ကျန်းနန်သားရေစက်ရုံ ဒေဝါလီခံခြင်း
Vol. 19 Ch. 274
အစကတည်းက သူတို့ မျှော်လင့်ချက် ကြီးကြီးမားမား သိပ်မထားကြဘဲ ပက်ပက်စက်စက် ပြောဆို ထားသော မှတ်ချက် တစ်ပုံကြီးနှင့်သာ ကြုံရလိမ့်မည်ဟု ထင်ထားကြသည်။
သို့သော် မှတ်ချက်ပေးသော ကဏ္ဍထဲသို့ ဝင်ဖတ်လိုက်သောအခါ သူတို့ ကြက်သေ သေသွားကြသည်။ သူတို့၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း နီတက်လာသည်။ သူတို့ မရည်ရွယ်ဘဲ “လခွမ်း” ဟု ရေရွတ်မိသွားလေသည်။
“ဝိုင် ပြန်ပြောတယ်ဟ၊ ဒါ တန်ပြန်တိုက်ခိုက်တာပဲ”
“ဘာ၊ ဒါက တကယ်ကြီးလား”
“အံ့ဩစရာပဲ၊ အံ့ဩစရာ ကောင်းလိုက်တာ”
တစ်ခန်းလုံး အုတ်အုတ်ကျက်ကျက် ဖြစ်လာပြီး ဖုန်းများ ထုတ်ကြည့်ကြသည်။ သူတို့ကိုယ်တိုင် ဖတ်ကြည့်လိုက်ပြီးနောက် အားအင်တို့ ပြည့်နှက်လာကာ စိတ်လှုပ်ရှားသလို ခံစားလာရသည်။
ရိုးရှင်းသော အမေးအဖြေလေး တစ်ခု ဖြစ်သော်လည်း သူသည် ဝိုင်အပေါ် အထင်သေးနေသော လူများကို ပါးစပ်ပိတ်သွားအောင် ပြန်လည် တုံ့ပြန်နိုင်၏။
အားလုံး အချင်းချင်း ပြန်ကြည့်မိကြသည်။ တစ်ယောက်ချင်းစီ၏ အကြည့်တွင် စိတ်လှုပ်ရှားမှုမှအပ အခြားအရာကို မမြင်ရချေ။
“ပါမောက္ခဝမ်”
ကျောင်းသားတစ်ယောက်က ထရပ်၍ ဝမ်ယွင်ထံ ပြေးသွားလေသည်။
“ပါမောက္ခဝမ် ဝိုင် ပြန်ပြောတယ်ဗျ”
ထိုသို့ပြောပြီး သူ့ဖုန်းကို ဝမ်ယွင်အား ခပ်သွက်သွက် ပေးလိုက်သည်။
ဝမ်ယွင်က ဖုန်းကို တစ်ချက် ယူကြည့်လိုက်သော်လည်း အမူအရာက တည်ငြိမ်နေဆဲပင်။ သို့သော် သူ့မျက်လုံးတွင် စိတ်အေးသွားဟန် ပေါ်လာသည်။
“စီနီယာဝိုင်က တကယ် အရည်အချင်း ရှိတာပဲ၊ ကျွန်တော်တို့ သင့်တော်အောင် ပြန်ပြောနိုင်မယ့် စကားကို မတွေးမိပင်မယ့် သူက စကားလေး နည်းနည်းလောက်နဲ့ ပြိုင်ဘက်ကို ငြိမ်သွားအောင် လုပ်နိုင်တယ်”
ကျောင်းသားတစ်ယောက်က တလေးတစား ပြောလေသည်။
“သူက တကယ်ကို ငါတို့ တက္ကသိုလ်ရဲ့ နာမည်ကို တောက်ပြောင်စေတာပဲ၊ ငါ စီနီယာဝိုင်ရဲ့ ခြေလှမ်းအတိုင်း လိုက်မှ ဖြစ်မယ်၊ ယဉ်ကျေးမှု ရှိတဲ့ လူတစ်ယောက်က တကယ့်ကို အဆင့်တစ်ခုမှာ ရှိနေတာပဲ”
“မင်းတို့ အခု စာပေရဲ့ အရေးပါပုံကို နားလည်ပြီလား”
ဝမ်ယွင်က ခပ်ကျယ်ကျယ် ရယ်၍ မုတ်ဆိတ်မွေးကို ပွတ်နေသည်။ စိတ်အေးသွားသဖြင့် သူ တစ်ဖက်ပြန်လှည့်ကာ ထွက်သွားပြီး ကျောင်းသားများ၏ စိတ်ထဲတွင် ပညာရှိတစ်ဦးအဖြစ် လေးစားစိတ်ကို ချန်ထားရစ်နိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ခေါင်းကိုယမ်း၍ ပြုံးကာ တစ်ကိုယ်တည်း ရေရွတ်နေ၏။
“ငါ ကျောင်းသားတွေ အများကြီး သင်ခဲ့တာပဲ၊ ဒီဝိုင်က ဘယ်သူလဲ ငါ သိချင်မိတယ်၊ ဒီကလေး … သူ့ဆရာဖြစ်တဲ့ ငါ့ဆီကို လာတောင် မတွေ့နိုင်ဘူးလား”
ရဲ့လင်းချန်မှာမူ ကျောင်းဂိတ်တံခါးရှေ့သို့ ရောက်နေလေ၏။
သူ တံခါးဝမှ ထွက်လာတော့မည့်အချိန်၌ လှပသော ပုံရိပ်တစ်ခုက သူ့လမ်းကို ပိတ်လာသည်။
ရှုဝမ်ချင်က သူ့ကို ပြုံးစစနှင့် ကြည့်နေပြီး သူမမျက်ဝန်းတွင် သိချင်စိတ်တို့ ပေါ်လွင်နေသည်။
“ကျောင်းသားရဲ့၊ ငါ နင့်ကို မိတ်ဆွေတစ်ယောက်လို သဘောထားခဲ့တာနော်၊ ဒါတောင် အရင် တစ်ခေါက်က နင် ထွက်သွားတော့ ငါ့ကိုတောင် အသိပေးမသွားဘူး”
ရှုဝမ်ချင်နှင့် သူ နောက်ဆုံး ဆုံခဲ့သည့်အချိန်က ဖက်၇ှင်ရှိုးပွဲတွင်း၌ ဖြစ်သည်။ သူသည် ပွဲပြီးပြီးချင်မှာပင် ကျားတိနှင့် ထွက်လာခဲ့သည်။
“ကျောင်းသားရဲ့က ဒီလောက် ကောင်းကောင်း ဖုံးကွယ်ထားနိုင်မယ်လို့ ထင်မထားမိဘူး၊ နင်က Vatti က ကျားတိနဲ့တောင် မိတ်ဆွေ ဖြစ်နေတာပဲ”
ရှုဝမ်ချင်က ပြောသည်။
“ကျွန်တော်တို့က မဆိုသလောက်လေး ရင်းနှီးတဲ့ မိတ်ဆွေဖြစ်နေရုံလေးပါ”
ရဲ့လင်းချန် ပြုံးလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
“ဆရာမရှု ဒီလာပြီး ကျွန်တော့်ကို ရှာတာက တစ်ခုခု ရှိလို့လား”
“ဟွန့် ဝန်မခံချင်ဘူးပေါ့လေ”
ရှုဝမ်ချင် နှုတ်ခမ်းဆူသွားသည်။
ကျားတိ၏ ရဲ့လင်းချန်အပေါ် အပြုအမူက နှိမ့်ချ၍ လေးစားမှု ရှိသည်ကို သူမ သတိပြုမိပါသည်။ ဘယ်လိုလုပ် သာမန် မိတ်ဆွေမျိုးက ထိုသို့ ပြုမူပါမည်နည်း။
“ငါ နင်နဲ့ ပြောစရာ ရှိလို့”
ရှုဝမ်ချင်က ခေါင်းညိတ်၍ ဝန်ခံသဖြင့် ရဲ့လင်းချန် အံ့ဩသွားရသည်။ သူမက ထပ်ပြောလာသည်။
“ငါ နင့်ဆီက အကူအညီတစ်ခု တောင်းချင်လို့”
“အကူအညီ ဟုတ်လား”
ရဲ့လင်းချန် မျက်ခုံးလှုပ်သွားပြီး ရှုဝမ်ချင်အား မယုံသင်္ကာ ကြည့်လိုက်သည်။
“နင့်သင်္ချာစွမ်းရည်က ကောင်းတယ်လေ၊ အနည်းဆုံး ငါ့ထက် အဆင့်မြင့်တယ်၊ ငါ နင့်ကို သင်္ချာစွမ်းရည် ပြိုင်ပွဲတစ်ခုကို ဖိတ်ချင်လို့”
တစ်ခဏမျှ ရပ်လိုက်ပြီးနောက် ရှုဝမ်ချင်က ဆက်ပြောသည်။
“ပြိုင်ပွဲပုံစံက အသင်းအဖွဲ့လိုက် ပြိုင်ပွဲလေ၊ တစ်သင်းမှာ သုံးယောက် ပါရမယ်၊ ပြီးတော့ အဲ့လူတွေကို တက္ကသိုလ် ဆရာတွေထဲကပဲ ရွေးရမှာ”
“ခင်ဗျားက ခေါင်းဆောင်မဟုတ်လား”
ရဲ့လင်းချန် လိုရင်းကို တန်း၍ ခန့်မှန်းမိသွားသည်။
“ငါက ဆရာတွေထဲက တစ်ယောက်သက်သက်ပါပဲ၊ ဒါပေမဲ့ ငါ့မှာ အဖွဲ့ဝင်တစ်ယောက်ကို ရွေးချယ်ပိုင်ခွင့် ရှိတယ်”
ရှုဝမ်ချင်က ရှင်းပြသည်။
“တကယ်လို့ နင် ဒီသင်္ချာစွမ်းရည် ပြိုင်ပွဲမှာ အဆင့်ဝင်မယ်ဆိုရင် ကျောင်းသား ဖြစ်တဲ့ နင့်အတွက် အများကြီး အကူအညီ ဖြစ်မှာ၊ ဒါကို နင့်ရဲ့ ပညာရေးမှတ်တမ်း အကျဉ်းမှာလည်း ထည့်ရေးလို့ ရတယ်”
“ခင်ဗျား ဘာလို့ ကျွန်တော့်ကို အဲ့လောက် ယုံကြည်နေတာလဲ၊ ပြီးတော့ ကျွန်တော်က ပီကင်း တက္ကသိုလ်က ကျောင်းသားပါ၊ ခင်ဗျားက ဟွာချင်တက္ကသိုလ်က ဆရာမလေ”
“နင်က ငါ တွေ့ခဲ့သမျှထဲမှာ သင်္ချာ အတော်ဆုံးပဲ၊ ငါ နင့်ကို ယုံတယ်၊ တက္ကသိုလ်ကိစ္စကတော့ နင် စိတ်ပူစရာ မလိုဘူး၊ ဒီပြိုင်ပွဲက ဒေသအလိုက် ပြိုင်ပွဲလေ၊ တက္ကသိုလ်ချင်း မဟုတ်ဘူး”
ရှုဝမ်ချင်က ပြုံး၍ ပြောလိုက်သည်။
“ပြောရမယ်ဆိုရင် မြို့တော်ကြီးက အခြားဒေသတွေနဲ့ ပြိုင်ဖို့ ကျောင်းသား သုံးယောက် လွှတ်လိုက်တာပေါ့”
“သဘောပေါက်ပြီ”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောချေ။
“ဟေး ကျောင်းသားရဲ့ နင် ဒါကို ငြင်းမလို့တော့ မဟုတ်ဘူးမလား”
ရှုဝမ်ချင်က စိုးရိမ်တကြီး မေးလိုက်သည်။
“တကယ်လို့ ငါတို့ မြို့တော်ဒေသက တက္ကသိုလ်တွေက အခြားဒေသက တက္ကသိုလ်တွေကို ရှုံးသွားမယ်ဆိုရင် ရှက်စရာ ကောင်းလိမ့်မယ်”
“လုပ်ပါနော်၊ ငါ့ရဲ့ လူရွေးခွင့်က သိပ်အဖိုးတန်တာနော်၊ နင်က ငါ ယုံကြည်လို့ရတဲ့ တစ်ဦးတည်းသော သူပဲ”
ရှုဝမ်ချင်က ရဲ့လင်းချန်အား သနားကမားရုပ်လေးဖြင့် ကြည့်နေသည်။
“ငါ့ဘဝကို ဆရာအဖြစ် အခုမှ စခါစပဲ ရှိသေးတာပါ၊ တကယ်လို့ ငါ ကျောင်းသား ရွေးတာ မှားသွားရင် ရှက်စရာ မှတ်တမ်းတစ်ခု ဖြစ်နေတော့မှာ”
“ဟုတ်ပါပြီ”
နောက်ဆုံးတွင် ရဲ့လင်းချန် ခေါင်းညိတ်၍ သဘောတူလိုက်သည်။ သူ့တွင် လုပ်စရာ များများစားစား မရှိသဖြင့် သူ ကူညီပေး နိုင်လောက်ပါသည်။
“ကျေးဇူးပါ”
ရှုဝမ်ချင်တစ်ယောက် ချက်ချင်းဆိုသလို အပြုံးပန်း ဝေသွားလေသည်။
“သွားရအောင်၊ ငါ နင့်ကို ကော်ဖီ ဝယ်တိုက်မယ်”
သူတို့ စင်္ကြံလမ်းအတိုင်း လျှောက်လာကြသည်။ လမ်းတစ်လျှောက်တွင် ရှုဝမ်ချင်က ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရဲ့လင်းချန်အား ရှင်းပြနေသည်။
ပြိုင်ပွဲ၏ အတိုင်းအတာက ဒေသအချင်းချင်းကြားမှ ရိုးရှင်းသော သင်္ချာစွမ်းရည် ပြိုင်ပွဲတစ်ခုသာ ဖြစ်သည်။ အဖွဲ့တိုင်း၌ သုံးယောက် ပါရမည်ဟု ဆိုထားသော်လည်း ထိုသုံးယောက်က အချင်းချင်း သိကျွမ်းချင်း မရှိကြချေ။ ယင်းက တက္ကသိုလ်၌ အခွင့်အရေး သုံးခု ရှိသည်ဟုသာ ဆိုထားခြင်း ဖြစ်ေလေသည်။
ပြိုင်ပွဲ၏ နည်းလမ်းက အလွန်တရာမှကို ရိုးစင်းလှသည်။ မေးခွန်းတစ်ခု ပေးမည် ဖြစ်ပြီး အရင် ဖြေနိုင်သူက အမှတ်ရပေမည်။
ဒေသချင်း ပြိုင်ပွဲအတွက် ရွေးချယ်ခြင်း ခံရသူများသည် သင်္ချာ ပါရမီရှင်များ ဖြစ်ကြသည်။ ရှုဝမ်ချင်က ရဲ့လင်းချန်အပေါ် အကုန်ပုံအော၍ လောင်းကြေးထပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
နှစ်ယောက်သား လမ်းတစ်လျှောက် စကားတပြောပြောနှင့် လျှောက်နေစဉ်တွင် ဘေးမှ တစ်စုံတစ်ယောက်က သတင်းတစ်ခုကို အော်ဟစ် ကြေညာလေသည်။
“ကျန်းနန် သားရေစက်ရုံ ဒေဝါလီ ခံတော့မယ်၊ ကျန်းနန် သားရေစက်ရုံ ဒေဝါလီ ခံပြီ၊ မျိုးမစစ်ကောင် သူဌေး ဝူဟယ်က အပျော်အပါးမှာ မွေ့လျော်ပြီး အကြွေး သန်းသုံးရာ့ငါးဆယ်ကျော် တင်ပြီး သူ့အမြောင်မယားနဲ့ ထွက်ပြေးသွားပြီ၊ ငါတို့ လစာအစား အဲ့သားရေအိတ်တွေ ယူရတော့မယ်၊ အစက ယွမ် တစ်ရာကနေ သုံးရာအထိ ဈေးရှိတာကို အခု ယွမ်နှစ်ဆယ်ပဲ ရှိတော့တယ်၊ ခွေးမသား ဝူဟယ်၊ မင်းက လူဖြစ်ဖို့တောင် မထိုက်တန်ဘူး၊ ငါ ပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေကို ပြန်ပေးစမ်း”
ထိုအသံသည် ညှို့ငင်နိုင်သကဲ့သို့ ထပ်တလဲလဲ ကြားနေရသည်။ ၎င်းကြောင့် ရဲ့လင်းချန်နှင့် ရှုဝမ်ချင်တို့ လမ်းလျှောက်နေရာမှ ခဏ ရပ်သွားလေသည်။ ထို့နောက် သူတို့ ပြုံးသွားပြီး ခေါင်းခါကြသည်။ ထိုအဖြစ်၏ နောက်ကွယ်မှ တကယ့် အကြောင်းရင်းကို သူတို့ ကောင်းကောင်း နားလည်ပါသည်။
ရဲ့လင်းချန်သည် ကျန်းနန် သားရေ၏ အကြောင်းအရာကို မှတ်မိပါသည်။ ၎င်းသည် တစ်ချိန်လုံး Vatti နှင့် လက်တွဲလာသည့် သားရေစက်ရုံ လုပ်ငန်းဖြစ်သော်လည်း သူတို့၏ ရဲ့လင်းချန်ကို ရန်စခဲ့မှုကြောင့် ကျားတိက သူတို့နှင့် ပူးပေါင်းမှုကို ရပ်တန့်လိုက်ခြင်း ဖြစ်သည်။
သို့သော် ဒေဝါလီခံခြင်းက အလွန် မြန်ဆန်လွန်းလှသည်။
“ကျန်းနန်သားရေလုပ်ငန်းက ကြီးတယ်လို့ ထင်ရပင်မယ့် ရင်းနှီးမြှုပ်နှံမှု အများစုက Vatti ကို ကျောထောက်နောက်ခံ အဖြစ် သုံးလို့ ရတာ၊ အခု Vatti က ဘေးချိတ်လိုက်ပြီဆိုတော့ အဲ့သားရေလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေကလည်း ပူးပေါင်းမှုကို မြန်မြန် အဆုံးသတ်လိုက်ကြတာ၊ ပြီးတော့ သူတို့ သူဌေး ဝူဟယ်ကို တရားမဝင် လုပ်ငန်းတွေ လုပ်ပြီး အခွန် ရှောင်တာတွေ တွေ့လိုက်ရလို့ သူတို့ လုပ်ငန်းတစ်ခုလုံး ပိတ်သိမ်းခံရတာပဲ”
ရှုဝမ်ချင် ရှင်းပြသည်။
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ဤသည်က စီးပွားရေး လုပ်ကြသည့် နည်းလမ်းပင်။ လုပ်ငန်း ကြီးလာလေ ဝင်ငွေ ပိုရလာလေပဲ၊ ဒါပေမဲ့ စွန့်စားရမှာတွေလည်း များလားတယ်၊ တကယ်လို့ တစ်ခုခု မှားသွားခဲ့ရင် ပြန်လမ်း မရှိဘူး၊ အဲ့ဒါကြောင့် ထုတ်လုပ်ရေးလုပ်ငန်း တော်တော်များများက စီးပွားရေးလောကက အကောင်ကြီးတွေနဲ့ ရင်းနှီးချင်ကြတာ၊ နောက်ခံက ကြီးလေ လုပ်ရတာ လွယ်လေပဲလေ”
ကော်ဖီ သောက်ပြီးနောက် ရှုဝမ်ချင်နှင့် ရဲ့လင်းချန်တို့က ချိန်းဆိုမှု ပြုလုပ်ပြီး ထွက်လာကြသည်။
ရဲ့လင်းချန်သည် ရှုဝမ်ချင်ကို ကြည့်၍ ပါးစပ်ဟကာ တစ်ခုခု ပြောရန် ကြိုးစားပုံပေါ်သော်လည်း နောက်ဆုံး၌ ငြိမ်သွားသည်။
“ဘာဖြစ်တာလဲ”
ရှုဝမ်ချင်က ရဲ့လင်းချန်ကို မေးလိုက်သည်။ ရဲ့လင်းချန်က ခေါင်းခါသည်။
“ဘာမှမဟုတ်ပါဘူး၊ လမ်းမှာ သတိထားဦး”
“အင်း”
ရှုဝမ်ချင် ခေါင်းညိတ်ပြလိုက်သည်။ ရဲ့လင်းချန်က သူမ ပုံရိပ်ကို ကြည့်နေသော်လည်း သူ့အကြည့်က သုန်မှုန်လာ၏။