မော့ကျန်းသုန့်သိသွားပြီ
Vol. 29 Ch. 399
အခန်း (၃၉၉) မော့ကျန်းသုန့်သိသွားပြီ
ကျန်းလန်အနေဖြင့် အလျှင်လိုစရာမရှိသလို အလောတကြီးလက်ထပ်စရာလည်း အကြောင်းမရှိပေ။
ခြံဝင်းထဲမှ အိမ်ကို ပြန်ဆောက်ရမည့်ကိစ္စကဲ့သို့ ကိစ္စများစွာကိုလည်း ပြန်လည်စဉ်းစားရဦးမည် ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာပွဲကို ပုံမှန်အတိုင်း စီစဉ်သည်က ပိုအဆင်ပြေသည်။
ကျန်းလန်က သိမ်မွေ့သည့်လေသံဖြင့်...
"ဆရာ့သဘောအတိုင်းပါပဲ"
သူ့ဘက်ကတော့ အလျှင်လိုစရာ မရှိပေ။
သို့သော် တောင်သခင်များက လက်ထပ်ပွဲကို အချိန်စောကာ စီစဉ်လိုလျှင်လည်း သူ့အနေဖြင့် ကန့်ကွက်စရာ မရှိပေ။
အိမ်ထောင်မပြုမချင်း အိမ်ထောင်သည်ဘဝကို သိရှိမည် မဟုတ်ပေ။ ထို့ကြောင့် လက်ထပ်ခြင်းက သူ့အတွက် ကြီးမားသည့် ပြဿနာမဟုတ်ပေ။
လက်ထပ်ပွဲ စောစီးစွာ ကျင်းပလိုက်ခြင်းဖြင့် သူ အင်မော်တယ်အဖြစ် အဆင့်တက်သွားသည်ကို ခွန်လွန်တောင်မှ တပည့်များ သိရှိသွားကြမည် ဖြစ်သည်။
ထိုအကြောင်းကို ကျန်းလန်က စိတ်ထဲ လုံးဝမထားပေ။ သူတောင်ပေါ်ပြန်လာကတည်းက အရာအားလုံးကို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
ထို့ကြောင့် ဘာကိုမှ စိုးရိမ်နေစရာမလိုပေ။
သူက အချို့သောပါရမီရှင်များထက်ပင် အဆင့်တက်ခြင်း လျှင်မြန်နေခဲ့သည်။ သို့သော် သူ အင်မော်တယ်ဖြစ်လာပြီးနောက် ဝဖေန်မှုများ နည်းပါးသွားမည် ဖြစ်၏။
ဤသည်က ပုံမှန်ဖြစ်နေကျ ကိစ္စတစ်ခုပင်။
အင်မော်တယ်မဟုတ်သူများသည် အင်မော်တယ်ဖြစ်ပြီးသူများကို ဝေဖန်ရန် ခက်ခဲသည်။ အကြောင်းမှာ အဆင့်အတန်းချင်း လုံး၀ ကွာခြားသွားပြီ ဖြစ်သောကြောင့်ပင်။
သို့ရာတွင် ထို့ကြောင့်တော့ဖြင့် ဘယ်တော့မှ ဝေဖန်မခံရတော့ဟု မဆိုလိုပေ။ လောကတွင် လူတန်းစားမျိုးစုံရှိပြီး လူ့စိတ်သဘောများကလည်း နားမလည်နိုင်စရာ ဖြစ်သည်။
လူတစ်ယောက်နှင့်တစ်ယောက် ဘယ်သောအခါမှ မတူညီနိုင်လေရာ အားလုံးတစ်ညီတစ်ညွတ်တည်းဖြစ်ရန်မှာ မဖြစ်နိုင်ပေ။
အချို့ကတော့ သူ့ကို ဝေဖန်ရဲမည်မဟုတ်သည့်တိုင် အချို့ကတော့ သူ့ကို အထင်သေးမြဲသေးနေဦးမည် ဖြစ်သည်။ ထိုသူများက သူ့အကြောင်း အနည်းနှင့်အများ ဝေဖန်ကြဦးမည် ဖြစ်သည်။
"တောင်ထွတ်တစ်ခုလုံးက ရင်းမြစ်ပစ္စည်းတွေ တစ်ယောက်တည်းအကုန်အသုံးပြုပြီး ကျင့်ကြံမှတော့ မြန်မြန်ဆန်ဆန် အင်မော်တယ် ဖြစ်လာတာ ဆန်းသလား ၊ ပြီးတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့လည်း စေ့စပ်ခွင့်ရသေးတယ် ၊ အတော်တော့ ကံကောင်းတာပဲ"
"အေးလေ… ဒါကြောင့်လည်း ခွန်လွန်တောင်က သူ့ကို အင်မော်တယ်ဖြစ်လာအောင် အစွမ်းကုန်ကူညီပေးခဲ့တာပေါ့ကွာ ၊ သူက ကြီးမားတဲ့အထောက်အပံ့နဲ့ ကံတရားကြောင့် အင်မော်တယ် ဖြစ်လာတာပါ"
ထိုသို့သောစကားများကို ပြောဆိုသူများ သေချာပေါက်ရှိမည်မှာ မလွဲဧကန်ပင်။
အမှန်တော့ သူတစ်ပါးကို မကောင်းပြောဆိုဝေဖန်သူများသည် ညံ့ဖျင်းသူများ ဖြစ်ကြသည်။ တစ်စုံတစ်ယောက် အောင်မြင်မှုတစ်ခု ရသွားသည် ၊ သို့မဟုတ် နေရာတစ်နေရာ ရသွားသည်ဆိုလျှင် အလိုလိုနေရင်း မနာလိုဖြစ်နေသူများက လောကတွင် အမြဲတမ်း ရှိနေမည်ဖြစ်သည်။
သို့သော် ကျန်းလန်က ထိုအရာများကို ဘယ်သောအခါမှ အရေးမစိုက်ခဲ့ပေ။ တစ်ခါတစ်ရံတွင် ထိုသို့သောအတင်းအဖျင်းများက ရန်သူများကိုပင် လှည့်စားနိုင်ရန် ကူညီပေးသေးသည်။
မော့ကျန်းသုန့်က...
"ဒါဖြင့်လည်း ကောင်းပြီလေ ၊ အခြားတောင်သခင်တွေနဲ့တိုင်ပင်ပြီး မင်္ဂလာရက်မြတ် သတ်မှတ်လိုက်မယ် ၊ ဟုတ်ပြီလား"
ကျန်းလန်က ခေါင်းညိတ်သဘောတူလိုက်သည်။
မော့ကျန်းသုန့်က...
"ကျောက်စိမ်းရေကန်ကိုရော ရောက်ပြီးပြီလား"
ကျန်းလန်က ခေါင်းခါယမ်းရင်း...
"ခရီးက ပြန်ရောက်ရောက်ချင်း ကျွန်တော် ဆရာ့ဆီ တန်းလာတာ"
မော့ကျန်းသုန့်က...
"ဒါဖြင့် ကျောက်စိမ်းရေကန်နတ်ဘုရားမကို အရင်သွားနှုတ်ဆက်လိုက်ဦး ၊ မနက်ဖန် လုပ်စရာအလုပ်ရှိတယ် ၊ အဲဒါက အတော်လေး အချိန်ယူရလိမ့်မယ်"
"ဟုတ်ကဲ့ပါ ဆရာ"
ထို့နောက် ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာသွားသည်။
မော့ကျန်းသုန့်ကတော့ ကျောက်စိမ်းရေကန်သို့ ထွက်ခွာသွားသည့် တပည့်ဖြစ်သူ၏ကျောပြင်ကို တိတ်ဆိတ်စွာ ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့သည်။
ကျန်းလန် မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်တွင် မော့ကျန်းသုန့်က ကျန်းလန်ပြန်ပေးခဲ့သည့် ရွှေရောင်ကြာပန်းကို ထုတ်ယူလိုက်သည်။
"မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရွှေရောင်ကြာပန်းကို ခွန်လွန်ဘိုးဘေးက မိုးကောင်းကင်စမ်းသပ်ခံရခြင်း မှော်ဝင်ကျောက်တုံးနဲ့ ပြုလုပ်ခဲ့တယ် ၊ ကျင့်ကြံသူတစ်ယောက် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရတဲ့အခါ ဒီ ကြာပန်းက ကာကွယ်ပေးနိုင်တယ်"
"မိုးကောင်းကင်စမ်းသပ်ခံရခြင်း မိုးကြိုးကပ်ဘေး ထွက်ပေါ်လာတာနဲ့ အဲဒီ အရိပ်အငွေ့တွေက ဒီကြာပန်းထဲမှာ နှစ်ပေါင်း (၁၀၀) ပဲ့တင်ထပ်နေလိမ့်မယ်"
မော့ကျန်းသုန့် အတွေးများ အဆုံးသတ်သွားသည်နှင့် သူ၏လက်ဖဝါးထက်တွင် ရွှေရာင်ကြာပန်း ထွက်ပေါ်လာသည်။
သူက ကြာပန်းကို အနီးကပ် သေသေချာချာ လေ့လာကြည့်ပြီးနောက် ခပ်တိုးတိုးရေရွတ်လိုက်သည်။
"မိုးကောင်းကင်စမ်းသပ်ခံရခြင်း မိုးကြိုးကပ်ဘေးနဲ့ပတ်သက်တဲ့ သဲလွန်စ ဘာတစ်ခုမှ မတွ့ရဘူး ၊ ကျန်းလန်က မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကျော်ဖြတ်ခဲ့ပြီးပြီဆိုပေမဲ့ ရွှေရာင်ကြာပန်းမှာ ဘာအရိပ်အငွေ့မှ ပဲ့တင်ထပ် မကျန်ရစ်ခဲ့ဘူး"
"ဘာလို့ဒီလိုဖြစ်ရတာလဲဆိုတာ ဖြစ်နိုင်ခြေ (၂)ခုပဲ ရှိတယ် ၊ ပထမတစ်ချက်က ရွှေရာင်ကြာပန်းဟာ မိုးကောင်းကင်စမ်းသပ်ခံရတဲ့နေရာနဲ့ အရမ်းဝေးနေရာတစ်ခုမှာ ရှိနေခဲ့လို့ပဲ ၊ နောက်တစ်ချက်ကတော့ ကျန်းလန်ဟာ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို လုံးဝရင်ဆိုင်ခဲ့ဟန်မတူဘူး"
ရွှေရာင်ကြာပန်းက မော့ကျန်းသုန့်လက်ထဲတွင် သတ္တုပုလဲအဖြစ် ပြန်လည်ကျုံ့ဝင်သွားသည်။ ထို့နောက် သတ္တုပုလဲကို ကိုင်ထားလျှက်ဖြင့်ပင် မော့ကျန်းသုန့် နေရာမှ ပျောက်ကွယ်သွား၏။
နဝမတောင်ထွတ်စာကြည့်တိုက်တွင် မော့ကျန်းသုန့် ပြန်ပေါ်လာသည်။
သူ စာကြည့်တိုက်သို့ မရောက်သည်မှာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်ပြီး စာကြည့်တိုက်သို့ မကြာခဏလာရောက်တတ်သူကတော့ ကျန်းလန်သာလျှင် ဖြစ်သည်။
ကျန်းလန်က စာအုပ်များစွာ ဖတ်ရှုသူဖြစ်ပြီး အလွန်လည်း ကြိုးစားသူ ဖြစ်သည်။ မော့ကျန်းသုန့်သည် တပည့်ဖြစ်သူအတွက် အမြဲတမ်း ကျေနပ်နေခဲ့ရသည်။
အမှန်တော့ ဤစာကြည့်တိုက်က ကျန်းလန်၏ သီးသန့်လေ့လာရေးနေရာတစ်ခုလိုဖြစ်နေပြီး သူကလည်း တပည့်ဖြစ်သူကို အနှောက်အယှက် မပေးလိုခဲ့ပေ။ သို့ပေသိ ယနေ့တော့ ကိစ္စအချို့ကို အတည်ပြုရန် သူ ဝင်ရောက်ကြည့်ရှုရတော့မည် ဖြစ်သည်။
မော့ကျန်းသုန့်သည် စာအုပ်စင်များရှေ့တွင် မလှုပ်မယှက် မတ်တတ်ရပ်လျှက် ရှိ၏။
ထိုအချိန်…
စာအုပ်စင်ထဲမှ စာအုပ်တစ်အုပ် အလိုအလျှောက် ပျံထွက်လာပြီး မော့ကျန်းသုန့်ရှေ့သို့ ရောက်ရှိလာသည်။ ထို့နောက် စာအုပ်က သူ့အလိုလို တဖျတ်ဖျတ်လန်သွားပြီး နောက်ဆုံးစာမျက်နှာများအရောက်တွင် အလိုလို ရပ်တန့်သွားသည်။
"သူက အနောက်ဘက်က စာအုပ်တွေကိုတော့ ဖတ်ရသေးတဲ့ပုံမပေါ်ဘူး ၊ ဒါပေမဲ့ ဒီအထိတော့ သူ ဖတ်ပြီးသွားပြီထင်တယ်"
မော့ကျန်းသုန့်က စာအုပ်မာတိကာကိုကြည့်ရင်း ရေရွတ်လိုက်သည်။
ကျန်းလန်က မိုးကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် စာအုပ်များကို ဖတ်ရှုထားကြောင်း သူ သိရှိလိုက်သည်။
"မိုးကောင်းကင်အင်မော်တယ်"
မော့ကျန်းသုန့်၏မျက်ဝန်းများက တစ်စုံတစ်ခုကို နားလည်သွားသည့်အလား လက်ခနဲ တောက်ပသွားသည်။
"တကယ်ပဲပေါ့ ၊ ဒါကြောင့် ကျန်းလန် ပထမဆုံးအကြိမ် ပြင်ပလောကကို ခရီးမထွက်ခင်က ငါ့စိတ်ထဲမှာ ထူးခြားတဲ့အာရုံတစ်ခု ခံစားခဲ့ရတာ ၊ အဲဒါကြောင့် သူ့အတွက် အရေးကြီးတဲ့အချိန်လို့ ယူဆပြီး နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို ပေးအပ်လိုက်တာ ၊ သူ ထူခြားမှုတစ်ခုခုနဲ့ ရင်ဆိုင်ရမယ်လို့လည်း အဲဒီတုန်းက ခံစားခဲ့ရသေးတယ်"
"ဒါပေမဲ့ အဲဒီ ပထမခရီးစဉ်မှာပဲ သူ အင်မော်တယ်ဖြစ်သွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး ၊ နောက်ဆုံးတော့ သူ့ကို အင်မော်တယ်ဖြစ်လာဖို့ တွန်းအားပေးခဲ့တဲ့သူက ငါကိုယ်တိုင်ပဲပေါ့"
အတွေးများနှင့်အတူ မော့ကျန်းသုန့် ပြုံးရင်း ခေါင်းခါယမ်းလိုက်သည်။
"အခုလည်း ရုတ်တရက်ကြီး ပြင်ပလောကကို ဘာလို့ သွားချင်နေရတာလဲ သိချင်နေတာ ၊ လက်စသတ်တော့ မိုးကောင်းကင်စမ်းသပ်ခံရခြင်း အတုလုပ်ဖို့ ထွက်သွားတာကိုး ၊ အိမ်း… မိုးကောင်းကင်စမ်းသပ်ခံရခြင်းက တစ်ကြိမ်ရင်ဆိုင်ပြီးရင် နောက်တစ်ကြိမ်ဆိုတာ မဖြစ်နိုင်တော့ဘူး ၊ ဒါကြောင့် ကျန်းလန် လူတွေကိုလှည့်စားဖို့ ပြင်ပလောကကိုထွက်သွားခဲ့တယ်"
"ဒါက သူ ပြင်ပလောကကို သွားရတဲ့အဓိကအကြောင်းရင်း ဖြစ်ရမယ်… ဒီတော့…"
မော့ကျန်းသုန့် သက်ပြင်းချလိုက်သည်။
"သူက ပြင်ပလောကိုသွားတယ်ဆိုတာ အတွေ့အကြုံရှာဖို့ မဟုတ်ဘူးပေါ့"
တကယ့်ကို ခေါင်းကိုက်အောင်လုပ်သည့် ကောင်လေးပင်။
ထို့နောက် မော့ကျန်းသုန့် စာကြည့်တိုက်ထဲမှ ထွက်လာခဲ့သည်။ သူ့ရှေ့မှ စာအုပ်သည်လည်း အလိုအလျောက် ပြန်ပိတ်သွားပြီး မူလနေရာသို့ ပြန်ဝင်သွားသည်။
တစ်ချိန်တည်းမှာပင် မော့ကျန်းသုန့်လက်ထဲတွင် ရွှေရောင်ကြာပန်းက ပွင့်လန်းလာပြီး အစိတ်စိတ်အမွှာမွှာကွဲကြေကာ လေထဲတွင် ပျောက်ကွယ်သွားသည်။
"ဒါဆို သူ ဘယ်အချိန်မှာ မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရင်ဆိုင်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး"
မော့ကျန်းသုန့် ရေရွတ်လိုက်သည်။
ထို့နောက် စာကြည့်တိုက်ရှေ့မှာပင် မော့ကျန်းသုန့် ပျောက်ကွယ်သွားပြီး နဝမတောင်ထွတ်အစွန်းတွင် ပြန်ပေါ်လာသည်။
သူက ဖြစ်ပျက်ခဲ့သမျှကို အရေးမစိုက်ဘဲ ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်တော့သည်။
***
မိုးကောင်းကင်က ကြည်လင်လျှက် ရှိသည်။
ကျန်းလန် ဓားကိုစီးနှင်ပြီး ကျောက်စိမ်းရေကန်ရှိရာသို့ ဦးတည်ပျံသန်းလာသည်။ ဆရာဖြစ်သူ စာကြည့်တိုက်သို့ရောက်ရှိသွားပြီး သူ့အကြောင်းသိသွားပြီဖြစ်ကြောင်း မသိလိုက်တော့ပေ။
သို့သော် သူက ဆရာဖြစ်သူ မနက်ဖန် ဘာအလုပ်ခိုင်းမည်ကို သိချင်နေမိသည်။
သူက လူသားအင်မော်တယ်အဆင့်သို့ တက်ရောက်ခဲ့ပြီဖြစ်လေရာ ကျင့်ကြံခြင်းအဆင့်တက်ရန် အခွင့်အရေးတစ်ခု ရှာဖွေပေးစရာ မလိုအပ်တော့ပေ။
အသေးစိတ်သိချင်ပါက မနက်ဖန်ရောက်သည်အထိ စောင့်ဆိုင်းရန်သာ ရှိလေသည်။
ခဏအကြာတွင်တော့ ကျန်းလန် ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်ရှေ့သို့ ရောက်ရှိလာသည်။ သူက တောင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားသည့် မြူခိုးများကို လက်ဖြင့်အသာထိကိုင်ရင်း သူရောက်လာသည့်အကြောင်း လုန်ယွိကို အသိပေးလိုက်သည်။
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စာလေးများ ချန်ထားခဲ့ရာနေရာသို့ ကြည့်လိုက်တော့ မည်သည့်စာမှ ရှိမနေပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် လုန်ယွိ တံခါးပိတ်ကျင့်ကြံမနေသည်က ထင်ရှားသည်။
ခဏမျှကြာပြီးနောက် ကျောက်စိမ်းရေကန်မှ အရံအတား ပျောက်ကွယ်သွားသည်။ လုန်ယွိက အပြင်သို့ထွက်လာခြင်းမရှိဘဲ သူ့ကိုသာ အထဲသို့ ဝင်ခွင့်ပြုလိုက်ဟန် ရှိသည်။
ကျန်းလန်က ဓားကိုစီးနှင်ကာ ချက်ချင်းပင် တောင်ထွတ်ဆီသို့ ဝင်ရောက်သွားသည်။
ဆောင်းလေက အနည်းငယ်အေးစိမ့်နေသည့်တိုင် ကျောက်စိမ်းရေကန်တွင်တော့ အေးစိမ့်ခြင်းကို မခံစားရဘဲ နွေးနွေးထွေးထွေး ရှိနေသည်။
အချိန်အတန်ကြာ ဓားကိုစီးနှင်ပျံသန်းပြီးနောက် ကျောက်စိမ်းရေကန်မှ မက်မွန်ပင်လေးရှိရာသို့ ကျန်းလန် ရောက်ရှိလာသည်။
မက်မွန်ပင်အောက်တွင် မိန်းမပျိုတစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမက အလွန်တရာ ချောမောလှပသော်လည်း မျက်နှာထားက အေးစက်တည်ငြိမ်လွန်းသည်။
သူမသည်ကား လုန်ယွိပင် ဖြစ်သည်။
သူမကိုကြည့်ရသည်မှာ အရင်ကထက်ပင် ပိုမိုတည်ငြိမ်အေးစက်လာဟန်ရှိလေရာ ကျန်းလန်သည်ပင် အေးစိမ့်စိမ့် ခံစာလိုက်ရ၏။
"ဟူး…"
လေပြင်းတစ်ချက်တိုက်ခတ်လာပြီး ကျန်းလန်၏အဝတ်အစားများက လေထဲတွင် လွင့်ပျံသွားသည်။
ထို့နောက် ကျန်းလန် လုန်ယွိရှေ့သို့ ရောက်ရှိသွား၏။
ကျန်းလန်က တိုးလျသည့်လေသံဖြင့်…
"ဂိုဏ်းတူအစ်မ… မတွေ့တာကြာပြီနော်"
လုန်ယွိက ကျန်းလန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်က ရှောင်ယွိအသွင် သေးငယ်သွားသည်။ စွဲမက်ဖွယ်ရာအလှပိုင်ရှင်အဖြစ်မှ ချစ်စရာကောင်းသည့် ကောင်မလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး ၊ ခရီးထွက်သွားတာ အချိန်ဘယ်လောက်ကြာနေပြီလဲ သိလား"
သူမလေသံက မာဆတ်ဆတ်ဖြစ်နေပြီး မျက်လုံးများကလည်း ဒေါသကြောင့် တောက်ပနေသည်။
ကျန်းလန်က အဖြေပေးရန် ကြိုးစားလိုက်သည်။
"ဆယ့်ငါးနှစ်လား မသိ…"
ရှောင်ယွိက မကျေမနပ်ဖြင့်…
"ဆယ့်ငါးနှစ်၊ တစ်လနဲ့ သုံးရက်"
ကျန်းလန် အံ့အားသင့်သွားသည်။
ရှောင်ယွိက သူ ခရီးထွက်သွားသည့်အချိန်ကို အတိအကျ မှတ်ထားခဲ့သည်လား။
ထို့နောက် ရှောင်ယွိက မည်သည့်စကားမှ မဆိုတော့ဘဲ သစ်သားဓားကို ထုတ်ယူကာ ကျန်းလန်ထံ လှမ်းပေးလိုက်သည်။ ကျန်းလန်က သစ်သားဓားကို လှမ်းယူလိုက်ပြီး မက်မွန်ပင်အောက်တွင် ထိုင်ရင်း နဂါးသုတ်သင်ဓားဝိညာဉ်ကို စတင်ထည့်သွင်းပေးလိုက်သည်။
ရှောင်ယွိက ကျန်းလန်နောက်တွင်ဝင်ထိုင်လိုက်ပြီး သူ့ကျောပြင်ကို မှီထားလိုက်သည်။
"ဂိုဏ်းတူအစ်မ…"
ကျန်းလန်က ရှောင်ယွိကို ရုတ်တရက် ခေါ်လိုက်သည်။
"ဟင်…"
ရှောင်ယွိက ကျန်းလန်ကို မှီထားရင်းဖြင့်် ပြန်ထူးသည်။
သူမက ခြေထောက်များကို ကျောက်တုံးထက်မှ လေထဲသို့ တွဲလောင်းချထားပြီး လှုပ်ယမ်းလျှက် ရှိသည်။
ရှောင်ယွိ ပြန်ထူးသည်နှင့် ကျန်းလန်က သူပြောချင်နေသည့်စကားကို ပြောပြလိုက်သည်။
"ကိုယ် အင်မော်တယ်ဖြစ်သွားပြီ သိလား"
ကျန်းလန်စကား အဆုံးသတ်သွားသည်နှင့် လေထဲတွင် လှုပ်ယမ်းနေသည့် ရှောင်ယွိ ခြေထောက်လေးများ ရပ်တန့်သွားလေတော့သည်။