ဉက္ကဌရာထူးမှ ဖယ်ရှားခံရခြင်း......
Vol. 7 Ch. 95
ကျန်းချင်းအာ၏ ဒေါတကြီးအော်သံကြောင့် အကုန်လုံး အကြည့်ချင်းဖလှယ်နေကြသည်။
" မမလေး....ရှီးယန်ရှံးချုပ်ကို လူလွှတ်ပြီး အကြောင်းကြားခိုင်းထားပါတယ်....သတင်းရတာနဲ့ ဟန်ဇီရောက်လာမှာပါ....."
လဲ့ကျန်းက လူကြီးပီပီ ပြေလည်ရာပြေလည်ကြောင်း ဝင်ပြောပေးနေသည်။
ကျန်းချင်းအာက လဲ့ကျန်းကို ခေါင်းညိတ်ပြလိုက်ပြီး.....
" ကျွန်မတို့တော့ ပြသာနာတက်ပြီထင်တယ်...."
"ဟန်ဇီက ဖေဟောင့်ဘက်ကလား...."
လီလော့မေးလိုက်ခြင်းဖြစ်သည်။
ယနေ့တွေ့ဆုံပွဲသည် အိမ်တော်သခင်လေးနှင့်တရားဝင်မိတ်ဆက်ပွဲဖြစ်သဖြင့် အရေးကြီးသောပွဲဖြစ်သည်။ လီလော့ကို မလေးစားလျှင်တောင် ကျန်းချင်းအာကို လေးစားသင့်ပါသည်။
ဖေဟောင်၏ ထောက်ခံချက်မပါဘဲ ဟန်ဇီထို့သို့ ပြုမူဝံ့မည်မဟုတ်လောက်ပေ။
ကျန်းချင်းအာက လီလော့ကို ခေါင်းခါပြလိုက်ပြီး.....
" ဟန်ဇီက ဖေဟောင့်ဘက်က မဟုတ်ဘူး...သူက ကောက်ကျစ်ပြီး လိမ်မာပါးနပ်သူဆိုတော့ ဘယ်ဘက်မှမလိုက်ဘဲ ကြားနေသလို လုပ်နေတာ....သူဒီကို ရောက်မလာစရာ ဘာအကြောင်းမှမရှိဘူး...."
"အခု သူရောက်မလာဘူးဆိုတော့ ပြသာနာများရှိနေလို့လား...ဒါမှမဟုတ် ဖေဟောင်တို့ ငါတို့ထက် ကြေးပိုပေးတဲ့ တတိယလူဆီရောက်သွားတာများလား....."
လီလော့၏ ပဟေဋ္ဌိဆန်ဆန် စကားကြောင့် ခန်းမတစ်ခုလုံး ကျွက်ကျွက်ဆူကုန်လေသည်။
// ဟန်ဇီ လော့လန်အိမ်တော်ကို သစ္စာဖောက်သွားပြီလား....//
ထိုစကားကြောင့် ကျန်းချင်းအာ မျက်မှောင်ကြုံ့နေပြီး မျက်နှာထားကလည်း အေးစက်သည်ထက်ပို၍ အေးစက်လာခဲ့သည်။
လီလော့၏ ခန့်မှန်းချက် မှန်နေလောက်မည်ဟု သူမ ခံစားမိနေသောကြောင့်ပင်.....
ထိုအကြောင်းအရာကို တီးတိုးဆွေးနွေးနေစဉ်မှာ အလောတကြီး လျှောက်လှမ်းလာသော ခြေသံပြင်းပြင်းကို ကြားလိုက်ရသောကြောင့် အကုန်လုံး အခန်းဝကို ကြည့်လိုက်ကြသည်။
ရောက်လာသူသည် လီလော့ တရင်းတနှီး သိနေသော အကြီးအကဲကျန်းဖန် ဖြစ်နေသည်။ နန်ဖန်းမြို့ရှိ ရှီးယန်စံအိမ် ဉက္ကဌရွေးချယ်ပေးရန် ရောက်လာခဲ့စဉ်က ထိုသူကို မြင်တွေ့ဖူးခဲ့ခြင်းဖြစ်သည်။
ကျန်းဖန်ကို ကြည့်ရသည်မှာ အတော်ဒေါသထွက်နေပုံရသည်။
"သခင်လေးနဲ့ သခင်မလေး....သစ္စဖောက် ဟန်ဇီက ရှီးယန်စံအိမ်ကနေ ဒူဇီအိမ်တော်ရဲ့ ကြီးမြတ်သောရေအိုင်စံအိမ်ကို ပြောင်းရွှေ့သွားပြီလို့ ရုတ်တရက်ကြေငြာသွားတယ်....ပြီးတော့ သန့်စင်ရေးအလုပ်ရုံက အလုပ်သမားတွေကိုပါ ခေါ်သွားတယ်.....သုတေသနအခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားသေးတယ်....."
ကျန်းဖန် သည်းမခံနိုင်လောက်အောင် ဒေါသထွက်နေသော အမူအရာဖြင့် မအော်ရုံတမယ် ပြောပြပေးနေသည်။
ခန်းမအတွင်းရှိ အုပ်ချုပ်ရေးမှူးများသည်လည်း ထိုသတင်းကြောင့် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြလေသည်။
// ဟန်ဇီ ရူးနေပြီလား....အိမ်တော်ကိုသစ္စာဖောက်တဲ့အပြင် ပညာရှင်တွေကိုလည်းခေါ်သွားတယ်....သုတေသနအခန်းကိုလည်း မီးရှို့သွားသေးတယ်....//
ခန်းမထဲတွင် ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းသံများ ဆူညံနေလေသည်။
လီလော့ အိုစာသွားလေသည်။ ရှီးယန်စံအိမ်တွင် အလုပ်လုပ်ဖူးသူဖြစ်သည့်အတွက် သန့်စင်ရေးအလုပ်ရုံအတွက် ပညာရှင်များရှိနေရန် မည်မျှအရေးကြီးကြောင်း လီလော့ နားလည်ထားပေသည်။
ရှီးယန်ကို မကျေနပ်၍ အလုပ်ထွက်မည်ဆိုပါက ဒီအတိုင်းထွက်သွားနိူင်ပေသည်။သို့သော် ဟန်ဇီသည် ရှီးယန် အခြေပျက်အောင် ဖျက်လို့ဖျက်ဆီးလုပ်သွားခြင်းဖြစ်သည်။
သုတေသနခန်းမဟူသည် ဝိဉာဉ်ရည်ထုတ်လုပ်သည့်စံအိမ်အတွက် အသက်သွေးကြောတမျှအရေးပါသော နေရာတစ်ခုဖြစ်သည်။သုတေသနခန်းမတစ်ခုတည်ထောင်နိုင်ရန် များစွာရင်းနှီးထားရသောကြောင့် ဟန်ဇီ့လုပ်ရပ်သည် ရှီးယန်ကို များစွာဆုံးရှုံးနစ်နာစေသည်။
ဟန်ဇီသည် အချိန်မရွေး ထွက်သွားနိူင်ပါလျှက်နှင့် အိမ်တော်သခင်လေး ရောက်လာချိန်မှ အခုလို ထလုပ်သည်ဆိုတော့....လီလော့ကို ပစ်မှတ်ထားနေမှန်းသိသာလွန်းနေသည်။
" တော်ကြတော့!!!!"
ကျန်းချင်းအာ၏ အော်သံကြောင့် စကားသံများ တိတ်ကျသွားလေ၏။
" လော့လန်အိမ်တော်ကို ဒုက္ခပေးဖို့ ဒူဇီအိမ်တော်က သေချာအကွက်ချစီစဉ်ထားတာပဲ....."
သူမ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် စိုးစဉ်းမျှရှိမနေဘဲ လေးနက်ခြင်းများသာ တည်ရှိသည်။
" လာပြန်ပြီလား ဒူဇီအိမ်တော်....."
လီလော့ ကျန်းချင်းအာဘေးမှာ ဝင်ထိုင်လိုက်ပြီး စီချိုးယင်း သတိပေးသွားသောစကားများကို ပြန်စဉ်းစားနေခဲ့မိသည်။ထိုအိမ်တော်သည် လီလော့ ရှမြို့တော်တွင် ခြေချလိုက်ကတည်းက အကောက်ကြံရန် စီစဉ်နေကြခြင်းဖြစ်သည်။
" သူတို့ ဟန်ဇီကို ရအောင်ခေါ်ဖို့ တော်တော်အားစိုက်ထားပုံရတယ်....ဒီလိုမှမဟုတ်ရင် ဟန်ဇီဒီလောက်ထိ လုပ်ရဲမှာ မဟုတ်ဘူး....."
ကျန်းချင်းအာ၏ စကား မှန်ပေသည်။ ဤသည်မှာ ကျန်းချင်းအာကိုသာမကဘဲ အိမ်တော်သခင်လေးကိုပါ ထိပါးစော်ကားခြင်းမျိုးဖြစ်သည်။
လီလော့ အိမ်တော်သခင်အဖြစ်တရားဝင်ကြေငြာချိန်တွင် တမင်အားယုတ်သွားအောင် ရည်ရွယ်ချက်ရှိရှိ အချိန်ကိုက် သစ္စာဖောက်သွားခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ လီလော့ ခေါင်းဆောင်အဖြစ်တာဝန်ယူနေချိန်တွင် ဖြစ်ပွားခဲ့သော သစ္စာဖောက်မှုဖြစ်သည့်အတွက် လီလော့ လူတကာ လက်ညှိုးထိုးခံရပေလိမ့်မည်။
ထို့အပြင် ဟန်ဇီ၏ သစ္စာဖောက်မှုကို လီလော့၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တခြားစံအိမ်ဆီ ထွက်ပြေးသည်ဟုသာ ထင်နေကြလိမ့်မည်။
လီလော့ သက်ပြင်းချလိုက်မိလေသည်။ဤသည်မှာ အိမ်တွင်းရေးအရှုပ်အတော်ပုံအစစ်အမှန်ပင်ဖြစ်သည်။ထိုအရာနှင့် ယှဉ်လိုက်ပါက စုန်မိသားစုနှင့် ရင်ဆိုင်ရခြင်းသည် ကလေးကစားနေသလောက်သာထင်ရသည်။
" ဒီတစ်ခါတော့ ဒူဇီအိမ်တော်က တော်တော်တရားလွန်သွားပြီ.... ဒီအတိုင်း လက်ပိုက်ကြည့်နေကြတော့မှာလား......"
လဲ့ကျန်းသည် ဒေါသထွက်လွန်းနေသဖြင့် အသံများပင် တုန်ရီနေသည်။
" ကျွန်မတို့ အိမ်တော်နှစ်ခုစလုံးက ရန်သူတွေပဲလေ.......တစ်ဖက်ကို အပြစ်တင်နေတာ နုံအလွန်းရာကျမနေဘူးလား.....ဒီအကြွေးကို သေချာမှတ်ထားကြပါ....အလှည့်ကျရင် မနွဲ့ကျစတမ်းပေါ့....."
ကျန်းချင်းအာ ဒေါသထွက်နေသော်လည်း အကျိုးကြောင်းသင့်စွာ တွေးခေါ်နေရသည်။ လော့လန်အိမ်တော်၏.လက်ရှိအခြေနေဖြင့် တစ်ဖက်ကို စိန်ခေါ်မည်ဆိုပါက ထိုမုန်တိုင်းကြားတွင် ခက်ခဲစွာ ရုန်းကန်ရပေလိမ့်မည်။
" သခင်လေး...သခင်မလေး....အခု ရှီးယန်ရုံးချုပ်က လုံးဝကို ဝရုန်းသုန်းကားဖြစ်နေပြီ....တစ်ခုခုလုပ်မှ ဖြစ်မယ်ထင်တယ်....."
"ဖန်ချန်းချီကလည်း မီးတောက်ထဲ ဆီဝင်လောင်းနေတယ်.....ဟန်ဇီမရှိတော့တဲ့အတွက် ဉက္ကဌအသစ်ရွေးဖို့ပြောနေတယ်....."
ကျန်းဖန် ဒေါသကို အနိုင်နိူင်ထိန်းပြီး သိသင့်သမျှအားလုံးကို တင်ပြပေးနေသည်။
"ဖန်ချန်းချီက ဖေဟောင် ရွေးထားတဲ့သူ....သူ့ကြောင့် ရှီးယန်စံအိမ်ကို ငါ ကိုင်တွယ်ဖို့ ကြိုးစားတိုင်း အခက်ကြုံနေရတာ....ဟန်ဇီက နဂိုကတည်းက သာပေါင်းဆိုတော့ ဖန်ချန်းချီက ရှီးယန်မှာတော်တော်များများကို ထိန်းချုပ်ထားနိူင်နေပြီ......"
ကျန်းချင်းအာ ရှင်းပြသည်ကို လီလော့ နားလည်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။လက်ရှိအခြေနေသည် ထျန်ရှုတုန်းက ကြုံတွေ့ခဲ့ရသည့်အတိုင်းပင်...သို့သော်လည်း ဖန်ချန်းချီသည် ဇောင်ရီထက် ပို၍ ကိုင်တွယ်ရခက်ခဲမည့်သူဖြစ်သည်။
ဖန်ချန်းချီ၏ ဇာတ်ကြောင်းကို လီလော့ နန်ဖန်းတွင်ရှိစဉ်ကတည်းက ကြားဖူးခဲ့ပါသည်။ဖန်ချန်းချီသည် ဉက္ကဌဖြစ်ရန် အလားအလာရှိသော်လည်း လီလော့၏ မိဘများက ဟန်ဇီကိုသာ ဉက္ကဌအဖြစ်ရွေးချယ်ခဲ့သည်။
လီလော့၏ မိဘများအပေါ် မကျေမနပ်ဖြစ်နေသော ဖန်ချန်းချီသည် ဖေဟောင်နှင့်ပူးပေါင်းလိုက်ပုံရသည်။
ယခုချိန်တွင် မိဘများရွေးချယ်ခဲ့သော ဟန်ဇီကိုလည်း မှီခို၍ မရတော့ပေ။ ထို့အတွက် မိဘများကိုလည်း အပြစ်မဆိုသာခဲ့ပေ။လော့လန်အိမ်တော် တည်ထောင်ကစတုန်းက အခြေမခိုင်သေးသည့်အတွက် လူကောင်းလူဆိုးရွေးမနေဘဲ သင့်တော်သူများကို အလုပ်ခန့်ခဲ့ခြင်းဖြစ်သည်။ နောက်မှ တဖြည်းဖြည်းချင်း ယုံကြည်ရသူများနှင့် လူစားထိုးမည်ဟု ရည်ရွယ်ထားခဲ့ပုံရသည်။.သို့သော်လည်း ထိုသို့မလုပ်နိုင်ခင်မှာတင် မိဘနှစ်ပါးစလုံး ပျောက်ဆုံးသွားခဲ့ကြသည်။
" အကြီးကဲကျန်း...ကျေးဇူးပြုပြီး ရှီးယန်ကို ဒီတစ်ညလောက်တော့ ငြိမ်အောင်ထိန်းပေးထားပါဉီး.....မနက်ဖြန်ကျရင် သခင်လေးနဲ့ ကျွန်မကိုယ်တိုင် လာဖြေရှင်းပေးပါ့မယ်.....စိတ်မပူပါနဲ့ ...ရှီးယန်က ကျွန်မတို့လော့လန်အိမ်တော်အတွက် အဖိုးမဖြတ်နိုင်တဲ့နေရာတစ်ခုပါ.....ဘယ်တော့မှ အပျက်စီးမခံပါဘူး....."
" ကောင်းပါပြီ....."
ကျန်းဖန် လီလော့တို့ကို နှုတ်ဆက်ပြီးတာနဲ့ စီစဉ်စရာရှိသည်များကို စီစဉ်ရန် အလျင်စလို ထွက်ခွာသွားလေ၏။
ကျန်းဖန် ထွက်ခွာသွားပြီးနောက် ခန်းမထဲရှိလေထုသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။
ထိုကိစ္စရပ်သည် လူရယ်စရာကိစ္စတစ်ခုအဖြစ် ရှမြို့တော်တခွင် ပျံ့နှံနေပေတော့မည်။
ဒူဇီအိမ်တော်သည် အမှန်ပင် ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်းလှသည်။