← Chapters

ထူးဆန်းသော ဆင့်ခေါ်မှု

Vol. 16 Ch. 238

ထူးဆန်းသော ဆင့်ခေါ်မှု

Vol. 16 Ch. 238

အချိန်များ စီးဆင်းသွားပြီး တစ်လ ကုန်လွန်သွားသည်။

ထိုတစ်လအတွင်း ချီရွှဲ့ထုံဂိုဏ်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တို့၏ စစ်ပွဲမှာ ကြီးစွာသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ ပထမဦးစွာ ရေသူမကျွန်းများပေါ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ထိုးစစ်များအားလုံး အရေးနိမ့်ခဲ့သည်။

ချီရွှဲ့ထုံဂိုဏ်းက ရေသူမကျွန်းများပေါ်တွင် ဆက်လက်ခြေကုပ်ရယူနေသည်ကိုသာ သူတို့ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရသည်။ တချိန်တည်းမှာပင် ချီရွှဲ့ထုံဂိုဏ်းကို ဓမ္မလက်နက်များနှင့် မဟာမိတ်များ ထပ်မံ ရောက်ရှိသွားသည်။

ယင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် ကြီးမားသော အန္တရာယ်ဖြစ်သည်။

သို့သော်လည်း ထိုအနေအထားကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် အရေးနိမ့်သွားပြီဟု ယတိပြတ် မပြောနိုင်ပေ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က အင်အားများကို ဖြန့်ထားသည်ဖြစ်၍ နောက်ဆုံးတွင် ပုလဲကျွန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး အမိန့်ပေးအချက်အချာနေရာအဖြစ် အသုံးချလိုက်သည်။

ချီရွှဲ့ထုံဂိုဏ်းသားများ မြှုပ်နှံထားခဲ့သည့် တားမြစ်ဆေးများအားလုံးကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဝါရင့်ပညာရှင်များက တူးဖော်သွားခဲ့သည်။ ယင်းအပြင် ပုလဲကျွန်းများပေါ် ကြိမ်ဖန်များစွာ စေ့စေ့စပ်စပ် လိုက်ရှာခဲ့ပြီးနောက် မူမမှန်သောအရာတစ်ခုမှမရှိကြောင်း အတည်ပြုခဲ့သည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် ယင်းသည် စစ်ရေးဗျူဟာအရ အောင်မြင်သော ရွှေ့ကွက်ဟု ယူဆနိုင်သည်။ ချီရွှဲ့ထုံဂိုဏ်းအတွက်မူ ယင်းမှာ သတိလွတ်သွားသော အမှားတစ်ခု ဖြစ်သည်။

ထို့ပြင် ယင်းအမှားက အလွန် ကြီးမားသွားခဲ့ပြီး ပြီးခဲ့သည့်လဝက်ကျော်အတွင်း ချီရွှဲ့ထုံတစ်ဂိုဏ်းလုံး ခံစစ်အနေအထားသို့ ရောက်သွားခဲ့သည်။ သူတို့ နှစ်ဖက်ညှပ်တိုက်ခိုက်ခံခဲ့ရပြီး ရေသူမကျွန်းများကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။

တတိယမြောက်တောင်သခင်မှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ပညာရှင်အများအပြား၏ အလစ်အငိုက်တိုက်ခိုက်ခြင်း ခံလိုက်ရပြီး သေလုမျောပါး ဖြစ်သွားခဲ့သည်။ မိစ္ဆာတစ်ကောင်ကို အစားထိုးအနေဖြင့် အသုံးချခဲ့၍သာ သူ ပြင်းထန်သော ဒဏ်ရာများနှင့် လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

ဆဋ္ဌမမြောက်တောင်သခင်သည်လည်း ချုံခိုတိုက်ခိုက်ခံလိုက်ရပြီး ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။

ရွှေအမြုတေအဆင့် အကြီးအကဲဆယ်ယောက်ကျော် သေလုနီးပါး ဖြစ်သွားသည်။ ယင်းကိစ္စသည် ချီရွှဲ့ထုံဂိုဏ်းကို အရှိုက်ထိုးလိုက်ခြင်း ဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခုအထိ တာဝန်များကို ထမ်းဆောင်သည့်လူအရေအတွက် သိသိသာသာ လျော့ကျသွားသည်။

ယင်းသည် ချီရွှဲ့ထုံဂိုဏ်းရှိ စည်းမျဉ်းများ၏ အားနည်းချက်လည်း ဖြစ်သည်။ အကျိုးအမြတ်ရသောအခါတွင် ဂိုဏ်းသားများက ဝံပုလွေများ၊ ကျားများပမာ ဖြစ်လာသည်။ ဂိုဏ်း အထိနာသောအခါတွင် ဂိုဏ်းသားများ၏ စိတ်ဓာတ်က အလွယ်တကူ ပြိုလဲသွားပြီး ဂိုဏ်းကို ကယ်တင်ရန် အလွန်ခက်ခဲသွားသည်။

ပုလဲကျွန်းများပေါ်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က အရှိန်မြှင့်တင်ရန် စီစဉ်နေစဉ် ချီရွှဲ့ထုံဂိုဏ်း၏ တန်ပြန်ထိုးစစ် ရောက်လာခဲ့သည်။

လဝအကြာ ညတစ်ညတွင် တာဝန်လေးတစ်ခုကို ထမ်းဆောင်ပြီး၍ မီအဲ့ကျွန်းပေါ်သို့ အနားယူရန် ပြန်ရောက်လာသော ရွှီချင်းသည် ပင်လယ်ရေမျက်နှာပြင်ပေါ် လွင့်မျောနေသော တောင်ကြီးများကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။

ထိုတောင်ကြီးများသည် တစ်တောင်နှင့်တစ်တောင် ချိတ်ဆက်နေပြီး တောင်တန်းတစ်ခုကဲ့သို့ ဖြစ်နေသည်။

ပင်လယ်ရေတဝုန်းဝုန်း ရိုက်ခတ်နေစဉ် ထိုတောင်တန်းကြီးသည် တဖြည်းဖြည်း လွင့်မျောနေပြီး ၎င်းတို့ကို ကြည့်ရသည်မှာ ဧရာမသတ္တဝါကြီးတစ်ကောင်၏ ကျောပြင်အလားပင်။

ရွှီချင်းသည် တားမြစ်ပင်လယ်ရှဲကျင်းလုံကို ထိန်းချုပ်၍ ကြည့်လိုက်ရာ ပင်လယ်အောက်ရှိ ဧရာမသတ္တဝါကြီးကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

ထိုဧရာမသတ္တဝါကြီးကို ရင်းနှီးနေသလိုလို ရွှီချင်း ခံစားလိုက်ရသည်။ မကြာခင် ယင်းက ပင်လယ်ဖွတ်ကြီးဖြစ်ကြောင်း မှတ်မိသွားသည်။

ပင်လယ်ပြင်ထက်တွင် ပေါ်နေသည့် တောင်တန်းကြီးသည် ပင်လယ်ဖွတ်ကြီး၏ ကျောပြင် ဖြစ်ပေသည်။

ပင်လယ်ဖွတ်ကြီးက အလွန်ကြီးမားပြီး မြင်ရုံဖြင့် တုန်လှုပ်ချောက်ချားသွားရပေမည်။ ပင်လယ်ဖွတ်ကြီး၏ ခန္ဓာကိုယ်နှင့် ယှဉ်ပါက ပုလဲကျွန်းများသည် ပုရွက်ဆိတ်များသဖွယ် မထင်မရှား ဖြစ်နေပေသည်။

ထိုပင်လယ်ဖွတ်ကြီး အသာလှုပ်ခါလိုက်သောအခါတွင် ပုလဲကျွန်းများ လုံးလုံးလျားလျား ပျက်စီးသွားသည်။

ထိုကျွန်းများ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်နှင့် ကျောပြင်သာ ပေါ်လာသော ပင်လယ်ဖွတ်ကြီးမှာ စိတ်အေးလက်အေးဖြင့် ထွက်သွားသည်။

ပင်လယ်ဖွတ်ကြီး၏ တိုက်ခိုက်မှုက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အားလုံးကို သွေးပျက်သွားစေသည်။ ထိုကဲ့သို့သတ္တဝါမျိုးက အဆင့်တစ်ခုကို ကျော်လွန်နေပြီဖြစ်ပြီး ချီရွှဲ့ထုံဂိုဏ်းအနေဖြင့် အလွယ်တကူ အကူအညီတောင်းခံနိုင်သောအရာ မဟုတ်ပေ။

သို့သော်လည်း ပင်လယ်ဖွတ်ကြီး ပေါ်လာခဲ့ပြီး ၎င်း၏ ပစ်မှတ်က ပုလဲကျွန်းများဖြစ်သည်မှာ သိသာသည်။

ထိုကိစ္စကြောင့် ရွှီချင်းသည်လည်း အံ့အားသင့်သွားခဲ့ရသည်။ မကြာခင် ထိုကိစ္စနှင့် ပတ်သက်သည့် စိတ်အားတက်ကြွစေသော အဖြေတစ်ခုကို ချီရွှဲ့ထုံဂိုဏ်း ပြောကြားခဲ့သည်။ ထိုသို့ဖြေကြားရာ၌ စတုတ္ထမြောက်တောင်သခင်၏ နောက်ခံအင်အားတစ်စိတ်တပိုင်းအား ထုတ်ဖော်ပြသလိုက်ရသည်ကို ဂိုဏ်းက တွန့်ဆုတ်မနေခဲ့ပေ။

ကြေညာချက်ထဲတွင် ယခုတစ်ခေါက် ပင်လယ်ဖွတ်ကြီး တိုက်ခိုက်ခြင်းသည် စတုတ္ထမြောက်တောင်သခင်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း ပါရှိသည်။ ပြီးခဲ့သည့်နှစ်အနည်းငယ်က စတုတ္ထမြောက်တောင်သခင်သည် ထိုဧရာမဖွတ်ကြီးနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့ပြီး ယခုတစ်ခေါက်တွင် ထိုဖွတ်ကြီးကို ဖိတ်ကြားကာ ပုလဲကျွန်းများကို ဖျက်ဆီးစေခဲ့ခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် ထိုကိစ္စအတွက် သဘောတူညီမှု ရခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ဂိုဏ်းက ထုတ်ပြန်ခဲ့သည်။ ပုလဲကျွန်းများပေါ်မှ ယခင်အစီအမံများသည် ဟန်ပြသာဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ ပုလဲကျွန်းများကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် သိမ်းပိုက်စေရန် ဖြစ်သည်။ ပုလဲကျွန်းများပေါ်ရှိ တားမြစ်ဆေးလုံးများသည်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို မျှားခေါ်ရန်သာ ဖြစ်သည်။

ပုလဲကျွန်းတစ်ခုလုံးက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် ပြင်ဆင်ထားသော ထောင်ချောက်ကြီးတစ်ခု ဖြစ်သည်။

ယင်းကြေညာချက်သည် ချီရွှဲ့ထုံဂိုဏ်းသားများကို ချက်ချင်း စိတ်တက်ကြွသွားစေသည်။ သို့သော်လည်း ဂိုဏ်းသားများက ငတုံးငအများ မဟုတ်ပေ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲမှာလည်း အကြံသမားများ ရှိသည်။ အကြိမ်ကြိမ်အဖန်ဖန် ခွဲခြမ်းစိတ်ဖြာပြီးနောက် ချီရွှဲ့ထုံဂိုဏ်း၏ ကြေညာချက်က တစ်စိတ်တစ်ပိုင်းသာ မှန်ကန်နိုင်ကြောင်း သူတို့ ပြောနိုင်သည်။

စတုတ္ထမြောက်တောင်သခင်သာ ဧရာမပင်လယ်ဖွတ်ကြီး၏ အကူအညီကို အမှန်တကယ် တောင်းခံနိုင်ပါက ပုလဲကျွန်းများကို ပစ်မှတ်ထားနေရန် မလိုပေ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် စောင့်ကြပ်နေသည့်ကျွန်းများ သို့မဟုတ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပင်မကျွန်းကြီးကို ရွေးချယ်နိုင်သည် မဟုတ်ပါလား။

သို့ဖြစ်ပေရာ ထိုကိစ္စနှင့် ပတ်သက်သည့် အမှန်တရားကို လူတိုင်း အမျိုးမျိုး ခန့်မှန်းနေကြသည်။ ထိုကိစ္စက ချီရွှဲ့ထုံဂိုဏ်းစောင့်ဘိုးဘိုးနှင့် ဆက်နွယ်နေရမည်ဟူ၍ပင် တချို့က ထင်နေကြသည်။

သို့သော်လည်း ဂိုဏ်းထိပ်ပိုင်းအကြီးအကဲများမှလွဲ၍ အဖြစ်မှန်ကို တစ်ယောက်မှ မသိကြပေ။

သို့ပေမည့် ဖြစ်ပြီးခဲ့သည်မှာ ပြီးပြီ ဖြစ်သည်။ ပုလဲကျွန်းများ မရှိတော့ဘဲ အဏ္ဏဝါရုပ်လောင်းမျိုးနွယ်အတွက် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်သွားရသည်။

ချီရွှဲ့ထုံဂိုဏ်းက ထိုသည်ကို အသုံးချ၍ စစ်မျက်နှာပေါင်းစုံမှ ဖွင့်တိုက်လေသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တပ်ဖွဲ့မှာ အထိအခိုက်အကျအရှုံးများစွာဖြင့် နောက်ဆုတ်သွားရသည်။ ချီရွှဲ့ထုံဂိုဏ်းသည်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ခံစစ်အထပ်ထပ်ကို ထိုးဖောက်ကာ အစွမ်းကုန် လိုက်လံတိုက်ခိုက်ပေရာ စစ်မြေပြင်က ရေသူမကျွန်းများမှသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်အစွန်အဖျားသို့ ရောက်လာသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပင်မကျွန်းကြီးကို ပတ်လည်ဝန်းရံထားသည့် ကျွန်းခုနစ်ကျွန်းရှိပြီး ယင်းကျွန်းများသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ နောက်ဆုံးခံစစ်ဖြစ်သည်။

ရန်သူများက ထိုကျွန်းများသို့ ရောက်ရှိလာပြီဖြစ်ပေရာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ ဖိအားအောက် ရောက်နေသည်။ သို့သော်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ခေါင်းမာစွာဖြင့် တန်ပြန်ထိုးစစ်ဆင်ရာ စစ်ပွဲက ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေသို့ ရောက်သွားသည်။

နှစ်ဖက်လုံး အထိအခိုက်အကျအဆုံးများ ရှိခဲ့ပါသော်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဘက်မှာ ပို၍ အခြေအနေဆိုးဝါးသည်။

သို့တိုင်အောင် ချီရွှဲ့ထုံဂိုဏ်းဘက်မှ အကျအဆုံးများသည်လည်း တုန်လှုပ်ချောက်ချားစရာကောင်းနေဆဲဖြစ်ပြီး ယင်းကြောင့် ကျင့်ကြံသူတစ်စုက တိုက်ပွဲမှ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ ထိုတောင်းဆိုချက်ကို ဂိုဏ်းဘက်မှ ငြင်းဆန်ခြင်းမပြုပေ။ သတ်မှတ်ချက်များနှင့် ပြည့်မီနေသရွေ့ တိုက်ပွဲမှ နှုတ်ထွက်ခွင့်ပေးမည်သာ ဖြစ်သည်။

သို့သော် တိုက်ပွဲမှ နှုတ်ထွက်ရန် တောင်းဆိုချက်ကို သဘောတူရင်း တစ်ဖက်၌ ဂိုဏ်းက စစ်ပွဲအတွက် ဆုကြေးငွေများ ပို၍ ချီးမြှင့်လေသည်။ အမြုတေအဆင့်အခွင့်အရေး ပထမတစ်သုတ်ကိုလည်း ဂိုဏ်းက ခွဲဝေပေးလိုက်သည်။

ယင်းအပြင် ဝှက်ဖဲနှစ်ချပ်ကိုလည်း ထုတ်လိုက်သည်။ ပထမတစ်ချပ်မှာ ဓမ္မရတနာကို အသုံးပြုရန် လူငါးဆယ်စာနေရာပေးခြင်း ဖြစ်သည်။

စစ်သတ်မှတ်ချက်စာရင်း ထိပ်ဆုံးငါးဆယ်ထဲရှိ ဂိုဏ်းသားတိုင်း ဂိုဏ်း၏ အုတ်မြစ်ဖြစ်သော ဓမ္မရတနာစက္ခုအာရုံကို တစ်ကြိမ်ငှားရမ်းခွင့်ရမည်ဖြစ်သည်။

ဓမ္မရတနာများသည် ဒဏ္ဍာရီလာပစ္စည်းများဖြစ်သည်။ ဓမ္မရတနာတစ်ခုချင်းစီက စိတ်ကူးဖြင့် မှန်းဆထားသည်ထက် ပို၍ မိုးမြေတုန်ဟီးစေနိုင်သော အစွမ်းရှိသည်။ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး၌ ဓမ္မရတနာတစ်ပါးသာ ရှိသည်။

ထို့ကြောင့် စက္ခုအာရုံသာ ရမည်ဖြစ်သည့်တိုင်အောင် ၎င်း၏အစွမ်းက ဝိညာဉ်တုန်ခါသွားစေနိုင်မည်ဖြစ်သည်။

ယင်းသတင်းကြောင့် ဂိုဏ်းသားများအကြား ဆူညံပွက်လောရိုက်သွားသည်။ ဒုတိယဝှက်ဖဲမှာ ပို၍ပင် အံ့သြတုန်လှုပ်ဖွယ်ကောင်းပြီး ယင်းမှာ ဂိုဏ်းစောင့်ဘိုးဘိုးက တပည့်လက်ခံခြင်း ဖြစ်သည်။

ဂိုဏ်စောင့်ဘိုးဘိုးက အခြေတည်အဆင့်ကျင့်ကြံသူများကို အတွင်းစည်းတပည့်အဖြစ် လက်ခံမည်ဖြစ်ပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်ကို စစ်ပွဲပြီးလျှင် သူ့အမွေအား ဆက်ခံမည့်တပည့်ရင်းများအဖြစ် လက်ခံမည်ဖြစ်သည်။

တပည့်ရွေးချယ်ခြင်းကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအား သတ်ဖြတ်နှုန်းနှင့် တာဝန်များ ပြီးမြောက်နှုန်းအပေါ်တွင် မူတည်၍ တွက်ချက်မည်ဖြစ်သည်။

ထိုသတင်းစကား ပျံ့သွားသည်နှင့် ဂိုဏ်းသားအများစု တအံ့တသြ ဖြစ်သွားကြသည်။ မူလက တိုက်ပွဲမှ နှုတ်ထွက်ချင်ကြသည့် ဂိုဏ်းသားတချို့သည်ပင် စစ်မြေပြင်၌ ဆက်နေရန် ရွေးချယ်လိုက်ကြသည်။

ဂိုဏ်းစောင့်ဘိုးဘိုးက တပည့် လက်မခံသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍ ထိုသို့ အုတ်အုတ်ကျက်ကျက် ဖြစ်သွားရခြင်း ဖြစ်သည်။ ဂိုဏ်းစောင့်ဘိုးဘိုး၏ တပည့်များသာ ဖြစ်လာပါက အဆင့်အတန်းနှင့် အကျိုးအမြတ်များ ကြောက်ခမန်းလိလိ မြင့်မားလာမည်ကို စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်သည်။

အတွင်းစည်းတပည့်ဖြစ်ရခြင်းသည် နဂါးတံခါးကို ကျော်ဖြတ်လိုက်ရသည်နှင့် ဆင်တူပေမည်။ အတွင်းစည်းတပည့်များ၏ အဆင့်အတန်းက အကြီးအကဲများထက် သာလွန်ပြီး တောင်သခင်များအောက်သာ နိမ့်ပေသည်။

တပည့်ရင်းသာ ဖြစ်လာခဲ့ပါမူ … ထိုအတွေးကြောင့် ဂိုဏ်းသားများ၏ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများ နီမြန်းလာကြသည်။

အခြေတည်အဆင့်ကျင့်ကြံသူများပင် မဆိုထားဘိ တောင်အသီးသီးမှ ရွှေအမြုတေအဆင့်ကျင့်ကြံသူများပင် စိတ်လှုပ်ရှားနေကြသည်။ ယခုလိုအချိန်၌ ဂိုဏ်းက ထိုကဲ့သို့ မက်လုံးမျိုးကို ကြေညာလိုက်မည်ဟူ၍ သူတို့ သိပင်မသိခဲ့ပေ။

ယင်းအချက်ကိုကြည့်၍ ချီရွှဲ့ထုံဂိုဏ်းက ဤစစ်ပွဲကို အနိုင်ရရန် သန္နိဋ္ဌာန်ချထားသည်ကို မြင်နိုင်သည်။

ရွှီချင်းသည်လည်း အလွန် စိတ်ဝင်စားသွားသည့်တိုင်အောင် ထိုစိတ်ဆန္ဒကို ချက်ချင်း ချိုးနှိပ်လိုက်သည်။ ထိုကိစ္စက တပ်မက်ဖွယ်ကောင်းပါသော်ငြား ဂိုဏ်းထဲ၌ အဆင့်မြင့်ကျင့်ကြံသူအမြောက်အမြားရှိပြီး သူက အခြေတည်အဆင့်ကျင့်ကြံသူများအနက် အစွမ်းထက်ဆုံးမဟုတ်သည်ကို သူ သိသည်။ တောင်ထိပ်အသီးသီး၌ သက်စောင့်မီးလုံးသုံးလုံး ထုတ်ဖော်နိုင်သော ကျင့်ကြံသူများ ရှိပေသည်။

ထိုကဲ့သို့ ကျင့်ကြံသူများစွာ ရှိနေသည်ဖြစ်ရာ သူ အသက်နှင့်ရင်း၍ စွန့်စားသည့်တိုင်အောင် အတွင်းစည်းတပည့်နေရာကို ရယူရန် အလွန် ခဲယဉ်းနေပေလိမ့်မည်။

သို့သော်လည်း သူ၏အဆင့်စာရင်းကို ကြည့်လိုက်ပြီး ဓမ္မရတနာအသုံးပြုခွင့်အတွက် လူငါးဆယ်စာထဲမှ တစ်နေရာစာ ရနိုင်ကြောင်း ခံစားမိနေသည်။

စစ်သတ်မှတ်ချက်စာရင်းသည် တိုက်ပွဲရလဒ်များနှင့် မတူညီဘဲ သတ်ဖြတ်ခြင်းများနှင့် တာဝန်များအပေါ် အခြေခံ၍ တွက်ချက်ထားသော လက်ခံနိုင်လောက်သည့်အဆင့်စာရင်း ဖြစ်သည်။ တချိန်တည်းမှာပင် တာဝန်များ၏ ခက်ခဲမှုကို လိုက်၍ လိုအပ်ချက်လည်း မြင့်မားသည်။

သို့သော် ရွှီချင်းက တာဝန်များကို အရူးအမူး လက်ခံခဲ့ပြီး တိုက်ပွဲရလဒ်များကိုလည်း အတုလုပ်ခဲ့ရာ သူ့အဆင့်က မနိမ့်ပေ။

“ ခုနစ်ဆယ့်သုံး …”

ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်ပြီး နောက်ထပ်တာဝန်တစ်ခု လက်ခံလိုက်သည်။

ထိုသို့ဖြင့် နောက်ထပ်လဝက်ကုန်လွန်သွားသည်။ တာဝန်များနှင့် သတ်ဖြတ်ခြင်းများ၌ ရွှီချင်း၏ အဆင့်က ဆက်လက်မြင့်တက်လာခဲ့ပြီး ငါးဆယ့်ကိုးသို့ ရောက်လာသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကို သတ်ဖြတ်ခဲ့သည့်အတွက်ကြောင့် သူ့ဓမ္မတံခါးများလည်း ပွင့်လာခဲ့ပြီး စုစုပေါင်း ဓမ္မတံခါး ( ၄၄ ) ခုသို့ ရောက်လာသည်။

အဆင့်မြင့်လာသည်နှင့်အမျှ ဝိညာဉ်များကို သူ ပို၍ လိုအပ်လာသည်။

တာဝန်များကို မကြာခဏ လက်ခံနေစဉ်အတောအတွင်း တစ်နေ့သောအခါ ယခုလေးတင် စစ်ကူတာဝန်ကို လက်ခံပြီးခဲ့သော ရွှီချင်းသည် ဂိုဏ်းတံဆိပ်ပြားထဲ၌ သူ့ကို အထူးဆင့်ခေါ်သော အမိန့်တစ်ခုကို ရုတ်တရက် မြင်လိုက်သည်။

ထိုအမိန့်က အလွန် ရာထူးမြင့်မားသော ပုဂ္ဂိုလ်တစ်ဦးထံမှ လာဟန်တူသည်။ ရွှီချင်း၏ ဂိုဏ်းတံဆိပ်ပြားထဲရှိ တာဝန်များအားလုံး ပျောက်သွားပြီး ထိုအမိန့်တစ်ခုသာ ပေါ်လာသည်။

ယခုလေးတင် သူ လက်ခံလိုက်သည့် တာဝန်ကိုပင် ပြီးစီးသည့်အမှတ်အသား ပေးလိုက်ပြီး ဆုကြေးကို သူ အားစိုက်ထုတ်စရာမလိုဘဲ ရသွားသည်။

“ သတ္တမမြောက်တောင်ထိပ်က အခြေတည်အဆင့်ဂိုဏ်းသား ရွှီချင်း၊ ကျူးယင်ကျွန်းက အမိန့်ပေးဗဟိုဌာနကို ချက်ချင်း လာခဲ့ပါ။ သတ္တမမြောက်တောင်ထိပ်က လက်ထောက်တောင်သခင်က မင်းကို ဆင့်ခေါ်နေတယ် ”

ထိုအချက်အလက်ကို ကြည့်၍ ရွှီချင်း အံ့အားသင့်သွားသည်။ အချိန်အတော်ကြာ စဉ်းစားကြည့်ပြီးနောက် သူ့ခေါင်းထဲ ယူဆချက်များ ပေါ်လာသော်လည်း အကြောင်းရင်းကို မတွေးနိုင်ပေ။ ထိုလက်ထောက်တောင်သခင်ကို သူ မသိဘဲ ယခင်က တစ်ခါမှလည်း မကြားဖူးခဲ့ပေ။

သို့သော် ဂိုဏ်းတံဆိပ်ပြားပေါ်မှ အချက်အလက်က ခိုင်လုံနေသည်။ ရွှီချင်း တွေးတောနေစဉ် ထိုအချက်အလက်က ကြိမ်ဖန်များစွာ ပေါ်လာပီး တာဝန်များကို သူ ဆက်လက်မခံနိုင်အောင် ဂိုဏ်းတံဆိပ်ပြားကို ပိတ်လှောင်ထားသည်။

အနည်းငယ် တွေးတောပြီးနောက် ရွှီချင်းက ခုန်ထကာ ကျူးယင်ကျွန်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ရွှမ်ယောက်အသွင်သဏ္ဍာန်ကို သူ မထုတ်ဖော်ထားသည့်တိုင်အောင် လက်ဖျားခါရလောက်အောင် မြန်ဆန်သည်။ များမကြာမီ ကျူးယင်ကျွန်းသို့ သူ ရောက်သွားပြီး ကျွန်းအလယ်ဗဟိုရှိ ဧရာမမျက်လုံးကြီးထံ သွားလိုက်သည်။

ယင်းသည် ရေသူမကျွန်းပေါ်ရှိ ချီရွှဲ့ထုံဂိုဏ်း၏ ရှေ့တန်းအမိန့်ပေးဗဟိုဌာနဖြစ်သည်။

ထိုနေရာသို့ ဆင့်ခေါ်ခြင်းမခံရဘဲ ဂိုဏ်းသားများ သွားရောက်ခွင့်မရှိပေ။ ထိုနေရာက ထိပ်တန်းလျှို့ဝှက်နေရာဖြစ်သည်။

ရွှီချင်း အနားရောက်သည်နှင့် ကြောက်မက်ဖွယ်နတ်အသိအများအပြား သူ့အပေါ် ကျရောက်လာသည်။

ဧရာမမျက်လုံးကြီးသည်ပင် သူ့ကို ဖျတ်ခနဲ ကြည့်သွားသည်။

ရွှီချင်းက ရှေ့ဆက်မသွားဘဲ ဂိုဏ်းတံဆိပ်ပြားကို ထုတ်၍ တည်ကြည်လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ သတ္တမမြောက်တောင်ထိပ်က လက်ထောက်တောင်သခင်က တပည့်ရွှီချင်းကို ဆင့်ခေါ်လို့ပါ ”

သူ ပြောပြီးသည်နှင့် သူ၏ဂိုဏ်းတံဆိပ်ပြား ဝင်းလက်သွားသည်။ မြေပြင်ပေါ်မှ မျက်လုံးကြီးသည် သုံးကြိမ် မျက်တောင်ခတ်လိုက်ပြီး ရွှီချင်းပတ်လည်တွင် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ ချက်ချင်း ပေါ်လာသည်။ သူ မလုှပ်ရှားနိုင်ခင် ပျောက်ကွယ်သွားသည်။

သူ တည်နေရာရွှေ့ပြောင်းသွားသောအခါမှသာ ဘေးပတ်လည်မှ နတ်အာရုံများ ပျောက်သွားသည်။

ရွှီချင်းသည် မျက်လုံးအတွင်းရှိ ခမ်းနားထည်ဝါသောခန်းမဆောင်ထဲတွင် ပေါ်လာသည်။

သူက ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထိုစဉ် သူ့နောက်မှ အမျိုးသမီးအသံ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

“ မင်းက ရွှီချင်းလား ”

All Chapters