အခုမှတော့ မင်းထွက်သွားလို့ မရတော့ဘူး
Vol. 2 Ch. 28
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၂၈) – အခုမှတော့ မင်းထွက်သွားလို့ မရတော့ဘူး
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
ရတနာကောင်းကင် အရောင်းပြခန်းမှ ထွက်လာကြပြီးနောက် စုန့်ချီက သိုလှောင်အိတ်ထဲကနေ ဓါးပျံတစ်ချောင်းကို ဆွဲထုတ်လိုက်၏။ သူသည် ၎င်းကို သူလက်ချောင်းထိပ်လေးဖြင့် ထိလိုက်ပြီး စိတ်ဝိညာဉ်ချီအနည်းငယ် ထည့်သွင်းလိုက်သောအခါ ဓါးက သူတို့နှစ်ယောက်ရှေ့တွင် မျောလွင့်နေလေ၏။
ဆူဇီမိုတွင် စိတ်ဝိညာဉ်ချီမရှိတာကို စုန့်ချီ ပြောနိုင်၏။ သူက လေးနဲ့ ဆေဘာကို ကိုင်ဆွဲထားတာဆိုတော့ သူသိုင်းတော့တတ်မှာပဲ။ ဓါးပျံပေါ်ကနေ လိုက်ပြီးတက်စီးဖို့ကတော့ သူ့အတွက် မခက်ခဲလောက်ပါဘူးလေ။
စုန့်ချီက ပြောလိုက်၏။ “သခင်လေးဆူ.. ဓါးပျံပေါ်ကို တက်လိုက်ပါ.. ဘာမှ မကြောက်ပါနဲ့ သင်ပြုတ်မကျအောင် ကျုပ်ထိန်းပေးထားပါမယ်.. အဲ့လိုဆို ကျုပ်တို့ ပင်ယန်းမြို့ကို အမြန်ရောက်လိမ့်မယ်”
ဆူဇီမိုက စုန့်ချီ၏ ဓါးပျံကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။ “လမ်းပဲလျှောက်ကြတာပေါ့.. ကျုပ်တို့ မြို့ထဲက ထွက်တဲ့အခါ ဘယ်လိုနေမလဲဆိုတာ ကြည့်ရသေးတာပေါ့”
စုန့်ချီ၏ ဓါးပျံပေါ်တွင် စိတ်ဝိညာဉ််အင်းကွက် မပါရှိပေ။ ၎င်းသည် စိတ်ဝိညာဉ်လက်နက်တုတစ်ခုသာ ဖြစ်လေသည်။
ဆူဇီမို၏ ကိုယ်ပေါ်တွင် မျှော်လင့်ချက်သလင်းလေးနှင့် အေးမြစန္ဒာဆေဘာ ပါလာပြီး တစ်တန်လောက် အလေးချိန်စီးလေသည်။ စုန့်ချီသည် အဆင့်၇ ချီစုဖွဲ့စစ်သည်တော်တစ်ယောက်သာဖြစ်ပြီး အားလုံးကို သယ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
ဆူဇီမိုသည် အားလုံးကို ရှင်းပြမနေတော့ဘဲ သူတို့နှစ်ယောက်သည် မြို့အပြင်သို့ လမ်းလျှောက်ထွက်လာကြလေ၏။
မြို့အပြင်တွင် လမ်းသွားလမ်းလာက သိပ်တော့ မများလှချေ။ ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းနှင့် သွားမည်ဟု ဟန်ပြင်တုန်းမှာပင် တစ်စုံတစ်ရာကို သတိထားမိလိုက်၏။
“ဟမ့်.. တစ်ယောက်ယောက်ကတော့ ငါတို့နောက်ကို လိုက်လာနေပြီ”
ဆူဇီမိုသည် လှည့်ကြည့်စရာမလိုဘဲ သိနှင့်လိုက်၏။
ဆူဇီမိုသည် ဘာစကားမျှ မပြောဘဲ ပင်ယန်းမြို့ဘက်သို့ ပုံမှန်အတိုင်းလမ်းလျှောက်သွားလိုက်၏။ စုန့်ချီကလည်း ဘာစကားမျှ မပြောဘဲ မျက်မှောင်ကြုတ်လိုက်၏။
ချက်ခြင်းဆိုသလိုပင် အဝတ်လေတိုးသံက ထွက်ပေါ်လာ၏။ ထိုပုဂ္ဂိုလ်၏ လှုပ်ရှားပုံက မြန်လွန်းလှ၏။
ကျင့်ကြံသူပဲ..
စုန့်ချီသည် သတိထားလိုက်ပြီး သိုလှောင်အိတ်ပေါ်သို့ လက်တင်ကာ လှည့်ကြည့်လိုက်၏။ မလှမ်းမကမ်းတွင် အနက်ရောင်တာအိုဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရ၏။ သူသည် ဓါးပျံစီး၍ ရှေ့သို့ အပြင်းနှင်လာနေ၏။ သူ့မျက်လုံးသည် သတ်ဖြတ်လိုရိပ်နှင့် သိသာစွာပင် ဒုက္ခပေးဖို့ ရောက်လာခြင်း ဖြစ်လေ၏။
အဆင့်၈ ချီစုဖွဲ့ အဆင့်ဟ!
စုန့်ချီသည် တိတ်တဆိတ် ရေရွတ်လိုက်ပြီး ဆူဇီမိုကို သူ့ဘေးဘက်သို့ လှမ်းဆွဲလိုက်၏။ သူသည် ထိုလူက ရိုးရိုးဖြတ်သွားဖြတ်လာတစ်ယောက်သာ ဖြစ်ပါစေဟု ဆုတောင်းနေလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝတ်စုံနက်နှင့်လူသည် သူတို့ရှေ့တွင် ပိတ်ရပ်လိုက်၏။ သူသည် ဓါးပျံပေါ်မှ ခုန်ဆင်းလိုက်ပြီး စုန့်ချီကို အေးစက်စက်ပြုံးပြ၍ “ရောင်းရင်း.. သင် ဘေးမှာ ဒီတိုင်းရပ်နေလိုက်ပါ.. ဓါးခုတ်ရာ လက်ဝင်မလျှိုချင်ပါနဲ့.. ဒီလူက ကျုပ်နဲ့ ရန်ငြိုးရန်စရှိတယ်” ဟု ပြောလိုက်၏။
စုန့်ချီ ဆူဇီမိုကို ကြည့်လိုက်သောအခါ မှင်သေသေ မျက်နှာထားနှင့်ပင် ရှိနေတာကို တွေ့လိုက်ရ၏။ သူက အကြောက်လွန်ပြီး ရှော့ဖြစ်သွားတာလား၊ အန္တရာယ်ကိုပဲ တစ်ကယ်မသိတာလား တစ်ခုခုပဲ။
စုန့်ချီက လက်သီးဆုပ် ဂါဝရပြုလိုက်ပြီး “ဒီကရောင်းရင်းက လာနောက်နေတာပဲ.. ကျုပ်မိတ်ဆွေက မော်တယ်တစ်ယောက်ပဲကို.. သူက ဘယ်လိုလုပ် သင်နဲ့ ရန်ငြိုးရန်စ ရှိပါ့မလဲ” ဟု မသိမသာပြုံးပြရင်း ပြောလိုက်၏။
“ဇီ!”
ဝတ်စုံနက်နှင့်လူက သူ့ဓါးပျံကို အသာထိလိုက်၏။ ဓါးပျံမှ အလင်းတန်းတစ်ခုက တောက်ပလာပြီး ဓါး၏အော်ရာက ပြင်းထန်အားကောင်းလာ၏။
အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်!
စုန့်ချီ၏ လက်ဝါးက ချွေးများစိုလာ၏။ တစ်ဖက်လူ၏ သူ့ထက် ကျင့်ကြံခြင်း အဆင့်တစ်ဆင့် ပိုမြင့်သလို ကိုင်ဆောင်ထားသော လက်နက်ကလဲ သူ့ဓါးထက် အဆင့်ပိုမြင့်နေလေသည်။ တစ်ကယ်တမ်း သူတို့တိုက်ကြပြီဆိုလျှင် သူ့ဘက်က နိုင်ဖို့ရာ လမ်းမမြင်ပေ။
“မင်းက ခေါင်းမာနေမှတော့လဲ ငါ့အဆိုး မဆိုနဲ့ပေါ့” အနက်ရောင်ဝတ်စုံနှင့်လူက အေးစက်စွာ ပြောလိုက်၏။
“သခင်လေးဆူ ပြေးတော့” စုန့်ချီသည် ဆူဇီမိုနား အလောတကြီး တိုးတိုးကပ်ပြောလိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ ဓါးပျံတစ်ချောင်းကို ဆွဲထုတ်လိုက်၏။
“ဇီ”
စုန့်ချီသည် ဓါးပျံကို ထိန်းချုပ်လိုက်ပြီး တစ်ဖက်လူ အငိုက်မိသွားမလားဆိုသော အတွေးနှင့် စတင်တိုက်ခိုက်လိုက်၏။
ဓါးပျံက အလင်းတန်းတစ်ခုလို အနက်ရောင်ဝတ်စုံနှင့်လူထံသို့ ပြေးဝင်သွား၏။
“စိတ်ဝိညာဉ်လက်နက်တုလေးနဲ့များ ငါ့ကိုလာပြီး ပမာမခန့်လုပ်ရဲတယ်ပေါ့”
ဝတ်စုံနက်နှင့်လူက လှောင်ရယ်လိုက်ပြီး သူ့ဓါးပျံကို ရှေ့ထုတ်ကာ စုန့်ချီ၏ ဓါးနှင့် ထိပ်တိုက်ဆိုင်လိုက်လေ၏။
မီးပွားများက ဖွားကနဲ ဖြာထွက်လာပြီး စုန့်ချီ၏ဓါးက အရေးနိမ့်ကာ လွင့်ပြန်ကျမတတ် ဖြစ်သွား၏။
ချီစုဖွဲ့စစ်သည်တော်များ၏ ခန္ဓာကိုယ်က အားနည်းကြလေ၏။ သူတို့တိုက်ခိုက်ကြသည့်အခါ အသက်အန္တရာယ်က အချိန်မရွေးကျရောက်လာနိုင်၏။ နည်းနည်းလေး သတိတစ်ချက်လစ်သွားလို့ တစ်ဖက်လူ၏လက်နက်က ဖောက်ဝင်လာတာနှင့် အသက်နဲ့ကိုယ် အိုးစားကွဲသွားနိုင်၏။
လေးငါးချီလောက် တိုက်ခိုက်ပြီးနောက် စုန့်ချီက တစ်ဖြည်းဖြည်း အရေးနိမ့်သထက်နိမ့်လာ၏။ သူက ပြန်တိုက်ခိုက်ဖို့နေနေသာ သူ့ကိုယ်သူပင် မနည်းခုခံကာကွယ်နေရတော့၏။
အဆင်ပြေနေသေးတာက စုန့်ချီတစ်ယောက် စိတ်အာရုံက တည်ငြိမ်နေသေးတာပင်။ သူသည် ရှိသမျှ ခွန်အားနှင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို အစွမ်းကို ခုခံကာကွယ်နေ၏။ သူ့ဓါးပျံက လျှင်မြန်စွာ လှည့်ပတ်နေပြီး မထိုးဖောက်နိုင်သော ခံစစ်ကို ဖန်တီးပေးထား၏။
ဆူဇီမိုသည် ဘေးကနေ ရပ်ကြည့်နေပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ဒီလိုအခြေအနေမျိုးမှာ စုန့်ချီက ထွက်သွားမယ်ဆို သွားလို့ရ၏။ ဘာပဲပြောပြော သူက လိုအပ်သော စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်ကိုလဲ ရရှိထားပြီးပေပြီ။ မော်တယ်တစ်ယောက်အတွက်နှင့် အခုလို အသက်စွန့်ကာကွယ်ပေးနေစရာ မလိုပေ။
စုန့်ချီက တစ်ဖက်လူကို သူနိုင်အောင်မတိုက်နိုင်မှန်း သိသော်လည်း ကိုယ်လွတ်ရုန်း ထွက်မသွားခဲ့ချေ။ ဒါက သူသည် ကတိတည်၊ သစ္စာရှိသောလူတစ်ယောက်ဖြစ်ကြောင်း သက်သေပင်။ ဒီပုံအတိုင်းဆိုလျှင် စုန့်ချီလက်ထဲသို့ ဆူမိသားစုလုံခြုံရေးကို ဆူဇီမိုတစ်ယောက် စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပေသည်။
စုန့်ချီနှင့် အနက်ရောင်ဝတ်စုံလူက အပြင်းအထန် တိုက်ခိုက်နေကြဆဲဖြစ်၏။
သူတို့နှစ်ယောက်သည် ကျင့်ကြံမှုအဆင့်တစ်ဆင့် ကွာနေရုံသာမက လက်နက်ခြင်းကလဲ အဆင့်မတူပေ။
စုန့်ချီ၏ ခံစစ်အကာအကွယ်က တစ်ဖြည်းဖြည်း အားပျော့လာပြီး သူ့ဓါးပျံက စောစောတုန်းကလို တည်ငြိမ်မှု မရှိတော့ပေ။ သူသည် စိတ်ဝိညာဉ်ချီ အများကြီးကို သုံးစွဲခဲ့ရပြီး အားနည်းလာပေပြီ။
ဒီအချိန်မှာပင် ဆူဇီမိုက ဝင်မေးလိုက်၏။ “မင်းက ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ”
ဝတ်စုံနက်လူက အခြေအနေသည် သူ့ထိန်းချုပ်မှုအောက်မှာပင်ဆိုတာ ယုံကြည်ပြီး ဆူဇီမိုကို တစ်ချက်လှမ်းကြည့်ကာ သနားနေသော အမူအယာနှင့် “မင်းမသေခင် ဘာကြောင့်မင်းသေရတော့မလဲဆိုတာ ငါပြောပြပါ့မယ်.. မင်းက မော်တယ်တစ်ယောက်ဖြစ်ပြီး မင်းမှာ ရတနာကောင်းကင် တံဆိပ်ပြား ရှိနေတယ်.. အဲ့ဒါက မင်းသေရမယ့်အကြောင်းရင်းပဲ”ဟု စိတ်အေးလက်အေး ပြောလိုက်၏။
စုန့်ချီသည် တိုက်နေရင်းနှင့် တစ်ချက်လှည့်ကြည့်လိုက်ပြီး ဆူဇီမိုသည် မူလနေရာတွင်သာ ရပ်နေသေးကြောင်း တွေ့လိုက်ရ၏။ သူအနည်းငယ်စိတ်တိုသွားပြီး ဆူဇီမိုကို လှမ်းအော်လိုက်၏။ “ခင်ဗျားဘာလို့ အခုထိ ထွက်မသွားသေးတာလဲ”
ရွှက်!
စုန့်ချီသည် စိတ်အာရုံပျက်ပြားသွားပြီး ဤသည်ကို တစ်ဖက်လူက အသုံးချလိုက်သောကြောင့် ဓါးပျံက သူ့ခံစစ်ကို ဖောက်ထွက်လာလေ၏။ ဓါးပျံသည် သူရှိရာသို့ တိုးဝင်လာပြီဖြစ်ပြီး သွေးပျက်စရာပင်။
စုန့်ချီသည် သူ့ဓါးပျံကို လှမ်းထိန်း၍ ခုခံရန် အချိန်မရတော့ပေ။ သူသည် ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး ဣန္ဒြေတွေ၊ ဂုဏ်သိက္ခာတွေ ထည့်တွက်မနေတော့ဘဲ မြေပေါ်သို့ လှိမ့်ချလိုက်လေ၏။ သူ့တစ်ကိုယ်လုံး ရွှံ့၊ဖုန်များ လူးသွားပြီး ရုပ်ဆိုးပန်းဆိုး ဖြစ်သွားလေတော့၏။
ဆူဇီမိုသည် ပြုံးရုံသာပြုံးလိုက်ပြီ တစ်ခွန်းမျှ ဝင်မပြောချေ။
စုန့်ချီသည် ကူကယ်ရာမဲ့စွာဖြင့် “ကျုပ်က သူ့ပြိုင်ဘက်မဟုတ်ဘူး.. သခင်လေးဆူ.. မြန်မြန်လစ်တော့” ဟု အံကြိတ်၍ အော်ပြောလိုက်၏။
“ဒီနေ့ဘယ်သူ့မှ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”
ဝတ်စုံနက်လူသည် ဟိန်းဟောက်လိုက်ပြီး တိုက်စစ်ကို အရှိန်တင်လိုက်သောအခါ လက်နက်ခြင်းထိခတ်သံများက ထွက်ပေါ်လာပြန်၏။
ထိုအချိန်တွင် အပြင်းအထန် တိုက်ခိုက်နေကြသော လူနှစ်ယောက်သည် သက်ပြင်းရှည်ကြီး ချလိုက်သောအသံကို ကြားလိုက်ရ၏။
“အင်း.. ကောင်းပြီလေ.. မင်းဒီနေ့တော့ ဘယ်မှ သွားနိုင်တော့မှာ မဟုတ်တော့ဘူး”
စုန့်ချီနှင့်ဝတ်စုံနက်လူ နှစ်ယောက်လုံး တုန်လှုပ်သွား၏။ ဆူဇီမို ဘာကို ဆိုလိုချင်တာလဲဆိုတာ ပုံမဖော်နိုင်သေးခင်မှာပင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို သူတို့ မြင်တွေ့လိုက်ရ၏။
မူလက သူတို့နှင့် ပေလေးဆယ်အကွာလောက်မှာ ရပ်နေသော ဆူဇီမိုသည် ခြေသုံးလှမ်းထဲနှင့် သူတို့ရှေ့သို့ ချက်ခြင်းဆိုသလို ရောက်လာ၏။ သူမျက်လုံးထဲတွင် သတ်ဖြတ်လိုသော အကြည့်ကို မြင်နေရ၏။ သူသည် သတ်ဖြတ်ဖို့တစ်ခုတည်းကိုသာ သိသော လူသားစားသားရဲတစ်ကောင်လိုပင်။
ဘေးမှာရပ်နေသော စုန့်ချီပင်လျှင် ကြောက်ရွံ့လာ၏။ ဆူဇီမို၏ ပစ်မှတ်ဖြစ်သော ဝတ်စုံနက်နှင့်လူဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။
“အခြေနေ မကောင်းဘူးဟ”
ဝတ်စုံနက်လူ၏ နှလုံးသည် ဒိုင်းကနဲ ခုန်သွား၏။ သူသည် ဆူဇီမိုကို သတ်ရန်အတွက် ဓါးပျံကို အလောတကြီး လှမ်းထိန်းယူလိုက်၏။
သို့သော်လည်းပဲ ဝတ်စုံနက်လူ၏ လှုပ်ရှားမှုက ဆူဇီမိုမျက်လုံးထဲတွင် နှေးကွေးလွန်းလှ၏။
ဆူဇီမို၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ချက်လက်သွား၏။ သူသည် အေးမြစန္ဒာဆေဘာကို လက်ပြန်ဆွဲထုတ်လိုက်ပြီး အရှေ့ကို တစ်ချက်ဝေ့လိုက်၏။
ဖူး!
ဆေဘာမှ ဖျတ်ကနဲ အလင်းတစ်ချက် လက်သွားပြီး ဝတ်စုံနက်လူ၏လည်ပင်းမှ သေသပ်စွာ ပြတ်ကျသွားသော ဦးခေါင်းက မြေပေါ်သို့ ပြုတ်ကျသွားလေ၏။ သွေးများက မြင်မကောင်းအောင် ပန်းထွက်လာ၏။
စုန့်ချီတစ်ယောက် ပါးစပ်အဟောင်းသားနှင့် ကြောင်အစွာ ငေးကြည့်နေ၏။ သူ့စိတ်သည် ရှုပ်ထွေးနေ၏၊ တုန်လှုပ်နေ၏၊ မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။
သေပြီ..
အဆင့်၈ ချီစုဖွဲ့စစ်သည်တော်က ဆေဘာတစ်ချက်တည်းနှင့် အသက်ပျောက်သွားပြီ။
ကံကောင်းသွားတာလား၊ တိုက်ဆိုင်သွားတာလား၊ အငိုက်မိသွားတာလား။
“ကောင်းလိုက်တဲ့ ဆေဘာ” ဆူဇီမိုက အေးမြစန္ဒာဆေဘာကို တစ်ချက်ကြည့်လိုက်၏။ ၎င်းပေါ်တွင် သွေးတစ်စက်တောင် ပါမလာခဲ့ပေ။ သူသည် ဆေဘာကို ချီးကျုးလိုက်ပြီး ဓါးအိမ်ထဲသို့ လက်ပြန်,ပြန်ထည့်လိုက်၏။
စုန့်ချီသည် တံတွေးကို အတင်းမြို့ချလိုက်ရ၏။
အဆင့်၈ ချီစုဖွဲ့စစ်သည်တော်ကို သတ်ပြီးတာတောင် ဒီလိုစိတ်အေးလက်အေးအမူအယာနဲ့ နေနိုင်တယ်ဆိုတာ ဒါက ဘယ်လိုလူမျိးပါလိမ့်။
စုန့်ချီ၏ မျက်လုံးထဲတွင် ဆူဇီမိုက လွန်စွာ လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက် ဖြစ်လာလေသည်။ သူယခင်က သိခဲ့သော ခပ်ပျော့ပျော့စာပေသမားလေးနှင့် လားလားမျှ မတူတော့ချေ။
စုန့်ချီသည် စောစောက မြင်ကွင်းကို ပြန်မတွေးဘဲနှင့် မနေနိုင်အောင်ပင်။ ပြန်တွေးလေလေ သူပိုပိုကြောက်လာလေလေပင်။ သူတွေးရင်းနှင့် ချွေးစေးများက စီးကျလာ၏။
ဆူဇီမို၏ ဆေဘာက သူ့အပေါ်ကျရောက်လာလျှင် သူလည်းပဲ ရှောင်နိုင်မှာမဟုတ်ပေ။
ဆူဇီမိုသည် ဝတ်စုံနက်လူ၏ ခါးမှ သိုလှောင်အိတ်ကို ဖြုတ်ယူလိုက်ပြီး တစ်ချက်မကြည့်ဘဲ စုန့်ချီဆီသို့ ပစ်ပေးလိုက်၏။ “ရော့ ယူလိုက်”
“ကျုပ်..ကျုပ် မယူပါဘူး” ဘာကြောင့်ရယ်မသိ၊ စုန့်ချီသည် ဆူဇီမိုအနားတွေ နေရတာ အကြောအခြင်များ တောင့်တင်းနေ၏။
ဆူဇီမိုက ပြုံးလိုက်ပြီး “ယူလိုက်ပါ.. ပြီးရင် အဆင့်၈ ချီစုဖွဲ့အဆင့်ရောက်အောင် မြန်မြန်ကျင့်လိုက်” ဟု ပြောလိုက်၏။
ဆူဇီမို ပြုံးလိုက်အခါ သူသည် စာပေသမားလေးနှင့် ပြန်တူသွား၏။ စုန့်ချီသည် အနည်းငယ် စိတ်သက်သာသွားပြီး သိုလှောင်အိတ်ကို လက်ခံယူလိူက်၏။
ဆူဇီမိုက ဆက်ပြောလိုက်၏။ “ခင်ဗျား ဓါးပျံကို စီးပြီး ပင်ယန်းမြို့ကို မြန်နိုင်သမျှ မြန်မြန်ရောက်အောင်သွားပါ”
စုန့်ချီသည် သဘောတူလိုက်ပြီး ဆူဇီမိုကရော ဘယ်သွားမလို့လဲဟု မေးမလို့ ကြံတုန်းရှိသေးသည်၊ ဆူဇီမိုသည် မူလရပ်နေသောနေရာတွင် မရှိတော့ချေ။ သူသည် ခြေတစ်လှမ်းကို ပေနှစ်ဆယ်လောက်နှုန်းဖြင့် လှမ်းထွက်သွားပြီး အမြန်နှုန်းက ကြောက်ခမန်းလိလိပင်။
ယခုအချိန်မှာ စုန့်ချီနားလည်လိုက်တာက သူ့အလုပ်ရှင်သည် သာမန်အညတရတစ်ယောက် မဟုတ်ပေ။
စုန့်ချီသည် သိပ်စဉ်းစားနေချိန်မရဘဲ ဓါးပျံကို စီး၍ ဆူဇီမိုနောက်သို့ အမြန်ပြေးလိုက်,လိုက်လေတော့၏။