ဆူမိသားစုအတွက် ကျုပ်လက်စားချေရလိမ့်မယ်
Vol. 2 Ch. 29
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၂၉) - ဆူမိသားစုအတွက် ကျုပ်လက်စားချေရလိမ့်မယ်
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
ဆူဇီမိုနှင့် လူတစ်ယောက်သည် ပင်ယန်းမြို့သို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြ၏။
ဆူဇီမိုသည် လူအများအာရုံစိုက်တာ မလိုချင်သောကြောင့် စုန့်ချီအား ဓါးပျံကိုသိမ်း၍ သူနှင့်အတူ ဆူမိသားစုအိမ်တော်သို့ လမ်းလျှောက်သွားခိုင်းလိုက်၏။
အိမ်ခြံဝန်းတံခါးက တင်းကျပ်စွာ ပိတ်ထား၏။ ဆူဇီမိုသည် အကြားအာရုံထက်သောကြောင့် အိမ်ထဲမှ တစ်ချက်တစ်ချက် ထွက်လာသော တရှုံ့ရှုံ့ရှိုက်ငိုသံကို ကြားလိုက်ရ၏။ ဒါက ဆူရှောင်းနင်အသံဆိုတာ သူပြောနိုင်၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ ရှေ့သို့လှမ်းလိုက်ကာ တံခါးကို အားဖြင့် တွန်းလိုက်၏။
တံခါးနောက်ရှိ မင်းတုန်းက ကျိုးပဲ့သွားလေသည်။
“ဘယ်သူလဲကွ”
မဟူရာချပ်ဝတ်မြင်းစီးသမား ၁၂ယောက်သည် တံခါးရှေ့သို့ ချက်ခြင်းရောက်လာ၏။ သူတို့သည် ဆူဇီမိုကို မြင်လိုက်သောအခါ မှင်တက်သွားကြ၏။
“ဒုတိယသခင်လေး”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်ပြီး စုန့်ချီကိုခေါ်ကာ စောစောကငိုသံထွက်ပေါ်လာရာ နေရာသို့ ဦးတည်လိုက်၏။
စုန့်ချီတစ်ယောက် အစောင့်များကို တစ်ချက်ဝေ့ကြည့်လိုက်သောအခါ နည်းနည်းတွန့်သွား၏။
အစောင့်များဆီမှ သတ်ဖြတ်ခြင်းအော်ရာများကို သူရနေ၏။ ဒီလိုအော်ရာမျိုးက တိုက်ပွဲမြေအတော်များများတွင် မရေမတွက်နိုင်အောင် သတ်ဖြတ်ပြီးမှသာ ရလာတတ်တာမျိုးဖြစ်၏။ ဒီအစောင့်တွေက သာမန်သိုင်းလောကသားများ မဟုတ်နိုင်ပေ။
ဆူမိသားစုမှ လူအများစုသည် ဆူဟုန်၏ အခန်းအပြင်ဘက်တွင် စုဝေးနေကြ၏။ တစ်ချို့က မတ်တပ်၊ တစ်ချို့က ထိုက်လျက်။ အားလုံးက ပူဆွေးအုံ့မှိုင်းနေသောမျက်နှာများနှင့်သာ။ မချိတင်ကဲ ဗျာပန်သောကများက လေထဲတွင် ဆွတ်ပျံ့နေ၏။
“ဒုတိယသခင်လေး ပြန်ရောက်လာပြီပဲ” ဦးလေးကျန့်က မတ်တပ်ရပ် နှုတ်ဆက်လိုက်၏။
ဆူဇီမိုသည် မျက်စိကို မှေးလိုက်ပြီး “အစ်ကိုကြီး အခု ဘယ်လိုနေလဲ”ဟု မေးလိုက်၏။
ဦးလေးကျန့်၏ မျက်လုံးများက စိုးရိမ်ပူပန်မှုကို ဖော်ပြနေ၏။ သူသည် ခေါင်းခါလိုက်ပြီး “ခဏလောက်စောင့်ပါဦး.. သခင်လေးက သတိမရသေးဘူး”ဟု ဖြေလိုက်၏။
ဆူဇီမိုသည် ဆူမိသားစုမှ လူများအားလုံးကို ဝေ့ကြည့်လိုက်ပြီး “ဒီလိုအခြေအနေတွေထိ ရောက်လာတာတောင် ခင်ဗျားတို့က ကျုပ်ကို သိုဝှက်ထားချင်နေသေးကြတာလား”ဟု မေးခွန်းထုတ်လိုက်၏။
ဆူမိသားစုမှလူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းရှည်ကြီး ချလိုက်ကြ၏။
“ကျုပ်အဖေက တစ်ခါတုန်းက ယန်တိုင်းပြည်ရဲ့ စစ်သူကြီး ဆူမူ မဟုတ်လား” ဟု ဆူဇီမိုက ဆက်မေးလိုက်၏။
ဆူမိသားစုများလူများ သူခိုးလူမိသလို ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြ၏။ ဦးလေးကျန်သည် တုန်လှုပ်သွားပြီး “ဒုတိယသခင်လေးဆူ.. သင်...” ။
“လောထျန်းဝူက ကျုပ်ကို ခေါ်တွေ့ခဲ့တယ်”
ဤစကားကို ကြားရသောအခါ ဦးလေးကျန့် နားလည်သဘောပေါက်သွား၏။ သူသည် သက်ပြင်းချ၍ “လောထျန်းဝူက ကောင်းတဲ့သူ မဟုတ်ဘူး.. သူက အလိုရမ္မက်ကြီးတဲ့သူပဲ.. သူကယန်တိုင်းပြည်ကို အုတ်သော်အောင်းနင်း ဖရိုဖရဲ ဖြစ်စေချင်နေတာ.. အဲ့ဒါကို အခွင့်ယူပြီး ဘုရင်တက်လုပ်ဖို့ ချောင်းနေတာ.. သူက သခင်လေးဆူဟုန်ကိုလဲ သူနဲ့အတူ ပူးပေါင်းဖို့ လာဆွယ်သေးတယ်.. ဒါပေမယ့် သခင်လေးက ငြင်းပယ်ခဲ့တယ်.. ဆူမိသားစုနဲ့ ယန်ဘုရင်က ရန်သူတွေပဲ.. ဒါပေမယ့်လို့ သူ့ရန်သူကို ချေမှုန်းဖို့အတွက်နဲ့ သခင်လေးက ယန်တိုင်းသူပြည်သားတွေကို ကပ်ဘေးကျသင့်အောင် လုပ်မှာ မဟုတ်ဘူး” ဟု ပြောလိုက်၏။
“သင့်အဖေက သူ့ဘဝတစ်လျှောက်လုံးကို စစ်မြေပြင်မှာပဲ ကုန်ဆုံးစေခဲ့တာ.. သူ့ရဲ့ မဟူရာချပ်ဝတ်မြင်းစီးစစ်သည်တွေနဲ့ နယ်စပ်စည်းမျဉ်းကနေ ပြင်ပရန်သူတွေကို ကြံ့ကြံ့ခံ ကာကွယ်ခဲ့တာ.. ယန်တိုင်းပြည်က တိုက်ပွဲတိုင်းမှာ မြေတစ်လက်မတောင် ကျုးကျော်မခံခဲ့ရဘူး.. ဗိုလ်ချုပ်က တစ်ခါတုန်းက ကျိန်ဆိုခဲ့ဖူးတယ်.. သူ့ဘဝတစ်လျှောက်လုံး ယန်တိုင်းသူပြည်သားတွေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့.. သခင်လေးကလဲ သူ့အဖေရဲ့ တာဝန်ကို ဆက်လက်ထမ်းရွက်ချင်တယ်.. ဒါ့ကြောင့် သူက လောထျန်းဝူနဲ့ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့တယ်”
ဆူဇီမိုကို ပြောရင်း ပြောရင်းနှင့် ဦးလေးကျန့်သည် အကြောင်းအရာများကို နောက်ထပ်ထိန်ချန်မထားချင်တော့ပေ။ သူက ဆက်ပြောလိုက်၏။ “ဒီနှစ်တွေထဲမှာ သခင်လေးက အပြင်ပန်းမှာ မြင်းရောင်းဝယ်ရေးကုန်သည်တစ်ယောက်လို ဟန်ဆောင်နေပေမယ့် တစ်ကယ်တမ်းတော့ သူက မဟူရာချပ်ဝတ်မြင်းစီးစစ်သည်တော်ဟောင်းတွေကို လိုက်စုဆောင်းနေခဲ့တာ.. သူက သူ့လူတွေကို လေ့ကျင့်ပေးရင်းနဲ့ လက်စားချေနိုင်မယ့် အခွင့်အရေးကို စောင့်နေတာ”
“အင်အားဘယ်လောက် စုမိခဲ့လဲ”
“ငါးထောင်”
“ဒီလောက်လူတွေ အများကြီးကို ဘယ်နားသွားဖွက်ထားလဲ.. ယန်တိုင်းပြည်နဲ့ ဒါကီတိုင်းပြည်က သူလျှိုတွေက ရှာမတွေ့ကြဘူးလား” ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
ဦးလေးကျန့်က ပြန်ဖြေလိုက်၏။ “သူတို့ကို ယန်တိုင်းပြည်အနီးနားက တစ္ဆေရွာမှာ သွားဖွက်ထားတာ”
လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က ရွာတစ်ရွာသည် ဝံပုလွေများကျူးကျော်ခံရပြီး တစ်ရွာလုံး အသတ်ခံခဲ့ရ၏။ ကျွဲ၊ နွား၊ ခွေး၊ ကြောင် တိရစ္ဆာန်များပင် တစ်ကောင်တစ်မြီးမျှ မကျန်ခဲ့ပေ။ ထိုရွာတွင် မည်သူမျှ မနေရဲကြတော့ဘဲ နောက်အခါ ထိုနေရာသည် တောကြီးမျက်မည်း ဖြစ်သွားလေတော့၏။
ဆူဇီမိုသည် တွေးတောပြီး မေးမြန်းလိုက်၏။ “ဆူမိသားစုရဲ့ရန်သူတွေက ချီစုဖွဲ့စစ်သည်တော်တွေလို့ ဦးလေးကျန့် တစ်ခါ အရိပ်အမြွက် ပြောဖူးတယ်မလား.. အဲ့ဒါက ဘာကိုဆိုလိုတာလဲ”
“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ယန်တိုင်းပြည်က နေပြည်တော်မြို့ကို ချီစုဖွဲ့စစ်သည်တော်တွေ အများကြီး ရောက်လာကြတယ်.. သူတို့က ယန်ဘုရင်ကို စောင့်ကြပ်နေကြတယ်.. ဒါ့ကြောင့် ကျုပ်တို့ ယန်ဘုရင်ကို လုပ်ကြံမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းထားခဲ့ရတယ်.. သခင်လေးက စိတ်ရှည်လက်ရှည်နဲ့ စောင့်နေတုန်း .. ပြီးခဲ့တဲ့တစ်လလောက်က ယန်ဘုရင်က တောင်ဘက်ဆင်ခြေဖုံးနေရာတစ်ခုကို အမဲလိုက်ထွက်လာမယ်ဆိုတဲ့ သတင်းကို ကျုပ်တို့သူလျှိုတွေက ပို့ပေးခဲ့တယ်”
“မဟူရာချပ်ဝတ်မြင်းတပ်က တိုက်ပွဲမြေကျယ်မှာဆို အရမ်းအားသာတယ်.. ထိပ်တိုက်ရင်ဆိုင်ရရင် ချီစုဖွဲ့စစ်သည်တော်လဲ သေမှာပဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ချီစုဖွဲ့စစ်သည်တော်များ၏ ခန္ဓာကိုယ်က အားနည်း၏။ သာမန်သေမျိုးတို့နှင့် သိပ်မကွာခြားပေ။ တစ်ကယ့်တိုက်ပွဲမြေမှာ မြားမိုးရွာခြင်းမျိုးနှင့် ကြုံရလျှင် ချီစုဖွဲ့စစ်သည်တော်လည်း သေနိုင်လေသည်။
ဦးလေးကျန့်က ခေါင်းခါပြီး သက်ပြင်းရှည်ကြီးချလိုက်၏။
“ကံဆိုးစွာနဲ့ပဲ လုပ်ကြံမှုက ကျရှုံးခဲ့တယ်.. အဲ့ဒီတုန်းက ယန်ဘုရင်နားမှာ စောင့်နေတဲ့ ချီစုဖွဲ့စစ်သည်တော်က လေးငါးယောက် မဟုတ်ဘူး.. လေးငါးဆယ်လောက်ရှိတယ်.. အဲ့ဒီမှာ ယန်ဘုရင်ကို ကျေထောက်နောက်ခံပြုပေးနေတဲ့ ကျင့်ကြံရေးဂိုဏ်းတစ်ဂိုဏ်းတောင်ရှိတယ်”
ဆူဇီမိုသည် ထိုစကားကို ကြားသောအခါ တုန်လှုပ်သွား၏။
ကျင့်ကြံရေးလောကမှာ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ဖို့ဆိုလျှင့် ဂိုဏ်းချုပ်လုပ်သူ၏ ကျင့်ကြံရေးအဆင့်က အနည်းဆုံး အခြေတည်အဆင့် ဖြစ်ရပေမည်။
ဦးလေးကျန့်က ဆက်ပြောလိုက်၏။ “သခင်လေးက လူအများကြီး ခေါ်သွားရင် တစ်ဖက်ရန်သူရိပ်မိမှာစိုးလို့ဆိုပြီး သူနဲ့အတူ စစ်သားတစ်ထောင်ကျော်ကို ခေါ်သွားခဲ့တယ်.. သူတို့က အဖွဲ့ငယ်လေးတွေဖွဲ့ပြီး မြို့ထဲကို လူခွဲဝင်ခဲ့ကြတယ်.. ဒါပေမယ့် သူတို့ကို ချီစုဖွဲ့စစ်သည်တော်တွေ ဝိုင်းတိုက်တာကို ခံခဲ့ရတယ်.. သခင်လေးလဲ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး မဟူရာချပ်ဝတ်မြင်းစီးတပ်သားတစ်ထောင်ကျော်မှာလဲ အယောက်သုံးလေးဆယ်လောက်ပဲ အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့ကြတယ်”
စုန့်ချီက ရှေ့သို့ ထွက်လာပြီး တိုးတိုးပြောလိုက်၏။ “ဒုတိယသခင်လေးဆူ.. ကျုပ်မှာ ပင်မအားဖြည့်ဆေးလုံးရှိတယ်.. အဲ့ဒါက ကျင့်ကြံရေးလောကမှာ အသုံးများတဲ့ဆေးပဲ.. သခင်လေးကိုတိုက်ရင် ဒဏ်ရာတွေ သက်သာပြန်ကောင်းလာနိုင်တယ်”
“ကျေးဇူးပဲ” ဆူဇီမိုက လက်ခံလိုက်၏။
ဦးလေးကျန့်က စိတ်ပျက်စွာဖြင့် ဆိုလိုက်၏။ “ခန္ဓာကိုယ်ကို ကုရတာက လွယ်တယ်.. စိတ်ကို ကုသဖို့တော့ ခက်တယ်.. ဒီတစ်ကြိမ် ကျရှုံးမှုက သခင်လေးအတွက် ရိုက်ချက်ပြင်းတယ်”
“အမ်” ဆူဇီမို မျက်မှောင်ကြုတ်လိုက်၏။ “အစ်ကိုကြီးက ဆုံးဖြတ်ချက်ပြတ်သားပြီးတော့ စိတ်ဓါတ်မာပါတယ်.. တစ်ခါကျရှုံးတာနဲ့ ဘာလို့ အဲ့လောက်ထိ ဖြစ်ရမှာလဲ”
ဦးလေးကျန့်က မျှော်လင့်ချက်မဲ့စွာ ပြုံး၍ သက်ပြင်းချလိုက်၏။ “ယန်ဘုရင်က ကျင့်ကြံရေးဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောထောက်နောက်ခံရှိတယ်.. ဒီတစ်ကြိမ်ကျရှုံးပြီးတဲ့နောက် နောက်ထပ်လက်စားချေဖို့ရာ လမ်းမရှိတော့တာကို သခင်လေးက သိသွားတယ်.. မျှော်လင့်ချက်ပျက်သုန်းသွားတာထက် ပိုဆိုးတဲ့ သောကဝေဒနာ မရှိတော့ဘူးထင်တယ်.. သူအခြေအနေက ပြန်ကောင်းလာဖို့ မလွယ်တော့ဘူး”
“သခင်လေး သတိရလာပါပြီ” ထိုအချိန်မှာပင် လျှိုယုက အခန်းထဲမှ မှုန်ကုပ်နေသော မျက်နှာထားနှင့် ထွက်လာ၏။
ဆူဇီမိုသည် သူ့အစ်ကိုကြီး လှဲလျောင်းနေရာ ကုတင်ဆီသို့ လျှောက်လှမ်းလိုက်၏။ သူ၏ ဒဏ်ရာများက ပြင်းထန်ပြီး အသက်ရှူသံက အားပျော့နေ၏။
“အစ်ကိုလေး”
ကုတင်နားဘေးတွင် နေ့မနားညမနား စောင့်နေသော ဆူရှောင်းနင်က ဆူဇီမိုကို ပြေးဖက်လိုက်ပြီး မျက်ရည်များက ထိန်းမရအောင် ဒလဟော စီးကျလာလေ၏။ “အစ်ကိုကြီး ရလာတဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်.. အစ်ကိုလေးမှာ ဖြေရှင်းနိုင်မယ် နည်းလမ်း ရှိလားဟင်”
ဆူဇီမိုသည် ဆူရှောင်းနင်၏ ကျောကို အသာပုတ်လိုက်ပြီး တိုးတိုးလေး နှစ်သိမ့်ပေးနေ၏။ ထို့နောက် သူသည် ဆူဟုန်ရှိရာသို့ လျှောက်လှမ်းသွားလိုက်၏။
ဆူဟုန်၏ ဆံပင်များက မီးခိုးရောင် ပြောင်းသွားချေပြီ။ သူသည် အသက်သုံးဆယ်ကျော်ကျော်လေးသာ ရှိသေးသော်လည်း သူ့မျက်နှာက ပိန်လှီပြီး အဝါရောင်သန်း၍ နှုတ်ခမ်းများက အက်ကွဲနေ၏။ သူသည် အသိစိတ်ပျောက်နေသလို မျက်နှာကျက်ကို ကြောင်ငေးကြည့်နေ၏။
သူ့ဆံပင်များက ခဏလေးအတွင်းမှာပင် မီးခိုးရောင်သို့ ပြောင်းသွားခဲ့၏။ တစ်ကယ်ပင် မျှော်လင့်ချက်ပျောက်သွားတာလောက် ဆိုးတဲ့ သောက မရှိပေ။
ဆူဇီမိုသည် သူ့အစ်ကိုကြီး၏ ပုံစံကို ကြည့်၍ ရင်ထဲတွင် စူးနစ်သွားပြီး မျက်လုံးထဲတွင် မျက်ရည်များက ဝေ့လာ၏။
သူ့အစ်ကိုကြီးသည် ဆူမိသားစုအတွက် သွေးကြွေးဆပ် ကလဲ့စားချေနိုင်ဖို့ရာ နှစ်ပေါင်းများစွာ တစ်ယောက်တည်း ကြိတ်ပြီး ကြိုးစားခဲ့ရ၏။
လွန်ခဲ့တဲ့ ၁၆နှစ်အတွင်း ဒီလူသည် သူ့ညီလေးနှင့် ညီမလေးကိုလည်း ကာကွယ်စောင့်ရှောက်ခဲ့ရ၏။ သူတို့နှစ်ယောက် အန္တရာယ်ကျရောက်မည်ကို စိုးရိမ်သောကြောင့် သူ့အစ်ကိုကြီးသည် မိသားစုသွေးကြွေး ကိစ္စကို သူတို့ကိုပင် မပြောဘဲ တစ်ယောက်တည်း ပုခုံးထမ်း တာဝန်ယူထားရ၏။ လွန်ခဲ့တဲ့ ၁၆နှစ်အတွင်း သူတစ်ညတောင် ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား။ နာကျင်မှုတွေ၊ အမုန်းတရားတွေ၊ မိသားစုတာဝန်တွေကို ၁၆နှစ်လုံးလုံး ထမ်းပိုးရင်း သူဘယ်လောက်တောင် ပင်ပန်းနေပြီလဲ။
“အစ်ကိုကြီး...”
ဆူဇီမိုသည် သူ့အစ်ကိုကြီးကို ခေါ်လိုက်ပြီး နှုတ်ခမ်းက တုန်ယင်သွား၏။
ဆူဇီမို စကားပြောသည့်အခါ ယခုကဲ့သို့ ကူကယ်ရာမဲ့သည့်အသံမျိုး တစ်ခါမျှ မထွက်ခဲ့ဖူးပေ။
ဆူဟုန်သည် ခေါင်းငဲ့၍ ဆူဇီမိုကို အတန်ကြာ ကြောင်ငေးကြည့်နေပြီးမှ နောက်ဆုံး သူ့မျက်လုံးထဲတွင် အလင်းရိပ်တစ်ချို့ ပြန်ဝင်လာပြီး သတိကပ်လာလေ၏။ သူသည် တောင့်ခဲနေသော နှုတ်ခမ်းကို လှုပ်ရှား၍ ကြိုးစားပြုံးလိုက်ပြီး “ဇီမို .. မင်း ပြန်ရောက်လာပြီပဲ” ဟု နူးညံ့စွာ ပြောလိုက်၏။
ဆူဇီမိုသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ဆူဟုန်၏ အေးစက်နေသောလက်များကို ဆုပ်ကိုင်ထား၏။ သူသည် နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ထားပြီး မျက်ရည်များ ကျမလာစေရန် မနည်းထိန်းထားရ၏။
“ဇီမို ငါ အဲ့ဒါကို လုပ်နိုင်တော့မယ် မထင်ဘူး” ဆူဟုန်က ညင်သာစွာ သက်ပြင်းချလိုက်၏။
ထိုစကားကို ကြားရသောအခါ ဆူဇီမိုသည် မထိန်းနိုင်ဘဲ မျက်ရည်များက ပါးပြင်ပေါ် စီးကျလာလေတော့၏။
ဒါသည် ၁၈နှစ်အတွင်း ဆူဇီမိုတစ်ယောက် ပထမဆုံးအကြိမ် ငိုကြွေးခြင်း ဖြစ်လေသည်။
ဆူဟုန်က ဆူဇီမိုပါးပြင်ထက်က မျက်ရည်များကို သုတ်ပေးရန်အတွက် သူ့လက်ကို မြှောက်လိုက်၏။ သို့သော်လည်း သူသည် လွန်စွာအင်အားယုတ်လျော့နေပြီး လက်က လမ်းတစ်ဝက်မှာပင် ပြန်ပြုတ်ကျသွားလေ၏။
“မျက်ရည်မကျနဲ့ ..မျက်ရည်မကျစေနဲ့.. ဆူမိသားစုက လူတွေက သွေးမြေကျလို့ရတယ်.. ဒါပေမယ့် မျက်ရည်တော့ မကျရဘူး”
ဆူဇီမိုသည် ခေါင်းညိတ်ပြရင်း မျက်ရည်များကို အင်္ကျီလက်စဖြင့် သုတ်လိုက်၏။
“ဇီမို .. ငါသေသွားရင် ဆူရှောင်းနင်နဲ့ ဆူမိသားစုကို မင်းလက်ထဲကိုပဲ အပ်ခဲ့ရမှာ.. မင်းသူတို့ကို ခေါ်ပြီး ဒီနေရာကနေ တတ်နိုင်သမျှ ဝေးဝေးရောက်အောင် ထွက်သွားသိလား” ဆူဟုန်က ပြောလိုက်၏။
ဆူဇီမိုသည် ခေါင်းကို ငုံ့ထားပြီး ဆိတ်ဆိတ်သာ နေ၏။ သူသည် လက်သီးကို တင်းကျပ်နေအောင် ဆုပ်ထားပြီး သူ့လက်သည်းများက အရေးပြားကို ဖောက်ဝင်သွားပြီး သွေးများက စီးကျလာ၏။
အတန်ကြာမှ ဆူဇီမိုသည် ခေါင်းကိုမော့၍ တည်ငြိမ်စွာ ပြောလိုက်၏။
“အစ်ကိုကြီး .. ကောင်းကောင်းနားနေပါ.. အများကြီး မတွေးပါနဲ့.. အဆင်ပြေသွားမှာပါ”
ထိုအချိန်တွင် ဆူဇီမို မပြောပြခဲ့သော အရာတစ်ခုရှိ၏။
ဆူမိသားစုအတွက် သူလက်စားချေရပေလိမ့်မည်။