သဘောထားကြီးသော
Vol. 16 Ch. 240
“ ခုနစ်ဂိုဏ်းမဟာမိတ်ကို ဝင်ခွင့်ရဖို့က ညီမအိမ်မက်ပဲ ”
“ အခု ညီမမှာ လိုအပ်တာအားလုံး ရှိတယ်။ မှတ်တမ်းကောင်းကောင်းပဲ လိုတော့တာ။ ညီမရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် ညီမကြိုးစားထားတာတွေ သဲထဲရေသွန်ဖြစ်သွားမှာကို မလိုချင်ဘူး ”
“ ဒီနေ့ တာဝန်ဆယ့်ခြောက်ခု ညီမ လက်ခံထားတယ်။ အစ်ကိုရွှီ၊ ညီမပါရမီက သာမန်ပေမဲ့ ညီမ ကြိုးစားမှရမှာ။ ညီမ ဒဏ်ရာရနေလည်း လက်မလျော့နိုင်ဘူး။ ဒီဒဏ်ရာလေးက ဘာမှမဟုတ်ပါဘူး ”
တင်းရွှယ်ကို ကြည့်ရသည်မှာ မဆုတ်မနစ် ကြိုးစားမည့်ဟန်တူသည်။
“ ဒေါ်လေးကို ညီမ စိတ်မပျက်စေချင်ဘူး ”
“ အစ်ကိုရွှီ၊ ညီမကို အဲဒီတာဝန်လေးတွေ ပြီးအောင် ကူပေးမလားဟင်။ အစ်ကို့ကို ဒုက္ခပေးရတာ အားနာပါတယ် ”
ထိုနေရာအရောက်တွင် တင်းရွှယ်၏ အသံက အနည်းငယ် ပျော့သွားသည်။ စကားဆုံးသည်နှင့် တင်းရွှယ်က အရိုအသေပေးချင်ပါသော်လည်း ခန္ဓာကိုယ်လေး ပျော့ခွေကာ လဲကျလုမတတ် ဖြစ်သွားသည်။ ရွှီချင်းက တင်းရွှယ်ကို ကူညီရန် အလိုလို ရှေ့တိုးသွားသည်။
တင်းရွှယ်၏ ခန္ဓာကိုယ်က ရွှီချင်း၏လက်ထဲ ကျသွားသည်။ တင်းရွှယ်၏ မျက်တောင်လေးများ မဆိုစလောက် တုန်ခါသွားပြီး အသက်ရှူသံ သိသိသာသာ မြန်ဆန်လာသည်။ မျက်နှာလေးသည်လည်း နီမြန်းလာ၏။
တစ်ခုခု လွဲချော်နေသည်ကို ရွှီချင်း ခံစားမိပါသော်လည်း မည်ကဲ့သို့ ငြင်းဆန်ရမည်ကို မသိပေ။ တင်းရွှယ်၏ ဒဏ်ရာများက စစ်မှန်ပြီး အမှန်တကယ် ပြင်းထန်သည် မဟုတ်ပါလား။
ထိုသို့ဖြင့် ထိုနေ့က တင်းရွှယ်ကို တာဝန်တစ်ဆယ့်ခြောက်ခု ပြီးမြောက်အောင် ရွှီချင်း ကူညီလိုက်သည်။ တင်းရွှယ်မှာ အားနည်းနေပါသော်လည်း ရင်ထဲတွင် စိတ်လှုပ်ရှားနေသည်။
ယင်းသည် သူမ လိုချင်သော ရလဒ်ဖြစ်သည်။ သူသည် ရွှီချင်းနှင့် နီးစပ်ချင်ပြီး နက်ရှိုင်းသော မိတ်ဆွေဆက်ဆံရေး တည်ဆောက်လိုသောကြောင့် အဒေါ်ဖြစ်သူကို ရွှီချင်းအား သူမကို ကာကွယ်ခွင့်ပေးရန် အနူးအညွှတ်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ရွှီချင်းကို သိမ်းပိုက်ချင်ပါက အလောတကြီး လုပ်၍ မရသည်ကို သူမ ကောင်းစွာ နားလည်သည်။
သူမအနေဖြင့် တဖြည်းဖြည်း သွားရန် လိုအပ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ခံစားချက်များ ပေါက်ဖွားလာမည်သာ ဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ သူမကိုယ်သူမ ဒဏ်ရာရအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအစီအစဉ်အား နေ့တိုင်း အသုံးပြု၍မရသည်ကိုလည်း သူမ ကောင်းစွာ နားလည်ထားသည်။ ရွှီချင်းအား လိုအပ်သည့်ခံစားချက်ကို သိသိသာသာ ထုတ်ပြ၍ မရသည် မဟုတ်ပါလား။ သို့ဖြစ်၍ နောက်တစ်နေ့ အနည်းငယ် သက်သာလာသည်နှင့် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။
နေ့တိုင်း တင်းရွှယ်က ရွှီချင်းကို ခေါ်ကာ ကျွန်းလေးကျွန်းကို လှည့်ပတ်လေသည်။
နောက်ထပ် ခုနစ်ရက်၊ ရှစ်ရက်ခန့် ကုန်လွန်သွားသည်။ တင်းရွှယ်မှာ ဒုတိယမြောက်အစီအစဉ် စတင်ရန် အချိန်ကျလာပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
ထိုအစီအစဉ်ပြီးလျှင် ရွှီချင်းနှင့် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မည်ဟု အပြည့်အဝ ယုံကြည်နေသည်။ ထိုအစီအစဉ်ကို လပေါင်းများစွာ သူမ ပြင်ဆင်ထားခဲ့သည် မဟုတ်ပါလား။
သို့သော်လည်း ထိုကဲ့သို့ အရေးကြီးသော အချိန်တွင် သူမကို စိတ်ပျက်သွားစေသည့် မဖိတ်ကြားထားသော ဧည့်သည်တော် ရောက်ချလာသည်။
ထိုသူမှာ ကျောက်ကျုံးဟန်ဖြစ်သည်။
အခြေတည်အဆင့်သို့ ရွှီချင်း ရောက်သွားပြီးနောက် ကျောက်ကျုံးဟန်၏ ကျင့်ကြံခြင်းအမြန်နှုန်းက ရုတ်တရက် ထိုးတက်သွားခဲ့သည်။ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ သူ ရောက်သွားပြီး အခြေတည်အဆင့်သို့ ရောက်ရန် မလိုတော့ပေ။
ယေဘုယျဆိုရလျှင် ယခုအချိန်တွင် သူ့အနေဖြင့် ချီစုစည်းခြင်းအဆင့်အထွတ်အထိပ် ကျင့်ကြံခြင်းစွမ်းအားများကို တည်ငြိမ်စေရန် တံခါးပိတ်ကျင့်ကြံပြီး အခြေတည်အဆင့်စတင်ရန်သာ လိုတော့သည်။
သို့သော်လည်း ဤနေရာတွင် ဖြစ်ပျက်နေသည်များကို သူ ကြားသိခဲ့ရပြီး တိုက်ပွဲထဲ ဝင်ပါရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။ ရေသူမကျွန်းပေါ်သို့ သူ ပထမဆုံး ရောက်သည့်နေ့မှာပင် တင်းရွှယ်ဘေးသို့ အရှက်မရှိ သွားလေသည်။
မည်သို့ပင် ဖြစ်ပါစေ သူသည် ထွက်မသွားဘဲ အတင်းအကြပ် နောက်မှ တကောက်ကောက်လိုက်လေသည်။
တင်းရွှယ် စိတ်အနှောင့်အယှက်ဖြစ်လာသောအခါတွင် တာဝန်ကျောက်စိမ်းပေလွှာကို ဖွင့်၍ နည်းလမ်းတစ်မျိုးသုံးကာ တင်းရွှယ်နှင့် တူညီသောတာဝန်ကို ထမ်းဆောင်လေသည်။ သို့ဖြစ်ပေရာ တင်းရွှယ်မှာ ကူကယ်ရာမဲ့နေရသည်။
ထိုဖြစ်စဉ် အစမှအဆုံးတိုင်အောင် ရွှီချင်းက ဂရုမစိုက်ပေ။ မည်သူရောက်လာသည်က အရေးမကြီးဘဲ အချိန်ကို သူ တွက်ကြည့်ထားပြီး တစ်လပြည့်ရန် ရက်အနည်းငယ်သာ လိုတော့သည်။
“ ကျောက်ကျုံးဟန်၊ နင် နောက်က အဲဒီလို လိုက်နေရင် စည်းမျဉ်းနှစ်ခုတော့ လိုက်နာရမယ် ”
တင်းရွှယ်က ရွှီချင်းရှေ့မှ ကျောက်ကျုံးဟန်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ကာ ပြောသည်။
“ ပထမတစ်ချက်အနေနဲ့ နင် လမ်းတစ်လျှောက်လုံး စကားမပြောရဘူး ”
“ ဒုတိယအချက်အနေနဲ့ ငါနဲ့ ပေသုံးဆယ်အကွာမှာ နေရမယ် ”
“ နင် သဘောမတူရင် ထွက်သွားတော့၊ သဘောတူရင် ဆက်နေ ”
ကျောက်ကျုံးဟန် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ လာကတည်းက ထိုအချက်ကို တွေးထားပြီး ဖြစ်သည်။ ယခု လှချင်တိုင်း လှနေသော တင်းရွှယ်ကို သူ လှမ်းကြည့်လိုက်သည်။
ထို့နောက် ထိုသည်ကို သတိထားမိဟန်မတူသော ရွှီချင်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး အလျင်အမြန် အကြည့်လွှဲလိုက်သည်။ သူ့ရင်ထဲတွင် တစ်ခါမှ မကြုံဖူးသော ခိုင်မာပြတ်သားသည့် စိတ်ဆန္ဒတစ်ခု ပေါ်လာသည်။
‘ သူ့ကျင့်ကြံခြင်းအဆင့်က မြင့်နေလဲ ငါ့မေတ္တာကို ယှဉ်နိုင်မှာလား။ မိန်းကလေးတစ်ယောက်ကို လိုက်ကြိုက်တယ်ဆိုတာ ရန်သတ်နေရတာ မဟုတ်ဘူး။ ကျင့်ကြံခြင်းအဆင့်မြင့်တော့ကော ဘာအရေးလဲ။ ငါ့အဘိုးက ပိုပြီး မြင့်တယ်။ ငါ့အဘိုးလည်း အဘွား ငြင်းတာ ခံခဲ့ရတာပဲ။ သတ္တမမြောက်တောင်သခင်ကြီးလည်း သတ္တမမြောက်တောင်ပေါ်မှာ ဘာလို့ တစ်ယောက်တည်း ဖြစ်နေမှာတုံး ’
‘ ငါ့မေတ္တာက ပျော်ရွှင်မှုကို ရနိုင်တဲ့ သော့ချက်ပဲ။ ငါ့မေတ္တာကို ဖျက်ဆီးလို့မရဘူး။ ကောင်းကင်ကြီးက ငါ့မေတ္တာကို စမ်းသပ်လာခဲ့ရင် … ကောင်းကင်မှာ နတ်ဘုရားမျက်နှာပျက်ကြီးတောင် မျက်လုံးဖွင့်နိုင်တာ ငါ့မေတ္တာကို ဖျက်ဆီးလို့ရမှာလား ’
‘ ကျင့်ကြံခြင်းအဆင့်မြင့်တိုင်းသာ မိန်းမ ရကြေးဆို ဂိုဏ်းစောင့်ဘိုးဘိုးမှာ မိန်းမတွေ၊ မယားငယ်တွေ အများကြီး ရှိနေမှာပေါ့။ တစ်ဂိုဏ်းလုံးက မိန်းကလေးတွေအားလုံး သူ့မိန်းမတွေချည်း ဖြစ်နေမှာပေါ့ ’
ကျောက်ကျုံးဟန်သည် ပို၍ တွေးမိလာသည်နှင့်အမျှ ပို၍ ယုတ္တိရှိလာသည်ဟု ခံစားလာရသည်။ သူ ပို၍ ဆုံးဖြတ်ချက်ခိုင်မာလာပြီး သူ့ဘဝ၏ မြတ်နိုးရာလေးဖြစ်သော တင်းရွှယ်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ ကောင်းပြီလေ ”
တင်းရွှယ်မှာ ကျောက်ကျုံးဟန် လက်ခံလိုက်ခြင်းကြောင့် အလွန် စိတ်ပျက်သွားရသည်။ သို့သော်လည်း ရွှီချင်းအတွက် ဘာမှ ထူးခြားမသွားပေ။
ကျောက်ကျုံးဟန်က သူ့နဖူးကို ခိုးကြည့်နေသောကြောင့်သာ သူ တစ်မျိုး ခံစားနေရပါသော်လည်း များစွာ ဂရုမစိုက်ပေ။ အထူးသဖြင့် တစ်ဖက်လူက ကောက်ကျစ်စွာဖြင့် သူ့ကို ရန်စမလာသရွေ့ သူ ဂရုစိုက်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အချိန်အများစုတွင် ကျောက်ကျုံးဟန်ကို လျစ်လျူရှုထားသည်။
ရက်များစွာ ကြာပြီးနောက် သူတို့သုံးယောက်သည် တာဝန်လေးများကို ပြီးစီးသွားပြီး အနားယူရန် ပြန်ဆုံကြသည်။ ထိုအချိန်၌ ကျောက်ကျုံးဟန်ကို ရွှီချင်းက နားလည်ရခက်သောအမူအရာဖြင့် ကြည့်လိုက်သည်။
တင်းရွှယ်သည်လည်း ကျောက်ကျုံးဟန်ကို မြင်သောအခါ မှင်သက်သွားသည်။
ကျောက်ကျုံးဟန်၏ မျက်ခုံးမွေးများကို သူမ လှမ်းကြည့်လိုက်ပြီးနောက် ရွှီချင်းကို လှည့်ကြည့်ကာ တဖြည်းဖြည်းနှင့် မျက်နှာတစ်မျိုး ဖြစ်လာသည်။
ကျောက်ကျုံးဟန်သည်သာ တည်ငြိမ်နေ၏။ သူက ခေါင်းကိုမော့၍ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရွှီချင်းနှင့် တင်းရွှယ်ကို သူ၏မျက်ခုံးမွေးအား ပြလိုက်လေသည်။
ဤနေရာတွင် တခြားတစ်ယောက်သာ ရှိနေပါက ကျောက်ကျုံးဟန်၏ မျက်ခုံးမွေးများသည် ရွှီချင်း၏ မျက်ခုံးမွေးများနှင့် တူညီလုနီးပါး ဖြစ်နေသည်ကို သတိထားမိမည် ဖြစ်သည်။
မျက်ခုံးမွေး အထူအရဖြစ်စေ၊ အရှည်အရဖြစ်စေ၊ အနံအရဖြစ်စေ အားလုံး တသွေမတိမ်း ဖြစ်သည်။
ရွှီချင်းသည် ကျောက်ကျုံးဟန်ကို ကြည့်၍ ပြီးခဲ့သည့်ရက်အနည်းငယ်က သူ့နဖူးအား ခိုးကြည့်နေရသည့်အကြောင်းရင်းကို ရုတ်တရက် နားလည်သွားသည်။
‘ ဒီကောင် ရူးနေတာလား ’
အကြီးအကဲကျောက်၏ သူ့မြေးအကြောင်း ပြောသည့်စကားကို ရွှီချင်း ပြန်တွေးတောလိုက်ပြီး ထိုစကားက ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။
တင်းရွှယ် သက်ပြင်းချလိုက်သည်။
မျက်ခုံးမွေးများသည် လူတစ်ယောက်၏ မျက်နှာကျကို လိုက်၍ အသွင်အပြင်အမျိုးဖြစ်စေသည်။ ကျောက်ကျုံးဟန်ကို ကြည့်လေလေ သဘောဝကျစွာ ရွှီချင်း၏ မျက်ခုံးမွေးများက ပို၍ ကြည့်ကောင်းသည်ဟု သူမ ထင်ရလာလေလေပင်။
ယခင်က ကျောက်ကျုံးဟန်မှာ မဆိုးလှဟု သူမ ခံစားခဲ့ရပါသော်လည်း ယခု မည်သို့ပင် သူ့ကို ကြည့်ပါစေ အမှန်တကယ် ထူးဆန်းနေသလို ခံစားနေရသည်။ သူ့ပုံစံက ဒေါင်းအမွေးနှစ်ချောင်းကို စိုက်ထားသော ကြက်တစ်ကောင်နှင့် တူနေသည်။
ကျောက်ကျုံးဟန်ကတော့ ထိုသို့မထင်ပေ။ လမ်းတစ်လျှောက်လုံး အလွန်တရာ ဘဝင်ခိုက်နေပြီး တင်းရွှယ်က ယခင်ကထက် သူ့ကို သိသိသာသာ ပိုကြည့်နေသည်ဟု သူ ခံစားနေရသည်။
ထို့ကြောင့် ရွှီချင်း၏နှာခေါင်းကို သူ စိုက်ကြည့်လိုက်သည်။
ရွှီချင်းမှာ ငြိမ်သက်နေသည်။
ထိုသို့ဖြင့် နောက်ရက်များတွင် ကျောက်ကျုံးဟန်၏ ရုပ်ရည် တဖြည်းဖြည်း ပြောင်းလဲလာပြီး ထိုအပြောင်းအလဲများက သိသိသာသာ ဖြစ်လာသည်မှလွဲ၍ သူတို့သုံးယောက်သား ဘာအန္တရာယ်မှမတွေ့ဘဲ အေးအေးဆေးဆေး ဖြစ်နေကြသည်။
ကျောက်ကျုံးဟန်၏ အပြောင်းအလဲများက ရုပ်ရည်သာမဟုတ်ဘဲ တင်းရွှယ်ကို ဝေစုနှစ်စုခွဲ၍ ပေးသည့်အတွက် ရွှီချင်းမှာ အံ့အားသင့်နေရသည်။
ယင်းကြောင့် တင်းရွှယ်သည်လည်း အံ့အားသင့်သွားရသည်။
ရွှီချင်းနှင့် တင်းရွှယ်၏ အမူအရာကြောင့် ကျောက်ကျုံးဟန်မှာ ပို၍ပင် ဘဝင်ခိုက်နေသည်။
ယခုတစ်ခေါက်က တံခါးပိတ်ကျင့်ကြံရာတွင် တစ်ခုခုကို နားလည်ခဲ့သောကြောင့် အဓိပ္ပာယ်ရှိသော တံခါးပိတ်ကျင့်ကြံခြင်းဟု သူ တွေးလိုက်မိသည်။
သူ နားလည်ခဲ့သည်မှာ ‘ လူတစ်ယောက်ကို ချစ်ပါက သူ့ခွေးကိုလည်း ချစ်ရမည် ’ ဆိုသော စကားပင်။
သူ့တစ်ဘဝလုံး တင်းရွှယ်နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့သည်ဖြစ်ပေရာ တင်းရွှယ်၏ ဘဝထဲမှ ဖြတ်သွားဖြတ်လာများနှင့် ပလဲနံသင့်အောင် သူ ပေါင်းရပေမည်။
မည်သည့်အတွက်ကြောင့် သူ သဘောထားသေးသိမ်ပြီး တင်းရွှယ်တစ်ယောက်တည်းကိုသာ လက်ဆောင်ပေးရမည်နည်း။
ထို့ကြောင့် သူက တင်းရွှယ်ကို ဝေစုနှစ်စု ပေးခြင်း ဖြစ်သည်။
ဖြတ်သွားဖြတ်လာကို တင်းရွှယ်အား ဝေစုပေးစေခြင်းသည် သူက တခြားလူများနှင့် မတူကြောင်း ပြသရာလည်း ရောက်သည်။
ကျောက်ကျုံးဟန်သည် အရာအားလုံးကို နားလည်သွားသကဲ့သို့ ခံစားနေရသည်။
ထို့ကြောင့် ဓာတ်နှောများပြည့်နှက်နေသည့် လမ်းသွယ်လေးကို တင်းရွှယ်စစ်ဆေးကာ ဖွင့်လိုက်သောနေ့တွင် ဓာတ်နှောများ လွင့်ပျယ်သွားသောအခါ ဘေးတွင် ရှိနေသော ကျောက်ကျုံးဟန်က တင်းရွှယ်ကို ဆေးသေတ္တာနှစ်လုံး ပေးလိုက်သည်။
တင်းရွှယ်က ယူလိုက်ပြီး သေတ္တာတစ်လုံးကို အံ့အားတသင့်ဖြင့် ဖွင့်ကြည့်လိုက်သည်။
“ ဓာတ်နှောအားတိုးဆေး၊ ဒါ ဒုတိယတောင်ထိပ်က လျှို့ဝှက်ဆေးပဲ။ အပြင်မှာ မရောင်းလို့ ဒီဆေးကို မြင်ရခဲတယ် ”
ကျောက်ကျုံးဟန် ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
တင်းရွှယ်သည် လက်ထဲမှ ဆေးနှစ်လုံးကို ကြည့်၍ မျက်နှာတစ်မျိုး ဖြစ်သွားသည်။
“ အစ်ကိုရွှီချင်း၊ ဒီရက်တွေထဲ ညီမကို ကူညီပေးတာတွေအပြင် ဆေးပင်တွေအကြောင်းပါ လမ်းညွှန်ပေးလို့ အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ ဒီဆေးကို အစ်ကိုရွှီချင်း အသုံးမလိုလောက်ဘူးလို့ ညီမထင်ပေမဲ့ ဒီဆေးက ရှားတော့ အစ်ကို လေ့လာလို့ရတာပေါ့ ”
တင်းရွှယ်က ပြောပြီးသည်နှင့် ချိုသာစွာ ပြုံး၍ ရွှီချင်းကို ဆေးတစ်လုံး ပေးလိုက်သည်။
“ ပြီးတော့ ဒီဆေးကလည်း ဒီရက်တွေထဲ ကျောက်ကျုံးဟန်ကို အစ်ကို ဂရုစိုက်ပေးခဲ့လို့ ဆုချတာ ”
ရွှီချင်းက တွေးတောလိုက်ပြီး သင့်တော်သည်ဟု ယူဆကာ ဆေးလုံးကို ယူလိုက်သည်။
ကျောက်ကျုံးဟန်၏ အသက်ရှူသံများ အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်သွားပါသော်လည်း အလျင်အမြန်ပင် ပြုံး၍ ရွှီချင်းကို ခေါင်းညိတ်ပြလိုက်သည်။
ရွှီချင်းက ဆေးလုံးကို ကြည့်ကာ သိမ်းဆည်းရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်နှာတည်သွားသည်။ ပွင့်နေသော လျှို့ဝှက်လမ်းကြောင်းကို သူ ဖျတ်ခနဲ ကြည့်ကာ ဘေးသို့ လျှောက်သွားသည်။
“ မင်းတို့နှစ်ယောက်လုံး၊ နောက်နည်းနည်းဆုတ်လိုက် ”
စကားဆုံးသည်နှင့် တင်းရွှယ်က ချက်ချင်း နောက်ဆုတ်လိုက်သည်။ ကျောက်ကျုံးဟန်သည်လည်း အလျင်အမြန် နောက်ဆုတ်လိုက်သည်။
တင်းရွှယ်နှင့် ကျောက်ကျုံးဟန်တို့ အဝေးသို့ ရောက်သွားသောအခါ ရွှီချင်းက သူ့ရှေ့မှ လျှို့ဝှက်လမ်းကြောင်းကို ကြည့်လိုက်သည်။
ထိုလျှို့ဝှက်လမ်းကြောင်းသည် ပျက်စီးနေသော အိမ်တစ်အိမ်အောက်တွင် တည်ရှိခြင်း ဖြစ်သည်။ ယင်းအပြင် ထိုလမ်းကြောင်းက သိသာထင်ရှားနေရာ မကြာသေးခင်က လွတ်မြောက်ရန် တူးထုတ်ထားဟန်တူသည်။
ဘေးပတ်လည်တွင် အစီအရင်တချို့ စီမံထားသည်ကို မြင်နိုင်သည်။ ယင်းအစီအရင်များ၏ အစွမ်းက ကုန်ခမ်းသွားပြီဖြစ်ပါသော်လည်း ဖုံးကွယ်ရန်အတွက် အသုံးပြုခဲ့သည်မှာ သိသာသည်။
လမ်းကြောင်းက မကြီးဘဲ လူတစ်ယောက်ဝင်ဆံ့ရုံသာ ရှိသည်။ ထိုလမ်းကြောင်း ပွင့်သွားသည်နှင့် အထဲမှ အအေးဓာတ်လွင့်ပျံလာပြီး အပြင်လောကမှ အနွေးဓာတ်နှင့် ရောယှက်ကာ မြူခိုးများ ဖြစ်သွားသည်။
ထိုမြူခိုးများထဲတွင် သိပ်သည်းထူထပ်သော ဓာတ်နှောများအပြင် အလောင်းအဆိပ်အနည်းအကျဉ်းလည်း ရှိနေသည်။
ရွှီချင်း သတိထားနေသည်။ ထိုတာဝန်ကို တင်းရွှယ်လက်ခံခဲ့ခြင်း ဖြစ်သည်။ တာဝန်မှာ ရေသူမကျွန်းများပေါ်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ လျှို့ဝှက်နေရာများကို ရှာဖွေခြင်း ဖြစ်သည်။ မကြာသေးခင်က နေရာများစွာ သူတို့ ရှာဖွေခဲ့ပါသော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
ယခုအချိန်၌ ကျူးယင်ကျွန်းပေါ်ရှိ မြို့လေးတစ်မြို့ထဲသို့ သူတို့ ရောက်နေသည်။ တင်းရွှယ်က ဤနေရာရှိ ထူထပ်သိပ်သည်းသော ဓာတ်နှောအငွေ့အသက်များကို အာရုံခံနိုင်သည့် အထူးဓမ္မအသုံးအဆောင်ကို အသုံးချလိုက်ရာ ဤလမ်းကြောင်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
အစက ရွှီချင်း သိပ်အလေးမထားခဲ့ပေ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကို သတ်ဖြတ်ခဲ့သည့် အတွေ့အကြုံများအရ ရေသူမကျွန်းများပေါ်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အနည်းအကျဉ်း အမှန်တကယ် ပုန်းနေနိုင်သည့်တိုင်အောင် တင်းရွှယ်ကဲ့သို့ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ရှာတွေ့နိုင်မည် မဟုတ်ပေ။
အထူးဓမ္မအသုံးအဆောင်များဖြင့် စစ်ဆေးခြင်းသည်လည်း အသုံးမဝင်ပေ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များက သူတို့ ခြေရာလက်ရာများကို တမင်သက်သက် မထုတ်ပြသရွေ့ ဓာတ်နှောများနှင့် သူတို့အရှိန်အဝါကို အာရုံခံမိရန် ခဲယဉ်းသည်။
ထို့ကြောင့် ရွှီချင်း၏အမြင်၌ ချီစုစည်းခြင်းအဆင့် အဓိကဂိုဏ်းသားများကို ဂိုဏ်းမှ ပေးသော တာဝန်များသည် ဟန်ပြသက်သက်သာဖြစ်ပြီး စစ်ပွဲကို ကျင့်သားရစေရန် ဖြစ်သည်။
ထိုတာဝန်များက အန္တရာယ်မများလှပေ။
သို့သော် ယခု လျှို့ဝှက်လမ်းကြောင်းကို တင်းရွှယ်ဖွင့်လိုက်ပြီးနောက် ဓာတ်နှောများ လွင့်ပျံ့လာသည့်အတွက်ကြောင့် တစ်ခုခု လွဲချော်နေသကဲ့သို့ ရွှီချင်း ခံစားလိုက်ရသည်။ လမ်းကြောင်းထဲမှ ထွက်လာသော ဓာတ်နှောများထဲတွင် အလောင်းအဆိပ်များလည်း ပါနေသည်။
“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်ကို တင်းရွှယ် တကယ် ရှာတွေ့သွားတာလား ”
ရွှီချင်းက စူးရှသောအကြည့်ဖြင့် လမ်းကြောင်းထဲမှ အလောင်းအဆိပ်များ ဓာတ်ပျယ်စေရန် အဆိပ်အနည်းငယ် ပက်လိုက်သည်။ တချိန်တည်းမှာပင် ဤနေရာရှိ အလောင်းအဆိပ်များက သိသိသာသာ မပြင်းထန်တော့သည်ကိုလည်း သူ အာရုံခံမိလိုက်သည်။
ရွှီချင်း တွေးတောနေစဉ် လျှို့ဝှက်လမ်းကြောင်းထဲမှ အားလျော့သောအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ အဖေ၊ မြန်မြန်အိမ်ပြန်ရအောင် …”
ထိုအသံသည် ကလေးငယ်တစ်ယောက်၏ အိမ်လွမ်းစိတ်ဖြင့် အသနားခံသောလေသံ ဖြစ်ပြီး အလွန် စစ်မှန်သည်။ ရွှီချင်း၏ နားထဲသို့ ထိုအသံ ဝင်ရောက်လာသောအခါတွင် ကလေးငယ်တစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ သူ ခံစားလိုက်ရသည်။
ယင်းကြောင့် ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ထိုအသံကို ကြားလိုက်ရသော သူ့နောက်မှ တင်းရွှယ်နှင့် ကျောက်ကျုံးဟန်တို့သည်လည်း သိသိသာသာ မျက်နှာပျက်သွားသည်။
“ မကောင်းဆိုးဝါးလား ”
ကျောက်ကျုံးဟန်၏ အသက်ရှူသံများ မြန်ဆန်လာသည်။