စက်ဘီးပျံ
Vol. 19 Ch. 275
*ဒါ ငါ စိတ်ထင်တာများလား*
ရဲ့လင်းချန် ဒိတ်ခနဲ ရင်တုန်သွားပြီး မသေချာသလို ခံစားလိုက်ရသည်။
သူ့တွင် အရှိန်အဝါ ဟောကိန်း စွမ်းရည် ရှိသဖြင့် ရှုဝမ်ချင်ကို ကြည့်လိုက်သောအခါတွင် သူမ ယနေ့ သေရေးရှင်ရေးတမျှ အန္တရာယ်တစ်ခုနှင့် ကြုံရလိမ့်မည်ဟု သူ မြင်လိုက်ရသည်။
သူ့အဆင့်ရ အမှားလုပ်နိုင်ချေက မရှိသလောက်ပင်။ ယနေ့ ရှုဝမ်ချင် အန္တရာယ် ရှိနေလေပြီ။
ရဲ့လင်းချန်၏ အကြည့်များ လေးနက်လာသည်။ သူ ထရပ်လိုက်ပြီးနောက် ရှုဝမ်ချင်နောက်မှ တိတ်တဆိတ် လိုက်သွား လိုက်သည်။
သာမန်အခြေအနေမျိုးတွင် စိတ်မှန်သည့် ဘယ်သူမဆိုက သူ ပြောပြလျင်တောင်မှ ယုံမည် မဟုတ်ပါ။ ထို့အပြင် သူ ပြောပြလျင်လည်း ရှုဝမ်ချင်က သူမကံကြမ္မာကို ပြောင်းလဲရန် ခွန်အားမဲ့လောက်သည်။
သူမနောက်သို့ သူ လိုက်ပြီး ဘာဖြစ်မလဲ လိုက်ကြည့်ရုံသာ ရှိတော့သည်။
တက္ကသိုလ်ကျောင်းဝန်းက မြို့လယ်ခေါင်တွင်း၌ မဟုတ်ချေ။ ပတ်ဝန်းကျင်သည် ပန်းခြံများစွာ ရှိသော နေရာ ဖြစ်သည်။ ရဲ့လင်းချန် သူမကို တိတ်တဆိတ် နောက်ယောင်ခံ လိုက်နေ၏။
ထိုစဉ် ရှုဝမ်ချင်က လက်ပြ၍ တက္ကစီတစ်စီးကို ငှားလေသည်။
ရှုဝမ်ချင် ကားထဲ ဝင်သွားသည်ကို မြင်ပြီး ရဲ့လင်းချန် ပို၍ မျက်ခုံး လှုပ်လာသည်။
[ဒါကတော့ ကျွန်တော်တို့ မြန်မာ အယူအဆနဲ့ တူပါတယ်၊ မျက်ခုံး၊ မျက်လုံးတို့ မျက်ခမ်းတို့ လှုပ်ရင် တစ်ခုခု ဖြစ်တော့မယ် ဆိုတာမျိုးပါ၊ တရုတ် အယူကတော့ ဘယ်ဘက် မျက်လုံး လှုပ်ရင် ကံကောင်းတာ၊ ညာဘက်ဆိုရင် ကံဆိုးတာပါတဲ့]
*အဲ့ကားက တစ်ခုခု မှားနေသလိုပဲ*
*သေစမ်း*
ရှိရှိသမျှ အရာတိုင်းတွင် ထိုကံဆိုးမှုက ရှုဝမ်ချင် စီးသွားသည့်ကား ဖြစ်လိမ့်မည်ဟု သူ ထင်မထားမိပါ။
ရဲ့လင်းချန် ထပ်၍ ရင်တုန်သွားသည်။ သူ ဘေးဘီကို ကြည့်သောအခါ အခြားတက္ကစီများ မရှိသည်ကို သူ သတိပြု လိုက်မိသည်။ ထိုသို့ဆိုလျင် ထိုတက္ကစီက အစကတည်းက အကြံနှင့် ရှိနေခြင်းပင်တည်း။
သူမကို သူ မျက်ခြေပျက်၍ မဖြစ်ပါ။
ရဲ့လင်းချန် ကြံရာမရ ဖြစ်နေသည်။ သူ့ကို ဤမျှ ချောက်ချားစေလျင် အဖြစ်အပျက်က ပြင်းထန်မှာ သေချာသည်။
သူ ပတ်ဝန်းကျင်ကို ထပ်ကြည့်လိုက်သောအခါ သူ့အကြည့်က လမ်းပေါ်မှ တောင်တက်စက်ဘီးပေါ် ရောက်သွားသည်။
သူ့၌ ရွေးချယ်စရာ မရှိသဖြင့် ယင်းကိုသာ လောင်းကြေးထပ်ရပေတော့မည်။
ရဲ့လင်းချန်၏ အကြည့်များက လေးနက်လာပြီး ရှေ့သို့ ပြေးတက်သွားလေသည်။ တစ်ချက် ဆွဲလိုက်သည်နှင့် တောင်တက် စက်ဘီး၏ သံကြိုးက ပျက်သွားသည်။ ထို့နောက် သူ စက်ဘီးပေါ် တက်ခွ၍ ခြေနင်းပေါ် ခြေထောက်တင်ကာ ထိုကားနောက်ကို စက်ဘီးဖြင့် လိုက်လေတော့သည်။
“အား … ငါ့စက်ဘီး”
ခပ်လှမ်းလှမ်းမှ မြစ်ဘေး၌ ကျင်ငယ်စွန့်နေသော လူတစ်ယောက်သည် ထိတ်လန့်နေသော အမူအရာဖြင့် ဘောင်းဘီကို ဆွဲတင်ရန် ကြိုးစား၍ ပြေးလာသည်။ သူ့စက်ဘီး သံကြိုး၏ စိတ်မကောင်းစရာ အခြေအနေကို ဖြစ်သောအခါ သူ မျက်လုံး ပြူးသွားလေသည်။ သူ့စိတ်ထဲ၌ ကြောက်စိတ်က အမြစ်တွယ်လာပြီး နောက်ကလိုက်ရန် သတ္တိ မရှိတော့ချေ။
*သံကြိုးတောင် အဲ့လို ပျက်သွားတာလား*
*သောက်ကျိုးနည်း သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ*
ထို့အပြင် သူ ထပ်လှမ်းကြည့်လိုက်သောအခါ စက်ဘီးလုသူအား ဘယ်နေရာမှာမှ မမြင်ရတော့ချေ။
*အဲ့စက်ဘီးခိုးသမားရဲ့ အမြန်နှုန်းက ကြောက်ဖို့ကောင်းတယ်ဟ*
ရဲ့လင်းချန်တွင် အခြားသူများ သူ့ကို ဘယ်လိုထင်မလဲဟု တွေးချိန် မရှိပါ။ လက်ရှိတွင် သူ့မျက်လုံးများက ထိုတက္ကစီထံ၌သာ ကပ်ညိနေပြီး ခြေထောက်များက ဘီးကို စက်တက်သကဲ့သို့ လည်နေသည်။ သူ အားကုန်သုံး၍ နင်းကာ လိုက်နေ၏။
ထိုစဉ် လမ်းဘေး၌ ပွေ့ဖက်နေသော အတွဲတစ်တွဲသည် သူတို့ဘေးမှ ဝှီးခနဲ တစ်ခုခု ဖြတ်သွားသလို ခံစားလိုက်ရသည်။ အရိပ်တစ်ခုက လေနှင်ရာ ပါသွားသကဲ့သို့ သူတို့ဘေးမှ ဖြတ်သွားသဖြင့် တစ်ခဏမျှ အသက်ရှူရန်ပင် ခက်သွားလေသည်။
“အဲ့ဒါက … စက်ဘီးလား*
နှစ်ယောက်လုံးကို မျက်လုံးကို ပြန်ပွတ်ကြည့်ပြီး ပင့်သက်ရှိုက်မိသွားသည်။ မိန်းကလေးဆိုလျင် လေအရှိန်ကြောင့် လန်သွားမတတ် ဖြစ်သွားသည့် သူ့စကပ်ကို ဖိဆွဲနေရသည်။
လမ်းပေါ်၌ လူနည်းနည်းသာ ရှိသဖြင့် ကံကောင်းပေသည်။ ထို့အပြင် တက္ကစီယာဉ်မောင်းက အစကတည်းက အစီအစဉ် ချထားမှန်း သိသာလှသည်။ သူသည် လူခြေတိတ်သော လမ်းများကိုသာ မောင်းပြီး အရှိန်ကလည်း မြန်လှသည်။
ရှုဝမ်ချင်သည် ယခုမှ သူမ ပြန်ပေးဆွဲခံရမှန်း ရိပ်စားမိသွားသည်။
ရဲ့လင်းချန် အချိန်မဆိုင်းရဲသဖြင့် ခြေနင်းအားကို ပို၍ အားစိုက်လိုက်မိသည်။ သူ ကြားနေရသည်က သူ့နားကို ဖြတ်၍ တိုက်သွားသော လေတိုးသံသာ ရှိသည်။ သူ့ပတ်ဝန်းကျင်မှ မြင်ကွင်းများက လှစ်ခနဲ နောက်၌ ကျန်ရစ်ခဲ့သည်။
သူ၏ စက်ဘီးစီး စွမ်းရည်က တစ်ရာ ရာခိုင်နှုန်း ဖြစ်နေ၍ ကံကောင်းသွားသည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်အခြေအနေအရ ပုံမှန်မဟုတ်ဟု စဉ်းစားနိုင်သော်လည်း ဤမျှ ပြင်းပြင်းထန်ထန် နင်းနေသော်လည်း မောပန်းသည်ဟု မခံစားရပေ။
သူ့ကံကလည်း အတော်အသင့် ကောင်းနေသေးပြီး တောင်တက်စက်ဘီးတစ်စီးကို တွေ့ခဲ့သည်။ သာမန် စက်ဘီးများသာ ဖြစ်ခဲ့ပါက အစောကတည်းက နောက်ကောက်ကျကျန်ခဲ့လောက်သည်။
လမ်းတစ်လျှောက် သူ တက္ကစီနောက် လိုက်ခဲ့ပြီး လူနေနည်းသော လမ်းမှ တောင်တက်လမ်းသို့ ရောက်သွားလေသည်။
ယင်းက ဖူလုံတောင်နယ်တွင်း၌ ရှိနေပြီးသား ဖြစ်သဖြင့် မြို့တော်တွင်း၌ တိတ်ဆိတ်သော ဧရိယာ ဖြစ်သည်။
ရှောင်မို၏ အနှစ်သက်ဆုံး အချိန်ဖြုန်းနည်းသည် ကားပတ်မောင်းခြင်း ဖြစ်သည်။ သူ အချိန်ရတိုင်း ဖူလုံတောင် ပတ်ဝန်းကျင်၌ ကားမောင်းလေ့ ရှိသည်။
ဤနေရာမှ လမ်းများက ကျယ်ပြီး ကားနည်းသည်။ ဆူညံသော မြို့နှင့်လည်း ဝေးသဖြင့် သူ့စိတ်ထဲမှ ဖိအားကို လေနှင့်အတူ လွင့်ပြယ်သွားအောင် လုပ်ပေးသလို ခံစားရစေသည်။
ပုံမှန်အတိုင်း သူ သီချင်းလေး တညည်းညည်းဖြင့် ကားမောင်းနေသည်။ သူ့ကားထဲ၌ ဖွင့်ထားသော သီချင်းက ဝိုင်၏ တစ်စုံတစ်ယောက် ဖြစ်သည်။
ထိုစဉ် တက္ကစီတစ်စီးက သူ့ဘေးမှ ဝှီးခနဲ ဖြတ်သွားသည်။
“ယီးပဲ အဲ့လောက် အရှိန်နဲ့ မောင်းရအောင် ရူးနေတာလား”
ရှောင်မို ထိတ်လန့်သွားပြီး ဆဲဆိုလေသည်။
သူ ဆဲပြီးရုံသာ ရှိသေးချိန်တွင် စက်ဘီးတစ်စီးက သူ့ဘေးမှ ဝှီးခနဲ ဖြတ်သွားပြီး မသဲမကွဲသာ မြင်လိုက်ရသည်။
“လခွမ်း အဲ့လောက် အရှိန်နဲ့ စက်ဘီးစီးတာလား၊ မင်း သေချင်နေတာလား”
ရှောင်မို မနေနိုင်ဘဲ ထပ်ဆဲလိုက်မိသည်။ သို့သော် ဘာဖြစ်သွားသလဲ ပြန်စဉ်းစားမိပြီးနောက် သူ ကြက်သေ သေသွားသည်။
*စက်ဘီးလား*
*အဲ့ဒါ စက်ဘီးဟ*
မြင်ကွင်းကို အာရုံစိုက်ကြည့်နိုင်ရန် သူ ကားထဲမှ ခုန်ချမတတ် ဖြစ်သွားရသည်။
သူ မြင်လိုက်ရသည်က လူတစ်ယောက်က ကိုယ်ကိုကိုင်း၍ စက်ဘီးကို နင်းနေခြင်းပင်။ ထိုသူ၏ ခြေထောက်များက ဒိုင်နမိုသဖွယ် အရူးအမူး လည်ပတ်နေ၏။ သူ့ခြေထောက်များကို မျက်လုံးနှင့်ပင် သေချာ မမြင်ရချေ။
*ဒါက သောက်ရမ်း ကြောက်ဖို့ကောင်းတယ်ကွာ*
*စက်ဘီးကို ဒီလို စီးနိုင်တယ်ဆိုတော့ မင်းက သောက်ရမ်း မိုက်တယ်ကွာ၊ အဲ့အရှိန်လောက်နဲ့ဆို စီးတဲ့သူကို စက်ဘီးကို သုံးပြီး ပျံအောင်တောင် လုပ်နိုင်ချေ ရှိတယ်*
ရှောင်မို တွေးမိသည်။
သူ လီဗာကို ဖိနင်း၍ နောက်မှ လိုက်ကြည့်သော်လည်း မီရုံလေးသာ ရှိလေသည်။
ထို့နောက် သူ ဖုန်းကိုထုတ်၍ ကင်မရာကို ဖွင့်ကာ ရဲ့လင်းချန်ကို ချိန်လိုက်သည်။ ထို့နောက် သူ့ကားမှ မိုင်တစ်ရာ့နှစ်ဆယ်ဟု ပြနေသော ကားပြေးနှုန်းတိုင်း ကိရိယာကိုပင် မှတ်တမ်းတင်လိုက်သေးသည်။
ထို့နောက် သူသည် ကားကို ဘေးကပ်ရပ်၍ သူ့ဗွီဒီယိုမှတ်တမ်းကို Tik Tok ပေါ် တင်လိုက်သည်။
[ထူးဆန်းတဲ့ စက်ဘီးသမားနဲ့ တွေ့ရှိ၊ နင်းပုံက ကားထက်တောင် မြန်တယ်၊ ဒီနှုန်းနဲ့ဆို သူ ကောင်းကင်ပေါ်တောင် နင်းတက် သွားလို့ ရတယ်]
ထင်ထားသည့်အတိုင်းပင် ထိုဗွီဒီယိုက ဟိုးလေးတကျော်ကျော် ဖြစ်သွားလေသည်။
[ချီးပဲ ဒါ တကယ်လား၊ ဒါ ဓာတ်ပုံ ပြုပြင်ထားတာ မဟုတ်ဘူးဆိုတာ သေချာလား]
[အံ့ဩစရာပဲ၊ နင်းနေတဲ့ ခြေထောက်တွေကို ကြည့်လိုက်၊ စက်တက်ဘီးလိုပဲ]
[ငါ ရှက်မိတယ်၊ ငါးခါလောက် နှေးပြီး ကြည့်တာတောင် အဲ့ခြေထောက်တွေ လည်နေတာကို ငါ မမြင်ရသေးဘူး]
[လုံးဝကို ထူးဆန်းထွေလာပဲ၊ စက်ဘီးတစ်စီးက မိုင်တစ်ရာ့နှစ်ဆယ်အထိ နင်းနိုင်တယ်တဲ့လား၊ ဒါ ယုတ္တိမရှိဘူး]
[ဒီဗွီဒီယိုကို ကမ္ဘာပေါ်မှာ ရိုက်ထားတာ သေချာလား၊ အင်္ဂါဂြိုဟ်တို့ စကြဝဋ္ဌာ အပြင်ဘက်ကတို့ဆီက မဟုတ်ဘူးလား]
[မဟုတ်ဘူး၊ ပျက်ကိန်းဆိုက်တော့မှာပဲ၊ ငါတို့ ကမ္ဘာကြီးက တစ်စုံတစ်ရာ ပြောင်းလဲမှုနှင့် ကြုံရမယ်လို့ ငါ ထင်တယ်၊ ဒါ စိတ်ဝိညာဉ် စွမ်းအင် ပြန်လည် ရှင်သန်လာတာလား]
…
ထိုဗွီဒီယိုက ရဲ့လင်းချန်၏ မျက်နှာကို မရိုက်ထား၍ တော်သေးသည်။ သို့သော် အရှိန်ကြောင့် သူ့ပုံရိပ်က ဝါးနေ၏။
ရဲ့လင်းချန်သည် သူ့ကြောင့် ဖြစ်သွားသော ဆူပူမှုကို မသိလိုက်ဘဲ မနားတမ်း နောက်က ဆက်လိုက်နေသည်။
နောက်ဆုံးတွင် သူတို့က အဓိက လမ်းမကြီးမှ ဖယ်ခွာလာပြီး တက္ကစီက အရှိန်လျော့သွားသည်။ အဓိက လမ်းမကြီးအတိုင်း မသွားတော့ဘဲ တောင်ပေါ်လမ်းကိုသာ ဆက်မောင်းသွားပြီး လူသူကင်းသော နေရာသို့ လျင်မြန်စွာ ရောက်ရှိ သွားလေသည်။
သူတို့အရှေ့၌ စွန့်ပစ်ပန်းခြံတစ်ခု ရှိပြီး ပေါင်းပင်များ ရှင်သန်ပေါက်ရောက်နေသည်။ ထိုနေရာ၌ အဆောက်အဦး ပုံစံအချို့သာ အကောင်းအတိုင်း ရှိနေ၏။
တက္ကစီက ပန်းခြံထဲ ဖြည်းဖြည်းချင်း ဝင်သွားသည်ကို မြင်သော် ရဲ့လင်းချန်က စက်ဘီးကို ရပ်လိုက်ပြီး တိတ်တဆိတ် အထဲသို့ ဝင်လေသည်။
ဟင်းလင်းပြင် နေရာမဟုတ်၍ တော်သေးသည်။ ပန်းခြံတွင် စက်ပစ္စည်းမျိုးစုံ ရှိသည်။ သူ့ခန္ဓာကိုယ်က ၎င်းတို့ကြားထဲ၌ ကွေ့ပတ် သွားလာနေကာ စီးစရာများကြား၌ ပုန်းပြီး မြင်ကွင်းအား တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။