်း၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာသည်။ မီတာသုံးရာသို့တိုင်အောင် သူ နောက်ဆုတ်သွားရပြီး သူ အရှိန်တင်ကာ ထပ်မံချဉ်းကပ်သွားသည်။ ကောင်းကင်ဓားမော့များ ထွက်ပေါ်လာပြီး တဝုန်းဝုန်း ကျဆင်းသွားသည်။
ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ မျက်လုံးများ မှေးသွားသည်။ ယခုတစ်ခေါက်တွင် သူ မရှောင်တိမ်းနိုင်တော့ဘဲ တစ်ကီလိုမီတာနီးပါး နောက်သို့ လွင့်ထွက်သွားသည်။ သူ သွေးတစ်ပွက်စာ အန်ထုတ်လိုက်ပြီး ပြေးထွက်သွားပြန်သည်။
နောက်တစ်ဖန် သူတို့ နီးကပ်လာသောအခါ ရွှီချင်းက ဒူးကို ကွေးညွှတ်၍ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ကန်လိုက်ပြန်သည်။
သူ အာရုံခံမိရသရွေ့ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်အောက်ပိုင်းက ပျော့ကွက်ဖြစ်သည်။
ဝတ်ရုံဖြူဝတ်ကျင့်ကြံသူက ကျိန်ဆဲလိုက်ပါသော်လည်း တဝုန်းဝုန်းမြည်ဟည်းသံများအောက်တွင် သူ့အသံံ ပျောက်သွားသည်။
သူ့မျက်လုံးများထဲ ရူးသွပ်ခြင်းများ ဝင်ရောက်လာသည်။ ယခုတစ်ခေါက်၌ သူ မတားဆီးတော့ဘဲ ဒူးကိုကွေးညွတ်ကာ ရွှီချင်း၏ဒူူးနှင့် လေထဲ တိုက်လိုက်သည်။
နောက်ဆုံး၌ တစ်ဖက်လူ၏ ဆံပင်ကို ရွှီချင်း ဖမ်းဆုပ်နိုင်လိုက်ပြီး အညှာအတာမဲ့စွာ ဆွဲနှုတ်လိုက်သည်။
အင့်ခနဲ မြည်သံနှင့်အတူ စူးစူးဝါးဝါးအော်ဟစ်သံ သူတို့နှစ်ယောက်ထံမှ ထွက်ပေါ်လာသည်။
အင့်ခနဲ မြည်လိုက်သည်မှာ ရွှီချင်းဖြစ်ပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်သည်မှာ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ ဖြစ်သည်။ အသံများက မတူညီပါသော်လည်း သူတို့နှစ်ယောက်လုံး နောက်ဆုတ်သွားကြပြီး သူတို့ဒူးများ ပုံမှန်မဟုတ်တော့ပေ။
ရွှီချင်းနှင့်ယှဉ်လျှင် ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ ဒူးက ချိုင့်ဝင်သွားသည်။ သူ့ဒဏ်ရာများက ပို၍ ပြင်းထန်ပြီး နာကျင်မှုကြောင့် သူ့နဖူးမှလည်း ချွေးများစီးကျနေသည်။
ရွှီချင်းသည် နောက်ဆုတ်နေရင်း မျက်လုံးများ ဝင်းလက်နေသည်။ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူရှေ့၌ သူက ညာလက်မှ ဆံပင်ကို မြှောက်လိုက်ပြီး အနည်းငယ် ဝှေ့ယမ်းလိုက်သည်နှင့် ဆံပင်က ပြာများဖြစ်ကာ ပျောက်ကွယ်သွားသည်။
ထိုဖြစ်ရပ်က ယခင်ကလည်း ဖြစ်ခဲ့ဖူးသည်။ သို့သော် ထိုစဉ်က ဆံချည်မျှင်တစ်ချောင်းသာ ဖြစ်ပြီး ယခုတွင် ဆံချည်မျှင် တစ်ဆုပ်စာ ဖြစ်သည်။
ဆံပင်များကို ဖျက်ဆီးပြီးနောက် ရွှီချင်းသည် ဆက်လက်တိုက်ခိုက်ရန် စိတ်အားထက်သန်နေစဉ် သူ့နောက်မှ စိုးရိမ်ကြောင့်ကြသောအသံတစ်သံ လွင့်ပျံလာသည်။
“ ဂိုဏ်းတူအစ်ကို၊ ဒီရေလှိုင်းက အဆုံးသတ်တော့မယ်။ ဒါက နောက်ဆုံး တည်နေရာရွှေ့ပြောင်းခြင်းပါ ”
ထိုစကားကို ကြားသောအခါ ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ထိုအချိန်၌ ကောင်းကင်တစ်ဝက်ကို ဖုံးလွှမ်းချင်နေသည့်အလား အဝေးတစ်နေရာမှ အနက်ရောင်မီးလုံးတစ်လုံး ကောင်းကင်ယံသို့ ပျံတက်သွားသည်။
မီးတောက်များကြားတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်၏ ပုံရိပ် ရှိသည်။ အဝေးမှကြည့်ပါက လူပုလေးတစ်ယောက်ပမာပင်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်၍ ပုလဲကျွန်းများဆီသို့ လျှောက်လာနေ၏။
သူ ဖြတ်သန်းသွားသည့်နေရာတိုင်း ရေလှိုင်းများ တဝုန်းဝုန်းရိုက်ခတ်လာပြီး ပင်လယ်ပြင်မှာ ထက်ခြမ်းကွဲကာ ကြီးမားသော အက်ကြောင်းကြီး ပေါ်သွားသည်။
ပုလဲကျွန်းတစ်ကျွန်းလုံး တုန်ခါနေသည်။ ကြောက်ခမန်းလိလိဖိအားကြောင့် ကောင်းကင်ကြီး အရောင်ပြောင်းလဲကာ တိမ်တိုက်များနှင့် လေပြင်းများ တဝုန်းဝုန်း ထကြွလာသည်။
ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး တွေဝေတွန့်ဆုတ်မနေဘဲ နောက်ဆုတ်ကာ တောင်ကြားထဲသို့ ချက်ချင်း ပြန်သွားသည်။ ထိုအချိန်၌ ဒုတိယအသုတ် တည်နေရာရွှေ့ပြောင်းခြင်း အဆုံးသတ်သွားပြီး တတိယအသုတ် စတင်အသက်ဝင်နေပြီဖြစ်သည်။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲရှိ ချီရွှဲ့ထုံဂိုဏ်းသားများအားလုံး ရွှီချင်း၏ တိုက်ပွဲကို အာရုံစိုက်နေကြသည်။ သူတို့က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းရန်အတွက် ရွှီချင်း ပြန်အလာကို စိုးရိမ်ကြောင့်ကြစွာ စောင့်နေကြသည်။
ယခု ရွှီချင်း ပေါ်လာသောအခါတွင် ပဉ္စမမြောက်တောင်ထိပ်ဂိုဏ်းသားများက တွေဝေတွန့်ဆုတ်မနေဘဲ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ ကောင်းကင်ဝေဟင်ပြင်ရှိ ဒီရေစွမ်းအားအကူအညီဖြင့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ချက်ချင်း ဝင်းလက်သွားသည်။
တောင်ကြားထဲရှိ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူက ရွှီချင်းနောက်သို့ မလိုက်ပေ။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲ မတ်တတ်ရပ်နေသော ရွှီချင်းကို သူ စူးစိုက်ကြည့်နေသည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြပြီး တစ်ဦးစီ၏ မျက်လုံးများထဲတွင် နားလည်ရခက်သော အရိပ်အငွေ့ကိုယ်စီ ဖြတ်ပြေးသွားသည်။
ထိုခဏတွင် သူတို့အကြည့်များကို အစီအရင်အလင်းတန်းက ပိတ်ဆို့လိုက်၏။ တည်နေရာရွှေ့ပြောင်းခြင်း စတင်သွားပြီး ရွှီချင်းအပါအဝင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲရှိ လူအားလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။
ရွှီချင်းနှင့် တခြားလူများ ထွက်သွားပြီးနောက် ဝတ်ရုံဖြူဝတ်ကျင့်ကြံသူက နောက်လှည့်၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ရွှေအမြုတေအဆင့်ကျင့်ကြံသူ တခြားကျွန်းများသို့ ထွက်သွားကြောင်း သိလိုက်ရပြီးနောက် သူ မထိန်းချုပ်နိုင်တော့ နာကျင်စွာ ညည်းညူလိုက်သည်။
သူ ဒူးကို ပွတ်သပ်လိုက်ပြီး ဆံပင်တစ်ဆုပ်စာ ပျောက်သွားသည့်ခေါင်းကိုလည်း ပွတ်ကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
“ ဘာဖြစ်တာတုံး။ ငါတို့နောက်ဆုံးတွေ့တာ မကြာသေးပါဘူး။ ဘာလို့ ဒီကလေးက အခုလောက်ကြီး အစွမ်းထက်လာရတာတုံး။ နာလိုက်တာကွာ ”
“ ဒီကလေး ငါ့ကို မှတ်မိလောက်တယ်။ ဒါတောင် ငါ့အောက်ပိုင်းကို ပစ်မှတ်ထားပြီး ငါ့ဆံပင်ကိုတောင် နှုတ်သွားသေးတယ်။ ရွံ့စရာကောင်းလိုက်တဲ့ကောင်။ ကိုယ့်အထက်လူကြီးကို မလေးစားတတ်ဘူး။ နောက်ဆုံးတစ်ခေါက်တုန်းက သူ့ဆံပင်တစ်ချောင်းပဲ ငါ နှုတ်ခဲ့တာပါကွ ”
“ ဒီလိုလုပ်ဖို့ မလွယ်ဘူးဟ။ ဒီအစီအစဉ်ကြီး ဖြစ်မြောက်ဖို့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က အရည်အသွေးမြင့်နှလုံးသားတစ်ခု လိုတာ။ အဲဒါကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ စွမ်းဆောင်မှုရမှတ်တွေနဲ့ပဲ လဲလို့ရမှာ။ ဒီလိုပီပြင်တဲ့ အဏ္ဏဝါရုပ်အလောင်းကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့တောင် ငါ ကြီးကြီးမားမား ပေးဆပ်ထားခဲ့ရတာ ”
“အစကတော့ စွမ်းဆောင်မှုရမှတ်လေးရအောင် သူ့ကို နည်းနည်းပါးပါးရိုက်ပြီး ဆေးပေါင်းဖို ယူသွားမလို့။ ရေသူမကျွန်းပေါ်မှာ အဆိပ်မိခဲ့တာကို လက်စားချေတဲ့အနေနဲ့ အမှတ်တရလေး လုပ်မလို့ကို ဘယ်လိုလုပ် ဒီလိုကြီး ဖြစ်သွားရတာတုံး ”
“ နာလိုက်တာကွာ ”
ဝတ်ရုံဖြူဝတ်ကျင့်ကြံသူက တစ်ဝက်ကျိုးနေပြီဖြစ်သည့် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ မည်သည့်နည်းလမ်းကို သူ အသုံးပြုလိုက်သည် မသိရပါသော်လည်း သူ့လက် ပြန်လည်ရှည်ထွက်လာသည်။
အချိန်အတော်ကြာပြီးနောက် သူ၏အသက်ရှူသံ မြန်ဆန်လာပြီး သူ ပြန်လည်သက်သာလာသည်။ သူက ပွစိပွစိ ကျိန်ဆဲနေရင်း အသီးများ ပြန့်ကျဲသွားသည့်နေရာသို့ သွားလိုက်သည်။
မကြာသေးခင်က လူနှစ်ယောက် တိုက်ပွဲကြောင့် အသီးအများစု ပျက်စီးသွားပြီဖြစ်ပြီး ပန်းသီးတစ်ခြမ်းပဲ့သာ ကျန်တော့သည်။ သူက ဝမ်းနည်းပူဆွေးစွာဖြင့် ထိုပန်းသီးတစ်ခြမ်းပဲ့ကို ကောက်ယူလိုက်ပြီး ဘေးဘီဝဲယာကို ကြည့်ကာ တစ်ကိုက်ကိုက်လိုက်သည်။
ထိုစဉ် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး အလျင်အမြန် ထွေးထုတ်လိုက်သည်။
“ ပန်းသီးက အဆိပ်ရှိတယ်ဟ ”
ဝတ်ရုံဖြူဝတ်ကျင့်ကြံသူက ကျိန်ဆဲလိုက်ပြီး ထိုသို့ဆက်မဖြစ်သင့်ကြောင်း တွေးမိလိုက်သည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်၍ သူ မျက်နှာပျက်၍ မဖြစ်ပေ။ နောင်တချိန်တွင် အခွင့်အရေးရှာကာ ထိုကလေးငယ်ကို သူ သင်ခန်းစာကောင်းကောင်း ပေးရမည်။ သူ့ဂုဏ်သိက္ခာကို သူ ထိန်းသိမ်းထားရပေမည်။
တချိန်တည်းမှာပင် မီအဲ့ကျွန်းပေါ်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ဝင်းလက်သွားပြီး ရွှီချင်းနှင့် တခြားလူများ ပေါ်လာသည်။ သူတို့ အပြင်ထွက်လာသောအခါတွင် ရှေ့တန်းစစ်မြေပြင်က အခြေအနေတင်းမာနေသည်ကို ရွှီချင်း သတိထားမိလိုက်သည်။ ကောင်းကင်ယံတွင် လူရိပ်များ လှစ်ခနဲ ဖြတ်ပြေးနေသည်။
အဝေးတစ်နေရာတွင် စစ်ပွဲမီးတောက်များ တဟုန်းဟုန်း တောင်လောက်နေ၏။ လူအားလုံး ယခင်ထက် ပို၍ပင် အလုပ်ရှုပ်နေသည်။ သူတို့ တည်နေရာရွှေ့ပြောင်းပြီးသွားသည်နှင့် သူတို့ထဲမှ တစ်ဝက်ကျော်က ရွှီချင်းကို လက်သီးများဆုပ်၍ နှုတ်ဆက်စကားပြောလိုက်ကြသည်။
ဒုတိယမြောက်တောင်ထိပ်မှ သက်စောင့်မီးတောက်မိန်းမပျိုသည်လည်း အများနည်းတူ နှုတ်ဆက်စကားပြောလိုက်သည်။ ရွှီချင်းနှင့် အသံလွှင့်စကားပြောပြီးနောက် ခပ်သွက်သွက်ထွက်သွားသည်။
ကူးမုချင်းသည်လည်း ထိုနည်းတူပင်၊ ထွက်မသွားခင် ရွှီချင်းကို နှုတ်ဆက်စကားပြောလိုက်သည်။ ရွှီချင်းသည်လည်း တားမြစ်ဆေးလုံးကို ထိန်းချုပ်ခဲ့သည့် ကျောက်စိမ်းပေလွှာကို ကူးမုချင်းအား ပေးလိုက်သည်။ သူတို့ ထွက်မသွားခင်က တားမြစ်ဆေးလုံးကို သူ အသက်သွင်းလိုက်ပြီး ဖြစ်သည်။
“ အစ်ကိုရွှီ၊ ညီမတို့အုပ်စုရဲ့ တာဝန်က မပြီးသေးဘူး။ တားမြစ်ဆေးလုံးတစ်လုံးကို လက်စသတ်ဖို့ နောက်တစ်နေရာ သွားရဦးမှာ။ ဂိုဏ်းက ဒီစစ်ပွဲအတွက် နှစ်နဲ့ချီပြီး ပြင်ဆင်ထားတာ၊ ညီမတို့ သေချာပေါက် နိုင်မှာလို့ ညီမကို ဆရာက ပြောပြထားတယ်။ နောက်ထပ်ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်လာမှာ။ အစ်ကို၊ ဂရုစိုက်နော် ”
ကူးမုချင်းက ချီတုံချတုံဖြစ်နေဟန်ဖြင့် ညင်သာစွာ ပြောလိုက်သည်။ ထို့နောက် ရွှီချင်းအနားသို့ ရုတ်တရက် တိုးကပ်သွားပြီး အလွန် တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။
“ ညီမက အဓိကဂိုဏ်းသားဆိုတော့ တချို့တာဝန်တွေကို မဖြစ်မနေ ထမ်းဆောင်ရမှာ။ ဒါပေမဲ့ အစ်ကိုရွှီက ညီမလို လုပ်ဖို့မလိုဘူး။ အထူးသဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ကျွန်းတွေကို စောင့်ကြပ်ဖို့ လူခုနစ်ယောက်လိုတယ်ဆိုတဲ့ တာဝန်တွေလိုမျိုး။ အဲဒီတာဝန်တွေကို အစ်ကို လုံးဝ လက်မခံနဲ့နော် ”
ပြောပြီးသည်နှင့် ကူးမုချင်းက ရွှီချင်းကို အရိုအသေပေးကာ အလျင်အမြန် ထွက်သွားသည်။
ရွှီချင်း အတွေးနက်သွားပြီး တာဝန်တံဆိပ်ပြားကို ထုတ်၍ ကြည့်လိုက်သည်။ သူ၏ ကယ်ဆယ်ရေးတာဝန် ပြီးဆုံးသွားသည်ဖြစ်၍ နောက်ထပ်တာဝန်အသစ်များ အဆက်မပြတ် ပေါ်လာသည်။
ရွှီချင်းက ကြည့်နေရင်း မကြာသေးခင်က တိုက်ခိုက်ခဲ့သည့် ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ပုံရိပ် သူ့စိတ်ထဲ ပေါ်လာသည်။ ထိုကျင့်ကြံသူက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ဖြစ်ပြီး မည်သို့ပင် သူ ကြည့်ပါစေ ထိုကျင့်ကြံသူနှင့် အလောင်းအဆိပ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ စရိုက်လက္ခဏာများနှင့် ဆင်တူနေပါသော်ငြား အကြိမ်ရေအနည်းငယ်ခန့် တိုက်ခိုက်ပြီးနောက် ထိုကျင့်ကြံသူကို ရင်းနှီးနေသလိုလို သူ ခံစားလာရသည်။
ထိုကျင့်ကြံသူ၏ အကြည့်နှင့် လှုပ်ရှားမှုများကို သူ ရင်းနှီးသည်။ အထူးသဖြင့် ထိုပန်းသီးများပင်။
“ ခေါင်းဆောင်က ဘယ်လိုလုပ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ဖြစ်လာတာတုံး။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က တစ်ခုခုကို လိုချင်လို့ သူ့ကိုယ်သူ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်လို ရုပ်ဖျက်လိုက်တာလား ”
“ ပြီးတော့ သူ ကံဆိုးသွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်ရဲ့ သတ်ဖြတ်တာ ခံလိုက်ရလို့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ဖြစ်သွားတာလည်း ဖြစ်နိုင်တယ် ”
တခြားလူသာဆိုပါက ဒုတိယဖြစ်နိုင်ချေကို ရွှီချင်း ရွေးချယ်မိမည်ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်ဖြစ်နေ၍ ပထမဖြစ်နိုင်ချေက ခေါင်းဆောင်၏ မိုက်ရူးရဲဆန်သော စရိုက်နှင့် ပိုကိုက်ညီနေသည်ဟု သူ ခံစားရသည်။
“ ဒါပေမဲ့ ခေါင်းဆောင်က သဘောထားသေးသိမ်တော့ သေချာပေါက် စိတ်ဆိုးနေမှာပဲ။ သူ့ကျင့်ကြံခြင်းက မှန်းဆလို့မရဘူး။ သူ ငါ့ကို ပြန်ကြိတ်ဖို့ အခွင့်အရေး ရှာချင်ရှာနေမှာ။ ဓမ္မတံခါးတွေ ငါ မြန်မြန်ဖွင့်ထားမှရမယ် ”
ရွှီချင်း၏မျက်နှာက လေးနက်တည်ကြည်နေသည်။