← Chapters

လီလော့၏ခွန်အား.......

Vol. 7 Ch. 98

လီလော့၏ခွန်အား.......

Vol. 7 Ch. 98

လီလော့ထံတွင် ဤမျှ အားကောင်းသောဝှက်ဖဲရှိနေမည်ဟုထင်မထားသောကြောင့် ဖန်ချန်းချီ အတော် မျက်နှာပျက်နေလေသည်။

ထျန်ရှုတွင် ဖြစ်ပျက်ခဲ့သမျှတိုင်းကို အသေးစိတ်မသိခဲ့ရသော်ကြောင့် ယခုလို မျက်မြင်တွေ့ရမှသာ ထျန်ရှုစီရင်စုတွင်ရှိ​သော ​ရှီးယန်စံအိမ် တိုးတက်လာရခြင်းအကြောင်းအရင်း အစစ်အမှန်ကို နားလည်ခဲ့ရသည်။

//နေစမ်းပါဉီး....  လီလော့ ဒီပညာရပ်ကို ဘယ်ကရလာတာလဲ....သူ့မိဘတွေချန်ထားပေးခဲ့တာများလား...ဒါဆို ဘာလို့ စောစောစီးစီးထဲက ထုတ်မပေးရတာလဲ....ဒီပညာရပ်ကို စောစောစီးစီး ထုတ်ပေးခဲ့မယ်ဆို ရှီးယန်ရဲ့ အခြေနေက အခုထက်အဆပေါင်းများစွာ ပိုကောင်းသွားမှာမဟုတ်လား.....//

ဖန်ချန်းချီတစ်ယောက် အတွေးပေါင်းစုံယောက်ယက်ခတ်နေသော်လည်း လီလော့ကတော့ ပညာရှင်များဘက်ကို လှည့်ပြီး.....

" ဒီလောက်ဆို ကျွန်တော် ဉက္ကဌရာထူး ယူလို့ရပြီလား....."

အစောပိုင်းက ကန့်ကွက်နေသူအားလုံး ရှက်အမ်းအမ်းဖြစ်ကုန်ကြပြီး တသံမျှ ထွက်မလာရဲကြပေ။

တိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမည်ပေသည်။

ပြုံးပန်းဝေဆာနေသော အကြီးအကဲကျန်းကသာ အကုန်လုံးကိုယ်စား အသံကျယ်ကြီးဖြင့် ဖြေပေးလိုက်ရသည်။

" ကျုပ်ဘက်ကတော့ လုံးဝကို ငြင်းစရာမရှိပါဘူး သခင်လေး......"

ဖန်ချန်းချီ ဘာတစ်ခွန်းမှ မပြောခဲ့သော်လည်း ရင်ထဲတွင် ဒေါသများပေါက်ကွဲနေ၏။ ဉက္ကဌရာထူး သေချာပေါက်ရမည်ဟု မှန်းဆထားသော်လည်း လီလော့ ရုတ်တရက်ရောက်ချလာသောကြောင့် စီစဉ်များ ပျက်စီးခဲ့ရလေပြီ။

ယခုချိန်တွင် လီလော့ ဉက္ကဌရာထူးရသွားသည်ကို နှောက်ယှက်ရန် အကြောင်းပြချက်မရှိတော့ပေ။

ကံကောင်းစွာဖြင့် ပညာရှင်အချို့ကို တိတ်တဆိတ်စည်းရုံးထားသောကြောင့် လီလော့သည် ဉက္ကဌရာထူးရသွားသည့်တိုင် စစ်မှန်စွာ အောင်ပွဲခံနိုင်လိမ့်မည်မဟုတ်ပေ။

ထိုလူတွေကိုသုံးပြီး လီလော့ကို အခက်တွေ့အောင် တဖြည်းဖြည်းချင်း ကြံစည်ရမည်။

မည်သို့ပင်ဆိုစေ လီလော့သည် ကောလိပ်တွင် ကျောင်းသွားတက်ရမည့်သူဖြစ်သဖြင့် ရုံးချုပ်တွင် ကြာရှည်စွာ နေနိုင်မည်မဟုတ်ပေ။ ဖန်ချန်းချီသည်သာ ရုံးချုပ်တွင် ကျန်နေခဲ့ရမည်သူဖြစ်သည်။

ဖန်ချန်းချီ ရုံးချုပ်တွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သောကြောင့် ရုတ်တရက်ရောက်လာသော လီလော့သည် အရာအားလုံးကို ပြောင်းလဲနိုင်လိမ့်မည်မဟုတ်ပေ။

ထိုအတွေးများကြောင့် ဖန်ချန်းချီ စိတ်အေးသွားခဲ့ရသည်။ ထို့အပြင် ဖေဟောင်သည် လာမည့်နှစ် အိမ်တော်အစည်းဝေးပွဲအတွင် လီလော့ကို အပြတ်အသတ်ရိုက်ချတော့မည်ဟုပြောထားသောကြောင့် လီလော့အတွက် အချိန်သိပ်မကျန်တော့ပေ။

အမှိုက်တစ်စဖြစ်သွားသော သခင်လေးကိုမည်သူကများ ဂရုစိုက်နေဉီးမှာလဲ.....

ဖန်ချန်းချီ တိတ်ဆိတ်နေသောကြောင့် လီလော့ ပညာရှင်များကို ကြည့်လိုက်ပြီး.....

" ကန့်ကွက်မယ့်သူ မရှိဘူးဆိုတော့ ကျွန်တော် ရုံးချုပ်ရဲ့ ဉက္ကဌအဖြစ် တာဝန်ယူလိုက်တော့မယ်....ကျွန်တော့်ကို ကူညီပေးဖို့လည်း ကြိုတင်မေတ္တာရပ်ခံပါရစေ......"

အဆင့်ခုနှစ် ရေအရင်းမြစ်၏ ဆွဲဆောင်မှုကြောင့် ပညာရှင်များ၏ အားပေးသံများ ဆူညံသွားခဲ့သည်။

ပြီးတာနဲ့ လီလော့က ဖန်ချန်းချီဘက်ကို ပြန်လှည့်လိုက်ပြီး......

" ဒုဉက္ကဌဖန်....ခင်ဗျား နှစ်ပေါင်းများစွာ ကြိုးစားပေးခဲ့တဲ့အတွက် ခွင့်တစ်နှစ် ပေးလိုက်မယ်....အိမ်ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ပါဉီး......"

ဤသည်မှာ ဖန်ချန်းချီကို ယာယီထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

သို့သော်လည်း ဖန်ချန်းချီ တုန်လှုပ်မသွားခဲ့ပေ။

//  ယာယီထုတ်ပစ်လိုက်ရုံနဲ့ ငါ ဘာကိုမှ ဝင်ရှုပ်လို့မရတော့ဘူးထင်နေတယ်ဆို သခင်လေးလောက် နုံအတဲ့သူမရှိနိုင်တော့ဘူး... //

ဖန်ချန်းချီ တိတ်တဆိတ်စည်းရုံးထားသူများ ရှိနေသောကြောင့် တခြားနည်းလမ်းများနှင့် ဝင်ရှုပ်နိုင်သေးသည် မဟုတ်လော။

လူအုပ်အတွင်းရှိ ပညာရှင်အချို့သည်လည်း လီလော့၏ ကြေငြာချက်ကြောင့် မျက်မှောင်ကြုံ့သွားခဲ့ကြသည်။

လီလော့၏ အလျင်စလို ပြုမူမှုကြောင့် ရုံးချုပ်အတွက် မတည်ငြိမ်မှုများသာ ဖြစ်ပေါ်လာမည်မဟုတ်ပေလော။

သို့သော်လည်း ဖန်ချန်းချီအတွက် ဘယ်သူမှ အသနားမခံပေးရသေးခင်မှာပင် လီလော့၏ စကားသံကို ထပ်ကြားလိုက်ရပြန်သည်။

"ခင်ဗျားတို့ထဲက တစ်ချို့သူတွေကို ဖေဟောင့်ဘက်မှာနေဖို့ ဖန်ချန်းချီ ကြိုတင်စည်းရုံးထားမှန်း ကျွန်တော် သိထားပြီးပြီ...."

ထိုစကားသည် လူအချို့ကို တုန်လှုပ်သွားစေခဲ့သည်။

ဖန်ချန်းချီသည်လည်း မျက်မှောင်ကြုံ့လိုက်မိလေသည်။ သခင်လေး၏ လုပ်ကွက်များကို ကြိုတင်မှန်းဆနိုင်သော်လည်း ထိုသို့လုပ်ဝံ့ရခြင်းကို နားမလည်နိုင်တော့ပေ။

" ခင်ဗျားတို့ ဖန်ချန်းချီနဲ့ တိတ်ဆိတ်ဆက်သွယ်နေတာကို ကိုယ့်ကိုယ်ကို လုံလှပြီထင်နေတာလား....ဒါမှမဟုတ် လော့လန်အိမ်တော်ရဲ့ထောက်လှမ်းရေးတွေကို လျှော့တွက်နေကြတာလား....."

လီလော့က အားလုံးရှေ့တွင် ချိတ်ပိတ်ထားသော စာလိပ်တစ်လိပ်ကို ဆွဲထုတ်လိုက်ပြီး.....

" မယုံသေးရင် ကြည့်ထားကြ...ဒီမှာ ဖန်းချန်းချီနဲ့ ဆက်သွယ်ထားသူတွေစာရင်း......"

ထိုအချိန်တွင် စိတ်ခံစားချက်များ လှိုင်းထန်နေကြသော်လည်း မည်သူမျှ စကားမပြောရဲကြပေ။ လူစာရင်းကြေငြာမည့်အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ဖန်ချန်းချီ မယုံနိူင်သော အ​ကြည့်များနှင့် လီလော့ကိုသာ အကြောင်သားငေးကြည့်နေခဲ့မိသည်။

// ဒီစာရင်းထဲကလူတွေကိုပါ ထုတ်ပစ်တော့မလို့လား.....အကယ်၍ ထုတ်ပစ်လိုက်မယ်ဆို ရုံးချုပ်ရဲ့အခြေနေ လုံးဝယိုင်နဲ့သွားလိမ့်မယ်....သခင်လေး သိပ်အတင့်ရဲလွန်းတယ်....//

ယခုချိန်တွင် ဟန်ဇီ သစ္စာဖောက်သွားသောကြောင့် ရှီးယန်သည် ပညာရှင်အချို့ဆုံးရှုံးထားရချိန်ဖြစ်သည်။ စာရင်းထဲကသူများကိုပါ ထုတ်ပစ်လိုက်မည်ဆိုပါက ရှီးယန်တွင် လူရှိတော့မည်မဟုတ်ပေ။

အကြီးအကဲကျန်းသည်လည်း အမူအရာ လေးနက်သွားခဲ့လေသည်။ ဤပြသာနာကို အလောတကြီးဖြေရှင်းလိုက်မည်ဆိုပါက ရုံးချုပ်တစ်ခုလုံး ပြသာနာတက်သွားပေလိမ့်မည်။

မွန်းကြပ်လှသော အခြေနေကြောင့် အသက်ရှုရန်ပင်ခက်ခဲနေခဲ့ကြရသည်။

" ကျွန်တော် ဒီစာရင်းကို အခုထိ မဖတ်ကြည့်ရသေးဘူး....."

အကုန်လုံး မွန်းကြပ်နေသော်လည်း လီလော့ကတော့ ပေါ့ပါးသောအမူအရာနှင့် စာလိပ်ကို လက်ဖဝါ်းပေါ်တင်ကာ မီးရှို့လိုက်လေသည်။

ထိုအမူအရာကြောင့် အကုန်လုံးမျက်လုံးပြူးကုန်ကြလေသည်။

လီလော့ ဘာတွေလုပ်နေမှန်း နားမလည်နိုင်တော့ပေ။

လီလော့ကို ဟာသတစ်ခုသဖွယ်သဘောထားနေသော ဖန်ချန်းချီ၏ အကြည့်များထဲတွင် ​ကြောက်ရွံ့မှုတစ်စွန်းတစဖြစ်တည်လာခဲ့ပြီဖြစ်သည်။

ထိုသို့ ကြောက်ရွံ့နေရခြင်းသည် လီလော့၏ အတွေးများကို ကြိုတင်ခန့်မှန်းမိနေသောကြောင့်ပင်.......

" လွန်ခဲ့တဲ့နှစ်တွေထဲက လော့လန်အိမ်တော်ရဲ့အခြေနေကို ခင်ဗျားတို့ သိနေခဲ့ကြတာပဲ...ဒါတောင် အခုထိရှီးယန်မှာ နေနေ​သေးတယ်ဆို​တော့ ခင်ဗျားတို့ ရှီးယန်ပေါ်မှာ သံယောဇဉ်ရှိမှန်း သိသာနေပြီ.....အခုလို မရေရာမသေချာတဲ့ အ​​​ခြေတေမျိုးမှာ အလွယ်တကူ ယိမ်းယိုင်တယ်ဆိုတာလည်း သဘာဝကျပါတယ်.....ဒါပေမယ့် ခင်ဗျားတို့အရင်က လုပ်ခဲ့သမျှတွေကို ခုနကစာရင်းနဲ့အတူ တပါတည်းဖျောက်ဖျက်ပစ်မယ်လို့ အိမ်တော်သခင်ဂုဏ်ပုဒ်ကိုတိုင်တည်ပြီး ကတိပေးမယ်....ခင်ဗျားတို့တွေ ရှီးယန်မှာ ဆက်နေဖို့ ဆန္ဒရှိဉီးမယ်ဆို ခင်ဗားတို့ကို မိသားစုဝင်တွေလို သဘောထားပေးပါ့မယ်.... ဒါ့ကြောင့်မို့ အတိတ်က လူပေါင်းမှားခဲ့သမျှ ကိစ္စတွေကို အစပြန်ပြီး ချိန်း​ခြောက်ခံရမှာမျိုးတွေကို စိုးရိမ်မနေနဲ့တော့......."

လီလော့ စကားဆုံးသည်နှင့် လူအုပ်ထဲက ပညာရှင်တော်တော်များများ တွေဝေနေဟန် အမူအရာပြောင်းသွားခဲ့ကြလေသည်။ လီလော့ထုတ်ပြသောစာရင်း အမှန် ဟုတ် မဟုတ်မသိနိုင်သော်လည်း လီလော့ လူသိရှင်ကြားပေးထားသော ကတိကသာ ပို၍ စစ်မှန်နေသည်။

ဤသည်မှာ ရှီးယန် အခြေမပျက်စေရန်အတွက် သခင်လေးဘက်က အစွမ်းကုန်သည်းခံ သက်ညှာပေးထားခြင်းပင်.....

" ပြီးတော့ နောက်ဆို ရှီးယန်ရုံးချုပ်ရဲ့ နှစ်စဉ်အမြတ်ငွေထဲက 20% ကို သပ်သပ်ဖယ်ထားပြီး ပညာရှင်တွေကို ဆုပေးဖို့၊ လစာတိုးပေးဖို့စီစဉ်ထားတယ်....."

လီလော့ နာမည်စာရင်းကို မီးရှို့လိုက်စဉ်က အကုန်လုံး ဇဝေဇဝါဖြစ်နေသောလည်း ထပ်ပြောလိုက်သော စကားကြောင့်အကုန်လုံးပျော်ရွှင်သွားခဲ့ကြသည်။

ပညာရှင်များ ရှီးယန်တွင် လုပ်ကိုင်နေရခြင်းမှာ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တိုးတက်ဖို့နှင့် မိသားစုကို ရှာဖွေကျွေးမွေးလိုခြင်းတို့ကြောင့်ပင်ဖြစ်သည်။

ယခုချိန်တွင် လီလော့ဘက်က အဆင့်ခုနှစ် ရေအရင်းမြစ်ကို ထုတ်ပြလာသည့်အပြင် လစာတိုးပေးဉီးမည်ဆိုသောကြောင့် ပညာရှင်တို့အဖို့ ဘာများလိုအပ်ဉီးမည်နည်း။

ထို့အပြင် နှစ်စဉ်အမြတ်ငွေ၏ 20% ဟူသည် သေးငယ်သောပမာဏမဟုတ်ပေ။ထိုကဲ့သို့သော ရက်ရောမှုများကြောင့် ရှီးယန်စံအိမ် ထိပ်ထိန်းစံအိမ် ဆယ်ခုစာရင်းဝင်မည်ကို မည်သူနှောက်ယှက်ဝံသနည်း။

ရှီးယန်စံအိမ်သည် ပညာရှင်များအတွက် တောက်ပသောအနာဂတ်၊ ချမ်းသာကြွယ်ဝသော အနာဂတ်ကို ဆောင်ကျဉ်းပေးနိူင်သော နေရာတစ်ခုဖြစ်လာပေတော့မည်။

ထိုကြေငြာချက်ကြောင့် လက်ရှိလုပ်ကိုင်နေသော ပညာရှင်များ ပျော်ရွှင်နေကြသလို အသစ် အသစ်သောပညာရှင်များလည်း လာရောက်လုပ်ကိုင်ရန် ဆန္ဒရှိကြမည်သာ။

ပါးနပ်သော မည်သူမဆို ရှီးယန်၏ တောက်ပသောအနာဂတ်ကို ကြိုတင်တွေးဆနိူင်ပေလိမ့်မည်။

ယခုချိန်တွင် လီလော့ကို အမြင်သစ်တစ်မျိုးဖြင့် ကြည့်နေကြလေပြီ။

ဤသခင်လေးသည် သူတို့မျှော်မှန်းထားသည်ထက်ပို၍ပင် လုပ်ရည်ကိုင်ရည်ရှိနေသည်မဟုတ်လော။

ဖန်ချန်းချီသည် လီလော့ကို မည်းမှောင်သော မျက်နှာထားဖြင့်သာ ကြည့်နေနိုင်ပါတော့သည်။ပြောင်မြောက်စွာ လှုပ်ရှားနိုင်ပြီဟု ထင်မှတ်ခဲ့သော်လည်း အဆုံးတွင်မူ နောက်လိုက်များကိုပင်ဆုံးရှုံးလိုက်ရလေပြီ။

လီလော့သည် စကားလုံးအချို့နှင့်ပင် သူ၏လုပ်ကွက်များကို အပြတ်အသတ်ရိုက်ချသွားခဲ့ပြီဖြစ်သည်။

ဖန်ချန်းချီ ပိုမိုမွန်းကြပ်လာသလို ခံစားနေရသည်။

အချိန်အတော်ကြာ မေ့လျော့ခံခဲ့ရသော သခင်လေးသည် ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ဉီးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

All Chapters