သတ္တမမြောက်တောင်ထိပ်က သူ့အိမ် …
Vol. 16 Ch. 239
ထိုအသံသည် နူးညံ့သိမ်မွေ့ကာ ကြီးကျယ်မြင့်မြတ်သောအငွေ့အသက်များ ပါဝင်နေသည်။
ထို့ပြင် ထိုအသံက အေးစက်စက်လည်း ဖြစ်နေသည်။ ရွှီချင်း၏ နားများထဲ ဝင်ရောက်သွားသည့်အခါ ရေခဲရေအငွေ့အသက်များ အသွင် ပြောင်းလဲ၍ ရွှီချင်း၏ စိတ်ထဲ ပြည့်နှက်သွားပြီး ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပေရာ တစ်ကိုယ်လုံး တုန်ရီသွားသည်။
သူ၏ထွက်သက်သည်ပင် ဖြူလျလျအငွေ့အသက်များအသွင် ပြောင်းလဲသွားသည်။ သူ့မျက်ခုံးမွှေးများနှင့် ဆံပင်များ အေးခဲလာပြီး တစ်ကိုယ်လုံး တောင့်တင်းလာသည်။ မခုခံမတွန်းလှနိုင်သော မိစ္ဆာတစ်ကောင်ကို သူ ကြုံတွေ့လိုက်ရသည့်အလားပင်။
ဘေးပတ်လည်ရှိ လေဟာနယ်ထဲတွင် အက်ကွဲကြောင်းများစွာ ပေါ်လာပြီး သူ့ကို ချုပ်နှောင်နေသည့်အလားပင် သူ ထင်မြင်နေ၏။
သူ့ကိုယ်ထဲမှ ဓမ္မတံခါးလေးဆယ့်လေးခုက ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေသည်ကို သူ အာရုံခံမိလိုက်သည်။ ဓမ္မတံခါးများထဲရှိ ဓမ္မစွမ်းအားများနှင့် ဝိညာဉ်စွမ်းအင်လေပွေကြီးသည်လည်း အလွန့်အလွန် နှေးကွေးစွာ လည်ပတ်နေသည်။
ယခုလိုအခြေအနေ၌ သက်စောင့်မီးတောက်များကိုလည်း ထွန်းညှိရန် မဖြစ်နိုင်ပေ။
ထိုဖြစ်ရပ်ကြောင့် ရွှီချင်း အပြင်းအထန် တုန်ရီသွားသည်။ သက်စောင့်မီးတောက်ကို ထုတ်ဖော်နိုင်ပြီး သူ ခံစားခဲ့ရသည့် ဘေးကင်းလုံခြုံသော ခံစားချက်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထိပ်သီးကျင့်ကြံသူများအတွက် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ဖိနှိပ်ရန်မှာ လွယ်ကူလှသည်ကိုလည်း သူ နက်နက်နဲနဲ နားလည်သွားရသည်။
သို့သော်လည်း ရွှီချင်းအနေဖြင့် တန်ပြန်တိုက်ခိုက်ရန် အားအင်ကုန်ခမ်းသွားသည်တော့ မဟုတ်ပေ။ သူ့တစ်ကိုယ်လုံး အေးစက်လာသည်နှင့် သက်စောင့်မီးအိမ်မှ အနွေးဓာတ်ကို သူ ခံစားလိုက်ရသည်။
အပြင်ဘက်မှ အအေးဓာတ်ကြောင့် သက်စောင့်မီးအိမ်က လုံးလုံးလျားလျား အေးခဲမသွားပေ။ သို့ဖြစ်ရာ သက်စောင့်မီးတောက်ကို သူ အတင်းအကြပ် ထွန်းညှိ၍ ရနိုင်သည်။
ထို့ကြောင့် သူ ပို၍ သတိထားသွားရသည်။ သက်စောင့်မီးအိမ်အကြောင်း မည်သူ့ကိုမှ သိသွားခွင့်မပြုနိုင်သည် မဟုတ်ပါလား။ အရိပ်က သက်စောင့်မီးအိမ်ကို ဖုံးကွယ်ထားသေးလားဆိုသည်ကို စစ်ဆေးအတည်ပြုပြီးနောက် အသက်ပြင်းပြင်းရှူကာ ခက်ခက်ခဲခဲဖြင့် လှည့်ကြည့်လိုက်သည်။
သူ လှည့်ကြည့်လိုက်သောအခါတွင် မည်သည့်နေရာမှမသိ ပေါ်လာသော အမျိုးသမီးနှစ်ဦးကို မြင်လိုက်ရသည်။ တစ်ဦးက သက်လတ်ပိုင်းအမျိုးသမီးဖြစ်ပြီး တစ်ဦးက မိန်းမပျိုလေးတစ်ယောက်ဖြစ်သည်။
သက်လတ်ပိုင်းအမျိုးသမီးက ခရမ်းရွှေရောင်ကြိုးမျှင်များဖြင့် ရက်လုပ်ထားသည့် ပန်းပွင့်များနှင့် လိပ်ပြာများပုံစံ အနုစိတ်ပုံဖော်ထားသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဝတ်ရုံအနားကွပ်က ထည်ဝါပြီး ကောင်းကင်ယံတွင် နေမင်းကြီး မြင့်တက်လာသည့်အလားပင်။
သို့သော်လည်း အရည်ပျော်မသွားနိုင်သော အေးစက်စက်အရှိန်အဝါက ကန်ရေပြင်သဖွယ် တည်ကြည်လေးနက်သော ဖီးနစ်သဖွယ်အကြည့်နှင့် အေးစက်စက်မျက်နှာထားကဲ့သို့ ထင်ရှားသည်။
ထိုအမျိုးသမီး ကြည့်လိုက်သည့်နေရာတိုင်း ရေခဲများ ဖြစ်သွားမည့်အလားပင်။ တခြားလူများသာ ထိုအမျိုးသမီးကို ကြာကြာကြည့်မိပါက ဝိညာဉ်များသည်ပင် အေးခဲသွားပေမည်။
ယခုအချိန်၌ ထိုအမျိုးသမီးက ရွှီချင်းကို စူးစိုက်ကြည့်နေသည်။
ထိုအမျိုးသမီးဝတ်ဆင်ထားသည့်အဝတ်အစားများသည် မည်သည့်တောင်ထိပ်မှ ဝတ်စုံမဟုတ်ပေ။ ချီရွှဲ့ထုံဂိုဏ်း၌လည်း ထိုအမျိုးသမီးကို ရွှီချင်း တစ်ခါမှ မမြင်ဖူးပေ။ သို့သော် ထိုအမျိုးသမီးဘေးရှိ မိန်းမပျိုကို ရွှီချင်း သိသည်။
ထိုမိန်းမပျိုသည် ခရမ်းရောင်ဖျော့ဖျော့တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ ကျောတွင် ရှေးဟောင်းဓားတစ်လက်ကို လွယ်ထားပြီး ဆံပင်ကို ကျစ်ဆံမြီး ကျစ်ထားပေရာ ရဲရင့်သော သူရဲကောင်းမိန်းမပျိုတစ်ယောက်ပမာပင်။ အသားအရေသည်လည်း ဖြူဖွေးကာ ပန်းနုရောင်ယှက်သန်းနေသည်။
ထိုမိန်းမပျိုက သူရဲကောင်းတစ်ယောက်အသွင် ဖြစ်ပါသော်လည်း နွေးထွေးကြင်နာခြင်းများ ကင်းမဲ့နေသည်တော့ မဟုတ်ပေ။ လတ်တလောတွင် ပြုံးနေပေရာ မျက်လုံးလေးများက လခြမ်းကွေးများသဖွယ် ကွေးညွှတ်သွားသည်။ ထိုမိန်းမပျိုက ချစ်စရာပုံစံဖြစ်နေပြီး တချိန်တည်းမှာပင် မျက်လုံးလေးများက ကြည်လင်တောက်ပနေ၏။
ထိုမိန်းမပျိုမှာ တင်းရွှယ်ပင်။
တင်းရွှယ်က ရွှီချင်းကို ကြည့်ကာ လှပသော မျက်တောင်ကော့များကို တဖျပ်ဖျပ်ခတ်၍ ပြုံးနေသည်။
“ အစ်ကိုရွှီ၊ ဒါ ညီမအဒေါ်လေ။ လက်ထောက်တောင်သခင်အနေနဲ့ ညီမဦးလေး သတ္တမမြောက်တောင်သခင်ကို ကူညီပေးနေတာ ”
တင်းရွှယ်က နူးညံ့သောလေသံဖြင့် ပြောသည်။
“ တပည့်ရွှီချင်း၊ လက်ထောက်တောင်သခင်ကို နှုတ်ဆက်ပါတယ် ”
တင်းရွှယ်၏ဒေါ်လေးအကြည့်ကြောင့် ရွှီချင်းမှာ ခန္ဓာကိုယ်ထဲတွင် အေးစက်စက်အငွေ့အသက်များ တစတစ တိုးပွားလာသည်ကို ကောင်းကောင်း ခံစားမိနေသည်။ ကံကောင်းစွာပင် သူ၏အခြေခံက သာမန်မဟုတ်ပေ။ ထိုအမျိုးသမီး၏ အကြည့်ကို သူ ခံနေရပါသော်လည်း ဘာမှမဖြစ်သလို သူ နေနိုင်သေးသည်။ သူက လက်နှစ်ဖက်ဆုပ်၍ ထိုအမျိုးသမီးကို အရိုအသေပေးလိုက်သည်။
ထိုအပြုအမူကြောင့် သက်လတ်ပိုင်းအမျိုးသမီး၏ အေးစက်စက်အကြည့်တွင် အံ့အားသင့်သွားဟန်များ တစွန်းတစ ပေါ်လာသည်။ ထိုအမျိုးသမီးကို ရွှီချင်းကို စေ့စေ့စပ်စပ်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ သက်သာသလို နေပါ ”
ထိုသို့ ပြောပြီးသည်နှင့် ရွှီချင်းကို ကြည့်နေသည့် တူမဖြစ်သူ၏အကြည့်က ဝင်းလက်တောက်ပသွားသည်ကို ထိုအမျိုးသမီး သတိထားမိလိုက်သည်။ ယခင်က ထိုသို့တွေ့ကြုံခဲ့ဖူးသည့် လူတစ်ယောက်ဖြစ်၍ တူမဖြစ်သူ၏ အကြည့်က မည်သည့်အဓိပ္ပာယ်ဆောင်သည်ကို ကောင်းစွာ သဘောပေါက်လိုက်ပြီး သက်ပြင်းကြိတ်ချလိုက်သည်။ ထိုအမျိုးသမီး ထုတ်လွှတ်နေသည့် အအေးဓာတ်များ အနည်းငယ် လျော့ကျသွားပြီး လေသံလည်း အနည်းငယ် ပျော့ပျောင်းသွားသည်။
“ ငါ မင်းကို ဒီကို ခေါ်လိုက်ရတာက တာဝန်တစ်ခု ပေးဖို့ပဲ။ မင်း တင်းရွှယ်ရဲ့ တာအိုအစောင့်အရှောက်အနေနဲ့ ခဏလောက် နေပေးရမယ် ”
“ ဒေါ်လေး၊ သမီးတို့က တစ်ယောက်နဲ့ တစ်ယောက်ကူညီပေးရမဲ့ သူငယ်ချင်းတွေလေ ”
တင်းရွှယ်က ခပ်သွက်သွက် ဝင်ပြောလိုက်ပြီး ချစ်စဖွယ်အမူအရာဖြင့် သူ့ဒေါ်လေး၏ လက်ကို ယမ်းလိုက်သည်။
ရွှီချင်းသည် တည်ငြိမ်နေပြီး တစ်ချက်ကလေးပင် အမူအရာ ပြောင်းလဲမသွားပေ။ သို့သော် သူ့စိတ်ထဲတွင် အတွေးများစွာ ပေါ်လာ၏။ တစ်ဖက်တွင် တင်းရွှယ်၏ နောက်ခံက ထိုမျှ ကြီးမားနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ တခြားတစ်ဖက်တွင် ထိုလက်ထောက်တောင်သခင် ထုတ်လွှတ်နေသည့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများအရ သူမြင်ခဲ့ဖူးသည့် တောင်သခင်အနည်းငယ်နှင့် တူညီနေသကဲ့သို့ ခံစားနေရသည်။
သို့ဖြစ်၍ တောင်သခင်များ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူ ကောင်းစွာ နားလည်သွားသည်။
တင်းရွှယ်၏ ချစ်စဖွယ်အမူအရာကြောင့် သက်လတ်ပိုင်းအမျိုးသမီးမှာ အနည်းငယ် ပျော့ပျောင်းလာပြီး ချစ်ခင်မြတ်နိုးစွာဖြင့် တင်းရွှယ်ကို ကြည့်ကာ ခေါင်းကို ပုတ်လိုက်ပြီး ရွှီချင်းအား ပြောလိုက်သည်။
“ ရွှီချင်း၊ မင်းနဲ့ တင်းရွှယ်က သူငယ်ချင်းတွေနော်။ မင်းကို လက်ထောက်တောင်သခင်တစ်ယောက်အနေနဲ့ ပြောတာမဟုတ်ဘူး။ အကြီးအကဲတစ်ယောက်အနေနဲ့ပြောတာ။ ဒါက ရှေ့တန်းစစ်မြေပြင်၊ မလုံခြုံဘူး။ ဒီစစ်ပွဲထဲ တင်းရွှယ်ပါမှ ဖြစ်မှာ။ ငါ အရေးကြီးလုပ်စရာရှိလို့ တင်းရွှယ်ကို လိုက်ကြည့်မပေးနိုင်ဘူး။ တင်းရွှယ်ရဲ့ လုံခြုံရေးကို ငါ စိတ်ပူတယ်။ မင်း တစ်လလောက် တင်းရွှယ်ကို စောင့်ရှောက်ပေးရမယ် ”
“ အဲဒါပြီးရင် စစ်ပွဲကနေ အချိန်မရွေး ထွက်ခွာခွင့်နဲ့ ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်သုံးခုကို ပေးမယ် ”
‘ ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင် ’ ဆိုသည့်စကားကြောင့် ရွှီချင်း၏ ရင်ခုန်နှုန်းများ မြန်ဆန်သွားရသည်။
ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်များသည် ကျောက်စိမ်းအဆောင်အမျိုးအစားဖြစ်သည်ကို သူ သိသည်။ ထိုအဆောင်များ၏ တန်ဖိုးက ဓမ္မအသုံးအဆောင်အများစုထက် မြင့်သည်။ မည်သည့်အဆောင်မဆို ဝိညာဉ်ကျောက်တုံးခုနစ်သိန်း သို့မဟုတ် ရှစ်သိန်းကျော် ရှိသည်။
ယင်းအပြင် ထိုအဆောင်များက အလွန့်အလွန် ရှားသည်။ ထိုအဆောင်များ ပေါ်လာသည်နှင့် တခြားလူများက အလုအယက် ဝယ်ယူကြမည်ဖြစ်သည်။ ဆဋ္ဌမမြောက်တောင်ထိပ်၊ ဖုန်းမင်နယ်မြေရှိ အလင်းအသုံးအဆောင်စံအိမ်၌ ထိုပစ္စည်းတစ်ခုကို သူ မြင်ခဲ့ပါသော်လည်း ယင်းပစ္စည်းမှာ ရောင်းရန် မဟုတ်ပေ။
ယင်းပစ္စည်း၏ အကျိုးကျေးဇူးမှာ ဒုတိယအသက် ပိုင်ဆိုင်လိုက်ရသည်နှင့် ညီမျှသည်။ ယင်းပစ္စည်းက အသုံးပြုသူကို နေရာများစွာသို့ ချက်ချင်း တည်နေရာရွှေ့ပြောင်းပေးနိုင်သည်။ သို့သော်လည်း နေရာ သတ်သတ်မှတ်မှတ်မရှိဘဲ အသုံးပြုသူကို အနီးတဝိုက် သို့မဟုတ် ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာအဝေးသို့တိုင်အောင် တည်နေရာရွှေ့ပြောင်းပေးနိုင်သည်။
ယင်းကိစ္စကို တင်းရွှယ်က အကြံပြုခဲ့သည်မှာ သိသာသည်။ ထိုသို့မဟုတ်ဘဲ ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်ကို ဆုကြေးပေး၍ သူမကို ကာကွယ်စောင့်ရှောက်ရန် လူတစ်ယောက်ကိုသာ အမှန်တကယ် ရှာမည်ဆိုပါက ထိုတာဝန်အတွက် အဆင့်မြင့်ကျင့်ကြံသူအများအပြား တိုက်ခိုက်ကြမည်ဖြစ်သည်။
ထို့ကြောင့် တင်းရွှယ်ကို ရွှီချင်း လှမ်းကြည့်လိုက်သည်။
ရွှီချင်း၏ အကြည့်ကြောင့် တင်းရွှယ် ရှက်သွေးဖြာသွားပြီး ချိုသာစွာ ပြုံးလိုက်သည်။
သက်လတ်ပိုင်းအမျိုးသမီးက ခေါင်းကိုယမ်းလိုက်ပြီး ဖီးနစ်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးများထဲ ကူကယ်ရာမဲ့နေသည့်အရိပ်အယောင်များ ပေါ်လာသည်။ တင်းရွှယ်၏လက်ထဲ သိုလှောင်အိတ်တစ်အိတ် ထည့်ပေးလိုက်ပြီးနောက် ထိုအမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ မင်းတို့ပဲ ဆုံးဖြတ်ကြတော့ ”
ပြောပြီးသည်နှင့် ထိုအမျိုးသမီးက လှည့်ထွက်သွားသည်။
အဒေါ်ဖြစ်သူ ထွက်သွားသည်ကို မြင်၍ တင်းရွှယ်က ရွှီချင်း၏ဘေးသို့ ခပ်သွက်သွက်ပြေးသွားကာ ပြောလိုက်သည်။
“ အစ်ကိုရွှီချင်း၊ အဲဒါ ညီမအဒေါ်လေ။ သူက ချီရွှဲ့ထုံဂိုဏ်းမှာ မနေတတ်ဘူး။ အနောက်ဘက်ကျောက်တန်းကျွန်းစုမှာပဲ နေတာ။ အရင်တုန်းက ညီမကို ပင်လယ်ထဲ လိုက်ပို့တုန်းက အစ်ကို့ကို မိတ်ဆက်ပေးမယ်လို့ ပြောတဲ့ဒေါ်လေးက အဲဒီဒေါ်လေးလေ ”
“ အဲဒီနေ့တုန်းက ကျောက်ကျုံးဟန်က ညီမနောက်ကို စိတ်ရှုပ်ဖို့ကောင်းအောင် တကောက်ကောက်လိုက်နေတာ။ ညီမအဒေါ်က သဘောကောင်းတဲ့လူဆိုတော့ သူ့ကို ဆေးလုံးတစ်လုံး ပေးလိုက်တယ်။ အစ်ကိုသာ ညီမနဲ့ လိုက်လာခဲ့ရင် အစ်ကို့ကို အဲဒီဆေးပေးမှာ။ ကျောက်ကျုံးဟန်က အဲဒီဆေးကို သုံးပြီး တားမြစ်ပင်လယ်ဝေလနဂါးကို ဖော်ထုတ်နိုင်သွားတယ်။ အဲဒီကောင် အချောင်ရသွားတယ် ”
ရွှီချင်း ဘာမှမပြောပေ။
ခဏအကြာ သူက တင်းရွှယ်ကို ကြည့်၍ မေးလိုက်သည်။
“ သတ္တမမြောက်တောင်သခင်က … ”
“ ညီမအဒေါ်ရဲ့ယောက်ျားလေ ”
တင်းရွှယ် ပြုံး၍ ပြောလိုက်သည်။
ရွှီချင်း ငြိမ်သက်သွားပြန်သည်။
“ ဒါပေမဲ့ ညီမအဒေါ်နဲ့ ဦးလေးကြားမှာ ပြဿနာလေးတွေ ရှိတယ်။ အဲဒါကြောင့် အဒေါ်က ချီရွှဲ့ထုံဂိုဏ်းကနေ အနောက်ဘက်ကျောက်တန်းကျွန်းစုကို ပြောင်းသွားတာ။ ဒီစစ်ပွဲကြောင့်သာ ဒီကို ရောက်လာတာ ”
“ အစ်ကိုရွှီချင်း၊ ဒီတစ်ခေါက် ညီမကို ကာကွယ်ပေးမှာမလားဟင်။ တကယ်က ညီမ ဒီနေရာကို အရည်အချင်း တိုးတက်အောင်လို့ လာတာ။ ဂိုဏ်းမှာလည်း အဓိကဂိုဏ်းသားတွေအတွက် အကဲဖြတ်မှတ်တမ်းတွေရှိတယ်။ ညီမဦးလေးက ညီမကို ခုနစ်ဂိုဏ်းမဟာမိတ်ဆီ ပို့ချင်တာ။ အဲဒီလိုပို့ဖို့ဆိုရင် ညီမမှတ်တမ်းတွေက ပိုစစ်မှန်ပြီး ကြည့်ပျော်ရှုပျော်ဖြစ်နေဖို့ လိုတယ်လေ။ ပြီးတော့ နောက်ကျရင် အသီးအရွက်တွေကိုလည်း လေ့လာဖို့ ညီမ စီစဉ်ထားတာ။ ဒီတော့ ဒီအတောအတွင်း ညီမကို အစ်ကိုရွှီချင်း လမ်းညွှန်ပေးလို့လည်း ရတယ်လေ ”
တင်းရွှယ်သည် ဘာကိုမှ မကွယ်ဝှက်ဘဲ လိုအပ်သည့်အရာများကို ရွှီချင်းအား ပြောပြလိုက်သည်။ တစ်ဆက်တည်း သိုလှောင်အိတ်ကို ပေးလိုက်၏။ ရွှီချင်း လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်များကို ရွှီချင်းအား ပေးရန် ရည်ရွယ်ထားဟန်တူသည်။
ရွှီချင်းက သိုလှောင်အိတ်ကို ကြည့်လိုက်ပြီးနောက် မျှော်လင့်တကြီး ကြည့်နေသည့် တင်းရွှယ်ကို ကြည့်လိုက်သည်။
တင်းရွှယ်၏ လုံ့လဝီရိယနှင့် သင်ယူရန် စိတ်အားထက်သန်သည့်စိတ်တို့ကို ရွှီချင်း လေးစားသည်။ ယင်းအပြင် ယခင်က အခြေတည်အဆင့်ကျောက်စိမ်းပေလွှာအရ ဖြစ်စေ၊ ယခု ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်သုံးခုအရဖြစ်စေ ရွှီချင်းမှာ ငြင်းပယ်ရန် အကြောင်းပြချက်မရှိပေ။ တင်းရွှယ်၏ အပြုအမူများသည်လည်း သူ့ကို စိတ်သက်သာရာရစေသည်။
ရွှီချင်းက ခေါင်းညိတ်ပြလိုက်ပြီး သိုလှောင်အိတ်ကို ယူလိုက်သည်။ အိတ်ထဲ၌ အရောင်ဖျော့ဖျော့လက်နေသော ကျောက်စိမ်းအဆောင်သုံးခုရှိသည်။ ထိုအဆောင်များပေါ်ရှိ ဓမ္မစွမ်းအားများက အဆမတန် များပြားသည်။
“ ကောင်းလိုက်တာ။ ကျေးဇူးတင်ပါတယ် အစ်ကိုရွှီချင်း ”
တင်းရွှယ် အလွန် စိတ်လှုပ်ရှားသွားသည်။ ရွှီချင်း၏လက်ကို ပုံမှန်အတိုင်း တွဲရန် ကြိုးစားလိုက်ပါသော်လည်း ရွှီချင်းက ရှောင်လိုက်သည်။
တင်းရွှယ်မှာ မျက်နှာတစ်မျိုး ဖြစ်မသွားဘဲ ချိုသာစွာ ပြုံး၍သာ ရွှီချင်းကို တည်နေရာရွှေ့ပြောင်းခြင်းအမှတ်ထံသို့ ခေါ်ဆောင်သွားပြီး အမိန့်ပေးဗဟိုဌာနမှ ထွက်လာခဲ့သည်။
အချိန်အများစုတွင် တင်းရွှယ်သည် အဒေါ်ဖြစ်သူ၏ နေရာသို့ ညအချိန် ပြသွားသည်မှလွဲ၍ ရွှီချင်း၏ နောက်သို့သာ အမြဲလိုက်နေတတ်ပြီး ရေသူမကျွန်းရှေ့တန်းစစ်မြေပြင်၌ သူမ၏မှတ်တမ်းကို ပြည့်စုံအောင် လုပ်လေသည်။
သို့သော်လည်း တင်းရွှယ်က အလွန် ပါးနပ်သည်။ တစ်ကိုယ်ကောင်းဆန်စွာဖြင့် ရွှီချင်းကို ခေါ်ဆောင်ခဲ့သည်ဖြစ်သော်လည်း ထိုအချက်ကို မသိသာအောင် လုပ်ထားပြီး ရွှီချင်းကို အထူးတာဝန်များ ထမ်းဆောင်ရာတွင် ဝင်ပါစေခဲ့သည်။
အဓိကဂိုဏ်းသားများ၏ တာဝန်များက သူတို့တာဝန်များနှင့် မတူညီသည်ကို ရွှီချင်း သိသည်။
အဓိကဂိုဏ်းသားများ၏ တာဝန်ဆုကြေးငွေမှာ ပို၍ပင် များပြားပြီး အန္တရာယ်လည်း နည်းသည်။ တာဝန်အများစုကို ကျွန်းများပေါ်မှာပင် ထမ်းဆောင်နိုင်သည်။
အဓိကဂိုဏ်းသားဖြစ်နေ၍ ဂိုဏ်းနှင့် ဆက်ဆံရေးမှာ အလွန် ကောင်းမွန်သည် မဟုတ်ပါလား။
တစ်နေ့ ချီရွှဲ့ထုံဂိုဏ်းသာ မဖြေရှင်းနိုင်သော ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပါက ရွှီချင်းကဲ့သို့ ဂိုဏ်းသားများအနေဖြင့် နောက်ယောင်ခံလိုက်ခံရမည်မဟုတ်ဘဲ စိတ်ချလက်ချ ထွက်သွားနိုင်သည်။
သို့သော်လည်း အဓိကဂိုဏ်းသားများမှာ သေချာပေါက် ချေမှုန်းခံရမည်ဖြစ်သည်။
အဓိကဂိုဏ်းသားများကို ရွှီချင်း မနာလိုမဖြစ်ပေ။ လက်ရှိသူ့အနေအထားက အတော်လေး ကောင်းမွန်သည်ဟု ခံစားမိသည်။ နောက်ရက်များ၌ သူသည် တင်းရွှယ်ကို ခေါ်ဆောင်ကာ နေ့တိုင်း တင်းရွှယ်လက်ခံသည့် တာဝန်အသေးစားများကို ပြီးစီးအောင် ဆောင်ရွက်ပေးသည်။
ဥပမာအနေဖြင့် ကျွန်းတစ်ကျွန်းမှ တခြားကျွန်းတစ်ကျွန်းသို့ အရေးကြီးသော အထောက်အပံ့များ ပို့ဆောင်ပေးခြင်း၊ နောက်ဆက်တွဲအလုပ်အနည်းငယ် လုပ်ခြင်း၊ အန္တရာယ်အနည်းအကျဉ်းကို ရှင်းပေးခြင်း စသည်တို့ ဖြစ်သည်။
အခြေခံအားဖြင့် ထိုတာဝန်လေးများအားလုံး ဘေးကင်းလုံခြုံကာ လွယ်ကူသော တာဝန်များ ဖြစ်သည်။
သူ အားလပ်သောအချိန်များတွင် တင်းရွှယ်က ဆေးပင်များအကြောင်းကို မေးတတ်သည်။ ထိုသို့မေးသည့်အခါတိုင်း တင်းရွှယ်က ဝိညာဉ်ကျောက်တုံးများ ပေးတတ်သည်။
အကြိမ်တိုင်း ဝိညာဉ်ကျောက်တုံးတစ်ရာ၊ နှစ်ရာဆိုသည်မှာ အဖိုးမတန်ပါသော်လည်း သူက ‘ နှမ်းစေ့များ စုပေါင်းသောအခါတွင် ဆီဖြစ်သည် ’ ဟူသော အယူအဆကို ကိုင်စွဲထားသူ ဖြစ်သည်။
ခုနစ်ရက်၊ ရှစ်ရက်ကြာပြီးနောက် တင်းရွှယ် လက်ခံရသည့် တာဝန်များက တဖြည်းဖြည်း ခက်ခဲလာသည်။
ဥပမာအနေဖြင့် ကျွန်းများပေါ်မှ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ပုန်းကွယ်နေသည့်နေရာများနှင့် ရေသူမသစ္စာဖောက်များကို ရှာဖွေခြင်းတို့ ဖြစ်သည်။
ထိုကဲ့သို့ တာဝန်တစ်ခုက အတော်လေး အန္တရာယ်များ ပါသော်လည်း ရှေ့တန်းစစ်မြေပြင် အမိန့်ပေးဗဟိုဌာနတည်ရှိရာနေရာဖြစ်နေ၍ အသက်အန္တရာယ်ဆုံးရှုံးရလောက်အောင်အထိ အန္တရာယ်မများပေ။
ပြဿနာတစ်စုံတစ်ရာ ရှိလာခဲ့ပါက ဂိုဏ်းဘက်မှ အကူများ ချက်ချင်း လွှတ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် ထိုတာဝန်များသည် အဓိကဂိုဏ်းသားများကို လေ့ကျင့်ပေးရန် အလွန်သင့်တော်သည်။
တင်းရွှယ်သည် သူမ၏ မှတ်တမ်းကို အလွန် အလေးထားဟန်တူသည်။ အတော်လေး အန္တရာယ်များသော တာဝန်များကို ဒဏ်ရာရမည်မကြောက်ရွံ့ဘဲ မကြာခဏ လက်ခံတတ်သည်။
တာဝန်က ပို၍ အန္တရာယ်များလေလေ မြန်မြန်လက်ခံလေပင် ဖြစ်သည်။
သို့သော်လည်း ရွှီချင်း၏ စေ့စပ်တိကျသော အကာအကွယ်အောက်၌ တင်းရွှယ် အမြဲဘေးကင်းလုံခြုံနေခဲ့သည်။
ယင်းကြောင့် တင်းရွှယ် အနည်းငယ် စိုးရိမ်ပူပန်လာသည်။
ယင်းသည် သူမ စီစဉ်ထားသည်နှင့် လွဲနေ၏။
တစ်လ ကုန်တော့မည်ကို သိလာရသောအခါတွင် တင်းရွှယ်မှာ ပို၍ပင် ပူပန်သောကရောက်လာရသည်။ မနက်ခင်းတစ်ခု၌ ရွှီချင်းကို တွေ့သောအခါတွင် တင်းရွှယ်သည် ရုတ်တရက် သွေးပွက်တစ်ပွက် အန်လိုက်သည်။
တင်းရွှယ်၏ မျက်နှာ နီမြန်းနေပြီး ခန္ဓာကိုယ်မှာလည်း အချိန်မရွေးလဲကျတော့မည့်အလား ဖြစ်နေသည်။
ရွှီချင်း ဆွံ့အသွားသည်။ တင်းရွှင်ကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် အနည်းငယ် စိတ်ပူပန်သွားသည်။
တင်းရွှယ်၏ ကျင့်ကြံခြင်းအခြေခံက မငြိမ်မသက်ဖြစ်နေပြီး သွေးကြောများပိတ်ဆို့ကာ ချီလမ်းကြောင်းများက အလုံးတစ်လုံးအသွင် ဖြစ်နေသည်။ အချိန်တိုအတွင်း သက်သာလာရန်မှာ အလွန် ခက်ခဲသည်။
“ အစ်ကိုရွှီ၊ ဒါတွေအားလုံး ညီမအမှားတွေပါ။ ညီမကိုက စိုးရိမ်ပူပန်လွန်းနေတာ ”
“ ညီမကိုယ်ညီမ အားနည်းတယ်ထင်လို့ အထွတ်အထိပ်အဆင့်ကို ရောက်အောင် မြန်မြန်လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ မနေ့ညက ကျင့်ကြံရင်း တစ်ခုခုလွဲသွားလို့ တန်ပြန်ဒဏ်ကို ခံလိုက်ရတယ် ”
တင်းရွှယ်က ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး ခါးသက်သက်ဖြင့် ပြောလိုက်သည်။
“ ညီမအဒေါ်လည်း စစ်မြေပြင်ကို သွားတော့ ဒီမှာ မရှိဘူး ”
“ ရက်နည်းနည်းလောက် အနားယူလိုက်ပါလား။ ဒဏ်ရာတွေ သက်သာမှပဲ တာဝန်တွေ ထမ်းဆောင်လေ ”
ရွှီချင်းက ဖြောင်းဖြလိုက်သည်။
“ ဟင့်အင်း ”
တင်းရွှယ်က ပြာပြာသလဲလဲ ငြင်းဆန်လိုက်သည်။ သူမသာ အမှန်တကယ် အနားယူလိုက်ပါက သူမကိုယ်သူမ ဒဏ်ရာများရအောင် လုပ်ခဲ့သည်မှာ အချည်းနှီးဖြစ်သွားမည်ဟု သူမ တွေးနေမိ၏။