အရှိန်မြင့်လာခဲ့ပြန်ပြီ......
Vol. 7 Ch. 86
အားပေးသံများသည် ကွင်းပြင်တစ်ခုလုံးဆီ ပဲ့တင်ထပ်ဆူညံနေလေ၏။
ရှီးယန်စံအိမ် ကိုယ်စားပြုယှဉ်ပြိုင်သူ ယန်စလင်းချီသည် နောင်ဆုံးအခိုက်တန့်တွင် အဆင့်ငါးဝိဉာဉ်ရည် သန့်စင်နိုင်ခဲ့သည့်အတွက် အကုန်လုံး အံ့အားသင့်ခဲ့ကြသည်။
"ဘာ!!!!!!"
မိုလင်းနှင့် စုန်ရှန်းတို့၏ အာမေဋိတ်သံကြီးသည် မိုးချိန်းသံတမျှ ကျယ်လောင်နေသည်။
" မဖြစ်နိုင်ဘူး! !!!ဒါ လုံးဝမဖြစ်နိုင်ဘူး! !!လှည့်ကွက်သုံးထားတာပဲဖြစ်ရမယ်....."
မိုလင်း ဒေါသတကြီးရေရွတ်နေလေ၏။
ယန်လင်းချီသည် အဆင့်လေး ပဲ့တင်ထပ်သံပြုပြင်သူဖြစ်သည့်အတွက် အဆင့်ငါးဝိဉာဉ်ရည်ကို ဘယ်နည်းနဲ့မှ ဖော်စပ်နိုင်မည်မဟုတ်ပေ။
စုန်ရှန်း၏ မျက်နှာသည်လည်း လငပုပ်ဖမ်းထားသကဲ့သို့ မည်းမှောင်နေသည်။
ရုတ်တရက်ဖြစ်ပေါ်လာသော အဖြစ်အပျက်တစ်ခုကြောင့် ကြိုးစားထားသမျှ အကုန်ပျက်စီးခဲ့ရလေပြီ.....
ရွှေနဂါးဘဏ်တိုက်ဘက်တွင်......
ဉက္ကဌလုသည် မျက်လုံးအပြူးသားဖြင့် ရေရွတ်နေသည်။
" တိုက်ဆိုင်သွားတာပဲဖြစ်မှာပါ....ယန်လင်းချီက ဘယ်တုန်းကများ အဆင့်ငါးဝိဉာဉ်ရည် သန့်စင်နိုင်ခဲ့လို့လဲ....."
" စုန်ချီယုတောင် သန့်စင်နိုင်သေးတာပဲ....သူလည်း သန့်စင်နိုင်မှာပေါ့....ဘာလို့မဖြစ်နိုင်ရမှာလဲ....."
ဉက္ကဌလုသည် တူမဖြစ်သူ၏ အဖြေကြောင့် အံ့သြခဲ့ရပြန်သည်။
"သမာရိုးကျကျတွေးရမယ်ဆို နှစ်ယောက်စလုံး မသန့်စင်နိုင်လောက်ဘူး....အခုဟာက နှစ်ယောက်စလုံး သန့်စင်နိုင်တယ်ဆိုတော့ တော်ရုံကံကောင်းတာမျိုး မဟုတ်လောက်တော့ဘူး....."
" ဘယ်သိမလဲ....."
အခုချိန်တွင် ရှီးယန်စံအိမ် အနိုင်ရသွားသည့်အတွက် လီလော့ ပျော်ရွှင်နေလိမ့်မည်။ ထိုအချက်ကလွဲရင် သူမ မည်သည့်အရာကိုမှ ဂရုစိုက်မည်မဟုတ်ပေ။
ဉက္ကဌလုသည် တူမဖြစ်သူကို ခေါင်းတစ်ခါခါနှင့်ကြည့်ပြီး သက်ပြင်းချရုံသာတတ်နိုင်ရှာတော့သည်။
မည်သို့ပင်ဆိုစေ ရှီးယန်စံအိမ်အနိူင်ရသည့်အတွက် ဉက္ကဌလုလည်း ပျော်နေမိပါသည်။စုန်မိသားစု၏ သားဖြစ်သူ စုန်ယွမ်ဖန်သည် လုချင်းအာကို စာမေးပွဲဖြေဆိုနေစဉ်အတွင်း ထောင်ချောက်ဆင်ခဲ့သည့်အတွက် ဉက္ကဌလုအတော်ပင် ဒေါသထွက်ခဲ့ရသည် မဟုတ်လော......
လုချင်းအာ ဘာမှမဖြစ်ခဲ့၍သာ တော်ပေတော့သည်။ လုချင်းအာသာ တစ်ခုခုဖြစ်ခဲ့မည်ဆိုပါက စုန်မိသားစုကို လွယ်လွယ်လွှတ်ပေးလိမ့်မည်မဟုတ်ပေ။
လော့လန်အိမ်တော်ဘက်တွင်မူ ချိုင်ဝေသည်စိတ်လှုပ်ရှားနေလွန်းသဖြင့် ရင်ဘတ်ကိုလက်ဖြင့်ဖိထားပြီး တစ်ကိုယ်တည်းရေရွတ်နေသည်။
"ယန်လင်းချီ ဘယ်လိုဖြစ်ပြီး တက်ကြွသွားကတာလဲ....ကြည့်ရတာ သခင်လေးရဲ့ ချောမောတဲ့ရုပ်ရည်ကြောင့်များ စိတ်အားထက်သန်သွားတာလားမသိဘူး....နေစမ်းပါဉီး... သူအရင်က အပြင်ပန်းရုပ်ရည်ကို အလေးထားခဲ့ဖူးတာမှမဟုတ်တာ...."
ယန်လင်းချီသည် ချိုင်ဝေနှင့်မတူဘဲ ရုပ်ရည်ချောမောမှုကို ဂရုစိုက်တတ်သူမဟုတ်ခဲ့ပေ။မည်သို့ပင်ဆိုစေ ရှီးယန်စံအိမ်အတွက် အကောင်းဆုံး ရလဒ်ထွက်ပေါ်လာခဲ့ပြီမဟုတ်ပေလော.....
" မဖြစ်နိူင်ဘူး! !!!!"
" သူ ဘယ်လိုလုပ်ပြီး ငါထက်သာတဲ့ အဆင့်ငါးဝိဉာဉ်ရည်ကို သန့်စင်နိုင်ရတာလဲ....."
ကြက်သေသေနေခဲ့သော စုန်ချီယုသည် သတိပြန်ဝင်လာချိန်တွင် ရလဒ်ကို လက်မခံနိုင်ဖြစ်နေခဲ့လေ၏။
သူမ၏ ဆွဲဆောင်နိုင်မှုများသည် ဟာသတစ်ခုသာသာ ဖြစ်ကုန်ခဲ့လေပြီ.....
"သူတို့လှည့်စားထားတာပဲဖြစ်ရမယ်....."
စုန်ချီယု ဒိုင်လူကြီးများကို အော်ဟစ်လိုက်သော်လည်း အကုန်လုံးက သူမကိုလျစ်လျူရှူထားခဲ့ကြသည်။ ဒိုင်လူကြီးများသည် ရလဒ်အဆုံးအဖြတ်ပေးဖို့သာ တာဝန်ရှိသောကြောင့် ယန်လင်းချီ၏ ဝိဉာဉ်ရည်ကို စစ်ဆေးပြီးချိန်တွင် သန့်စင်မှု 58% မှန်း အတည်ပြုပြီးနောက် ပထမရသွားကြောင်း ကြေငြာပေးလိုက်ကြသည်။
"ရှီးယန်စံအိမ်ကိုယ်စားပြု ယှဉ်ပြိုင်သူ ယန်စလင်းချီက အဆင့်ငါးဝိဉာဉ်ရည်ကို အမှားအယွင်းမရှိ သန့်စင်နိုင်တဲ့အပြင် သန့်စင်မှုကလည်း 58 % ထိရှိတဲ့အတွက် ပထမရရှိသွားပါပြီ......."
"ယန်လင်းချီ ပထမရသွားကြောင်း ကြေငြာလိုက်ပါပြီ......."
ဝိုးးးးးးးး
အားပေးသံများသည် အရပ်မျက်နှာအသီးသီးမှ ပျံလွှင့်လာခဲ့ကြသည်။
" ဟေးးးးး ငါတို့နိူင်သွားပြီ....."
သန့်စင်ရေးအလုပ်ခန်းလေးထဲတွင် ယန်လင်းချီတစ်ယောက် ပျော်ရွှင်မြူးထူးစွာဖြင့် လီလော့ကို လှမ်းဖက်လိုက်လေ၏။
လီလော့အလန့်တကြား လက်မြှောက်ထားလိုက်မိသော်လည်း ထိစပ်နေသော ပါးလျမွှေးကြိုင်သော ခန္ဓာကိုယ်လေးကြောင့် ထူးဆန်းသောခံစားချက်များ ခံစားလိုက်ရသည်။
သတိပြန်ဝင်သွာချိန်တွင် ယန်လင်းချီတစ်ယောက်ရှက် အမ်းအမ်း ဖြစ်နေလေ၏။
"ဒါ ကျွန်တော့်အမှားမဟုတ်ဘူးနော်......"
// ခက်ပါရဲ့....သူပဲလာဖက်ပြီး သူပဲရှက်နေရသေးတယ်.....//
" ဂုဏ်ယူပါတယ်ဗျာ...အခုဆို အစ်မလင်းချီက ထျန်ရှုရဲ့ အကောင်းဆုံး ပဲ့တင်ထပ်သံပြုပြင်သူဖြစ်သွားပြီ......"
ထိုဂုဏ်ပုဒ်သည် ငွေကြေးအရ တန်ကြေးမရှိသော်လည်း စုန်ချီယုကို အနိုင်ပိုင်းနိုင်ခဲ့သည့်အတွက် ယန်လင်းချီ အမှန်ပင် ပျော်ရွှင်နေပါသည်။
" နင့်ကြောင့်သာ မဟုတ်ရင် အခုလိုအနိူင်ရမှာ မဟုတ်လောက်ဘူး.... ဒါပေမယ့် ဒီတစ်ခေါက်အတွေ့အကြုံအရ အဆင့်ငါးပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ဖြစ်လာဖို့ သိပ်မလိုတော့ဘူးလို့ ခံစားနေရတယ်...."
" တကယ်တော်တယ်....."
လီလော့ လက်မထောင်ပြီး ချီးကျုးလိုက်သည်။ ယန်လင်းချီသာ အဆင့်ငါးပဲ့တင်ထပ်သံပြုပြင်သူဖြစ်သွားခဲ့ပါက သူမသည် ဤနယ််တွင် လေးစားခံထိုက်သူတစ်ဉီးဖြစ်လာပေတော့မည်။
ယခုလို အနိုင်ရရှိခဲ့ခြင်းသည် လီလော့၏ ပါဝင်ကူညီပေးမှုကြောင့်မှန်း ယန်လင်းချီနားလည်ထားပါသည်။လီလော့၏ ပဲ့တင်ထပ်သံအဆင့်နှင့် ကျင့်ကြံမှုအဆင့်တို့သည် မိမိထက် များစွာနိမ့်ကျနေသောလည်း လီလော့ ထုတ်ပေးခဲ့သော ရေပဲ့တင်ထပ်သံစွမ်းအားသည် အဘယ့်ကြောင့် မိမိထက် ပိုမိုအားကောင်းနေရသနည်း။
လီလော့တွင် ဖုန်းကွယ်ထားသော လျှို့ဝှက်ချက်အချို့ရှိနေပေလိမ့်မည်။
ယန်လင်းချီ သိလိုသော်လည်း ထုတ်မမေးရန် ဆုံးဖြတ်ခဲ့ပါသည်။ လီလော့ဘက်က လိုလိုချင်ချင် ထုတ်မပြောသ၍ သူမ မေးမြန်းလိမ့်မည်မဟုတ်ပေ။
ရလဒ်ထွက်ပေါ်လာပြီးနောက် ယန်လင်းချီနှင့်လီလော့တို့နှစ်ဉီး သန့်စင်ရေးအလုပ်ခန်းထဲမှ ထွက်လာခဲ့ကြပြီး ဒေါသထွက်နေသော စုန်ချီယုကို အေးစက်စွာ လှမ်းပြောလိုက်သည်က......
"စိတ်မကောင်းပါဘူး.... နင့်ကို ပထမနေရာ မပေးလိုက်နိူင်ဘူး......"
စုန်ချီယုကလည်း အံကြိတ်ထားသော လေသံဖြင့်.......
" နင် အဆင့်ငါးဝိဉာဉ်ရည် သန့်စင်နိုင်တယ်ဆိုတာ ငါလုံးဝမယုံဘူး....."
" ငါလည်း နင့်ကို မယုံပါဘူး....နင့်ဘက်က ရလဒ်ကို လက်မခံနိုင်ရင် နှစ်ယောက်စလုံ စစ်ဆေးမှုခံယူလိုက်ကြတာပေါ့....ဘယ်လိုလဲ....."
ထျန်ရှုလို စီရင်စုလေးတွင် ကျင်းပသောပြိုင်ပွဲဖြစ်သည့်အတွက် ပြည့်စုံသော စည်းမျဉ်းစည်းကမ်းများမရှိခဲ့ပါ။ အကယ်၍ စုန်ချီယုဘက်ကသာ စစ်ဆေးမှုခံယူချင်သည်ဆိုပါက ကျွမ်းကျင်သော အဆင့်မြင့်ပဲ့တင်ထပ်သံပြုပြင်သူများကို ရှာဖွေရလိမ့်မည်။
ဆိုခဲ့သည့်အတိုင်းပင် စုန်ချီယုကို ယန်လင်းချီ လုံးဝအယုံအကြည်မရှိခဲ့ပေ။ စုန်ချီယုငည် သေချာပေါက် ညစ်ပတ်သော လှည့်ကွက်များသုံးခဲ့ပေလိမ့်မည်။
စုန်ချီယု ဘယမှဆက်မပြောနိူင်တော့သဖြင့် နှူတ်ခမ်းကိုသာ သွေးထွက်မတတ်ကိုက်ထားမိခဲ့သည်။ မိုမိသားစု၏ လျှို့ဝှက်ရေအရင်းမြစ်သည် ရှာတွေ့ရန် ခက်ခဲသည်ဟုဆိုသော်လည်း ကိစ္စရပ်များကို ရှုပ်ထွေးအောင်ပြုလုပ်ပြီး ပြသာနာရှာရန် မလိုအပ်ခဲ့ပေ။
ထို့ကြောင့် အရှုံးကိုလက်ခံလိုက်ရုံမှတပါး အခြားမရှိခဲ့ချေ......
ထို့အပြင် ပွဲတော်တွင် ပထမဆုဆွတ်ခူးခြင်းသည် စီစဉ်ထားသမျှကို အရှိန်မြင့်ပေးနိူင်သော အရာတစ်ခုမျှသာဖြစ်သည်။ ထို့ကြောင့် လက်ကျန်အစီအစဉ်များကို များစွာထိခိုက်စေမည်မဟုတ်ပေ။
ထို့ကြောင့် စုန်ချီယုသည် ယန်လင်းချီကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး.....
" နင့်ကိုယ်နင် အနိုင်ရသွားပြီထင်နေတာလား....အိမ်မက်မက်နေလိုက်....."
စုန်ချီယု ဒေါသများကို အနိုင်နိုင်မြိုသိပ်လိုက်ပြီး ပရိတ်သတ်များဘက်ကို လှည့်ကာ ကြည်လင်ရှင်းလင်းစွာနှင့်ကြေငြာလိုက်သည်က.......
" အားလုံးပဲ နားထောင်ပေးကြပါ.....ကျွန်မတို့စုန်မိသားစုကနေ အရေးကြီး ကြေငြာစရာတစ်ခုရှိပါတယ်.....ဒီနေ့ကစပြီး စုန်မိသားစုက မှင်ရေစံအိမ်နဲ့ ပူးပေါင်းပြီး ဝိဉာဉ်ရည် ထုတ်ကုန်သစ်တွေ ရောင်းချပေးတော့မှာပါ...."
"အဆင့်တစ် ကြယ်နက် ဝိဉာဉ်ရည်က သန့်စင်မှု 62% ရှိပြီး အဆင့်နှစ် လနက်ဝိဉာဉ်ရည်က သန့်စင်မှု 61%ရှိပါတယ်...အဆင့်သုံး မဟူရာကျက်သရေ သန့်စင်သောအလင်းကတော့ သန့်စင်မှု 60%ပါ.....ဒါတွေကို ဒီနေ့ကနေစပြီး စတင်ရောင်းချပေးတော့မှာပါ....."
စုန်ချီယု၏ ကြေငြာချက်ကြောင့် ပရိတ်သတ်များ ပွက်လောရိုက်နေကြပေမယ့် ဝိဉာဉ်ရာ်ထုတ်လုပ်ရေးစံအိမ်ပိုင်ရှင်များအဖို့တော့ သတင်းဆိုးတစ်ခုကြားလိုက်ရသလို အမူအရာပြောင်းသွားခဲ့ကြသည်။
ရှီးယန်စံအိမ်၏ အဆင့်တစ် မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်နှင့် အဆင့်နှစ် ပတ္တမြားဆီးနှင်း ဝိဉာဉ်ရည်တို့သည်လတ်တလော ထျန်ရှုတွင် အကောင်းဆုံးသော ဝိဉာဉ်ရည်များဖြစ်ခဲ့ကြသည်။နှစ်ခုစလုံးသည် သန့်စင်မှု 60%သာရှိသည့်အတွက် မှင်ရေစံအိမ်၏ ဖိနှိပ်ခြင်းခံရပေတော့မည်။
အခုမှသာ စုန်မိသားစု၏ ရည်ရွယ်ချက်အဥ်အမှန်ကို နားလည်ခဲ့ကြရသည်။
ပြိုင်ပွဲဝင်ခဲ့ခြင်းသည် ကျော်ကြားမှုအတွက် ပံ့ပိုးမှုတစ်ခုမျှသာပင်.....
ပထမဆုနှင့် လွဲချော်ခဲ့ရသော်လည်း ကြေငြာလိုက်သော ထုတ်ကုန်များကြောင့် အာရုံစိုက်မှုများသည် စုန်မိသားစုထံတွင်သာ စုပြုံကျရောက်နေခဲ့သည်။ယခုချိန်တွင် ပထမဆုသည်အရေးပါသော အရာမဟုတ်တော့ဘဲ ထုတ်ကုန်အသစ်ကသာ အရေးကြီးဆုံးအရာ ဖြစ်လာခဲ့လေသည်။
ထိုသတင်းကြောင့် ယန်လင်းချီ ထိတ်လန့်မိကြောင်း မငြင်းနိုင်ခဲ့ပေ။
စုန်မိသားစု၏ လှုပ်ရှားမှုကို မည်သို့ကိုင်တွယ်ဖြေရှင်းရမှန်း နားမလည်နိုင်တော့ပေ။
လီလော့ကို လှည့်ကြည့်လိုက်ချိန်တွင် လီလော့က အတောက်ပဆုံးပြုံးပြနေ၏။
ထိုအပြုံးကြောင့် သူမ၏ လေးလံဖိစီးနေမှုများအားလုံး အငွေ့ပျံသလို ပျောက်ကွယ်သွားခဲ့ပါသည်။