← Chapters

သွေးရူးသွေးတန်းဖြစ်နေသော ဂိုဏ်းစောင့်ဘိုးဘိုး ( ၁ )

Vol. 16 Ch. 241

သွေးရူးသွေးတန်းဖြစ်နေသော ဂိုဏ်းစောင့်ဘိုးဘိုး ( ၁ )

Vol. 16 Ch. 241

တင်းရွှယ်က ကျောက်စိမ်းပေလွှာကို ချက်ချင်း ထုတ်၍ ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက အချက်ပြလိုက်သည်နှင့် အသံလွှင့်၍ အကူအညီတောင်းခံမည်ဖြစ်သည်။

ရွှီချင်းက အာရုံစိုက်၍ နားထောင်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် မကြာသေးခင်က အတိုင်း တူညီသောအသံ ဒုတိယမြောက် ထွက်ပေါ်လာသည်။

“ အဖေ၊ မြန်မြန်အိမ်ပြန်ရအောင် ”

ထိုအသံသည် ကြားရသူကို ကရုဏာသက်သွားစေပြီး လျှို့ဝှက်လမ်းကြောင်းလေးထဲမှ လာဟန်တူသော်လည်း နားဘေးကို ကပ်၍ ပြောလိုက်သကဲ့သို့ ခံစားရစေကာ မြင်ကွင်းကို မျက်စိရှေ့တွင် မြင်သွားစေသည်။

ရွှီချင်း ငြိမ်သက်နေသည်။ လျှို့ဝှက်လမ်းကြောင်းလေးထဲမှ အန္တရာယ်အငွေ့အသက်များကို သူ အာရုံမခံမိသည့်အပြင် မကောင်းဆိုးဝါး၏ အေးစက်စက်အငွေ့အသက်များကိုလည်း သူ မခံစားမိပေ။ သို့သော်လည်း သက်စောင့်မီးတောက်ကို သူ ချက်ချင်း ထွန်းညှိကာ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်လိုက်သည်။

ပြီးခဲ့သည့်လအတွင်း ယခုသည် ရွှီချင်းအတွက် တင်းရွှယ်၏ရှေ့၌ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်ဖူးသော ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်က သူ ကြုံတွေ့ခဲ့ဖူးသည့် အန္တရာယ်များကို ပုံမှန်အသွင်အပြင်ဖြင့် ဖြေရှင်းနိုင်သည်။

သူ့အရှိန်အဝါ ဖြာထွက်လာသည်နှင့် တင်းရွှယ်နှင့် ကျောက်ကျုံးဟန်တို့သည် သက်ပြင်းရှိုက်ကာ အလိုလို နောက်ဆုတ်သွားကြသည်။ သူတို့မျက်လုံးများ စူးသွားပြီး သူ့ကို စေ့စေ့မကြည့်ဝံ့တော့ပေ။

တင်းရွှယ်က အဆင်ပြေသေးသည်။ မျက်လုံးများကို မှိတ်လိုက်ပါသော်လည်း သူမ၏ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်းထက် အံ့သြစိတ်သာ ပိုနေသည်။ သို့သော် ကျောက်ကျုံးဟန်မှာ သိသိသာသာ မျက်နှာပျက်သွားသည်။ သူ့ရင်ထဲမှာ တည်ဆောက်ထားခဲ့ရသော ယုံကြည်မှုများ ပြန်လည်ကျိုးပျက်လုနီးပါး ဖြစ်သွားခဲ့ရသည်။

‘ အလင်းထဲ ရပ်နေတဲ့ကောင်က သူရဲကောင်းလို့ ဘယ်သူ ပြောခဲ့တာတုံး။ ငါ့မေတ္တာက တခြားကောင်တွေနဲ့ မတူဘူးကွ ’

ကျောက်ကျုံးဟန်မှာ အသက်ရှူမြန်နေရင်း သူ့ကိုယ်သူ အားပေးလိုက်သည်။

တင်းရွှယ်နှင့် ကျောက်ကျုံးဟန်တို့ မည်သို့တွေးနေကြသည်ကို ရွှီချင်း မသိသလို ဂရုလည်း မစိုက်ပေ။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို သူ အသက်သွင်းလိုက်ပြီဖြစ်၍ တွေဝေတွန့်ဆုတ်မနေဘဲ လျှို့ဝှက်လမ်းကြောင်းလေးထဲသို့ ပြေးဝင်သွားသည်။

ရွှီချင်းက အလွန် မြန်ဆန်စွာ သွားလေသည်။ သူ ဖြတ်သန်းသွားသည့်နေရာတိုင်း တပွက်ပွက်မြည်သံများ ထွက်ပေါ်လာပြီး လျှို့ဝှက်လမ်းကြောင်းကျဉ်းကျဉ်းလေးထဲ ပဲ့တင်သံများ ရိုက်ခတ်သွားသည်။

တချိန်တည်းမှာပင် သေဆုံးပြီးနောက် အငွေ့ပျံသွားသည့်အလား ထိုနေရာရှိ အလောင်းအဆိပ်များ အလျင်အမြန် လွင့်ပျယ်လာနေသည်ကိုလည်း သူ အာရုံခံမိလိုက်သည်။

လမ်းကြောင်းလေးအဆုံးသို့ ရွှီချင်း ရောက်သွားသည်။ သူက လျှပ်စီးလက်သည့်အလား စူးရှတောက်ပသော အကြည့်ဖြင့် ဘေးပတ်လည်ကို အလျင်အမြန် အကဲခတ်လိုက်သည်။

ဤနေရာသည် ရိုးရှင်းသော ပုန်းခိုရာနေရာတစ်ခုကဲ့သို့ပင်။

ချောင်တစ်ချောင်တွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်ရှိသည်။ သူသည် အဘိုးအိုတစ်ယောက်နှင့် ဆင်တူပြီး သေဆုံးသွားပြီ ဖြစ်သည်။

အလောင်း၏ခန္ဓာကိုယ်ပေါ်မှာ ပြင်းထန်သော ဒဏ်ရာများစွာ ရှိပြီး အထူးသဖြင့် ဆိုးဆိုးဝါးဝါးပျက်စီးနေသော ဒန်တျန်နေရာပင်။ ဒဏ်ရာအများစုက အသက်ဆုံးရှုံးနိုင်သော ဒဏ်ရာများဖြစ်ပြီး ခန္ဓာကိုယ်ကို ဖောက်ထွင်းလုနီးပါး ဖြစ်နေသည်။ ယင်းအလောင်းသည် ဓာတ်နှောများနှင့် အလောင်းအဆိပ် ထွက်ပေါ်နေရသည့် ဇစ်မြစ်ဖြစ်သည်။

သူ သေသွားပြီဖြစ်သည့်တိုင်အောင် သူ့ကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်အငွေ့အသက်များက အားကောင်းနေသေးသည်။ ရွှီချင်း လှမ်းကြည့်လိုက်ပြီး ထိုလူမှာ အသက်ရှင်စဉ်အခါက အနိမ့်ဆုံး သက်စောင့်မီးလုံးတစ်လုံးရှိမည်ဖြစ်ကြောင်း တွေးမိလိုက်သည်။

ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ ရေသူမကျွန်းပေါ်တွင် သက်စောင့်အားကို ချေမှုန်းခံလိုက်ရခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့သည်။ ဤနေရာသို့ သူ လာရောက်ပုန်းအောင်းခဲ့ပါသော်လည်း မလွတ်မြောက်ခဲ့သည့်အပြင် ဒဏ်ရာများသည်လည်း သက်သာမလာခဲ့ပေ။ နောက်ဆုံး၌ သူ တိတ်ဆိတ်စွာ သေဆုံးသွားခဲ့သည်။

သူ သေသွားသည်မှာ ကြာသေးဟန်မတူပေ။ ထို့ကြောင့်သာ လျှို့ဝှက်လမ်းကြောင်းကို ဖွင့်စဉ်အခါက ဓာတ်နှောများ လွင့်ပျံထွက်လာခြင်း ဖြစ်သည်။

ထိုသူ၏အမူအရာသည်လည်း ရွှီချင်း မြင်ခဲ့ဖူးသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များနှင့် အနည်းငယ် ကွဲပြားနေသည်။ သူ့မျက်နှာက တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပါသော်လည်း အသက်ရှင်စဉ်အခါက စိတ်ရှုပ်ထွေးနေခဲ့သည်ကို ဝိုးတဝါး မြင်နိုင်သေးသည်။

သူသည် လက်ထဲတွင် ကြေးညိုရောင်ပုလင်းလေးတစ်လုံးကို တင်းတင်းကြပ်ကြပ် ကိုင်ထားသည်။

ယင်းသည် သူ အသက်မသေခင် သူ၏အဖိုးတန်ဆုံးရတနာဖြစ်ခဲ့ဟန်တူသည်။

ထိုပုလင်းလေးသည် အလွန် အိုဟောင်းနေပြီး ပွင့်နေသည်။ ရွှီချင်း ကြားခဲ့ရသည့်အသံက ထိုပုလင်းလေးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ အဖေ၊ အိမ်မြန်မြန်ပြန်ရအောင် ”

အသံသည် အလွန် အားပျော့ပြီး လွမ်းဆွတ်တမ်းတခြင်းများဖြင့် ပြည့်နေသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ အဘိုးအိုသည် အသက်မသေခင် ထိုပုလင်းကို ဖွင့်ခဲ့ဟန်တူသည်။ သေမင်း၏ ရင်ငွေ့တွင် တဖြည်းဖြည်း အနားယူနေရင်း ထိုအသံကို ထပ်ခါထပ်ခါ နားထောင်ခဲ့ခြင်း ဖြစ်ပေမည်။

ယင်းအသံသည် ထိုအဘိုးအို၏ အရင်းနှီးဆုံး ဆွေမျိုးသားချင်းအသံ ဖြစ်တန်ရာသည်။

ရွှီချင်းက ပုလင်းကို လှမ်းကြည့်လိုက်ပြီးနောက် ဘေးဘီဝဲယာကို အကဲခတ်လိုက်သည်။ ဤနေရာတွင် မည်သည့်အန္တရာယ်မှ မရှိကြောင်း အတည်ပြုပြီးသည်နှင့် သူ့နောက်မှ ခြေသံများ လွင့်ပျံလာသည်။

ရောက်လာသူများမှာ ကျောက်ကျုံးဟန်နှင့် တင်းရွှယ်ဖြစ်သည်။ လျှို့ဝှက်လမ်းကြောင်းထဲကို ရွှီချင်း ဝင်သွားပြီးနောက် သူတို့က စောင့်နေခဲ့ပြီး အထဲမှ မည်သည့်အသံကိုမှ မကြားရ၍ တင်းရွှယ်မှာ စိတ်ပူကာ အလျင်အမြန် ဝင်လာခဲ့ခြင်း ဖြစ်သည်။ ကျောက်ကျုံးဟန်က နောက်မှ လိုက်လာခြင်းသာ ဖြစ်သည်။

ရွှီချင်း အဆင်ပြေသည်ကို တင်းရွှယ်သတိထားမိလိုက်ပြီး စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက်မှသာ တင်းရွှယ်က ဘေးပတ်လည်ကို ကြည့်လိုက်သည်။ အရာအားလုံးကို သူမ ရှင်းရှင်းလင်းလင်းမြင်သွားပြီး အလောင်း၏လက်ထဲမှ ပုလင်းကို ကြည့်ကာ တအံ့တသြ ဆိုလိုက်သည်။

“ အသံဖမ်းပုလင်း ”

တောင့်တင်းသော ကျောထောက်နောက်ခံရှိသည့် တင်းရွှယ်က သာမန်ကျင့်ကြံသူများထက် ပို၍ ဗဟုသုတကြွယ်ဝသည်မှာ သာမန်ပင်။ ကြေးညိုရောင်ပုလင်းကို တစ်ချက်ကြည့်ရုံဖြင့် ဇစ်မြစ်ကို သူမ သိလိုက်သည်။ ထို့ကြောင့် ရွှီချင်း၏ အကြည့်ကို သတိထားမိ၍ တင်းရွှယ်က ခပ်သွက်သွက် ရှင်းပြလိုက်သည်။

“ အသံဖမ်းပုလင်းက ရှေးဟောင်းပစ္စည်းဖြစ်ပြီး သိပ်ရှားတာ။ အဲဒီပုလင်းက တချို့လူတွေအတွက် တန်ဖိုးမဖြတ်နိုင်ပေမဲ့ လူအများစုအတွက်ကျ အသုံးမဝင်ဘူး။ အဲဒီပုလင်းရဲ့ လုပ်ဆောင်ပုံက သိပ်ရိုးရှင်းနေလို့ အဲဒီလိုဖြစ်နေတာ။ အဲဒီပုလင်းနဲ့ အသံဖမ်းပြီးသွားရင် အဲဒီပုလင်းကို အချိန်တိုင်း ဖွင့်ပြီး ဖမ်းထားတဲ့အသံကို နားထောင်လို့ရတယ် ”

“ အဲဒီဖမ်းထားတဲ့အသံက တကယ့်အသံအတိုင်းပဲ။ မူရင်းအသံနဲ့ တူတယ်လို့တောင် ပြောကြတာ။ အဲဒါက အဲဒီပုလင်း အဖိုးတန်နေရတဲ့အကြောင်းရင်းလေ။ ဒါပေမဲ့ အသံက ကြာကြာမခံဘူး။ အချိန်အကြာကြီး ဖွင့်ထားလိုက်ရင် အသံက တဖြည်းဖြည်း ပျောက်သွားပြီး ထပ်ပြီး အသံဖမ်းဖို့ လိုတယ် ”

တင်းရွှယ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို ကြည့်ပြီးနောက် ထိုမျိုးနွယ်ဝင်၏ လက်ထဲရှိ အသံဖမ်းပုလင်းကို ရတနာတစ်ပါးအလား ကြည့်ကာ တစ်စုံတစ်ခုကို နားလည်သွားဟန်တူသည်။

“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ အသက်သေသွားပြီးတော့ ထူးခြားတဲ့နည်းလမ်းတစ်မျိုးနဲ့ အသက်ပြန်ရှင်လာတဲ့ တခြားမျိုးနွယ်တွေက မျိုးနွယ်ဝင်တွေ ရှိတယ်။ အဲဒီမျိုးနွယ်ဝင်တွေက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ဖြစ်လာတာနဲ့ အသက်ရှင်တုန်းက မှတ်ဉာဏ်နည်းနည်းပါးပါးကို ပြန်မှတ်မိကြတယ် ”

“ ဒါပေမဲ့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ရက်စက်ကြမ်းကြုတ်တဲ့စရိုက်ရှိလို့ အဲဒီမှတ်ဉာဏ်တွေက အသုံးမဝင်ဘူး။ ပြန်အသက်ရှင်လာတာနဲ့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က အရင်ဘဝက နှောင်ကြိုးတွေ မတွယ်အောင် ပြင်းပြင်းထန်ထန် လုပ်တယ်။ လူနည်းစုလောက်ပဲ အသက်ရှင်တုန်းက သဘောကျတဲ့ပစ္စည်းတွေကို ဆက်ထိန်းထားခွင့်ရကြတာ ”

“ အဲဒီပုလင်းက သူ့ဟာဆိုရင် သူက သာမန်မဟုတ်လောက်ဘူး။ အဲဒါကြောင့်လဲ သူအသက်ရှင်တုန်းက ပစ္စည်းကို ယူထားနိုင်တာနေမှာ။ ဒီပုလင်းက သူ စွဲလမ်းတဲ့တစ်ခုခု ဖြစ်လောက်တယ် ”

“ ပုလင်းထဲက အသံက သူ့ကလေးရဲ့ အသံလား မသိဘူး။ ဒါပေမဲ့ အသက်ရှင်တုန်းက သူ ဘယ်လိုပဲဖြစ်ဖြစ် အခု သူက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ဖြစ်နေပြီလေ ”

တင်းရွှယ်၏ လေသံက မရေမရာ ဖြစ်နေသည်။ အမှန်တရားက သူမ တွေးထင်ထားသကဲ့သို့ ဖြစ်နေမလားဆိုသည်ကို မသေမချာဖြစ်နေသည်မှာ သိသာသည်။

All Chapters