ပြတ်သားသော ပြန်လည်ပြောဆိုမှု
Vol. 19 Ch. 273
ဝိုင်သည် အမြဲတမ်း အာရုံစိုက်ခံရမှုများသည်။ ထို့ကြောင့် နောက်ထပ် ဝိုင်တစ်ယောက် ဝေ့ပေါ်၌ ပေါ်လာခြင်းက လူအများကို မှင်တက်သွားစေ၏။
[ချီးပဲဟေ့၊ ဝိုင်က တကယ်ကြီး ဝေ့ပေါ်မှာ အကောင့်ဖွင့်လာတာလား၊ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာရေးဆရာလား၊ ဒါ အတုလား အစစ်လား]
[လခွမ်း သူ တုံ့ပြန်တယ်ဟ၊ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာရေးသူ တုံ့ပြန်တယ်ဟေ့]
[ဒီကမ္ဘာပေါ်က လူတွေက ငါ့ကို အသရေဖျက်ကြတယ်၊ အနိုင်ကျင့်ကြတယ်၊ စော်ကားကြတယ်၊ ငါ့ကို လှောင်ရယ်ကြတယ်၊ ငါ့ကို အထင်သေးကြတယ်၊ ငါ့ကို လှည့်စားကြပြီးတော့ လိမ်ကြတယ်၊ ဒါကို ငါ ဘယ်လို ရှင်းသင့်လဲ]
[ငါ သူ့ကို စိတ်ရှည်ရှည်ထားနိုင်သရွေ့ လွှတ်ထားလိုက်မယ်၊ သူ့ကို ရှောင်မယ်၊ သူ့ကို တစ်ယောက်တည်း ထားလိုက်မယ်၊ သည်းခံလိုက်မယ်၊ လေးစားလိုက်မယ်၊ ဥပေက္ခာပြုထားလိုက်မယ်၊ နှစ်နည်းနည်းလောက် သူ့ကို ကြည့်နေလိုက်မယ်]
ထိုစာကြောင်းနှစ်ကြောင်းသည် အလွန်လေးနက်မှု မရှိပေ။ ယင်းက လူ့စိတ်သဘာဝကို တည့်တိုး ရည်ညွှန်းထားပြီး တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်၏ အလေးမထားမှုနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုတို့အား ဖော်ပြနေ၏။
ချက်ချင်းဆိုသလိုပင် ထိုစာကြောင်းက ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုများ၌ နံပါတ်တစ် ချိတ်သွားသည်။ ထိုစာကြောင်းကို မြင်သောအခါ ဆဲဆိုပြောဆိုနေမှုများ တစ်ဒင်္ဂမျှ ရပ်တန့်သွားလေသည်။
ပထမစာကြောင်းက ထိုအချိန်က ရဲ့လင်းချန်၏ ဝမ်းနည်းမှုနှင့် စိတ်ရှုပ်ထွေးမှုကို ပြောပြနေပုံရသည်။
များစွာသော လူများက သူ့ကို စော်ကားပြောဆိုသော အခြေအနေနှင့် ရင်ဆိုင်ရသောအခါ သူ့ကိုယ်သူ ဘာလုပ်သင့်လဲဟု မေးခွန်းထုတ်နေပုံ ရသည်။ တစ်ချိန်တည်းမှာပင် လူတိုင်းကို သူ ဘာလုပ်သင့်လဲဟု မေးနေသည့်ပုံပင်။
သို့သော် နောက်တစ်ကြောင်းက သူ၏ သဘောထားကြီးမှုကို ပြထားပုံရသည်။ သူက အပေါ်က မေးခွန်းကို ပြန်ဖြေဟန်ဖြင့် ရေးထာသည်။
“ငါ သူ့ကို စိတ်ရှည်ရှည်ထားနိုင်သရွေ့ လွှတ်ထားလိုက်မယ်၊ သူ့ကို ရှောင်မယ်၊ သူ့ကို တစ်ယောက်တည်း ထားလိုက်မယ်၊ သည်းခံလိုက်မယ်၊ လေးစားလိုက်မယ်၊ ဥပေက္ခာပြုထားလိုက်မယ်၊ နှစ်နည်းနည်းလောက် သူ့ကို ကြည့်နေလိုက်မယ်”
လူတိုင်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ တိုတောင်းလှသော ထိုအချိန်အတွင်း၌ သူ့ကို အနိုင်ကျင့်သည့်သူများသည် ဦးနှောက်ထဲသို့ သွေးဆောင့်တက်လာသလို ခံစားလိုက်ရသည်။
ယင်းက ရဲတင်းလွန်းပြီး လွှမ်းမိုးနိုင်လွန်းလှသည်။
[ချီးပဲ၊ ချီးပဲ၊ ချီးပဲ၊ ဒါက လင်္ကာလား၊ ဘာလို့ ဒါကို ကဗျာလင်္ကာလို့ ငါ ခံစားမိနေတာလဲ]
[ငါလည်း မင်းလိုပဲ ခံစားမိတယ်၊ အပေါ်ကလူရေ၊ ဝိုင် ပြောလိုက်တဲ့ ဘယ်စာကြောင်းနှစ်ကြောင်းမဆိုက ကဗျာ ဖြစ်လာနိုင်တယ်လို့ ငါ ခံစားမိနေတာလဲ]
[ကဗျာလို့ပြောတဲ့ ကဗျာတွေကို ငါ အခုပဲ ဖတ်ပြီးတာ၊ အဲ့ဒါတွေက ခွေးချီးပုံတွေလိုပဲ၊ ဒါပေမဲ့ ဝိုင်ကတော့ ကဗျာတစ်ပုဒ် ဖန်တီးဖို့ စာကြောင်းလေးနည်းနည်းလောက်ပဲ ပြောဖို့ လိုတယ်]
[ကဗျာကောင်းတစ်ပုဒ်ပဲ၊ ကောင်းလိုက်တဲ့ ကဗျာ၊ လေးစားပြီ၊ လေးစားတယ်ဗျာ]
[လုံးဝကို မိုက်တယ်၊ ဒီစာကြောင်း နှစ်ကြောင်းကို မြင်တော့ ငါ နိုးထလာပြီးတော့ အရာအားလုံးကို သိမ်းပိုက်နိုင်တယ်လို့ ခံစားမိလာတယ်]
[ဟုတ်တယ်၊ သူ့ကို ကြည့်နေလိုက်မယ်တဲ့၊ အဲ့လူစုက ကားပေါ်မှ ခုန်နေတဲ့ လူပြက်အုပ်စု သက်သက်ပဲ၊ သူတို့ ဘယ်လောက် ကြာကြာ ဆက်လုပ်နိုင်မှာလဲ]
…
စာပေရဲ့ စွမ်းအားက ဘာလဲ။
ဒါက စာပေရဲ့ စွမ်းအားပဲလေ။
စာရေးဆရာများဟုဆိုသော အတူတူ ပူးပေါင်းပြီး လူထုအမြင်ကို ယိမ်းယိုင်အောင်လုပ်သည့် ထိုလူများနှင့်ယှဉ်လျင် ရဲ့လင်းချန်က သူ၏ ကိုယ်ပိုင် ဖန်တီးမှုဖြင့် ပေါ်တင် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
လက်ရှိအချိန်၌ စာပေ၏ စွမ်းအားက ၎င်း၏ လွှမ်းမိုးနိုင်စွမ်းကို ပြသနေသည်။ ၎င်းကို ဖတ်လိုက်သည့် မည်သူမဆို ချက်ချင်း စိတ်အား တက်ကြွလာပြီး မလွှဲရှောင်နိုင်ဘဲ ၎င်းထဲ နစ်မျောသွားသည်ကိုသာ သိရှိလာကြသည်။
ချက်ချင်းဆိုသလိုပင် မရေတွက်နိုင်သော လူပေါင်းများစွာက ဟော်မုန်းကြွနေသကဲ့သို့ အော်ဟစ်ကြလေတော့သည်။ နတ်ဘုရားများကို သုတ်သင်ခြင်းအား အားပေးခြင်းက အရာအားလုံးကို လွှမ်းမိုးလာပြီး အစောပိုင်းက ပြဿနာ ရှာနေသူများ အားလုံး ငြိမ်ကျသွားသည်။
သူတို့သည်လည်း ထိတ်လန့်နေ၏။
[ဒါက လုံးဝကို ပညာရှိလွန်းတယ်၊ ပီကင်းတက္ကသိုလ်က ထူးချွန်တဲ့ ကျောင်းသားရဲ့ လက်ရာလို့ ခေါင်းစဉ်တပ်ဖို့ ထိုက်တန်တယ်၊ စကားပြောကောင်းပြီး ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်တယ်၊ ဒါ ငါတို့နိုင်ငံက လိုအပ်နေတဲ့ အရည်အချင်းမျိုးပဲ]
[ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကိုယ့်ကိုယ်ကိုယ် မေးထားတဲ့ မေးခွန်းမျိုးက ကဗျာအဆင့်ထဲမှာ ပါသင့်တယ်၊ ဒါ သမာရိုးကျ မဟုတ်တဲ့ ကဗျာတစ်မျိုးပဲ၊ ဒီထဲမှာ ဘဝအတွေးအခေါ်တွေ ပါနေတယ်]
[ဟုတ်တယ်၊ ဝိုင်ဆီက အဲ့စာကြောင်း နှစ်ကြောင်းကို ဖတ်ပြီးတော့ ရုတ်တရက် ငါ ပိုပြီး သဘောထားကြီးလာသလို ခံစားလိုက်ရတယ်၊ အဲ့ဒီ မသတီစရာ လူတွေဆီကနေ လှောင်ပြောင်ခံရလို့ စိတ်ထဲ ထိုင်းမှိုင်းနေတာက အခု လွင့်ပြယ် သွားပြီ]
[ဂန္ထဝင်၊ နောက်ထပ် ဂန္ထဝင်တစ်ခုပဲ၊ ဝိုင်က အရည်အချင်းတွေ ရှိရုံတင်မကဘူး၊ ကြီးမြတ်တဲ့ ဉာဏ်ပညာနဲ့ စိတ်နှလုံးလည်း ရှိတာပဲ]
[ဟားဟားဟား ဘာလို့ အဲ့လူတွေက ထပ်ပြီးတော့ အပြစ်မတင်တော့တာလဲ၊ ရှက်သွားကြတာလား၊ အခု မင်းတို့ မြင်ပြီးလား၊ ဝိုင်က မင်းတို့ကို ပြောဆိုရတာက သူ့အတွက် အောက်တယ်လို့ ထင်နေတာကွ]
ထို့နောက်တွင် နတ်ဘုရားများကို သုတ်သင်ခြင်း ပရိသတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ပရိသတ်တစ်ဦးက မှတ်ချက်တစ်ခု ရေးခဲ့သည်။
[ချစ်ခင်ရပါသော မိဘများခင်ဗျား၊ ခင်ဗျားတို့ကလေးရဲ့ စာလေ့လာမှုကို ခင်ဗျားတို့ ဂရုစိုက်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ စာပေဆိုတာ လူတစ်ယောက်ရဲ့ စိတ်နှလုံးက အသိစိတ်ကို ထုတ်ဖော်ရေးသားတာပါ၊ အဲ့ဒါက လူဆင်းရဲ၊ ချမ်းသာ မခွဲခြားပါဘူး၊ နတ်ဘုရားများကို သုတ်သင်ခြင်းက လက်ရာကောင်းတစ်ခုဆိုတာ သံသယ ဝင်စရာ မလိုပါဘူး၊ အနည်းဆုံးတော့ အဲ့ဒါက ခင်ဗျားတို့ ပြောသလို လူငယ်တွေကို ဒုက္ခပေးနေတာ မဟုတ်ပါဘူး၊၊ ခင်ဗျားတို့ မယုံဘူးဆိုရင် အဲ့ဒီ ရိုးရာ စာရေးဆရာဆိုတဲ့ လူတွေရဲ့ ကလ်ရာကို ဖတ်ကြည့်ပါ၊ ပြီးရင် အဲ့ဒါကို နတ်ဘုရားများကို သုတ်သင်ခြင်းနဲ့ ယှဉ်ကြည့်လိုက်ပါ၊ အဲ့ဒါပြီးမှ ပြန်လာပြီး မှတ်ချက်ရေးကြပါ၊ တစ်ခြားသူတွေ ကိုယ့်ကို လွှမ်းမိုးတာမျိုး မခံပါနဲ့]
[အပေါ်ကလူ၊ ခင်ဗျား ပြောတာ သိပ်မှန်တယ်ဗျ]
[ကောင်းတယ်၊ အဲ့လူစုက နတ်ဘုရားများကို သုတ်သင်ခြင်း ဖတ်တာက အချိန်ဖြုန်းတာလို့ ပြောတယ်၊ သူတို့ လက်ရာကို ဖတ်တာကတော့ အချိန်ဖြုန်းတာ မဟုတ်ဘူးလို့ သူတို့ ပြောနေတာလား၊ သူတို့ လက်ရာအားလုံးက ရယ်ချင်စရာတွေ၊ သူတို့ကမှ အချိန်ဖြုန်းနေတာ၊ သူတို့ ငါ့အချိန်ရဲ့ ငါးမိနစ်ကို သေချာပေါက် ဖြုန်းတီးလိုက်တာပဲ]
[အဲ့လူတွေရဲ့ တခြားသူရဲ့ အောင်မြင်မှုက သူတို့ထက် ပိုသာပြီး သူတို့ထက် ပိုအမြတ်ရနေလို့ မနာလိုဖြစ်နေတာ သက်သက်ပဲ၊ ငါတို့မျက်လုံးတွေက သေချာ မြင်ရတယ်၊ လူတိုင်း ကြိုက်တဲ့ လက်ရာတွေက ကောင်းမွန်တဲ့ ဖန်တီးမှုတွေပဲ]
ရဲ့လင်းချန်၏ စာကြောင်းနှစ်ကြောင်းက လူတိုင်း၏ ရင်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်ထားသည်။ အစကတည်းက အောက်ခြေထိနေသော စစ်မီးအား ပြန်၍ တောက်လာစေပြီး ပရိသတ်များအား ပို၍ စိတ်အားတက်ကြွလာစေသည်။
ထိုသို့သောအချိန်၌ မြို့တော် စာရေးသူများ အဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌဖြစ်သူ ဟွမ်လီဟွာသည် သည်းမခံနိုင်တော့ဘဲ ရှေ့ထွက်လာ၏။
[ငါတို့နိုင်ငံရဲ့ စာပေ ပုံပျက်သွားမှာကို မြို့တော် စာရေးသူများ အဖွဲ့အစည်းရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ငါ လက်မခံနိုင်ဘူး၊ ငါတို့တွေ စာပေလောကမှာ ဆယ်စုနှစ်နဲ့ချီပြီး ရှိနေခဲ့တာ၊ ပြီးတော့ စာပေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်တယ်၊ မင်းတို့တွေက ငါတို့ထက် စာပေကို ပိုပြီး နားလည်လို့လား]
နတ်ဘုရားများကို သုတ်သင်ခြင်း၏ ပရိသတ်အဖွဲ့ ခေါင်းဆောင်က ထပ်မံ၍ ရပ်တည်လေသည်။
[ဒါဆို အခု ကျွန်တော်တို့ကို ပြောပါ၊ စာပေဆိုတာ ဘာလဲ၊ ဟဲဟဲ ခင်ဗျားက ဘာက စာပေလဲ၊ ဘာက စာပေ မဟုတ်ဘူးလဲ ဆိုတာကို ပြောခွင့်ရှိတဲ့သူလို့ ပြောချင်တာလား၊ ခင်ဗျားမှာ ဘာလုပ်ပိုင်ခွင့် ရှိလို့လဲ၊ စာပေလက်ရာဆိုတာ ခင်ဗျားတို့လို လူတွေအတွက် ပျော်စေပျက်စေ ကစားစရာ ဖြစ်ပြီးတော့ ကျွန်တော်တို့ကို သာမန်လူတွေကို ဖတ်ခွင့်မပြုတာလား၊ စာပေလက်ရာဆိုတာ လူတိုင်း ဖတ်ဖို့အတွက်ပဲ၊ စာပေရသမြောက်အောင် လုပ်ဆောင်နိုင်တဲ့ စာပေတိုင်းက ကျွန်တော်တို့ကို စာကောင်းပေကောင်းမှာ နစ်မျောသွားအောင် လုပ်နိုင်တယ်]
[ခင်ဗျား ပြောခဲ့တယ်လေ၊ လူတိုင်း လက်ခံပြီး အသိအမှတ်ပြုတဲ့ စာပေတိုင်းက ကောင်းတယ်ဆို]
မိဘများက ငြိမ်နေရန်သာ ရွေးချယ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဘက်လိုက်စိတ်က အလွယ်တကူ ယိမ်းယိုင်သွားသောကြောင့်ပင်။
တကယ်တမ်းတွင် ထိုမိဘများဆိုသူများသည်လည်း တစ်ချိန်က လူငယ်များ ဖြစ်ခဲ့သည်ပင်။ ထိုစဉ်အခါက သူတို့၏ စောင်အောက်၌ ဝူရှဝတ္ထုများကို ဖွက်ထားခဲ့ကြဖူးသည်။ ထို့ကြောင့် သူတို့ ၎င်းခံစားချက်ကို ပြန်လည် ရရှိနေကြသည်။
နောက်ပိုင်းတွင် ဝူရှဝတ္ထု ရေးသူတိုင်း စာရေးဆရာကောင်းများဟု အသိအမှတ်ပြုခံရပြီး သူတို့၏ လက်ရာများက ဂန္ထဝင် တွင်လာသည်။ လက်ရှိ အွန်လိုင်းဝတ္ထုများသည်လည်း တစ်ချိန်က ဝူရှဝတ္ထုများလိုပင်။
ထို့အပြင် အချို့ဆိုလျင် နတ်ဘုရားများကို သုတ်သင်ခြင်းအား ပို၍ အာရုံစိုက်လာကြသည်။ ၎င်းကို ဖတ်မိသည့် မည်သူမဆို လုံးလုံးလျားလျား နစ်မျောသွားသည်ပင်။
[စာရေးဆရာ၊ ကျုပ် မှားသွားပါတယ်၊ ကျုပ် အခြားသူတွေကြောင့် စိတ်ယိုင်ပြီး မင်းကို အပြစ်ပြောခဲ့မိတာပါ၊ ငါ စိတ်ရင်းနဲ့ တောင်းပန်ပါတယ်၊ နတ်ဘုရားများကို သုတ်သင်ခြင်းက ကောင်းပါတယ်]
[ဒီလို ကဗျာကောင်းကို ရေးနိုင်ပြီး အကျိုးအကြောင်းသင့်တဲ့ ဒီလိုအရာမျိုး ပြောနိုင်တဲ့ မင်းကြောင့် မင်းရဲ့ စာက အနှစ်မရှိတာ မဟုတ်ဘူးလို့ ငါ ယုံတယ်၊ ငါလည်း တောင်းပန်ပါတယ်]
[ချီး၊ ငါလည်း သံယောင်လိုက်ပြီး မင်းရဲ့ ကလောင်ကို ချလိုက်ဖို့ ပြောခဲ့မိတယ်၊ ငါ လွှမ်းမိုးခံခဲ့ရတာပါ၊ နတ်ဘုရားများကို သုတ်သင်ခြင်းက တကယ် ကောင်းတယ်၊ ကျေးဇူးပြုပြီး ဆက်တင်ပေးပါ …]
အဖြစ်အပျက် အပြောင်းအလဲက လူတိုင်း ထင်ထားသည်ထက် မြန်ဆန်နေသည်။ ထိုရိုးရာ စာရေးဆရာများသည် အင်တင်တင်ဖြင့် ငြိမ်နေရလေသည်။
သို့သော် ဘယ်သူ့ကိုမှ အရေးမစိုက်သကဲ့သို့ ခေါင်းမာမာဖြင့် ဆက်လက် ပြောဆိုသူများကလည်း ကုန်မသွားချေ။
[သောက်ကျိုးနည်း ဘာလဲဟ၊ ဒီစာရေးဆရာကို ပိတ်ပင်လိုက်ဖို့ ငါ အပြင်းအထန် တောင်းဆိုတယ်]
[ဒီအတိုင်းအတာထိ ရောက်နေတာတောင် နတ်ဘုရားများကို သုတ်သင်ခြင်းကို ကာပေးနေတဲ့လူတွေ ရှိသေးတာလား၊ သောက်ရူးတွေပဲ]
[ရေးထားတဲ့ အကြောင်းအရာအားလုံးက အမှိုက်လို ဖြစ်နေတာကို ဘာလို့ ဒီစာအုပ်က အရမ်း နာမည်ကြီးနေတာလဲ]
ထိုသို့သောလူမျိုးအတွက် ပရိသတ်များ၏ တုံ့ပြန်မှုက ရင့်သီးရိုင်းစိုင်းပေသည်။ သူတို့၏ စကားက ကျိုးကြောင်း ဆီလျော်ခြင်း မရှိသဖြင့် အဘယ်ကြောင့် လူကောင်းသူကောင်းလို ပြောနေနိုင်ဦးမည်နည်း။
[ညီအစ်ကိုတို့ ငါ့ကို သူ့ကို သတ်ခွင့်ပေးပါ၊ ငါ သူ အဝတ်အစား တစ်စတောင် မချန်နိုင်ဘူး]
[ငါ ဝိုင်ဆီကနေ သင်ယူထားတဲ့ ဝေဖန်ရေး ပညာက နောက်ဆုံးတော့ အသုံးဝင်လာပြီပဲ]
[မင်းအမေက ညစာစားဖို့ ခေါ်နေတယ်]
[မင်းလို သန္ဓေသားက အဲ့လောက် ကြီးလာတာလား]
…
ကလင် ကလင် ကလင်
စာသင်ချိန် ပြီးဆုံးကြောင်း အသိပေးသည့် ခေါင်းလောင်းသံ မြည်လာ၏။
ဝမ်ယွင်က အတန်းချိန် ပြီးပြီဟု ကြေညာလိုက်သည်နှင့် ကျောင်းသားများက ဖုန်းများကို ထုတ်လိုက်ပြီး ဝေ့ပေါ်၌ နတ်ဘုရားများကို သုတ်သင်ခြင်း၏ လက်ရှိ အခြေအနေကို စိုးရိမ်တကြီး ကြည့်ကြလေ တော့သည်။