← Chapters

ပေါင်းစပ်ထားသော စွမ်းအားများနှင့်အတူ.......

Vol. 7 Ch. 85

ပေါင်းစပ်ထားသော စွမ်းအားများနှင့်အတူ.......

Vol. 7 Ch. 85

"ဒါဆို အစ်မနဲ့ အကျွမ်းတဝင်ရှိတဲ့ အဆင့်ငါးဝိဉာဉ်ရည်က ဘာများလဲ....."

" မူလကောင်းကင်ဝိဉာဉ်ရည်.....ငါ ဒါကို အကြိမ်ပေါင်းများစွာလေ့ကျင့်ဖူးပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့ဘူး...... "

လီလော့ ဝန်ထမ်းအချို့ကို လှမ်းခေါ်လိုက်ပြီး ပစ္စည်းအသစ်များလဲပေးဖို့ တောင်းဆိုလိုက်သည်။ သိပ်မကြာခင်မှာ လီလော့တောင်းထားသမျှ ပစ္စည်းအားလုံးကို လာပို့ပေးသွားကြသည်။

စုန်ချီယုက သန့်စင်ရေးအလုပ်ရုံထဲကနေ ထွက်လာပြီး......

"ယန်လင်းချီကတော့  အခုထိ ရုန်းကန်နေသေးတာပဲ....ဘယ်လိုပဲဖြစ်ဖြစ်အလှည့်အပြောင်းတွေ ဖြစ်လာစရာအကြောင်းမရှိတော့ဘူး....."

ယန်လင်းချီကို အနိူင်ပိုင်းနိုင်ခဲ့သည့်အတွက် သူမ အမှန်ပင် ပျော်ရွှင်နေလေ၏။

ပဲ့တင်ထပ်သံပြုပြင်သူခန်းမတွင် ရှိနေစဉ်ကတည်းက ယန်လင်းချီသည် အရာရာတိုင်းတွင် သူမထက်များစွာ ထူးချွန်ခဲ့သူဖြစ်သည်။ ယန်လင်းချီ၏ ထောက်ခံပေးမှုကြောင့် အဖွဲ့ထဲဝင်ခွင့်ရခဲ့သော်လည်း ဆရာဖြစ်သူသည် ယန်လင်းချီကိုသာ မျက်နှာသာပေးခဲ့ပြီး သူမကို အေးစက်စွာဆက်ဆံခဲ့သည်။

ထိုအချက်များကြောင့် စုန်ချီယုသည် ယန်လင်းချီအပေါ် မနာလိုဝန်တိုစိတ်ကြီးမားခဲ့ရခြင်းဖြစ်သည်။ သူမ၏ ပဲ့တင်ထပ်သံပညာရပ်ကျွမ်းကျင်မှုသည် ယန်လင်းချီနှင့် တန်းတူဖြစ်သော်လည်း အဘယ့်ကြောင့် ယန်လင်းချီကိုသာ မျက်နှာသာပေးနေကြသနည်း.....

ယန်လင်းချီ သူမအပေါ် ကြင်နာစွာ ဆက်ဆံခဲ့သော်လည်း သူမသည် ယန်လင်းချီထက် ထူးချွန်သူဖြစ်​ကြောင်းသာ သက်သေပြချင်သည့်အတွက် ထိုကြင်နာမှုမျိုးကို လုံးဝမလိုအပ်ခဲ့ပေ။

"ဒီတစ်ခါတော့ ငါ နင့်ကို အနိုင်ပိုင်းနိုင်ပြီ......

.................

" စလိုက်ကြရအောင်...."

ပါဝင်ပစ္စည်းအသစ်များရောက်လာသည်နှင့် လီလော့ ယန်လင်းချီကို အချက်ပေးလိုက်သည်။

ယန်လင်ချီကလည်း အသက်ပြင်းပြင်းရှုလိုက်ပြီး....

"ဖန်သားအရည် ဆယ်စက်....."

လီလော့သည် ထွင်းဖောက်မြင်နေရသော သစ်သီးတစ်လုံးကို ယူလိုက်ပြီး ချက်ချင်းအရည်ညှစ်ပေးလိုက်သည်။ထို့နောက် ထိုအရည်များထဲသို့ ပဲ့တင်ထပ်သံစွမ်းအားအချို့ကိုပါ မသိမသာ ပေါင်းထည့်ပေးလိုက်သည်။

ဒီတစ်ခေါက်တွင် အရင်ကထက် စွမ်းအားအနည်းငယ်ပိုထည့်ပေးလိုက်သည်။

ဖန်သားအရည် ဆယ်စက်ထည့်ထားသော ဖန်ပြွန်ကို လီလော့ လက်လွှဲပေးလိုက်သည့်အခါ ယန်လင်းချီသည် ပါဝင်ပစ္စည်းများထဲမှ အညစ်အကြေးများကို စတင်ဖယ်ထုတ်လိုက်လေသည်။

ဒီတစ်ခေါက်တွင်လည်း အရင်ကဲ့သို့ပင် အခြားတစ်ယောက်၏ ပဲ့တင်ထပ်သံစွမ်းအားများကို အာရုံခံလိုက်မိပြန်သည်။ ပိုထူးခြားသည် အရင်တစ်ခေါက်ကထက် စွမ်းအားပိုများနေခြင်းဖြစ်သည်။

ထိုစွမ်းအားများသည် သူမ၏ လုပ်ငန်းစဉ်ကို အနှောက်အယှက်မဖြစ်စေသည့်အပြင် ပို၍လွယ်ကူချောမွေ့နေစေသောကြောင့် သူမ အံ့သြနေရခြင်းဖြစ်သည်။ မသိပါက တစ်ယောက်ယောက်က လျှို့ဝှက်ရေအရင်းမြစ်များကို တိတ်တဆိတ်ပေါင်းထည့်ပေးထားသလိုပင်.....

ထို့ကြောင့် နားမလည်နိုင်ခြင်းပေါင်းများစွာနှင့် သူမ လီလော့ကို လှည့်ကြည့်လိုက်မိသည်။

ဤအချက်ကို နားမလည်ပါက သူမထက် တုံးအသူရှိနိုင်ပါဉီးမလား.....

သူမ ဘာမှ ပြောမနေတော့ဘဲ သန့်စင်ခြင်းလုပ်ငန်းစဉ်တွင်သာ အာရုံစိုက်ထားလိုက်ပြီး ပါဝင်ပစ္စည်းများကို အဆင်မပြတ်ရွတ်ပြနေခဲ့သည်။

"အက်စစ်မိုးရေ ဝိဉာဉ်သီး......"

" ကောင်းကင်မြက်ပင်...."

" နှစ်တရာပန်းအနှစ်...."

"........"

စည်းချက်ညီညီထွက်ပေါ်လာသော ပါဝင်ပစ္စည်းစာရင်းများကို လီလော့ ဂရုတစိုကိ ချိန်တွယ်စီမံပေးနေရသည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ အခြားသော ပဲ့တင်ထပ်သံပြုပြင်သူအားလုံး အကုန်ပြီးသွားကြပြီဖြစ်သည်။ အောင်မြင်သူများရှိသလို ကျရှုံးသူများလည်း ရှိကြသည်။ မည်သို့ပင်ဆိုစေ စုန်ချီယု၏ အဆင့်ငါး ဝိဉာဉ်ရည်ကြောင့် အကုန်လုံးကို ရှုံးနိမ့်သူအဖြစ်သာ သတ်မှတ်ရပေတော့မည်။

ထို့​ကြောင့် အကုန်လုံး၏ အကြည့်များသည် ရှီးယန်စံအိမ် ကိုယ်စားပြုယှဉ်ပြိုင်နေသူထံတွင်သာ စုပြုံကျရောက်နေလေတော့သည်။

" သူ အခုထိ လက်မလျှော့သေးဘူးပဲ....."

စုန်မိသားစု၏ ပွဲကြည့်စင်နေရာတွင် ထိုင်နေသော မိုလင်းက ယန်လင်းချီကို အံတကြိတ်ကြိတ်နှင့် ကြည့်နေလေ၏။

" ကြည့်ရတာ ယန်လင်းချီတစ်ယောက် အသက်နဲ့ရင်းပြီး အဆင့်ငါးဝိဉာဉ်ရည် သန့်စင်မယ့်ပုံပဲ....."

" မဖြစ်နိုင်လောက်ဘူး...သူက အဆင့်ငါးပဲ့တင်ထပ်သံပြုပြင်သူမှမဟုတ်တာ....ငါတို့ရဲ့ ချီယုတောင် မိုမိသားစုရဲ့ လျှို့ဝှက်နည်းလမ်းအချို့သုံးခဲ့ရသေးတယ်မဟုတ်လား....."

စုန်ရှန်းက ပြောနေရင်းကနေ ကောက်ကျစ်သော အပြုံးမျိုးပြုံးလိုက်ပြီး......

" ချီယုကို ထျန်ရှုစီရင်စုရဲ့ အကောင်းဆုံး ပဲ့တင်ထပ်သံပြုပြင်သူအဖြစ်ကြေငြာပြီးတာနဲ့ မှင်ရေစံအိမ်ရဲ့ ထုတ်ကုန်တွေကိုပါ တစ်ခါတည်းကြေငြာလိုက်မယ်....ဒါဆို ရှီးယန်စံအိမ်ကို စီးပွားရေးအရရော လူမှုရေးအရပါ ရိုက်ချနိုင်တော့မှာ....."

ထိုအရေးကို တွေးပြီး စုန်ရှန်း နှလုံးခုန်သံတွေပါ မြန်ဆန်လာခဲ့သည်။

ယနေ့မှစ၍ ထင်းရှုးစံအိမ်သည် ထျန်ရှု၏ အကောင်းဆုံး စံအိမ်ဖြစ်လာပေတော့မည်။

ရွှေနဂါးဘဏ်တိုက် ပွဲကြည့်စင်နေရာတွင် ဉက္ကဌာလုက မျက်မှောင်ကြုံ့နေပြီး......

"ရှီးယန်စံအိမ်အတွက် ပြသာနာရှိလာတော့မယ်ထင်တယ်....စုန်မိသားစုက မှင်ရေစံအိမ်နဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ ရှီးယန်ကို ဖြုတ်ချဖို့ လျှို့ဝှက်ဖော်စပ်နည်းတွေပါ ထုတ်ပေးလိုက်​တယ်ထင်တယ်....."

ထိုစကားကြောင့် လုချင်းအား အထိတ်တလန့်ဖြစ်သွားခဲ့ရသည်။ ကြည့်ရသည်မှာ စုန်မိသားစုသည် ပွဲ​တော်ကာလအတွင်း လှုပ်ရှားမှုများ ပြုလုပ်ရန် သေချာစီစဉ်ထားပုံရသည်။

စုန်မိသားစုနှင့် မှင်ရေစံအိမ်တို့သည် ရှီးယန်ကို ဖိနှိပ်ထားပြီး ထျန်ရှူ၏ ဝိဉာဉ်ရည်စျေးကွက်ကို လက်ဝါးကြီးအုပ်ချင်နေကြခြင်းဖြစ်သည်။

လော့လန်အိမ်တော်ဘက်တွင်ရှိနေသော ချိုင်ဝေသည် ပြန်လည်တက်ကြွလာသော ယန်လင်းချီကြောင့် အတော်ပင် အံ့သြနေခဲ့ရသည်။ ယန်လင်းချီနှင့် စုန်ချီယုတို့၏ ပြသာနာကို သိထားသူဖြစ်သည့်အတွက် ယန်လင်းချီမည်မျှ စိတ်ထိခိုက်နေမှန်း ကောင်းစွာခန့်မှန်းနိုင်ပါသည်။

ယန်လင်းချီ ဘယ်လိုလှည့်ကွက်မျိုးသုံးနေမှန်းသေချာမသိသော်လည်း ချိုင်ဝေ သူမအတွက် အမှန်ပင်စိတ်ပူနေရပါသည်။

သိပ်မကြာခင်မှာ သတ်မှတ်ချိန်ပြည့်တော့မည်ဖြစ်ကြောင်း အချက်ပေးခေါင်းလောင်းသံထွက်ပေါ်လာခဲ့သည်။

စုန်ချီယုသည် သလင်းကျောက်နံရံကို မှီထားပြီး ဟန်ပါပါလက်ပိုက်ထားကာ ယန်လင်းချီနှင့် လီလော့တို့ကို လှောင်ပြောင်သောအကြည့်များနှင့် စိုက်ကြည့်နေလေ၏။

" ယန်လင်းချီ.....နင်ဘယ်လိုပဲကြိုးစား ကြိုးစား နင့်ကို ဘယ်သူမှမကယ်နိုင်တော့ဘူး......"

ဒင်......

အချက်ပေးသံထွက်ပေါ်လာပြန်သည်။

ယန်လင်းချီ၏ မျက်နှာပေါ်တွင် ချွေးများရွှဲစိုနေပြီ မေးစေ့ကနေတဆင့်စီးကျနေသည်။ ပါဝင်ပစ္စည်းပေါင်း တစ်ထောင်ကျော် သန့်စင်ခဲ့ရခြင်းကြောင့် သူမ အတော်ပင်ပန်းနေပြီဖြစ်သည်။

သို့သော်လည်း ပြင်ဆင်မှုအပိုင်းပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

နောက်ဆုံးအဆင့်တွင် သန့်စင်ထားသောပါဝင်ပစ္စည်းများကို ရေအရင်းအမြစ်သုံး၍ ဝိဉာဉ်ရည်ဖြစ်အောင် ပေါင်းစပ်ရမည်ဖြစ်သည်။

ထိုအဆင့်သည် အရေးကြီးဆုံးသော အဆင့်ဖြစ်သည်။

ယန်လင်းချီ အသက်ပြင်းပြင်းရှူလိုက်ပြီးပဲ့တင်ထပ်သံစွမ်းအားစုစည်းမှုပုံဆောင်ခဲကို ကိုင်လိုက်ချိန်တွင် လီလော့က သူမ၏ လက်ကို အုပ်ကိုင်လိုက်သည်။

ကျဉ်းတည်းကျပ်တည်း အချိန်မဟုတ်ပါက လီလော့ အရိုက်ခံနေရလောက်ပြီ......

" အစ်မလင်းချီ....ကျွန်တော်တို့ အတူတူ လုပ်ကြရအောင်....."

လီလော့၏ တောက်ပသော အပြုံးများကြောင့် ယန်လင်းချီ မှင်သက်သွားခဲ့ပြီး အကြောင်းအရင်းကိုနားမလည်သော်လည်း ခေါင်းညိတ်မိခဲ့သည်။

နှစ်ဉီးစလုံးရဲ့ ပဲ့တင်ထပ်သံစွမ်းအားများကို ပေါင်းစပ်ပြီး နောက်ဆုံးအဆင့်ကို လုပ်ဆောင်ခဲ့ကြသည်။

ပဲ့တင်ထပ်သံစွမ်းအားစုစည်းမှုပုံဆောင်ခဲကနေ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး လျှို့ဝှက်ရေအရင်းမြစ်များသည် ပုံဆောင်ခဲအောက်ခြေကနေ ဖန်ပုလင်းထဲသို့ တစ်စက်ချင်း စီးကျသွားခဲ့သည်။

လီလော့သည် ယန်လင်းချီထက် ကျင့်ကြံမှုအဆင့်နိမ့်သည့်အတွက် တခဏအတွင်းမှာပင် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေသည်။

နှစ်ဉီးသား၏ ရေပဲ့တင်ထပ်သံစွမ်းအားများကို ပေါင်းစပ်ထားသော ရေအရင်းမြစ်သည် ယန်လင်းချီ တစ်ဉီးတည်းစုဆောင်းထားသော ရေအရင်းမြစ်သည် သေချာပေါက် ပိုမိုကောင်းမွန်မည်သာ.....

ဖန်ပုလင်းထဲတွင်ရှိနေသော ကြည်လင်လှသည့် ရေအရင်းမြစ်များကို ယန်လင်းချီ မယုံနိုင်သောအကြည့်များဖြင့်သာ ကြည့်နေနိုင်တော့သည်။

ဤသည်မှာ လီလော့၏ ကျေးဇူးကြောင့်မှန်း သူမသေချာစွာ နားလည်ထားပါသည်။

သူမ လှည့်ကြည့်လိုက်ချိန်တွင် လီလော့က ဖြူဖျော့နေသည့်တိုင် သူမကို ပြုံးပြနေ၏။

" အစ်မ....ဒါအစ်မရဲ့ပွဲ....."

ယန်လင်းချီ ဘာမှဆင်မပြောတော့ဘဲ ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ပြီး နောက်ဆုံးအဆင့်ကို လုပ်ဆောင်ရန် အာရုံစိုက်ထားလိုက်တော့သည်။

သန့်စင်ထားသော ပါဝင်ပစ္စည်းများနှင့် ရေအရင်းမြစ်တို့ပေါင်းစပ်သွားသည့်အခါ များစွာသော သက်ရှိများမွေးဖွားလာသည့်နှယ် အလင်းတန်းပေါင်းများစွာ ဖြာထွက်လာခဲ့သည်။

ထိုအလင်းတန်းများသည် အသက်ရှူကြိမ် တစ်ဒါဇင်ခန့်လောက်ကြာမှသာ တည်ငြိမ်သွားခဲ့ကြသည်။

ပုလင်းထဲမှ အရည်များသည်လည်း ပွက်ပွက်ဆူနေရာမှ အေးစက်ကြည်လင်သော ဝိဉာဉ်ရည်များအဖြစ်ပြောင်းလဲသွားကြသည်။

ထိုအချိန်တွင် ပုလင်းထဲမှ မျက်စိ​ကြိမ်းလောက်အောင်တောက်ပသော အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။

"ဝိုးးးးးးးးး"

ထိုအားပေးသံသည် စုန်ချီယု၏ ရလဒ်ကို ကြေငြာစဉ်ကထက်ပင် ပို၍ ကျယ်လောင်နေသည်။ အမှတ်ပေးဒိုင်များသည်လည်း ထိုအလင်းတန်းကို မှင်သက်စွာ ငေးကြည့်နေကြသည်။ ထိုအလင်းတန်း၏ တောက်ပမှုကို ကြည့်ရုံဖြင့် အဆင့်လေး ဝိဉာဉ်ရည်မဟုတ်မှန်း တစ်ချက်တည်းနှင့်ပင် သိမြင်နိူင်ပါသည်။

ယန်လင်းချီတစ်ယောက် ဖန်ပုလင်းကို ကြောင်အစွာ ငေးကြည့်နေရာကနေ သတိပြန်ဝင်လာသည်နှင့်တပြိုင်နက် သန့်စင်မှုစမ်းသပ်သည့်အပ်ကိုထုတ်ပြီး ပုလင်းထဲသို့ နှစ်လိုက်သည့်အခါ သန့်စင်မှု 58% ဟူသော ရလဒ်ထွက်ပေါ်လာခဲ့သည်။

ယန်လင်းချီ ငိုချင်လာမိသည်။

ထိုအချိန်တွင် အကဲဖြတ်ဒိုင်၏ တုန်ရီနေသော ကြေငြာသံကို ရှင်းလင်းစွာ ကြားလိုက်ရလေ၏။

" ရှီးယန်စံအိမ်ကိုယ်စားပြုယှဉ်ပြိုင်သူ ယန်လင်းချီက အဆင့်ငါး မူလကောင်းကင် ဝိဉာဉ်ရည်ကို အောင်မြင်စွာသန့်စင်နိုင်ခဲ့တယ်.... သန့်စင်မှု 58%ပါ........."

ပွဲခင်းတစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားပြီး ခဏကြာတော့မှသာ တခဲနက်အားပေးသံများဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

သတ်မှတ်ချိန်မပြည့်မှီလေးမှာတင် အဆင့်ငါးဝိဉာဉ်ရည် သန့်စင်နိုင်မည်ဟု မည်သူမျှ ထင်မှတ်မထားသည်လည်း ပါပေလိမ့်မည်။

ထို့အပြင် သန့်စင်မှုသည် စုန်ချီယုထက်ပင် မြင့်မားနေသည်မှာလည်း မေးခွန်းထုတ်ချင်စရာကောင်းသော အချက်တစ်ခုဖြစ်နေသေးသည်။

အားပေးသံများဆူညံနေချိန်တွင် စုန်ချီယု လုံးဝ တောင့်တင်းနေလေပြီ.......

All Chapters