မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ
Vol. 2 Ch. 30
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၃၀ - မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
ဆူဇီမို အခန်းထဲမှ ပြန်ထွက်လာ၏။
ဆူဇီမို၏ပုံစံက အနည်းငယ် မူမမှန်တာကို ဦးလေးကျန့် သတိထားမိလိုက်၏။ ဦးလေးကျန့်သည် သူ့နောက်သို့ အမီပြေးလိုက်ရင်း လေသံခပ်တိုးတိုးဖြင့် ပြောလိုက်၏။
“ဒုတိယသခင်လေး စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့.. ယန်ဘုရင်ကို နောက်ထပ်လုပ်ကြံဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး.. အလွန်ဆုံး ဆူမိသားစုက အဝေးတစ်နေရာကို ပြောင်းသွားရုံပေါ့.. ကမ္ဘာကြီးက ကျယ်ပါတယ်.. ကျုပ်တို့နေစရာ တစ်နေရာတော့ ရှိမှာပါ”
“ဦးလေးကျန့် သင်က စိုးရိမ်လွန်နေတာပဲ.. ကျုပ်ယန်ဘုရင်ကို သွားပြီး မလုပ်ကြံပါဘူး” ဆူဇီမိုသည် ခေါင်းကို ခါရမ်းလိုက်၏။ သူ့အမူအယာက လိမ်နေသည်ဟု မထင်ရပေ။
ဦးလေးကျန့်သည် ခေါင်းညိတ်လိုက်ပြီး မယုံမရဲနှင့်
“ကျုပ်တို့လောလောဆယ် ဇာတ်မြုပ်နေထိုင်ဖို့အတွက် တစ္ဆေရွာကို ပြောင်းရွှေ့ကြမလို့.. ဘာပဲပြောပြော အဲ့မှာက မဟူရာချပ်ဝတ်မြင်းစီးစစ်သည်တော် ငါးထောင်ရှိနေသေးတယ်.. ဒီမှာထက်စာရင်တော့ ပိုလုံခြုံမှာပဲ.. ဒုတိယသခင်လေး သင်လဲ ကျုပ်တို့နဲ့အတူ လိုက်ခဲ့ပါလား” ဟု ပြောလိုက်၏။
“ကျုပ်ဒီမှာ လုပ်စရာလေး နဲနဲရှိသေးတယ်ဗျ.. သွားနှင့်ကြပါ.. တစ္ဆေရွာကို နောက်ကနေ ကျုပ်လိုက်ခဲ့ပါ့မယ်”
ဆူဇီမိုသည် စကားလမ်းကြောင်း ပြောင်းလိုက်ပြီး ဘေးဘက်ရှိ စုန့်ချီကို ညွှန်ပြကာ
“ဒါကတော့ Mrစုန့်ချီလို့ ခေါ်တယ်.. သူက ဆူမိသားစုကို ကာကွယ်ဖို့ ရောက်လာတာပဲ.. အရေးကိစ္စတစ်စုံတစ်ရာရှိရင် သူနဲ့အတူ တိုင်ပင်ဆွေးနွေးကြပေါ့” ဟု ဆိုလိုက်၏။
ဦးလေးကျန့်က အများကြီး အရေးစိုက်မနေချေ။ စုန့်ချီသည် သိုင်းလောကတွင် ဆူဇီမို သိကျွမ်းလာခဲ့သော မိတ်ဆွေတစ်ယောက်ဖြစ်မည်ဟုသာ တွေးလိုက်၏။
ဆူဇီမိုသည် လှည့်ထွက်ခဲ့၏။ သူခြံတံခါးဝနားသို့ ရောက်ခါနီးတွင် စုန့်ချီက နောက်ကနေ အမီပြေးလိုက်လာ၏။
“သခင်လေးဆူ .. သင် ယန်ဘုရင်ဆီကို သွားမလို့လား” စုန့်ချီသည် ဆူဇီမိုထံမှ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိ၏။ ထို့ကြောင့် သူ့ရည်ရွယ်ချက်ကို မေးလိုက်ခြင်း ဖြစ်၏။
ဆူဇီမိုသည် ဘာမျှ ပြန်မဖြေဘဲ လမ်းဆက်လျှောက်နေလိုက်၏။
စုန့်ချီသည် နောက်တစ်ဖန် အမီပြေးလိုက်ပြီး လေးနက်သောအသံနေထားဖြင့် ပြောလိုက်၏။
“သခင်လေးဆူ.. သင်က အနီးကပ်တိုက်ခိုက်ရည် အရမ်းကောင်းပြီး ချီစုဖွဲ့စစ်သည်တော်ကိုတောင် သတ်နိုင်တာ ကျုပ်သိပါတယ်.. ဒါပေမယ့် အဲ့ဒါက တစ်ယောက်-တစ်ယောက်ချင်း တိုက်တဲ့နေရာမှာပဲ အလုပ်ဖြစ်မှာပေါ့.. စစ်တပ်ကြီးနဲ့ အဝိုင်းခံရတဲ့အခါ ချီစုဖွဲ့စစ်သည်တော်အနားကို သင်ဘယ်လို ချည်းကပ်မလဲ .. သင့်အတွက် အခွင့်အရေးက လုံးဝမရှိသလောက်ပဲ”
“သင် ယန်ဘုရင်ကို သတ်နိုင်ခဲ့ပြီ ထားဦး.. အဲ့လောက် ထူထပ်စွာချထားတဲ့ အစောင့်တွေကြားကနေ ဘယ်လိုလွတ်အောင် ပြန်ထွက်မလဲ”
“အဲ့ဒီမှာ မြို့စောင့်တပ်ရှိမယ်.. ရှေ့တန်းအထူးတပ်တွေလဲရှိမယ်.. ဒူးလေးကိုင်အဝေးပစ်တပ်တွေအပြင် .. ချီစုဖွဲ့စစ်သည်တော်တွေလဲ ရှိမှာပဲ.. သင်မပြောနဲ့.. ပကတိချီစုဖွဲ့စစ်သည်တော်တောင် ယန်ဘုရင်ကို လုပ်ကြံသတ်ဖြတ်နိုင်ဖို့ရာ အခွင့်မရှိဘူး.. အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့အခွင့်အရေးက သုညပဲ”
“ဟုတ်ပါပြီ” ဆူဇီမိုသည် သုန်မှုန်နေသော မျက်နှာထားနှင့် ရုတ်တရတ် လှည့်ကြည့်လိုက်၏။
စုန့်ချီတစ်ယောက် တုန်လှုပ်လန့်ဖျန့်သွား၏။
ဆူဇီမိုက မျက်နှာသေနှင့်ပင်
“ခင်ဗျားရဲ့တာဝန်က ဆူမိသားစုကို ကာကွယ်ဖို့ပဲ.. ကျုပ်ကို စိုးရိမ်နေဖို့ မဟုတ်ဘူး” ဟု ကျွတ်ဆတ်ဆတ် ပြောလိုက်၏။
“ဟုတ်တော့ ဟုတ်ပါတယ်...”
စုန့်ချီက ထပ်ပြီး ဖျောင်းဖြမလို့ ရှိသေး၊ ဆူဇီမိုက လက်ကာပြလိုက်ပြီး
“ကျုပ်အစ်ကိုကြီးကို ခင်ဗျားလက်ထဲ အပ်ခဲ့ရမှာပဲ.. သူ့ရဲ့ ခန္ဓာကိုယ်က ဒဏ်ရာတွေကို ခင်ဗျား ပြုစုကုသပေးနိုင်လိမ့်မယ်လို့ ကျုပ်ထင်ပါတယ်.. သူ့ရင်ထဲက စိတ်ဒဏ်ရာအတွက်ကတော့ ကျုပ်တာဝန်ထားလိုက်” ဟု ပြတ်သားစွာ ပြောလိုက်၏။
ထို့သို့ပြောပြီးနောက် ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းကို ထုတ်ဖော်လိုက်ပြီး မျက်စိရှေ့မှ ထွက်ခွာပျောက်ကွယ်သွားလေ၏။
ဆူဇီမိုသည် ပင်ယန်းမြို့ လမ်းကြားများမှ လျှင်မြန်စွာ ပြေးလာ၏။ သူ့မျက်လုံးထဲတွင် အေးစက်ခက်ထန်မှုကလွဲလို့ ဘာမျှ မရှိချေ။ သူ့ရင်ထဲတွင်တော့ မီးတောက်တစ်ခုက စတင်လောင်ကျွမ်းလာပြီး တစ်စတစ်စ အရှိန်အဟုန် ပိုကောင်းလာလေ၏။
ထိုမီးတောက်က ရန်သူ၏ သွေးနှင့်မှသာ ငြိမ်းသတ်လို့ ရပေလိမ့်မည်။
ဆူဇီမိုသည် များမကြာမီ သူ့အိမ်သို့ ရောက်လာ၏။ သူသည် တံခါးကို တွန်းဖွင့်လိုက်ပြီး ကျင့်ကြံရေးကွင်းသို့ တန်းသွားလိုက်၏။
ကျင့်ကြံရေးကွင်းတွင် တျဲယွဲ့က အစိမ်းရောင်ကျောက်တုံးပေါ်တွင် ပျင်းရိလေးတွဲစွာ ထိုင်နေဆဲဖြစ်၏။ သူမသည် ထူးမခြားနား အမူအယာနှင့်ပင် ဆူဇီမိုကို တစ်ချက်လှမ်းကြည့်လိုက်၏။
သူနှင့်တျဲ့ယွဲ့ နောက်ဆုံးတွေ့ဆုံခဲ့တာ တစ်နှစ်တောင်ကြာခဲ့ပေပြီ။ သူမက ဘာမျှ ပြောင်းလဲမသွားပေ။ အရင်လိုပဲ လွန်စွာ ချောမောလှပနေဆဲဖြစ်ပြီး အသက်လည်း ပိုကြီးလာသည်ဟု မထင်ရပေ။
ဆူဇီမိုသည် တစ်နှစ်ကြာပြီးနောက် တျဲယွဲ့နှင့် ပြန်တွေ့ဆုံသည့်မြင်ကွင်းပုံစံအမျိုးမျိုးကို စိတ်ကူးပုံဖော်ကြည့်ခဲ့ဖူး၏။ သို့သော် ယခုပုံစံက သူစိတ်ကူးထားသည့်ပုံစံများ တစ်ခုမျှနှင့် မတူချေ။
“ကျုပ်သွားတော့မယ်” ဆူဇီမိုသည် ခေါင်းကိုငုံ့ပြီး ညင်သာစွာ ပြောလိုက်၏။ တျဲယွဲ့ကို သူ့မော့မကြည့်ရဲချေ။
“အို့” တျဲယွဲ့က မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။
“ဒီတစ်ခါ ထွက်သွားပြီးရင်.. ကျုပ်.. ပြန်လာနိုင်ချင်မှ ပြန်လာနိုင်တော့မှာ”
“သွားပြီး အသေခံမလို့လား”
“အဲ့လို ပြောမယ်ဆို ပြောလို့ရပါတယ်”
သူရင်ဆိုင်ရမှာသည် လူတစ်ယောက်နှင့်မဟုတ်ချေ။ တိုင်းပြည်တစ်ခုလုံးနှင့် ဖြစ်၏။ ဒါတင်မကသေး ကျင့်ကြံရေးဂိုဏ်းတစ်ခုပါ ပါသေး၏။ ကျင့်ကြံရေးဂိုဏ်းဆိုတာက အနည်းဆုံး အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ရှိ၏။
သူများနိုင်ငံထဲကို ဝင်ပြီး သူတို့ဘုရင်ကို သွားပြီး လုပ်ကြံသတ်ဖြတ်မည်ဆိုမှတော့ ဆူဇီမိုသည် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ကို မျှော်လင့်မထားချေ။
ဒါက သူတို့နှစ်ယောက် နောက်ဆုံးနှုတ်ဆက်ခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
တျဲယွဲ့က ဆူဇီမိုကို ကြည့်လိုက်ပြီး သူမမျက်လုံးထဲတွင် နူးညံ့ညင်သာမှုတို့ ရှိနေ၏။
“မင်းက သေရမယ်ဆိုတာ သိနေတာတောင် ရအောင် သွားဦးမလို့လား”
ဆူဇီမိုသည် ဆိတ်ဆိတ်သာနေ၏။
တျဲယွဲ့က ဆက်ပြောလိုက်၏။
“တစ်ကယ်ဆို မင်းမှာ နောက်ထပ် ရွေးချယ်နိုင်တဲ့လမ်းတွေ ရှိသေးတယ်.. မင်းအခုချိန် ခေါင်းငုံ့သည်းခံပြီး လုံလောက်အောင် သန်မာလာတဲ့အထိ ဆက်လေ့ကျင့်မယ်ဆိုလဲ ရတာပဲ”
စိတ်အာရုံမြင်ကွင်းများက ဆူဇီမို၏ စိတ်ထဲတွင် ဖျတ်ကနဲ ပေါ်လာ၏။ လွန်ခဲ့တဲ့ ၁၆နှစ်ကို ပြန်ရောက်သွားသလိုပင်။
ဆေဘာဓါးချက်များအောက်တွင် သူ့မိဘများ ဘယ်လိုမျိုး ဆိုးဆိုးရွားရွား သေခဲ့ရပုံကို သူမြင်ယောင်လာ၏။
ဆူမိသားစုသည် သုတ်သင်ခံရပြီး သွေးမြစ်စီးကာ အလောင်းများက တောင်လိုပုံထပ်နေပုံကို သူမြင်ယောင်လာ၏။
သူ့အစ်ကိုကြီးက သူနှင့်ရှောင်းနင်ကို ဘယ်လိုကာကွယ်ပြီး မြို့ထဲမှ ထွက်ပြေးလာပုံ၊ သူ့မျက်နှာသည် ဓါးချက်ထိသွားပြီး သွေးများဖုံးနေတာတောင် ဂရုမစိုက်အားခဲ့ပုံတို့ကို သူ့မျက်လုံးထဲတွင် အစီအရီ မြင်ယောင်လာ၏။
နောက်ဆုံးတွင် သူ့အစ်ကိုကြီး၏ ဖြူးဖွေးသွားသော ဆံပင်များ၊ ပိန်လှီဝါသန်းနေသော မျက်နှာနှင့် မျှော်လင့်ချက်မဲ့နေသော မျက်လုံးများကို ဆူဇီမို မြင်ယောင်လာပြန်၏။
“ငါ ဘာကြောင့် ကျင့်ကြံရတာလဲ”
ဆူဇီမိုသည် တျဲယွဲ့ကို မေးသလိုလို၊ သူ့ဘာသာတစ်ယောက်တည်း ရေရွတ်သလိုလိုနှင့် ရုတ်တရတ် လွှတ်ကနဲ ပြောလိုက်၏။
“ငါက ခေါင်းငုံငြိမ်ခံမနေချင်လို့ လေ့ကျင့်ခဲ့တာပဲ.. ငါသာ အဲ့လိုလုပ်ချင်ရင် လွန်ခဲ့တဲ့ တစ်နှစ်ယောက်က ပကတိကန်းလန် အနိုင်ကျင့်ခဲ့တုန်းက ငါဒူးထောက်ခဲ့မှာပေါ့.. ငါသာ အဲ့လိုလုပ်ချင်ရင် ဇောင်ဒင်းယွမ်က ငါ့ကိုသတ်ဖို့လာတုန်းက ငါအသနားခံတောင်းပန်ခဲ့မှာပေါ့”
နောက်တစ်ခဏ၌ ဆူဇီမိုသည် ရုတ်တရတ် ခေါင်းမော့လိုက်၏။ သူ့သွေးများက ဆူပွက်လာပြီး မျက်လုံးများက နီရဲလာ၏။ သူသည် အော်ပြောလိုက်လေ၏။
“အဲ့ဒါက မမျှတဘူးလို့ ကျုပ်ခံစားရမှတော့ မျှတအောင် ကျုပ်လုပ်ပေးရမှာပေါ့.. သူက တိုင်းပြည်ဘုရင်ဆိုတော့ရော ဘာဖြစ်လဲ.. သူ့မှာ ကျောထောက်နောက်ခံ ကျင့်ကြံရေးဂိုဏ်းတစ်ဂိုဏ်း ရှိတယ်ဆိုတော့ရော ဘာဖြစ်လဲ.. ကျုပ်နုလုံးသားက သေသင့်တဲ့လူလို့ထင်မိရင် အဲ့ဒီလူကို ကျုပ်သတ်ရမှာပဲ.. တစ်သက်လုံး ခေါင်းငုံ့နေပြီး ရှောင်တိမ်းနေရတာထက်စာရင် ခဏလောက်ဖြစ်ဖြစ် ခေါင်းမော့ရင်ကော့ပြီး ကြီးကျယ်ခမ်းနားစွာ နေလိုက်ရတာက ပိုကောင်းပါတယ်.. ကျုပ်က ကိုယ်ခံစားရတဲ့အတိုင်း အတိအကျ လက်တုံ့ပြန်နိုင်ဖို့ ကျင့်ကြံခဲ့တာပဲ.. မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပြန်ပေးဆပ်ရမယ်လို့ ကျုပ်လက်ခံထားလို့ လေ့ကျင့်ခဲ့တာပဲ”
“ကောင်းတယ်”
တျဲယွဲ့က ခေါင်းညိတ်လိုက်၏။
တစ်နှစ်ခွဲကြာ ကျင့်ကြံလေ့ကျင့်ခဲ့ပြီးနောက် တျဲယွဲ့က သူ့ကို တစ်ခါမျှ မချီးကျူးခဲ့ပေ။ တျဲ့ယွဲ့ဆီမှ ဒီလိုစကားမျိုးထွက်လာတာကို ကြားရတာ ဒါပထမဆုံးအကြိမ် ဖြစ်လေသည်။
“မင်းဒီနေ့ပြောခဲ့တဲ့ စကားတွေကို မှတ်ထားပါ.. အဲ့ဒါက မင်းရဲ့ အနာဂတ်နဲ့ အောင်မြင်မှုတွေအပေါ်မှာ အများကြီး အကျိုးသက်ရောက်လိမ့်မယ်” တျဲယွဲ့က မှတ်ချက်ပေးလိုက်ပြီး ဆူဇီမိုတစ်ယောက် ကောင်းကောင်းနားမလည်ခဲ့ချေ။
တျဲယွဲ့၏ မျက်လုံးထဲတွင် နတ်ဆိုးသားရဲဆန်သော အလင်းများက တစ်ဖျတ်ဖျတ်လက်သွား၏။ ထို့နောက် ဆူဇီမို၏ ခေါင်းထဲတွင် သုတ္တန်တစ်ခုမှ ဂါထာစာကြောင်းများက တစ်ခုပြီးတစ်ခု ပေါ်လာလေ၏။
“ဒါက အရိုးကြံ့ခိုင်စေခြင်း သုတ္တန်ပဲ.. အဲ့ဒါက နတ်မြင်းသားရဲဘုရင်ဆီကနေ ဆင်းသက်လာတာ.. နတ်မြင်းရဲ့အရိုးက အလွန်မာကျောတယ်.. သူက ဒုန်းစိုင်းပြေးလွှားတဲ့နေရာမှာလဲ အမြန်ဆုံးပဲ.. သူက အလွန်ပေါက်ကွဲအားပြင်းထန်ပြီးတော့ ခံနိုင်ရည်လဲမြင့်တယ်”
“ငါ မင်းကို နောက်ထပ်ကိုယ်ဟန်ပုံစံသုံးမျိုးကို ထပ်သင်ပေးလိုက်မယ်.. နတ်မြင်း ဖြိုခွဲခြင်း.. နတ်မြင်းနင်းခြေမှုန်းခြင်း .. နတ်မြင်း လျှပ်တစ်ပြက်ပြေးထွက်ခြင်းတို့ပဲ.. သွားရာလမ်းတစ်လျှောက် မင်းအဲ့ဒါကို ကြိုးစားပုံဖော်ကြည့်သွား.. မင်းအဲ့ဒါကို နားလည်တတ်မြောက်သွားပြီဆိုရင် အဆင့်၁၀ ပကတိချီစုဖွဲ့စစ်သည်တော်နဲ့ ယှဉ်တိုက်လို့ရပြီ”
တျဲယွဲ့သည် အစိမ်းရောင်ကျောက်တုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး လှုပ်ရှားကွက်များကို စတင်သရုပ်ဖော် ပြသပေးလေ၏။
ဆူဇီမိုသည် မျက်တောင်ပင် မခတ်ရဲဘဲ ကိုယ်ဟန်ပုံစံသုံးမျိုးကို အာရုံစိုက်မှတ်သားနေလေ၏။ ယန်ဘုရင်ကို သတ်ဖြတ်ပြီး အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ရာ ဒါက နောက်ဆုံးမျှော်လင့်ချက်ဆိုတာ ဆူဇီမို သိထားလေသည်။
သိပ်မကြာမီ တျဲယွဲ့သည် ကိုယ်ဟန်ပုံစံသုံးမျိုးကို သရုပ်ပြလို့ ပြီးသွား၏။ သူမသည် ဆူဇီမိုကို ကြည့်လိုက်ပြီး ပြောလိုက်၏။
“ကောင်းကောင်းသွားပါ.. သတိပေးချင်တာတစ်ခုကတော့.. နတ်ဆိုးသားရဲကျင့်ကြံသူတွေက ပြိုင်ဘက်ကို အဆင့်ကျော်ပြီး သတ်ဖြတ်တဲ့နေရာမှာ အတော်ဆုံးပဲ.. အခုလက်ရှိ မင်းရဲ့စွမ်းရည်အရဆို ..မင်းက အခြေတည်အဆင့်ကျင့်ကြံသူတွေကို မမှီသေးပေမယ့် .. သူတို့ရဲ့အနီးကို ချည်းကပ်နိုင်မယ်ဆိုရင် မင်းသူတို့ကို သတ်နိုင်တဲ့အစွမ်းရှိတယ်”
ဆူဇီမို ခေါင်းညိတ်လိုက်၏။
အခြေတည်အဆင့် ကျင့်ကြံသူများသည် ဓါးပျံများကို ထိန်းချုပ်တိုက်ခိုက်ရာတွင် ချီစုဖွဲ့စစ်သည်တော်များထက် များစွာပိုမို လိုက်လျောညီထွေရှိစွာ ကိုင်တွယ်နိုင်၏။ သူတို့တွင် အခြားသော အဆင့်မြင့်သည့် တိုက်ခိုက်ရေးနည်းစနစ်များနှင့် ခုခံခြင်းစွမ်းရည်များလည်း ရှိ၏။ သူတို့သည် ဆူဇီမိုကို သတ်ဖြတ်နိုင်စွမ်းရှိ၏။
သို့စေကာမူ အခြေတည်အဆင့် ကျင့်ကြံသူများသည်လည်း အားနည်းချက် မရှိတာတော့ မဟုတ်ပေ။ သူတို့၏ ခန္ဓာကိုယ်သည် ချီစုဖွဲ့စစ်သည်တော်များထက် ပိုမိုကြံ့ခိုင်သော်လည်း ဆူဇီမိုနှင့်တော့ မယှဉ်နိုင်ပေ။
ဆူဇီမိုသာ အခွင့်ရှာ၍ သူတို့အနီးရောက်အောင် ချည်းကပ်နိုင်ခဲ့လျှင် သူသည် သူတို့ကို နေရာမှာတင် ပွဲချင်းပြီး သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။
သို့သော်လည်း အပြောလွယ်သလောက် လုပ်ရတာက ခက်၏။
ဆူဇီမိုသည် သူမနှင့် ခွဲရတော့မည်ဆိုသောအခါ နှမြောတမ်းသစိတ်ကို မထိန်းနိုင်ဘဲ တျဲယွဲ့ကို ကြည့်လိုက်၏။ သူသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ပြောလိုက်၏။
“Missတျဲ ကျုပ်သွားတော့မယ်”
တျဲယွဲ့က သူ့ကို ကျောပေးလိုက်ပြီး လက်ဝေ့ယမ်းပြလိုက်၏။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ဝေးကွာသောအရပ်ရှိ ယန်တိုင်းပြည်၏ မင်းနေပြည်တော်ဘက်သို့ မျှော်ကြည့်ရင်း ကျင့်ကြံရေးကွင်းထဲမှ လှမ်းထွက်လာခဲ့လေ၏။ သူသည် လက်သီးကိုဆုပ်၍ တစ်လုံးချင်း ပြောလိုက်လေ၏။
“ယန်ဘုရင်ရေ.. မင်းလည်ပင်းကို သ,ထားလိုက်တော့.. ငါလာနေပြီ”