← Chapters

ရှီးယန်စံအိမ်ရုံးချုပ်......

Vol. 7 Ch. 96

ရှီးယန်စံအိမ်ရုံးချုပ်......

Vol. 7 Ch. 96

နောက်တစ်နေ့နံနက်တွင်......

နံနက်နေထွက်ချိန်တကည်းက လီလော့တစ်ယောက် ပေါင်ပေါင့်လက်ရာ အာဟာရပြည့်စားသောက်ဖွယ်ရာများကို တနင့်တပိုးစားသောက်ပြီး နှာခေါင်းသွေးပင် လျှံသွားခဲ့လေသည်။

နံနက်စာ စားပြီးနောက် လီလော့သည် ကျန်းချင်းအာနှင့်အတူ ရှီးယန်ရုံးချုပ်ဆီသွားခဲ့ကြသည်။ ချိုင်ဝေနှင့် ယန်လင်းချီတို့နှစ်ယောက်လည်း မပါမဖြစ် ပါလာခဲ့ကြသည်။

ရထားလုံးပေါ်တွင် မိန်းမလှသုံးဉီး၏ ကိုယ်သင်းနံများ သင်းထုံနေလေ၏။

"ချင်းအာ.....ဟန်ဇီရှိနေတုန်းက ဟော့ဟော့ရမ်းရမ်းတွေ သိပ်မလုပ်ခဲ့ပေမယ့် ဖန်ချန်းချီကတော့ ငြိမ်နေမယ့်သူမဟုတ်ဘူး....အခု ဟန်ဇီမရှိတော့ဘူးဆိုတော့ ဖန်ချန်းချီ ထင်တိုင်းကြဲနေတော့မယ်ထင်တယ်....."

ယန်လင်းချီက စိုးရိမ်ပူပန်နေဟန်ဖြင့် ကျန်းချင်းအာကို လှမ်းပြောနေသည်။

" ရှီးယန်ရုံးချုပ်က အတော်လေး အခြေပျက်နေပြီ....ထုတ်ကုန်တွေ ထပ်ထုတ်ဖို့ဆိုရင် ဉက္ကဌအသစ် အမြန်ခန့်မှဖြစ်မယ်....နို့မို့ဆို ဆုံးရှုံးမှု ပိုများလာလိမ့်မယ်....."

ချိုင်ဝေကလည်း ဝင်ရောက် မှတ်ချက်ပေးနေသည်။

"ဖန်ချန်းချီက ဒီလိုတွေ ဖြစ်စေချင်နေတာများလား......"

ကျန်းချင်းအာ ချိုင်ဝေ့အပြောကို ခေါင်းညိတ်ထောက်ခံလိုက်ပြီး.....

"ဂုဏ်သတင်းနှင့် ကျွမ်းကျင်မှုအပိုင်းမှာ ဖန်ချန်းချီကို ဘယ်သူမှ မယှဉ်နိူင်ဘူး.....သူ့ကိုပဲ

ဉက္ကဌအဖြစ် ရွေးကြမှာသေချာတယ်....ကြားနေသမားတွေတောင် သူ့ကိုပဲထောက်ခံကြလိမ့်မယ်....."

" ဒါပေမယ့် ဖန်ချန်းချီသာ ဉက္ကဌဖြစ်သွားရင် ဖေဟောင် ငါတို့ကိုကောင်းကောင်းဒုက္ခပေးတော့မှာ....ငါတို့အဖြစ်က စုပ်လည်းစူး စားလည်းရူးဖြစ်နေပြီ....."

" ဟမ်...."

ချိုင်ဝေ၏ အကျိုးသင့်အကြောင်းသင့်ထောက်မှုကြောင့် ယန်လင်းချီ ထိတ်လန့်သွားခဲ့မိသည်။ သူမသည် ထျန်ရှုစီရင်စုတွင် ဉက္ကဌအဖြစ် တာဝန်ယူနိုင်ခဲ့သော်လည်း ရုံးချုပ်အတွက် အရည်အချင်းမပြည့်မှီခဲ့ပေ။ ယန်လင်းချီကိုသာ ရုံးချုပ် ဉက္ကဌအဖြစ် ခန့်အပ်လိုက်မည်ဆိုပါက ကျန်းချင်းအာဘက်တော်သားများပင် ကန့်ကွက်ကြပေလိမ့်မည်။

"နင်တို့ပြောပုံအရဆို ငါတို့မှာ ရွေးချယ်စရာမရှိတော့တာကျနေတာပဲ....."

ကျန်းချင်းအာ ရယ်မောပြီး ဟာသနှောနေလေ၏။

အံ့သြနေသော ယန်လင်းချီနှင့် ချိုင်ဝေ

တို့ကို ကျန်းချင်းအာက လီလော့ရှိရာဘက်သို့ မေးထိုးပြလိုက်လေသည်။

" ငါလား..."

ကျန်းချင်းအာ၏ ညွှန်ပြမှုကြောင့် လီလော့ ကိုယ်တိုင်ပင် လန့်ဖြန့်သွားရလေသည်။

" ငါက ပဲ့တင်ထပ်သံပြုပြင်သူဆိုပေမယ့် အခုမှ အဆင့်နှစ်ပဲရှိသေးတာ...ရုံးချုပ်ဉက္ကဌနေရာအတွက် ဘယ်လ်ိုမှ သင့်တော်မှာမဟုတ်ဘူး....."

ကျန်းချင်းအာက လီလော့ကို ပြုံးပြလိုက်ပြီး.....

" အရည်အချင်းပိုင်းမှာ လိုအပ်ချက်ရှိကောင်းရှိမယ်ဆိုပေမယ့် နင့်မှာ တခြားအားသာချက်တစ်ခုရှိနေတယ်....အဲ့တာ..နင့်အဆင့်အတန်းပဲ......"

" နင်က လော့လန်အိမ်တော်ရဲ့သခင်လေးဆိုတော့ နင်သာ ဉက္ကဌလုပ်မယ်ဆို ရှီးယန်ရုံးချုပ်က သက်ကြားအိုကြီးတွေတောင် ငြင်းရဲမှာမဟုတ်ဘူး....ပြီးတော့ နင် ထျန်ရှုမှုတုန်းက လင်းချီနဲ့အတူ ရှီးယန်ကို တိုးတက်အောင်လုပ်ပေးခဲ့တာတွေ ရှိသေးတယ်လေ..... နင့်ကိုယ်နင် သတိမထားမိပေမယ့် နင့်လောက် ဉက္ကဌရာထူးနဲ့ သင့်တော်တဲ့သူမရှိနိူင်တော့ဘူး....."

ကျန်းချင်းအာ၏ စကားများကြောင့် ချိုင်ဝေတို့ဉာဏ်အလင်းပွင့်သွားသလို မျက်ဝန်းများ တောက်ပလာကြသည်။

လီလော့ စိတ်အားထက်သန်နေသော မိန်းမပျိုသုံးဉီးကို ကြည့်လိုက်ပြီး......

" ဒီလိုဆိုရင်တောင် ယာယီလောက်ပဲ တာဝန်ယူပေးနိူင်လောက်မယ်....ရုံးချုပ်ရဲ့ လက်ရှိအခြေနေကို အစ်မတို့လည်း မြင်နေတာပဲ....ပညာရှင်တွေ မရှိတော့တဲ့အတွက် အတွင်းရေးတွေ အတော်ရှုပ်ထွေးနေလောက်ပြီ.....ကြီးမြတ်သောရေအိုင်စံအိမ်လို စံအိမ်ကြီးတွေနဲ့ ယှဉ်ပြိုင်ချင်တယ်ဆို ရှီးယန်မှာ ပြောင်းလဲမှုတွေ စတင်ဖို့လ်ိုအပ်လာပြီ....ကျွန်တော် ဒီအကြောင်းကို ညတုန်းကတည်းက အစ်မကြီးချင်းအာကို ပြောထားပြီးသားပါ...."

ကျန်းချင်းအာ တခဏလောက် စဉ်းစားပြီး​နောက် ခေါင်းညိတ်ပြလိုက်လေသည်။

"ဘာပဲဖြစ်ဖြစ် နင်က လော့လန်အိမ်တော်ရဲ့ စစ်မှန်တဲ့သခင်လေးပါ....နင်သာ လုပ်ချင်တဲ့ဆန္ဒရှိမယ်ဆို ငါနင့်ကို ထောက်ခံပေးမယ်....."

" ဒါဆိုလည်း အစ်မကြီးချင်းအာကို ကြိုတင် ကျေးဇူးတင်ထားရတော့မှာပဲ....."

ချိုင်ဝေနှင့် ယန်လင်းချီတို့ခင်မျာ နှစ်ဉီးသား စကားဖလှယ်နေမှုကို စမ်းတဝါးဝါးနှင့်သာ မှတ်သားနေရရှာသည်။

...............................

ရှီးယန်ရုံးချုပ်သည် ရှမြို့တော်၏ တောင်ဘက်အရပ်တွင်ရှိနေသောကြောင့် လော့လန်ပင်အိမ်တော်နှင့် နယ်မြေတစ်ခုတည်းတွင်းတည်ရှိနေသည်ဟုဆိုရပေမည်။

သို့သော်လည်း ရှုပ်ထွေးလှသော လမ်းမကြီးများနှင့် ယာဉ်ကြောပိတ်ဆို့မှုတို့ကြောင့် တစ်နာရီကျော်ကြာအောင် အချိန်ယူခဲ့ကြရသည်။

ရှီးယန်ရုံးချုပ်သည် နန်ဖန်းတွင်ရှိသော ရှီးယန်စံအိမ်ထက် အဆပေါင်းများစွာ ခမ်းနားထည်ဝါလှပါသည်။

ပင်မတံခါးဝတစ်ဖက်တစ်ချက်စီတွင် ခမ်းနားထည်ဝါလှသော ကျောက်သားခြင်္သေ့ရုပ်ထုကြီးနှစ်ခုရှိနေပြီး ပင်မတံခါးကနေ ဖြတ်ကျော်လာသည့်အခါ မြင့်မားလှသည့်အဆောက်အအုံကြီးကို မြင်တွေ့လိုက်ရသည်။

လမ်းသွားလမ်းလာအချို့က ရှီးယန်ရုံးချုပ်ကို လက်ညှိုးထိုးကာ အချင်းချင်းရယ်မောပြောဆိုနေကြသည်။

ဤသည်ကို ကြည့်ချင်းအားဖြင့် ပညာရှင်များ နှုတ်ထွက်သွားသည့်သတင်းသည် ရှမြို့တော်တခွင် ပျံနှံနေပြီဖြစ်ကြောင်း ထင်ရှားနေပေသည်။

ရထားလုံးရပ်တန့်သွားချိန်တွင် လီလော့တို့ ရောက်ရှိလာမှုကို အားလုံးက အာရုံစိုက်မိသွားခဲ့ကြသည်။

"ဆံပင်ငွေရောင်နဲ့ကောင်လေးက လော့လန်အိမ်တော် သခင်လေး လီလော့မဟုတ်လား...."

"ဝိုးးး တကယ့်ကို အဖေတူသားပဲ....ဟိုတုန်းကဆို လီတိုင်ရွှမ်ရဲ့ချောမောမှုကြောင့် မိန်းကလေးတိုင်း အသည်းစွဲ​ကြိုက်ခဲ့ကြတာလေ....ယောက်ကျားလေးတွေအတွက်တော့ လီတိုင်ရွှမ်ကို မုန်းလိုက်ကြတာပြောမနေပါနဲ့တော့....."

" လီလော့ကတော့ သူ့အဖေကို ကျော်တက်တော့မယ်ထင်တယ်....."

"ဟဲ့..လီတိုင်ရွှမ်ရဲ့ ကျော်ကြားမှုက ရုပ်ချောတာတစ်ခုတည်းမှမဟုတ်တာ....သူက တကယ့်ကို သန်မာတယ်လေ....ရှပြည်ထောင်စုရဲ့ အသက်ငယ်ဆုံး မြို့စားအဆင့် ကျင့်ကြံသူဖြစ်ခဲ့တယ်မဟုတ်လား....လီလော့က ချောတော့ချောပေမယ့် အနှစ်မရှိတဲ့ ကျီးအာသီးပါဟယ်......"

" ငါကြားထားတာတော့  လီလော့ရောက်လာလို့ ဉက္ကဌ ဟန်ဇီ ထွက်ပြေးသွားတာဆို...အဲ့တာဟုတ်လား....."

" အဓိပ္ပါယ်မရှိလိုက်တာ...."

"ဟားးဟားးး ဘယ်သူသိနိုင်မှာလဲ.... အကြောင်းအရင်းမရှိဘဲ ဒါမျိုးဖြစ်လာနိုင်ပါ့မလား....တိုက်ဆိုင်တာတော့လုံးဝမဖြစ်နိူင်ဘူး....."

"..........."

တီးတိုးပြောဆိုနေသော စကားသံများကို လျစ်လျူရှူထားလိုက်ပြီး လီလော့ မိန်းမလှသုံးဉီးနှင့်အတူ ရုံးချုပ်ထဲသို့ ဝင်သွားခဲ့လေသည်။

ရုံးချုပ်ထဲတွင် လုံးဝဖရိုဖရဲဖြစ်နေပြီး လီလော့တို့ကို လာကြိုမည့်သူပင်မရှိချေ။

ကျန်းချင်းအာက ယောက်ယက်ခတ်နေသော ဝန်ထမ်းခေါ်လိုက်ပြီး.....

" အကြီးအကဲတွေနဲ့ ဒုဉက္ကဌဖန်တို့ ဘယ်ရောက်နေကြတာလဲ......"

ဝန်ထမ်းတွေခင်မျာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြပြီး မဝံမရဲလေသံနှင့် ပြန်ဖြေရှာသည်။

" ဒုဉက္ကဌဖန်တို့တွေ ကတောက်ကဆဖြစ်နေကြတယ်......"

ကျန်းချင်းအာ ဘာမှ ပြောနေတော့ဘဲ ရှေ့သို့သာ ဆက်လျှောက်သွားခဲ့သဖြင့် လီလော့တို့လည်း နောက်ကနေ ကတိုက်ကရိုက်လိုက်သွားခဲ့ကြရသည်။

စမ်းချောင်းလေးတစ်ခုကို ကျော်ဖြတ်လာပြီးချိန်တွင် ခြံဝန်းတစ်ခုထဲ၌ ပညာရှင်ပေါင်းများစွာ စုဝေးနေသည်ကို လှမ်းမြင်လိုက်ရသည်။

" လူကြီးမင်းတို့...ရူးနေတဲ့ဟန်ဇီက ရှီးယန်ကို သစ္စာဖောက်သွားတဲ့ အပြင် သုတေသနခန်းမကိုပါ မီးရှို့သွားလိုက်သေးတယ်....အဲ့တော့ ကျုပ်တို့တွေ ဉက္ကဌအသစ် တင်မြှောက်ရတော့မယ်....ဒုဉက္ကဌဖန်ကသာ ဉက္ကဌဖြစ်သင့်တယ်......"

တစ်ယောက်က ထိုသို့ထအော်လိုက်သောအခါ အကုန်လုံး၏ အမျက်ဒေါသများသည် ဟန်ဇီ့အပေါ်စုပြုံကျရောက်သွားလေတော့သည်။

" ဟုတ်တယ်...ဟန်ဇီက သေသင့်တဲ့ကောင်....ဒုဉက္ကဌဖန်ကို ဉက္ကဌအဖြစ်တင်မြှောက်ကြမယ်....."

" အခြေနေတွေတည်​ငြိမ်သွားအောင် လွတ်နေတဲ့နေရာကို မြန်မြန်ဖြည့်ရမယ်....ဒုဉက္ကဌဖန်ကသာ ဉက္ကဌရာထူးအတွက် အသင့်တော်ဆုံးပဲ...... "

ပညာရှင်များရှေ့တွင် သုန်မှုန်စွယရပ်နေသော ကျန်းဖန်က......

" ဉက္ကဌရာထူးကို သခင်လေးနဲ့ သခင်မလေး လာမှ ဆုံးဖြတ်ပေးလိမ့်မယ်...ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်နေလို့မရဘူး!!!!"

" သခင်လေး ရောက်မလာခင်ထိ အကုန်အဆင်ပြေနေသားနဲ့....သခင်လေးက ဒုက္ခကို သယ်လာတာပဲ....."

"ဘယ်ကောင် ပေါက်ကရတွေပြောနေတာလဲ!!!!"

တစ်စုံတစ်ယောက်၏ မကျေမနပ်ညီးတွားသံကြောင့် ကျန်းဖန် ဒေါသပုန်ထနေလေပြီ.....

"ကျားအသည်းစားထားသလို သတ္တိကောင်းနေကြတယ်ပေါ့.....သခင်လေးက လော့လန်အိမ်တော်ကောင်းကျိုးအတွက် အရာရာစီမံပေးဖို့ ရှမြို့တော်ကို ရောက်လာတာကွ.....မင်းတို့လို အမြင်ကျဉ်းတဲ့ကောင်တွေ ဆီကမေးခွန်းထုတ်ခံရဖို့ရောက်လာတာဟုတ်ဘူး......."

ကျန်းဖန်၏ ဒေါသအကြောင်း ရုံးချုပ်တွင် မသိသူမရှိသောကြောင့် မည်သူမျှ အထွန့်မတက်ရဲကြတော့ပေ။

" ဒေါသမကြီးပါနဲ့ အကြီးကဲကျန်းရယ်....ဘယ်သူကမှ သခင်လေးကို အပြစ်မမြင်ကြပါဘူး....အကုန်လုံး စိတ်ရှုပ်နေကြတာဆိုတော့ အကြီးအကဲကျန်းကပဲ နားလည်ပေးလိုက်ပါ....."

ထိုစကားသည် လူအုပ်ကြီးကို ဖြတ်လျှောက်လာသော မျက်ပေါက်ကျဉ်းကျဉ်းနှင့် နွေးထွေးသော အမူအရာရှိသူ.သက်လတ်ပိုင်းအရွယ်ယောက်ကျားတစ်ဉီးထံမှထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသူရောက်ရှိလာချိန်တွင် အားပေးနှုတ်ဆက်သံအချို့ ထွက်ပေါ်လာခဲ့သည်။

" ရောက်လာပြီလား ဒုဉက္ကဌဖန်....."

ကျန်းဖန်က ထိုသူကို ရှုတင်းတင်းအကြည့်ဖြင့် ကြည့်လိုက်ပြီး.....

" ဖန်ချန်းချီ...ငါမင်းနဲ့လေကုန်ခံပြီး စကားမများချင်ဘူး.....သခင်လေးတို့တွေ မကြာခင်ရောက်လာကြလိမ့်မယ်.....မင်း ဘာမှပွဲဆူအောင် ဆွပေးနေစရာမလိုဘူး...သခင်လေးတို့စိတ်ကြိုက်ရွေးချယ်လိမ့်မယ်....စောင့်ကြည့်နေလို​က်တာ အကောင်းဆုံးပဲ....."

မျက်ပေါက်ကျဉ်းကျဉ်းနဲ့ ဖန်ချန်းချီက ခပ်တိုးတိုးသာ ရယ်မောနေလေ၏။

သို့သော်လည်း လူအုပ်ထဲကတစ်ယောက်က.....

" ရှီးယန်မှာ ဒုဉက္ကဌဖန်လောက် ဉက္ကဌရာထူးအတွက် သင့်တော်မယ့်သူမရှိတော့ဘူး...ကျုပ်တို့ကလည်း ဒုဉက္ကဌဖန် မဟုတ်ရင် ဘယ်သူ့ကိုမှ လက်မခံနိုင်ဘူး......"

ကျန်းဖန် ဒေါသထွက်လွန်းနေသဖြင့် မျက်နှာတစ်ခုလုံးစိမ်းပြာနေလေပြီ။

ဟန်ဇီ၏ သစ္စာဖောက်မှုကို အခွင့်ကောင်းယူပြီး.ဖန်ချန်းချီ ပွဲလန့်တုန်း ဖျာခင်းချင်နေမှန်း ကျန်းဖန် သိနေပါသည်။

အရည်အချင်းနှင့် နာမည်ကျော်ကြားမှုပိုင်းတွင် ဖန်ချန်းချီကို ယှဉ်နိုင်မည့်သူမရှိမှန်းလည်း ကျန်းဖန် သိထားပါသည်။

သဘေယထားကွဲလွဲမှုတွေ ထပ်ဖြစ်လာမည်ဆိုပါက လက်ကျန် ပညာရှင်များပါ အလုပ်ထွက်ကုန်ကြလိမ့်မည်။ထိုအခါကျမှသာ ရှီးယန်ကို တကယ်ပင် မြှုပ်နှံသဂြိုလ်လိုက်ရပေတော့မည်။

မည်သည့်ဘက်မှ ကြည့် ကြည့် ဤဒုက္ခမှလွတ်မြောက်ရန် လမ်းမမြင်ခဲ့ပေ။

ကျန်းဖန် စိတ်ဓာတ်ကျနေချိန်တွင် တည်ကြည်သော စကားသံကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။

" ကျုပ်အထင် ကျုပ်ပဲ ဉက္ကဌလုပ်ရတော့မယ်ထင်တယ်......"

All Chapters