စစ်မြေပြင်ကို တုန်လှုပ်သွားစေသည့် အတိုက်အခိုက်စွမ်းအား
Vol. 5 Ch. 500
အေးစိမ့်နယ်မြေထဲရှိ လူ့ဘီလူးကြီးများနှင့် ဝိညာဥ်ကျင့်ကြံသူများမှာ သူတို့၏ ကျင့်ကြံခြင်းအခြေခံများက ရေခဲတမျှ အေးခဲသွားသောကြောင့် ထိတ်ထိတ်လန့်လန့်နှင့် တုန်ရီနေကြတော့သည်။
ယင်ယန်ဝိညာဥ်အဆင့် အောက်တွင်ရှိသည့် မည်သူမှ ဤအစွမ်းကို မရှောင်တိမ်းနိုင်ပေ။
အမြုတေအဆင့် မဟာစက်ဝန်းထဲတွင် ရှိသော လူများနှင့် ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်လုဆဲဆဲ ဖြစ်နေသည့် လူများပင်လျှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အံ့အားသင့်သွားရသည့် လူ့ဘီလူးကြီးများနှင့် ဝိညာဥ်ကျင့်ကြံသူများ၏ အတွေးထဲသို့ ပထမဆုံး ရောက်လာသည့်အတွေးမှာ ထွက်ပြေးရန်သာ ဖြစ်သည်။
သို့သော် အေးစိမ့်နယ်မြေကြီးက သူတို့ကို ချုပ်တည်းထားသဖြင့် သူတို့မှာ ထွက်မပြေးနိုင်ကြပေ။ ပိုင်ရှောင်ချန်းမှာ ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ သူ၏ရှေ့တည့်တည့်ရှိ သက်လတ်ပိုင်းအရွယ် ဝိညာဥ်ကျင့်ကြံသူကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်။ အခြား ဝိညာဥ်ကျင့်ကြံသူ ခုနစ်ယောက်မှာ ဒေါသတကြီး အော်ဟစ်နေကြပါသော်လည်း မည်သည့်နည်းနှင့်မျှ ပြန်မတိုက်ခိုက်နိုင်ပေ။
အနည်းငယ်ကြာသောအခါ အမြုတေအဆင့် ထိုကျင့်ကြံသူ ခုနစ်ယောက်မှာလည်း အစိတ်စိတ် အမြွှာမြွှာ ပေါက်ကွဲသွားသဖြင့် လေထုကြီးထဲတွင် ပေါက်ကွဲသံများ ပြည့်နှက်သွားရတော့သည်။ ထို့နောက် အေးခဲနေသည့် အသားစများနှင့် သွေးစက်များမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။
" ဒါ ငါ့ရဲ့ ကိုယ်ပိုင်ကမ္ဘာပဲ။ "
ပိုင်ရှောင်ချန်းက စူးရှစွာတောက်ပနေသည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်ပြီး မြေကြီးကို လက်ညှိုးထိုးလိုက်သောအခါ အေးစိမ့်ချီများက ထပ်မံပေါ်ထွက်လာပြန်တော့သည်။
ဤအချိန်တွင် ၎င်းတို့မှာ မီတာထောင်ဂဏန်းမျှသာ ပျံ့နှံ့သွားသည် မဟုတ်ပဲ မီတာသုံးသောင်းအထိ ရောက်သွားသည်။
ထိုမီတာသုံးသောင်း ကျယ်သော အေးစိမ့်နယ်မြေကြီးမှာ အေးစိမ့်သခင် တစ်ယောက်၏ လက်ထဲမှ ရုပ်သေးရုပ်တစ်ရုပ်လိုပင် ဖြစ်နေပြီ ဖြစ်သည်။
ထိုနေရာတစ်ခုလုံးတွင် အရာရာတိုင်းမှာ အေးခဲသွားရပြီး ပိုင်ရှောင်ချန်းအတွက်မူ သူတို့မှာ သစ်ကိုင်းခြောက်များ၊ မြက်ပင်များကဲ့သို့ ဖြစ်နေတော့သည်။ သူ၏ တိုက်ကွက်တိုင်းကြောင့် အမြုတေအဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေရတော့သည်။
အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှ၍ ဤသို့ အစုအလိုက် အပြုံလိုက် သတ်ဖြတ်နေမှုကြီးကို မည်သူကမှ မတားဆီးနိုင်တော့ချေ။
လူ့ဘီလူးကြီးတစ်ယောက်မှာ တုန်ရီသွားပြီးနောက် သူ၏ဦးခေါင်းမှာ ပေါက်ကွဲသွားသဖြင့် အေးခဲနေသည့် အသားစများမှာ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။ ပိုင်ရှောင်ချန်းက သူ့ကိုကျော်ဖြတ်လိုက်ပြီး မန္တန်လက်ကွက်တစ်ခုဖော်လိုက်သောအခါ အနီးအနားရှိ ဝိညာဥ်ကျင့်ကြံသူ တစ်ဒါဇင်မှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားရတော့သည်။
သို့သော် လူ့ဘီလူးကြီးများနှင့် ဝိညာဥ်ကျင့်ကြံသူများ၏ အရေအတွက်မှာ များပြားလွန်းလှသဖြင့် အေးစိမ့်သခင် အစွမ်းများနှင့်ပင် ပိုင်ရှောင်ချန်းမှာ အချိန်တိုအတွင်း သူတို့အားလုံးကို အသေမသတ်နိုင်ပေ။ အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားတိုင်း လန့်ဖြန့်နေကြသည့် ဝိညာဥ်ကျင့်ကြံသူများမှာ အရောင်တောက်နေသော မျက်ဝန်းများဖြင့် ဘေးဘီဝဲယာကိုကြည့်ကာ ဤအန္တရာယ်ထဲမှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ရန် ဆုတောင်းနေကြတော့သည်။ မကြာမီတွင် အချို့မှာ ရုတ်တရက် လှုပ်ရှားစပြုလာတော့သည်။
ထိုအခြင်းအရာကို ပိုင်ရှောင်ချန်း မြင်လိုက်သောအခါ အေးစက်စက်နှာမှုတ်လိုက်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီးနောက် သူ၏လက်များကို ရှေ့သို့ဆန့်ထုတ်လိုက်တော့သည်။
" နယ်မြေ စိတ်အာရုံ မြင်ကွင်း။ "
ချက်ချင်းပင် လူအရွယ်အစားရှိသော ကြေးမုံ တစ်ဒါဇင်ခန့် ထိုနေရာတစ်ဝိုက်တွင်ပေါ်လာပြီး ထိုကြေးမုံများထဲမှ အရိပ်ကဲ့သို့သော ပုံရိပ်တစ်ဒါဇင် ပေါ်ထွက်လာသည်။ ထိုပုံရိပ်များအားလုံးမှာ အံ့အားသင့်ဖွယ်ကောင်းစွာ ပိုင်ရှောင်ချန်းနှင့် တစ်ပုံစံထဲနီးပါး တူနေသည်။
ဤ ကိုယ်ပွားကဲ့သို့သော သတ္တဝါများမှာ အေးစိမ့်နယ်မြေကိုယ်ပွားများ ဖြစ်ကြပြီး သူတို့မှာ ချက်ချင်းပင် ရန်သူများကို စတင်သတ်ဖြတ်နေကြတော့သည်။
လူ့ဘီလူးကြီးများ တစ်ကောင်ပြီးတစ်ကောင်၊ ဝိညာဥ်ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဇီဝိန်ချုပ်သွားကြရတော့သည်။ ပြန်လည်လှုပ်ရှားနေနိုင်သည့် သူများပင်လျှင် မြန်မြန်ဆန်ဆန် မရှိသဖြင့် အော်ဟစ်ရင်းသာ သေဆုံးသွားကြရသည်။
ထိုအေးစိမ့်နယ်မြေတစ်လုံးမှာ ကြောက်မက်ဖွယ်ငရဲခန်းတစ်ခုအလား ဖြစ်သွားပြီး တအုန်းအုန်းမြည်ဟည်းသံများဖြင့် ဆူညံနေတော့သည်။
သို့သော်လည်း နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများကို ဤကဲ့သို့ အသုံးပြုလျှင် ကျင့်ကြံခြင်းအခြေခံအားကုန်သည်မှာ အလွန်မြန်ဆန်သည်။ ပိုင်ရှောင်ချန်းသာ ကောင်းကင်တံတား ဒေသထဲတွင် ရှိနေသေးပါက ဤသို့အသုံးပြုရသည်နှင့် အားအင်ပြန်လည်ဖြည့်တင်းရသည်မှာ ပို၍လွယ်ကူမည်သာဖြစ်သည်။
သို့သော် ယခုအခါ သူသည် ကောင်းကင်နှင့် မြေကြီးတို့တွင် စိတ်စွမ်းအင်လုံးဝမရှိသည့် မြေရိုင်းဒေသထဲသို့ ရောက်နေသည်။ သူဆုံးရှုံးသွားသည့် စိတ်စွမ်းအင်များကို ပြန်လည်မရရှိနိုင်တော့သဖြင့် သူ၏စွမ်းအင်များကုန်ခမ်းနေသည်မှာ မြန်ဆန်လွန်းနေရသည်။
ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ ဤသို့သော အခြေအနေမျိုးကို အသက်ရှူကြိမ် အကြိမ် တစ်ဒါဇင်ခန့်လောက်သာ တောင့်ခံထားနိုင်သည်။ ထို့နောက် သူက ညာလက်ကိုသုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ သူ၏ပတ်ပတ်လည်ရှိ အေးခဲနေသည့် နယ်မြေကြီးမှာ အရည်ပျော်ကာ ပျောက်ကွယ်သွားရတော့သည်။
ထိုအခါ အော်ဟစ်သံများ ပိုကျယ်လာကြတော့သည်။ အချို့သော ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေပါသော်လည်း အေးခဲနေခဲ့ကြသဖြင့် ချက်ချင်းပင် သေဆုံးမသွားခဲ့ပေ။
သို့သော် ယခုတွင်မူ ထိုမီတာသုံးသောင်း ပတ်ပတ်လည်ဒေသထဲတွင် သွေးများ၊ အသားစများနှင့် ပြည့်နှက်နေပြီး မြေပြင်ပေါ်တွင် ဘီလူးပေါင်း ရာကျော်နှင့် ဝိညာဥ်ကျင့်ကြံသူ အယောက် ခုနစ်ဆယ်ရှစ်ဆယ်လောက်တို့၏ အလောင်းများမှာ အရုပ်ကြိုးပြတ် လဲကျနေကြတော့သည်။
ထိုအေးစိမ့်နယ်မြေထဲသို့ မဝင်ခဲ့သည့် အခြား ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများမှာမူ ယခုအခါ ထိတ်လန့်ကာ မှင်တက်နေကြပြီး ပိုင်ရှောင်ချန်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။
" ဒါ...ဒါ... ဘယ်လို ဖြစ်သွားရတာလဲ.. "
" သူက ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေရတာတုံး။ ဒီပုံစံအတိုင်းဆို သူက အမြုတေအဆင့် ကျင့်ကြံသူမှ မဟုတ်တော့ပဲ။ ဒါ...ဒါက ယင်ယန်ဝိညာဥ်အဆင့်ရဲ့ စွမ်းအားမျိုးကြီးကို။ "
" အဲဒီ အမြုတေအဆင့် ကျင့်ကြံသူတွေကို သူက ပုရွက်ဆိတ်ကိုတက်နင်းသလိုပဲ လွယ်လွယ်ကူကူ သတ်ပစ်လိုက်တာပါလား။ "
လူ့ဘီလူးကြီးများနှင့် ဝိညာဥ်ကျင့်ကြံသူများသာ အံ့အားသင့်နေကြသည်မဟုတ်။ ထိုအေးစိမ့်နယ်မြေထဲတွင် ရောက်နေပြီး အေးစက်မှုကို မခံစားလိုက်ရသည့် စစ်တပ်ငါးတပ်မှ ကျင့်ကြံသူများမှာလည်း ဆွံ့အနေကြရသည်။
သူတို့မှာ အသက်ရှူသံများ မြန်ဆန်နေကြပြီး ဘေးဘီသို့ ဝေ့ဝိုက်ကြည့်လိုက်သောအခါ သူတို့၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြင်းပြမှုများ၊ ကြည်ညိုလေးစားမှုများ ဖြင့် လင်းလက်လာကြတော့သည်။
ကြီးနိုင်ငယ်ညှင်းဝါဒ ကြီးစိုးသောနေရာတွင် စွမ်းအားကြီးသူများမှာ ရိုသေလေးစွာ ဆက်ဆံခံရစမြဲပင်။ ထိုအချက်မှာ သာမန်လူသားကမ္ဘာထက် ကျင့်ကြံခြင်းလောကတွင် ပို၍ပင် မှန်ကန်နေသည်။ ဤအချိန်တွင် စစ်မြေပြင်ကြီးကို ပိုင်ရှောင်ချန်း လွှမ်းမိုးလိုက်ပုံကြီးကြောင့် ထိုနေရာတွင် ရှိနေသည့်လူတိုင်း၏ နှလုံးသားများထဲတွင် အလွန်နက်နဲသော အထင်ကြီးမှုကြီးတစ်ခု စွဲကျန်နေခဲ့ပြီ ဖြစ်သည်။
" ငါနဲ့လိုက်ခဲ့ကြ။ "
ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" ငါတို့တွေ မဟာတံတိုင်းဆီကို ပြန်သွားကြမယ်ဟေ့။ " ပိုင်ရှောင်ချန်း၏ အသက်ရှူသံများမှာ မြန်ဆန်လာပြီး သူ၏တစ်ကိုယ်လုံးကို ပင်ပန်းနွမ်းနယ်မှုများက ဝါးမျိုထားနေပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံထဲရှိစွမ်းအင်အများစုမှာ ကုန်ဆုံးသွားရပြီဖြစ်သည်။ သို့သော် သူက ခေါင်းကိုနောက်ပစ်ကာ အော်ဟစ်လိုက်ပြီး စစ်တပ်ငါးတပ်၏ ကျင့်ကြံသူများကို စစ်မြေပြင်တစ်လျှောက်ဖြတ်ကာ နောက်ထပ်တစ်ကြိမ် ဦးဆောင်လိုက်ပြန်သည်။
သူ၏ ဘေးနားတွင် ကျင့်ကြံသူများက အကာအကွယ်ပေးလိုသည့်အလား ဝန်းရံနေကြသည့် အချက်ကြောင့်သာ သူက စိတ်သက်သာရသွားပြီး သက်ပြင်းချနိုင်တော့သည်။ စောစောက သူသည် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပါသော်လည်း ယခုအထိ ထိတ်လန့်နေရဆဲပင်။ သူမည်မျှ စိုးရိမ်နေရသည်ကို သူတစ်ယောက်သာ သိနိုင်ပေသည်။
သို့သော် ဤသို့ သူကြောက်လန့်နေသည်ကို အခြားသူများ သိရှိသွားပါက သင့်တော်သည့်အရာမဟုတ်ကြောင်းကို ရှေးယခင်ထဲမှ သူ သိနားလည်ပြီးဖြစ်သည်။ သူက ပြေးလွှားနေရင်း ဝိညာဥ်အရက်တစ်ပုလင်းကို ထုတ်ယူလိုက်ကာ အငမ်းအရသောက်သုံးလိုက်လိုက်ပြီး ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများအတွက် အနည်းငယ်စီမျှ ချန်ထားလိုက်တော့သည်။
တချိန်ထဲမှာပင် သူက လျှို့ဝှက်စွာဖြင့် နတ်ဆေးလုံး တစ်လုံးကို ထုတ်လိုက်ပြီး မကြာမီတွင် အရေးတကြီးလိုအပ်ခဲ့သည် ရှိသော် အသုံးပြုနိုင်ရန်အတွက် သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။
သူ၏နတ်ဆေးလုံး များမှာ သူ၏ ဝှက်ဖဲများဖြစ်သည်။ ထိုဆေးလုံးတစ်လုံးမှာ မည်သို့သောဒဏ်ရာပင်ဖြစ်စေ မျက်စိတစ်မှိတ်အတွင်း ပျောက်အောင်ကုသပေးန်ိုင်သည် ဖြစ်သည်။ သူ၏ စိတ်စွမ်းအင်ကို ပြန်လည်မဖြည့်တင်းပေးပါသော်လည်း သူ၏ထည့်စရာအိတ်ထဲတွင် ဝိညာဥ်အရက်များစွာ ကျန်ရှိသေးသည် ဖြစ်သည်။
သူ၏ပတ်ပတ်လည်ရှိ အဖွဲ့ထဲမှ လူတိုင်းမှာ စိတ်လှုပ်တရှားဖြင့် ဒိုင်းကာကြီးဆီသို့ ရုတ်ရင်းကြမ်းတမ်းစွာ ပြေးလွှားနေကြသည်။ ဤအချိန်တွင်မူ လူရိုင်းများနှင့် ဝိညာဥ်ကျင့်ကြံသူများမှာ သူတို့ကိုတားဆီးနိုင်ရန် စွမ်းအားမဲ့နေကြသဖြင့် သူတို့သည် ယခုဆိုလျှင် ဒိုင်းကာနှင့် မီတာသုံးထောင်လောက်သာ ဝေးကွာတော့သည် ဖြစ်သည်။ သို့သော် သူတို့ဘက်သို့ ပြေးလာနေသည့် ဝိညာဥ်ကျင့်ကြံသူ ရာဂဏန်းများစွာ ရှိနေသေးသည်။
ခပ်လှမ်းလှမ်းတွင်မူ မျိုးနွယ်စုခေါင်းဆောင်များစွာမှာ ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။ သူတို့တွင် ယင်ယန်ဝိညာဥ်အဆင့်၏ တိုက်ပွဲစွမ်းရည်များ ရှိကြသော်လည်း ချိန်ဟီထျန်း၏ ဦးဆောင်မှုအောက်တွင်ရှိသော အံ့ဖွယ်နံရံမြို့တော်ထဲရှိ မျက်လုံးကြီးမှာ စွမ်းအားကြီးအလင်းတန်းများကို ထုတ်လွှတ်နေကြသဖြင့် သူတို့မှာ အနားကပ်၍မရပေ။
သို့သော်လည်း အမြုတေအစီအရင်အဆင့် ဝိညာဥ်ကျင့်ကြံသူများမှ များပြားလွန်းလှ၍ မျက်လုံးကြီးလည်း မတားဆီးနိုင်တော့ပေ။ သူတို့က နီးကပ်လာသောအခါ ဝိညာဥ်စွမ်းအားများကို တစ်သုတ်ပြီးတစ်သုတ် စေလွှတ်နေသဖြင့် လူ့ဘီလူးကြီးများမှာ သူတို့နှင့်အတူ ပူးပေါင်းကာ တိုက်ခိုက်နေကြတော့သည်။
လူ့ဘီလူးကြီးများ၏ မျက်ဝန်းများမှာ အသက်မဲ့သွားကြပြီး သူတို့မှာ အော်ဟစ်၍ရှေ့သို့ ပြေးလာကြပြီး အနီးသို့ရောက်သည်နှင့် သူတို့ကိုယ်သူတို့ ဖောက်ခွဲလိုက်ကြသည်သာ ဖြစ်သည်။
ထိုအချင်းအရာများကို ကြည့်ပါက ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများမှာ အစွမ်းကုန်ထုတ်ကာ ပိုင်ရှောင်ချန်း ထွက်မပြေးနိုင်စေရန် ကြိုးပမ်းနေကြသည်ကို မြင်နိုင်သည်။
ပေါက်ကွဲမှုများ၏ စွမ်းအားများမှာ ပျံ့နှံ့သွားကြပြီး တိုက်စားစေသော သွေးစက်များမှာ နေရာအနှံ့ လွင့်စင်သွားကြတော့သည်။ ကျင့်ကြံသူထောင်ပေါင်းများစွာပါဝင်သည့် အုပ်စုထဲမှ လူများစွာမှာ ဒဏ်ရာရရှိသွားကြပြီး နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုပ်ခွာသွားကြရသည်။ ဤအချိန်တွင်မူ သူတို့ ဖန်တီးထားသည့် တပ်ဖွဲ့အခင်းအကျင်းကြီးမှာ အချိန်မရွေး ပြိုပျက်သွားနိုင်သည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ စိုးရိမ်စိတ်များ ကြီးထွားလာပြီး ဝိညာဥ်အရက်များကို နောက်ထပ်တစ်ခေါက် မော့ချလိုက်ပြီး လှစ်ခနဲလှုပ်ရှားကာ အေးစိမ့်ချီများကို ထပ်၍ထုတ်လွှတ်လိုက်သည်။
သို့သော် ထိုအေးစိမ့်ချီများ ပျံ့နှံ့သွားသောအခါ ဝိညာဥ်ကျင့်ကြံသူများ၏ မျက်လုံးများမှာ အရောင်တောက်သွားကြပြီး သူတို့အားလုံးမှာ အနက်ရောင် မြူခိုးတိမ်တိုက်များထုတ်ကာ ပြန်လည် တုံ့ပြန်တိုက်ခိုက်လိုက်ကြသည်။ ထိုမြူခိုးများထဲရှိ အော်ဟစ်နေသော ဝိညာဥ်အရိပ်များမှာ လေထဲတွင်ဖြတ်ပျံကာ ပိုင်ရှောင်ချန်းဆီသို့ ရောက်လာကြပြီး အေးစိမ့်ချီများကို တိုက်ခိုက်ကာ တပြိုင်နက်ထဲဆိုသလိုပင် ဝိညာဥ်ကျင့်ကြံသူများကို အကာအကွယ်တစ်ခု ပေးနေတော့သည်။
သာမန်အခြေအနေဆိုလျှင် ပိုင်ရှောင်ချန်းမှာ ပို၍အားကောင်းသော အေးစိမ့်ချီများကိုထုတ်လွှတ်လိုက်ရုံ၊ သို့မဟုတ် စေလွှတ်ပြီးထားဖြစ်သော အေးစိမ့်ချီများကိုလအချိန်အနည်းငယ်ပို၍ကြာအောင် ထုတ်လွှတ်ထားလိုက်ရုံပင် ဖြစ်သည်။ ထိုအခါ သူ၏ ပြိုင်ဘက်များမှာ အနည်းဆုံးတော့ အသက်ရှူကြိမ်ဆယ်ကြိမ်လောက်မျှ မည်သည်ကိုမှဆက်လုပ်နိုင်မည် မဟုတ်တော့ပေ။
စောစောနက ဝိညာဥ်ကျင့်ကြံသူများမှာ အစထဲမှ ပြန်လည်အံတုရန် စွမ်းအားမဲ့နေကြသည်ဖြစ်ပြီး ယခုအဖွဲ့မှာလည်း ပမာဏ အနည်းငယ်မျှသာ ပြန်လည်တုံ့ပြန်နိုင်သည်သာ မဟုတ်ပါလော။
သို့သော်လည်း ပိုင်ရှောင်ချန်းမှာ အေးစိမ့်ချီကို ပို၍အားကောင်းအောင် မလုပ်နိုင်သည့်အပြင် ပို၍ကြာကြာလည် မထုတ်လွှတ်နိုင်တော့ပေ။ ဝိညာဥ်အရက်ကို သောက်သုံးနေသည်ဖြစ်ပါသော်လည်း မြေရိုင်းဒေသတွင် စိတ်စွမ်းအင် လုံးဝမရှိသည့် အချက်ကို မတွန်းလှန်နိုင်ပေ။
ပိုင်ရှောင်ချန်း လုပ်နိုင်သည်မှာ တစ်ခုထဲသာ ကျန်တော့သည်။ ထိုအရာမှာ သူ၏လက်ရုံရည်ကိုအသုံးချကာ ဒဏ်ရာရနိုင်မည့်အချက်ကို တွေးပူနေ၍မရတော့ပဲ ဝိညာဥ်ကျင့်ကြံသူများကို အသေအကျေတိုက်ခိုက်ရန်သာ ဖြစ်သည်။
ထိုသို့လည်း သူက တစ်ပုံစံထဲလုပ်လိုက်သည်သာ ဖြစ်သည်။ အနီးဆုံးရှိ ဝိညာဥ်ကျင့်ကြံသူထံသို့ ကပ်သွားပြီး သူ့ကိုတိုက်ခိုက်ရန်သုံးနေသည့် နတ်ဘုရားစွမ်းရည်ကို လုံးဝလျစ်လျူရှုလိုက်တော့သည်။ သူ၏ပြိုင်ဘက်၏ လက်မောင်းကို ဆုပ်ကိုင်ပြီး တောင်ဖြိုသိုင်းကိုသုံးလိုက်သောအခါ ထိုသူမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရတော့သည်။
ထိုမျှလောက်နှင့် မပြီးသေး။ သူက နောက်တစ်ခြေတစ်လှမ်း လှမ်းလိုက်သောအခါ နက်မှောင်မဲနက်နေသည့် ဓားကြီးတစ်ချောင်းကိုဆင့်ခေါ်ထားသည့် ဝိညာဥ်ကျင့်ကြံသူ တစ်ယောက်၏ ရှေ့သို့ရောက်သွားတော့သည်။ ထိုဓားကို သူ၏ပုခုံးထဲသို့ အစိုက်ခံလိုက်ပြီး ပိုင်ရှောင်ချန်း ထိုသူ၏ လည်မျိုကို သူ၏ဘယ်လက်ဖြင့် ဆုပ်ကိုင်ကာ ရက်စက်ကြမ်းကြတ်စွာ ညှစ်ချလိုက်တော့သည်။
ထို့နောက် သူက တစ်ခဏလေးပင် မရပ်ပဲ ရှေ့သို့ပြေးသွားပြီး ခရမ်းရောင်ချီ ဒယ်စောက်အိုး ဆင့်ခေါ်ခြင်းနည်းနှင့် လေဓားများစွာကို အသုံးပြုကာ သူ၏လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်စီးနေတော့သည်။