ငါ့ကိုပစ်လေ
Vol. 19 Ch. 277
“သုံးစားမရတဲ့ကောင် ထွက်သွားစမ်း”
ပိန်ပါးပါးလူက ဝူကျွင့်ကျယ်ကို မြေကြီးပေါ် ကန်ကျောက်လိုက်ပြီး ရဲ့လင်းချန်အား ရက်စက်သော အပြုံးဖြင့် စိုက်ကြသည်။
“စူပါမန်းဝိုင်ဆိုတာ ဘယ်လို ခွေးချီးလဲကွ၊ အဓိပ္ပာယ်မရှိတာတွေ”
ထိုသို့ပြောလိုက်ပြီးနောက် သူ့မျက်လုံးများက လေးနက်လာပြီး လက်ကိုမြှောက်လိုက်သည်။ ရုတ်တရက် အနက်ရောင် သေနတ် တစ်လက်က ရဲ့လင်းချန်ကို ချိန်လာသည်။ သူက အညှာအတာမရှိသော အသံဖြင့် ပြောလေသည်။
“မင်း ဘယ်သူလဲ ငါ ဂရုမစိုက်ဘူး၊ မင်း ကျည်ဆံထက်တော့ ပိုမသန်မာနိုင်ပါဘူး”
*သေနတ်လား*
မျှော်လင့်ချက်ကို မြင်ခဲ့သော ရှုဝမ်ချင်၏ မျက်လုံးများက ရုတ်တရက် အရောင်မှေးမှိန်သွားသည်။ သူမ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိပြီး မျက်လုံးတွင် မျက်ရည်များ ဝေ့ကာ ရဲ့လင်းချန်အား စိုးရိမ်သော အမူအရာဖြင့် ကြည့်လေသည်။
“တစ်ယောက်ယောက်က ငါ့ကို သေနတ်နဲ့ ချိန်တာကို ငါ မကြိုက်ဘူး”
ရဲ့လင်းချန်သည် သေနတ်က သူ့အပေါ် ခြိမ်းခြောက်မှု မဖြစ်သကဲ့သို့ ပြောလိုက်သည်။
လက်ရှိတွင် ဤကမ္ဘာ၌ သူ့ကို ထိခိုက်အောင် လုပ်နိုင်သော အရာဟူ၍ များများစားစား မရှိချေ။ စိတ်မကောင်းစွာပင် သေနတ်များက ထိုအထဲ၌ ပါဝင်နေ၏။ ထို့ကြောင့် တစ်ယောက်ယောက်က သူ့ကို သေနတ်ဖြင့် ချိန်လာလျင် သူ အလွယ်တကူ စိတ်ပျက်မိသည်။
“ဟားဟားဟား မင်းက မကြိုက်ဘူး ဟုတ်လား၊ အဲ့တော့ ဘာဖြစ်လဲ”
ပိန်ပါးပါးလူက အားပါးတရ ရယ်သည်။
“အခုချက်ချင်း ငါ့ရှေ့ ဒူးထောက်ပြီး လေးလေးစားစား ဦးသုံးကြိမ်ချစမ်း၊ ဒါဆို ငါ မင်းကို အသက်ရှင်ခွင့်ပေးဖို့ စဉ်းစား ပေးမယ်၊ မင်းက တကယ့် စူပါမန်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကမ္ဘာမြေရဲ့ ဂိတ်တံခါးကို ရန်စရင် သေချာပေါက် နောင်တရ စေရမယ်”
သူက ရဲ့လင်းချန်ကို ထီမထင်သော မျက်လုံးတို့ဖြင့် အထင်မြင်သေးစွာ ကြည့်နေသည်။
တရုတ် စူပါဟီးရိုးဆိုသူအား သူ့ရှေ့၌ ဒူးထောက်စေချင်နေသည်။ ထိုအခါမှသာ သူ့ကိုယ်သူ ဟုတ်လှပြီဟု ခံစားနိုင်ပေမည်။
“ဒူးထောက်ရမယ် ဟုတ်လား”
ရဲ့လင်းချန်၏ အသံက တည်ငြိမ်နေသည်။ သူသည် လက်ကိုဆန့်၍ ပိန်ပါးပါးလူအား လက်ညှိုးကိုကွေးပြလိုက်သည်။
“လာလေ၊ ငါ့ကို ပစ်လိုက်”
ပိန်ပါးပါးလူ အံ့ဩသွားပြီး သူ နားကြားမှားလေသလားဟု တွေးမိကာ ပြန်မေးလိုက်သည်။
“ဘာ”
သူ့ဘေးမှ အခြားသူများသည်လည်း ရင်တဒိန်းဒိန်း ခုန်နေပြီး ရဲ့လင်းချန်အား မယုံသလို ကြည့်နေကြသည်။
*ဒါက ဘာသဘောလဲ*
“မင်း သေချင်တာလား’
ပိန်ပါးပါးလူက အံကြိတ်၍ မေးလိုက်သည်။
ရဲ့လင်းချန်က ပြန်မဖြေဘဲ ပိန်ပါးပါးအားလူအား လက်ညှိုးကွေးကာ ဆက်၍ ရန်စလေသည်။
ထို့နောက် သူက ပိန်ပါးပါးလူထံသို့ အေးအေးလူလူ လျှောက်သွားသည်။
“ငါိ့ကို ဖိအားမပေးနဲ့”
ရဲ့လင်းချန် သူ့နား ကပ်လာသည်ကို ကြည့်ပြီး ပိန်ပါးပါးလူ၏ အမူအရာက သွေးပျက်ဟန် ပေါ်လာကာ သေနတ်ကို တင်းနေအောင် ကိုင်ထားလေသည်။
ဝူကျွင့်ကျယ်သည် မြေကြီးပေါ်၌ ဆက်၍ ဒူးထောက်နေသည်။ သူက ရဲ့လင်းချန်အား ကြောက်စိတ်တို့ ပြည့်နေသော မျက်လုံးဖြင့် အပြူးသား ကြည့်နေသည်။
ရှုဝမ်ချင်မှာမူ ရဲ့လင်းချန်အား ရောထွေးနေသော ခံစားချက်ဖြင့် ကြည့်နေသည်။ သူမသည် စိုးရိမ်စိတ်ကြောင့် တုန်ယင်နေပြီး လက်နှစ်ဖက်အား တင်းနေအောင် ဆုပ်ထားမိသည်။ သူမသည် နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ထားပြီး သူမကိုယ်သူမ အသံမထွက်အောင် တားဆီးနေ၏။
ထိုသို့သောအချိန်၌ သူမမျက်လုံးထဲတွင် စူပါမန်းဝိုင်သည် အရောင်အဝါ ဖြာထွက်နေသော ပုဂ္ဂိုလ်တစ်ယောက်ဟု ထင်မှတ်ရသည်။
“မင်း Fight Back to School ကြည့်ဖူးလား.”
[စတီဗင်ချောင် ရိုက်ကူးထားသော အမှုဖြေရှင်းရန် လူငယ်ပြုပြင်ရေးကျောင်းသို့ ရုပ်ဖျက်၍ ဝင်သော ရဲတစ်ယောက် အကြောင်း ဟာသရုပ်ရှင်ကား]
ရဲ့လင်းချန်’ အသံက တည်ငြိမ်ပြီး သာမန်ကာလျှံကာ စကားပြောနေသည်ဟု ထင်ရလေသည်။
“ဘာ”
ပိန်ပါးပါးလူ တွေဝေသွားပုံရသည်။
“မင်း မကြည့်ဖူးဘူးလား၊ ဒါဆို ငါ မင်းကို ပြပေးရတာပေါ့”
“မင်းက ငါ့ကို လှောင်ရယ်တာလား၊ မင်း သေချင်နေမှတော့ သေလိုက်တော့”
“ဒိုင်း”
“အား…”
ရှုဝမ်ချင်သည် နားကွဲမတတ် ကျယ်လောင် ပြင်းထန်သော သေနတ်သံကြောင့် ထအော်လိုက်မိသည်။ သူမ တုန်လှုပ်နေပြီး စူပါမန်းဝိုင်အား မျက်ရည်ဝေ့သီနေသော မျက်လုံးတို့ဖြင့် လှမ်းကြည့်လိုက်သည်။
သို့သော် သေနတ်ကို ပစ်လိုက်သည်နှင့် ရဲ့လင်းချန်၏ ခန္ဓာကိုယ်က လေထဲ မြောက်တက်သွားပြီး ကျွမ်းထိုးခုန်လိုက်သည်။ သူ့လက်က လေထဲတွင် တစ်စုံတစ်ရာကို ဖမ်းမိသွားပုံရသကဲ့သို့ တစ်ခုခုကို ဆုပ်ကိုင်ထားလေသည်။ ထို့နောက် မြေကြီးပေါ်သို့ သူ တည်ငြိမ်စွာ ပြန်ကျလာ၏။
“ဘာ”
တိတ်ဆိတ်ခြင်းသာ ကြီးစိုးလာ၏။ လူတိုင်းက ရဲ့လင်းချန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
“စူပါမန်း၊ ဒါ DC က စူပါမန်းပဲ”
ဝူကျွင့်ကျယ်က ကြောက်လန့်တကြား အော်ဟစ်ပြီး အသိစိတ်လွတ်ကာ ရူးမလို ဖြစ်နေလေသည်။
ပိန်ပါးပါးလူက ရဲ့လင်းချန်ကို စိုက်ကြည့်နေ၏။ သို့သော် ရဲ့လင်းချန်က အရှေ့သို့ ဆက်လျှောက်လာပြီး လက်ဝါးဖြန့်ပြသည်။
လူတိုင်း သူ့ကို အာရုံစိုက်၍ ကြည့်နေသော်လည်း ဘာမှမမြင်ရချေ။
ပိန်ပါးပါးလူသည် တစ်ခုခု လွဲနေပြီဟု ခံစားလိုက်မိသည်။ သူ ဆက်၍ ပစ်တော့မည့်အချိန်၌ ရဲ့လင်းချန်ကို အရိပ်သာ မြင်လိုက်ရပြီးနောက် အနီးကပ် ပြန်မြင်လိုက်ရသည်။ ရဲ့လင်းချန်က တစ်ပတ်လှည့်၍ ကန်လိုက်သဖြင့် သူ့လက်ထဲမှ သေနတ်က အဝေးသို့ လွင့်ထွက်သွားသည်။
ထို့နောက် သူသည် ဆက်လက်၍ လှုပ်ရှားကာ ပိန်ပါးပါးလူနှင့် ကျန်တစ်ယောက်တို့၏ လည်ကုတ်ကို ပိတ်ကန်လိုက်သည်။
ချက်ချင်းဆိုသလိုပင် နှစ်ယောက်လုံး သတိလစ်သွားလေသည်။ ဝူကျွင့်ကျယ် တစ်ယောက်တည်းသာ ကျန်တော့ပြီး ကြောက်လန့်လွန်း၍ ဘောင်းဘီထဲ ဆီးထွက်ကျနေလေသည်။ သူက ရဲ့လင်းချန်အား သရဲကို မြင်လိုက်ရသကဲ့သို့ တအံ့တဩ ကြည့်နေပြီး ပြောစရာ စကား မဲ့နေသည်။
“ငါ ရဲခေါ်ပြီးပြီ၊ ဒီလူတွေကို ငါတို့ ဥပဒေအတိုင်း ဖြေရှင်းခိုင်းကြတာပေါ့”
ရဲ့လင်းချန်က ရှုဝမ်ချင်ကို ကြည့်၍ ညင်သာစွာ ပြောလိုက်သည်။ ထို့နောက် သူ နောက်လှည့်၍ ထွက်သွားလိုက်သည်။
ရှုဝမ်ချင်သည် ငိုင်နေရာမှ သတိဝင်လာပုံရပြီး ထွက်သွားနေသည့် ရဲ့လင်းချန်ကို လှမ်းအော်လေသည်။
“ခဏလေး နေပါဦး”
ရဲ့လင်းချန် တန့်ခနဲ ရပ်သွားပြီး သူမကို လှည့်ကြည့်သည်။
“ရှင် … ရှင် ကျွန်မကို ခဏလောက် အဖော်လုပ်ပေးလို့ ရမလား၊ ကျွန်မ တစ်ယောက်တည်း ဖြစ်နေလို့ ကြောက်လို့ပါ”
ရှုဝမ်ချင်က နှုတ်ခမ်းကိုကိုက်၍ ရဲ့လင်းချန်အား ကြည့်နေသည်။
ရဲ့လင်းချန်က ပြန်မပြောဘဲ ခေါင်းညိတ်၍ နေရာမှာ ရပ်နေလေသည်။
လက်ရှိ ရှုဝမ်ချင်သည် ပုံမှန်နှင့် အနည်းငယ် ကွာခြားနေ၏။ ပုံမှန် တည်ငြိမ်၍ အေးဆေးသော အမူအာ ပျောက်ဆုံးနေကာ ရဲ့လင်းချန်အား မကြာခဏ မျက်လုံးထောင့်မှ ခိုးကြည့်နေပြီး သူမနှလုံးသားထဲ၌ သမင်ပေါက်လေး လျှောက်ပြေးနေသလို ခံစားနေ ရသည်။
“ဟို … ရှင်က အဲ့လောက်တော့ အသက်မကြီးသေးဘူး မဟုတ်လား”
ရှုဝမ်ချင် မနေနိုင်ဘဲ မဝံ့မရဲ မေးလိုက်သည်။
ရဲ့လင်းချန်က ရှုဝမ်ချင်အား အနေရခက်စွာ ကြည့်လိုက်သည်။
*ဒီကောင်မလေး … သူ ဘယ်တုန်းက အဲ့လောက် စကားများသွားတာလဲ*
ရှုပ်ထွေးမှုများ မဖြစ်စေရန် သူ ငြိမ်နေရန်သာ ဆုံးဖြတ်လိုက်သည်။
ရဲ့လင်းချန်က သူမကို လျစ်လျူရှုထားသည်ကို မြင်ပြီး ရှုဝမ်ချင်၏ မျက်လုံးများ အရောင် မှေးမှိန်သွားသည်။ တစ်ခဏမျှ တိတ်သွားပြီးနောက် သူမက ထပ်မေးလေသည်။
“ခုနတုန်းက … အဲ့ကျည်ဆံက ဘယ်ရောက်သွားတာလဲ၊ ရှင် မထိခိုက်မိဘူး မဟုတ်လား”
“ငါ အဆင်ပြေပါတယ်”
ရဲ့လင်းချန်က ရိုးရိုးရှင်းရှင်းသာ ပြန်ပြောသည်။
သို့သော် ရှုဝမ်ချင်က ရဲ့လင်းချန်၏ ပခုံးကို ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွားပြီး ပြောလေသည်။
“ရှင် ဒဏ်ရာရထားတယ်”
ရဲ့လင်းချန်၏ အင်္ကျီက ပခုံးနားလောက်၌ အနီရောင် စွန်းထင်းနေသည်ကို သူမ မြင်လိုက်ရသည်။
“ကျွန်မ အခုချက်ချင်း ရှင့်အတွက် လူနာတင်ယာဉ် ခေါ်လိုက်မယ်”
ရှုဝမ်ချင်သည် မျက်ရည်များ စီးကျလာပြီး ဗလုံးဗထွေး ပြောကာ ရဲ့လင်းချန်ထံသို့ မှီလာသည်။
ထိုအခိုက်မှာပင် ရဲကားသံများကို ကြားလာရပြီး ရဲကားများစွာ ပေါ်လာပြီး သူမတို့ထံ မောင်းနှင်လာသည်ကို မြင်လိုက်ရသည်။
“ဒါ ဒဏ်ရာ အသေးစားလေးပါ၊ ဘာမှမဖြစ်ဘူး၊ ရဲတွေလည်း ရောက်လာပြီဆိုတော့ ငါ သွားတော့မယ်၊ ဪ ကျေးဇူးပြုပြီးတော့ ရဲတွေကို ငါ့ကိုယ်စား စက်ဘီးကို ပိုင်ရှင်ဆီ ပြန်ပေးပေးပါ”
ရဲ့လင်းချန်က အသာနောက်ဆုတ်လိုက်ပြီးနောက် ပြေးထွက်သွားသည်။ ပန်းခြံထဲမှ သူ့နည်းသူ့ဟန်ဖြင့် ထွက်ပြေးသွားလေသည်။
ရဲကားများ ရပ်လိုက်ပြီးနောက် လှပသော အမျိုးသမီး ရဲအရာရှိက အခြားရဲများနှင့်အတူ ဆင်းလာပြီး အခင်းဖြစ်ရာသို့ အပြေးလာနေ၏။
ရှုဝမ်ချင်ကို မြင်သောအခါ ရှုနန် မျက်လုံးပြူးသွားပြီး တအံ့တဩ ပြောလေသည်။
“အစ်မ နင်လား၊ နင် အဆင်ပြေရဲ့လား”
“ငါ အဆင်ပြေပါတယ်၊ အဲ့လူတွေက ငါ့ကို ပြန်ပေးဆွဲတာ”
ရှုဝမ်ချင်က ရှုနန်အား ကြောက်လန့်နေသော အသံဖြင့် ပြောလိုက်သည်။
“ဝမ်ရုံ အော်တိုမိုဘိုင်းကို တစ်ခုခု လုပ်ဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်တွေဆီက ထင်တယ်”
ထို့နောက် ရှုဝမ်ချင်က အခြေအနေကို အစမှ ရှင်းပြလေသည်။ ရှုနန် ပင့်သက်ရှိုက်မိသွားပြီးနောက် မြေကြီးပေါ် လဲနေသော လူများကို လှမ်းကြည့်သည်။
“သူတို့ကို ဖမ်းလိုက်”
…
ထိုအချိန်တွင် ရဲ့လင်းချန်က မြစ်တစ်စင်းနား ရောက်နေသည်။ သူက အင်္ကျီချွတ်၍ သူ့ဘယ်ဘက် ပခုံးပေါ်မှ သေနတ်ဒဏ်ရာကို ကြည့်လိုက်သည်။ ဒဏ်ရာက သွေးထွက်နေဆဲပင်။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကြွက်သားများ စ၍ ကျုံ့လာသည်။ တစ်ခဏကြာသော် ကျည်ဆံတစ်ခုက သူ့ဒဏ်ရာထဲမှ တိုးထွက်လာသည်။
သူ့ဒဏ်ရာကို ရေနှင့်ဆေးပြီးနောက် ဒဏ်ရာက ကပ်လာပြီး သွေးတိတ်သွားသည်။