← Chapters

ဂုဏ်သိက္ခာအတွက် စစ်ခင်းခြင်း

Vol. 16 Ch. 243

ဂုဏ်သိက္ခာအတွက် စစ်ခင်းခြင်း

Vol. 16 Ch. 243

ချီရွှဲ့ထုံဂိုဏ်း၏ စစ်သတ်မှတ်ချက်စာရင်းထဲရှိ ထိပ်ဆုံးဂိုဏ်းသားငါးဆယ်က ဓမ္မရတနာ၏ စက္ခုအာရုံကို တစ်ကြိမ်အသုံးပြုခွင့်ရမည် ဖြစ်သည်။

ထိုအချက်ကို ရွှီချင်း စိတ်ဝင်စားနေသည်။

တစ်ဖက်တွင် ဓမ္မရတနာကို သူ တစ်ခါမှ မမြင်ဖူးသည့်အတွက်ကြောင့်ဖြစ်ပြီး တခြားတစ်ဖက်တွင် ဓမ္မရတနာ၏ အစွမ်းအကြောင်းကို ကြိမ်ဖန်များစွာ ကြားဖူးထားသောကြောင့် ဖြစ်သည်။

ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံးမှာပင် ဓမ္မရတနာတစ်ပါးသာ ရှိသည် မဟုတ်ပါလား။

တချိန်တည်းမှာပင် ဓမ္မရတနာများက မည်သည့်အတွက်ကြောင့် ထိုသို့ နာမည်ကြီးနေရသည်ကိုလည်း ရွှီချင်း သိချင်နေသည်။ ချီရွှဲ့ထုံဂိုဏ်း၏ ဓမ္မရတနာက မည်ကဲ့သို့ ပုံပန်းသွင်ပြင်ရှိပြီး ၎င်းကို ထုတ်ဖော်လိုက်ပါက မည်သည့်အစွမ်း ထွက်ပေါ်လာမည်ကို သူ သိချင်မိသည်။

ယင်းအချက်များသည် သူ့ကို စွဲဆောင်နေခြင်း ဖြစ်သည်။

သို့သော်လည်း ထိုသိချင်စိတ်ကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးတို့ အဆင့်တက်မည်ကို နှောင့်နှေးနေ၍ မဖြစ်ကြောင်း သူ သိသည်။

မည်သည့်အရာက ပို၍ အရေးကြီးသည်ကို သူ ကောင်းကောင်း နားလည်သည်။

ဓမ္မရတနာ၏ စက္ခုအာရုံက မည်မျှပင် အစွမ်းထက်ပါစေ တစ်ကြိမ်သာ အသုံးပြုနိုင်မည် မဟုတ်ပါလား။ သို့သော် အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့သာ အဆင့်တက်သွားပါက သူ၏တိုက်ရည်ခိုက်ရည် တိုးတက်လာပေမည်။

ထို့ကြောင့် ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေဘဲ တာဝန်များကို လက်မခံတော့ပေ။ တင်းရွှယ်၏ ဒေါ်လေး ပေးခဲ့သည့် စစ်ပွဲမှ ထွက်ခွာခွင့်အမိန့်ကို သူ အသုံးချလိုက်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သို့ ချီရွှဲ့ထုံဂိုဏ်း ချီတက်နေစဉ် သူ ထွက်လာခဲ့သည်။

“ အရိပ်နဲ့ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ အနှောင့်အယှက်မဖြစ်ဘဲ အဆင့်တက်နိုင်အောင် ဘေးကင်းလုံခြုံတဲ့ နေရာတစ်နေရာကို ငါ ရှာမှရမယ် ”

အထူးသဖြင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ပြောခဲ့သည့် ‘ သူ အဆင့်တက်သည့်အခါ မိုးကြိုးကပ်ဘေး ပေါ်လာမည် ’ ဆိုသော စကားကြောင့်ပင်။ ထိုစကားကြောင့် ရွှီချင်းက ပို၍ အာရုံစိုက်ကာ နေရာကို ရှာဖွေလိုက်သည်။

သူသည် ချက်ချင်းလက်ငင်း ဆုံးဖြတ်ကာ စစ်မြေပြင်နှင့် ဆန့်ကျင်ဘက်အရပ်တွင် ရှိသော ခရီးရှည်တည်နေရာရွှေ့ပြောင်းခြင်းကို အသက်သွင်းရန် ရေသူမကျွန်းပေါ်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို သုံးလိုက်သည်။

ယခုတစ်ခေါက် သူ တည်နေရာရွှေ့ပြောင်းလိုက်သည့်နေရာသည် ကြောင်းရှာကျွန်းဆိုသည့် လူသားမဟုတ်သောမျိုးနွယ်ကျွန်းတစ်ကျွန်း ဖြစ်သည်။

ထိုမျိုးနွယ်သည် ချီရွှဲ့ထုံဂိုဏ်း၏ မဟာမိတ်များအနက် တစ်ခုဖြစ်ပြီး အများစုက နွေးထွေးကြင်နာသော စရိုက်များ ရှိကြသည်။ သူတို့သည် ‘ ဟိုက်ရှောက် ’ ဆိုသည့် ပစ္စည်းတစ်မျိုးကို သန့်စင်ရာတွင် ထူးချွန်ကြပြီး ရုပ်သေးရုပ်များကို လေ့လာရာတွင် အထူးစိတ်ဝင်စားကြသည်ဖြစ်၍ သူတို့ကို ချီရွှဲ့ထုံဂိုဏ်းက နှစ်တစ်ရာကျော် ကာကွယ်ပေးထားသည်။

ကြောင်းရှာမျိုးနွယ်ဝင်များသည် အလွန် ထူးဆန်းကြသည်။ သူတို့က လူသားများနှင့် ဆင်တူပါသော်လည်း လက်တစ်ဝါးစာသာ ရှိကြပေရာ လူများက သူတို့ရှေ့တွင် လူ့ဘီလူးကြီးများသဖွယ် ဖြစ်နေပေသည်။

သူတို့မျိုးနွယ်ပိုင်နက်သည်လည်း နိုင်ငံငယ်လေး ဖြစ်သည်။

သို့သော်လည်း ရပ်ဝေးမှ ဧည့်သည်များကို လက်ခံရန် ကျင့်ကြံသူများ ဝင်ထွက်သွားလာနိုင်သည့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့် မနီးမဝေးတွင် မြို့ကြီးတစ်မြို့ကို သူတို့ တည်ဆောက်ထားသည်။

ကြောင်းရှာမျိုးနွယ်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲ ရွှီချင်း ပေါ်လာသောအခါတွင် မှောင်ရီပျိုးစအချိန်သို့ ရောက်နေပြီဖြစ်သည်။

ဆည်းဆာရောင်ခြည်တန်းများ ဖြာကျနေပြီး နက်မှောင်သော ပင်လယ်ပြင်ပေါ်တွင် ခရမ်းရောင်လဲ့နေသည်။ ယင်းသည် ကောင်းကင်ယံရှိ နီစွေးသော ရောင်ခြည်တန်းများနှင့် ဆန့်ကျင်ဘက်ဖြစ်နေပေရာ မြင်ရသူကို ထူးဆန်းသော ခံစားချက်တစ်မျိုး ဖြစ်စေသည်။

ဤနေရာရှိ တည်ငြိမ်အေးချမ်းမှုမျိုးက တားမြစ်ပင်လယ်ထဲတွင် အလွန် ရှားသည်။ ယခုအချိန်ထိအောင် စစ်ပွဲထဲ ရှိနေခဲ့သော ရွှီချင်း၏ ခန္ဓာကိုယ်မှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်နေသည်။ သို့ဖြစ်၍ တည်ငြိမ်အေးချမ်းသော ဤနေရာသို့ သူ ရောက်လာသောအခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။

သူသည် ခေါင်းမော့၍ အဝေးသို့ လှမ်းကြည့်လိုက်ရာ မြို့ငယ်လေးထဲတွင် ကိုယ်စီ အလုပ်ရှုပ်နေကြသော ကြောင်းရှာမျိုးနွယ်ဝင်များ မရေမတွက်နိုင်အောင် သူ မြင်လိုက်ရသည်။ သီချင်းညည်းသံများကို အချိန်တိုင်း သူ ကြားနေရပြီး သဲများနှင့် ဆော့ကစားနေသော ကလေးငယ်များကိုပင် သူ ဝိုးတဝါး မြင်နေရသည်။

သို့သော်လည်း ထိုမြို့ငယ်လေးထဲတွင် ထိပ်သီးကျင့်ကြံသူများစွာ၏ အရှိန်အဝါများ ရှိနေသည်။

ကြောင်းရှာမျိုးနွယ်ဝင်များက အလွန် အရပ်ပုသော်လည်း သူတို့ကို ရွှီချင်း လျော့မတွက်ပေ။ ကြောင်းရှာမျိုးနွယ်အကြောင်းကို လူဆိုးထိန်းဌာနရှိ စာဖိုင်များထဲတွင် သူ ဖတ်ထားခဲ့ဖူးပြီး ကြောင်ရှာမျိုးနွယ်ဝင်များက နွေးထွေးကြင်နာပါသော်လည်း ကြောက်ခမန်းလိလိ တိုက်ရည်ခိုက်ရည်ရှိကာ အထူးသဖြင့် ရုပ်သေးရုပ်တာအိုကို နက်ရှိုင်းစွာ နားလည်ထားကြောင်း သူ သိထားသည်။

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲမှ ထွက်လာသော ရွှီချင်းသည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုရင်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အပြင်ဘက်တွင် ထိုင်နေသော ရုပ်သေးရုပ်ရှစ်ရုပ်ထံ အကြည့်ရောက်သွားသည်။

ထိုရုပ်သေးရုပ်တစ်ရုပ်စီက လူတစ်ယောက်အရွယ်အစား ရှိသည်။ သူတို့ခန္ဓာကိုယ်များကို သံမဏိများ၊ သစ်သားများဖြင့် ပြုလုပ်ထားပြီး သူတို့မျက်နှာများက မည်းမှောင်နေကာ မျက်လုံးများနေရာတွင် ကျောက်မျက်ရတနာများ ထည့်သွင်းထားသည်။

သူတို့က သက်မဲ့ပစ္စည်းများ ဖြစ်သည့်အလား သူတို့ကိုယ်တွင် ဝိညာဉ်စွမ်းအားအငွေ့အသက်များ ရှိမနေပေ။

ရွှီချင်း၏ အကြည့်ရောက်သွားသည်နှင့် ရုပ်သေးရုပ်တစ်ရုပ်၏ ကျောက်မျက်ရတနာမျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာကာ ၎င်းသည် ခေါင်းမော့၍ ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် မတ်တတ်ထလာပြီး လက်နှစ်ဖက်ကို ဆုပ်လိုက်သည်။

“ ကြောင်းရှာမျိုးနွယ်ကနေ ကြိုဆိုပါတယ်ဗျာ။ ချီရွှဲ့ထုံဂိုဏ်းက ဂုဏ်သရေရှိဧည့်သည်တော်က ဘာကြောင့်များ ဒီနေရာကို ရောက်လာတာလဲဗျ ”

ရွှီချင်းက ထိုရုပ်သေးရုပ်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ထိုရုပ်သေးရုပ်က စကားပြောလိုက်သည့်တိုင်အောင် ထိုရုပ်သေးရုပ်ထံမှ မည်သည့်ဝိညာဉ်စွမ်းအားအငွေ့အသက်ကိုမျှ သူ အာရုံမခံမိသေးပေ။

ရွှီချင်း နားလည်ရခက်သွားသည်။ သို့သော်လည်း သူ အလျင်စလို မမေးမြန်းသင့်သော ကိစ္စများစွာ ရှိသည်ကို နားလည်ထားပေရာ အေးဆေးစွာ ပြောလိုက်သည်။

“ ပင်လယ်အနီးအနားကို သွားချင်လို့ ဖြတ်သွားတာပါ။ ခင်ဗျားမှာ ရေကြောင်းပြမြေပုံ ရောင်းဖို့ ရှိလား ”

“ ချီရွှဲ့ထုံဂိုဏ်းက အထူးဧည့်သည်တော်ဖြစ်လို့ ဝယ်ဖို့ မလိုပါဘူးဗျာ ”

ရုပ်သေးရုပ်က ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သဲလုံးကြီးတစ်လုံး ပေါ်လာပြီး ရွှီချင်းထံ ပြေးဝင်သွားသည်။

ရွှီချင်းက သဲလုံးကို ဖမ်းယူလိုက်ပြီးနောက် အတန်ငယ် အမူအရာပြောင်းသွားသည်။ ထိုသဲလုံးလေးထဲတွင် ကျောက်စိမ်းပေလွှာကဲ့သို့ သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည်။ ဓမ္မစွမ်းအားအနည်းငယ်ကိုသာ သူ ထည့်သွင်းလိုက်သည်နှင့် သူ့စိတ်ထဲ အသေးစိတ်ကျသော ရေကြောင်းပြမြေပုံအချက်အလက်တစ်ခု ပေါ်လာသည်။

ရွှီချင်းသည် ရုပ်သေးရုပ်ကို ကျေးဇူးတင်စကားဆိုပြီးနောက် တည်ငြိမ်အေးချမ်းသော မျိုးနွယ်ကို နောက်တစ်ခေါက် ကြည့်လိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ယမ်းလိုက်သည်နှင့် လေထဲသို့ ပျံတက်သွားပြီး အဝေးသို့ ရောက်သွားသည်။

သူသည် ကြောက်ခမန်းလိလိ မြန်ဆန်ပြီး တရွှီရွှီမြည်သံများ ထွက်ပေါ်နေသည်။ တခဏလေးအတွင်း သူ ပျောက်သွား၏။

သူ ထွက်သွားပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဘေးရှိ တခြားရုပ်သေးရုပ် ခုနစ်ရုပ်သည် တစ်ရုပ်ပြီးတစ်ရုပ် ခေါင်းများ မော့လာကြပြီး ရွှီချင်း ထွက်သွားသည့်အရပ်သို့ ကြည့်လိုက်ကြသည်။

“ ချီရွှဲ့ထုံဂိုဏ်းက အခုလောလောဆယ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နဲ့ တိုက်ခိုက်နေတာ။ ဒီလူရဲ့ ကျင့်ကြံခြင်းက သာမန်မဟုတ်ဘူး။ ကျုပ် အသက်ရှူကြပ်သွားသလိုပဲ။ ပြီးတော့ သူ့ကိုယ်ကနေ စစ်ပွဲအငွေ့အသက်တွေ လွင့်ပျံနေတာ။ သူ ဘာလို့ ဒီကို ရောက်နေရတာတုံး ”

“ ကျုပ်လည်း သူ့ကျင့်ကြံခြင်းအငွေ့အသက်တွေကို အာရုံခံမိလိုက်တယ်ဗျ။ သိပ်ရှင်းရှင်းလင်းလင်းကြီး မဟုတ်ပေမဲ့ ကျုပ်ဓမ္မတံခါးထဲက ဓမ္မစွမ်းအားတွေကို ဖိအားပေးနိုင်တယ်ဆိုတော့ ဒီလူက အလယ်ပိုင်း အခြေတည်အဆင့်ကို ရောက်နေလောက်တယ်ဗျ ”

“ နို့ပေမဲ့ သူ့အပြုအမူတွေ ကြည့်ရတာ ကောက်ကျစ်တဲ့ပုံမရဘူး ”

အနှီရုပ်သေးရုပ်ရှစ်ရုပ်သည် မလှုပ်ရှားဘဲ အသံများလွှင့်၍ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေကြသည်။ ရွှီချင်း အမှန်တကယ် ထွက်သွားကြောင်း အတည်ပြုပြီးနောက် သူတို့ စိတ်အေးလက်အေးဖြစ်သွားကြပြီး ခေါင်းများကို ပြန်ငုံ့ကာ မလှုပ်ရှားတော့ပေ။

အချိန်များ ကုန်လွန်သွားပြီး တစ်ညတာ ကျော်လွန်သွားသည်။

နောက်တစ်နေ့မနက်ခင်း နေရောင်ခြည်တန်းများ ကျဆင်းလာပြီး ကောင်းကင်နှင့် ပင်လယ်ပြင်ကို ရောင်ဝါများ ဖြန့်ကျက်နေစဉ် ကောင်းကင်ဝေဟင်ပြင်၌ ရွှီချင်း ပေါ်လာသည်။ သူသည် အရှိန်လျော့မသွားဘဲ မနားမနေ ဆက်သွားနေ၏။

မှော်လှေကို သူ ထုတ်မသုံးခဲ့ပေ။ ယင်းသည် သိသာထင်ရှားလွန်းနေမည်ဖြစ်ပြီး သူ့အစွမ်းကိုသူ သုံးကာ တစ်ညလုံး ရှာဖွေနေခဲ့သည်။ ရေကြောင်းပြမြေပုံထဲတွင် ဖော်ပြချက်အရ နောက်ဆုံးတွင် လိုအပ်ချက်များနှင့် ကိုက်ညီသော နေရာတစ်နေရာကို သူ ရှာတွေ့သွားသည်။

ယင်းသည် စွန့်ပစ်ထားသော သတ္တုတူးဖော်ရေး ကျွန်းတစ်ကျွန်း ဖြစ်သည်။

ရေကြောင်းပြမြေပုံထဲတွင် ဖော်ပြချက်အရ ထိုကျွန်း၌ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ဝိညာဉ်ကြောတစ်ကြောကို ရှာတွေ့ခဲ့ပြီး ကြောင်းရှာမျိုးနွယ်ဝင်များ၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ထိုကျွန်းပေါ်တွင် နှစ်ပေါင်းခြောက်ဆယ်ခန့် သူတို့ တူးဖော်ခဲ့ပြီးနောက် ဘာမှမရှိတော့သဖြင့် ထိုကျွန်းကို စွန့်ပစ်လိုက်ကြသည်။

ထိုကျွန်းပေါ်တွင် ဝိညာဉ်စွမ်းအင်များ ရှားပါးပြီး ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ ရှိသည်။ အပင်များ ရှိပါသော်လည်း အများစုက အန္တရာယ်ပြုတတ်သည်။

ကျွန်း၏ အတွင်းနှင့် အပြင်၌ တန်ဖိုးရှိသောအရာများ မရှိတော့သည်ဖြစ်၍ ထိုကျွန်းပေါ်သို့ လူများ ရောက်လာခဲသည်။

တားမြစ်ပင်လယ်ပြင်ထဲတွင် ထိုကဲ့သို့ ကျွန်းများစွာ ရှိသည်။

ရွှီချင်းသည် လေထဲမှနေ၍ ကျွန်းကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ နောက်ဆုံး၌ အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ကို ဤကျွန်းပေါ်တွင် အဆင့်တက်ခွင့်ပြုရန် သူ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ကျွန်းဆီသို့ သူ တန်းတန်းမတ်မတ် သွားလိုက်၏။

မကြာခင် ကျွန်းပေါ်သို့ သူ ခြေချလိုက်သည်။ သူက လက်ကိုဝှေ့ယမ်း၍ အဆိပ်များ ပက်လိုက်ရာ သူ့ကို ရစ်ပတ်လာသည့် နွယ်ပင်များ ချက်ချင်း ညှိုးနွမ်းခြောက်သွေ့ကာ သေသွားသည်။

ရွှီချင်းသည် နွယ်ပင်များကို ကြည့်ပင်မကြည့်ဘဲ ကျွန်းပေါ်ရှိ သတ္တုတွင်းများထံ သွားလိုက်သည်။ ထို့နောက် သတ္တုတွင်းတစ်တွင်းကို သူ တွေ့သွားသည်။

သတ္တုတွင်းက မှောင်မည်းနေသည်။ မနက်ခင်း နေရောင်ခြည်တန်းများက လင်းထိန်နေပါသော်လည်း တွင်းထဲရှိ အမှောင်ထုကို မဖောက်ထွင်းနိုင်ဟန်တူသည်။ တွင်းထဲမှ ဓာတ်နှောများနှင့် လေအေးများ လွင့်ပျံနေသည်။

တွင်းပတ်လည်တွင် မည်းနက်တောက်ပြောင်နေသော ရေခဲအလွှာတစ်ခု ဖုံးလွှမ်းထားပြီး ထိုရေခဲအလွှာက အဆိပ်အတောက်ဖြစ်စေဟန်တူကာ ဘေးပတ်လည်တွင် အပင်များ လုံးဝ မရှိပေ။

ထိုနေရာသည် ကျင့်ကြံသူများအတွက် မသင့်တော်ပါသော်လည်း အရိပ်လေးမှာ အလွန် သဘောကျနေသည်။

နေရောင်အောက်မှနေ၍ ၎င်းက သတ္တုတွင်းထံသို့ အနည်းငယ်ပင် ဆန့်ထွက်သွားသည်။

ရွှီချင်းသည်လည်း သဘောကျသွားသည်။ သတ္တုတွင်းအနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားပြီး အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် မြေပြင်ပေါ်မှ ရေခဲနက်အစိတ်အပိုင်းတစ်ခုကို ချိုးဖဲ့လိုက်သည်။

ရေခဲနက်မှ လေအေးများ တဟူးဟူး ထွက်လာပြီး ၎င်းထဲတွင် ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ ရှိနေသည်။ ၎င်းကို ထိကိုင်ကြည့်လိုက်သည်နှင့် အထဲမှ ဓာတ်နှောများ ရွှီချင်း၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ သို့သော်လည်း ထိုဓာတ်နှောများကို ရွှီချင်း၏အရိပ်က အလျင်အမြန် စုပ်ယူလိုက်သည်။

“ စိတ်ဝင်စားစရာပဲ ”

ရွှီချင်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထိုနေရာရှိ ရေခဲနက်များကို ကောက်ယူလိုက်သည်။ ကံမကောင်းစွာပင် ရေခဲနက်များကို ထိန်းသိမ်းရန် မလွယ်ကူပေ။ ၎င်းတို့မှာ ချိုးဖဲ့ခံလိုက်ရသည်နှင့် အငွေ့ပျံကာ ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် စိတ်ပျက်သွားပြီး သတ္တုတွင်းထဲသို့ လှမ်းလိုက်သည်။

“ သခင်လေး၊ သတိထားဦး။ တစ်ခါမှမဝင်ဖူးတဲ့ နေရာတွေဆို ဇွတ်ဝင်လို့ မကောင်းဘူး။ ကျွန်တော်မျိုး လမ်းရှင်းပေးမယ် ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ကတိုက်ကရိုက် ပြောဆိုလိုက်ပြီး သံတုတ်နက်လေးကို ဦးစွာ ထိန်းချုပ်လိုက်သည်။ သတ္တုတွင်းထဲသို့ ပျံသန်းသွားပြီးနောက် နတ်အာရုံကို သူ ဖြန့်ကျက်လိုက်သည်။

“ သခင်လေး၊ ဒီမှာ အားလုံး ပုံမှန်ပါပဲခင်ဗျ ”

ဘေးတွင် ရေခဲနက်များကို အားရဝမ်းသာ စုပ်ယူနေသော အရိပ်လေးသည်လည်း တခဏကြာ ရပ်သွားသည်။ ၎င်းသည်လည်း တွင်းထဲသို့ အလျင်အမြန် ဆင်းသက်သွားပြီး ဘေးကင်းလုံခြုံကြောင်း အမူအရာများဖြင့် ပြသလိုက်လေသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးအကြားမှ ကိစ္စကို ရွှီချင်း ဂရုမစိုက်ပေ။ သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် ပြိုင်ဆိုင်နေသည်ကို မြင်နေရသည့်အတွက်လည်း သူ သဘောကျနေသည်။ သူက ပုံမှန်အတိုင်း တည်ကြည်သောအမူအရာဖြင့် ဘေးပတ်လည်တွင် အဆိပ်များ ပက်လိုက်ကာ သတ္တုတွင်းထဲသို့ ဝင်ရောက်သွားသည်။

သတ္တုတွင်းထဲ၌ ဓာတ်နှောများ သိသိသာသာ ထူထပ်သိပ်သည်းနေပြီး အရိုးကိုက်လုမတတ် လေအေးများ တဟူးဟူး တိုက်ခတ်နေသည်။ တွင်းတစ်ခုလုံးသည်လည်း ပကတိ မှောင်မည်းနေ၏။

ရွှီချင်းသည် မျက်လုံးများထဲ ဓမ္မစွမ်းအားများကို ထည့်သွင်းလိုက်သည့်တိုင်အောင် တူးဖော်ခံထားရသည့် ခြေရာလက်ရာများရှိနေသော ဥမင်လှိုဏ်ခေါင်းကြီးကို ဝိုးတဝါးသာ မြင်ရသည်။

ရွှီချင်းသည် တွေဝေမနေဘဲ သက်စောင့်မီးအိမ်ကို ထွန်းညှိလိုက်သည်။

မျက်တောင်တစ်ချက်ခတ်အတွင်း သူ့တစ်ကိုယ်လုံးမှ မမြင်နိုင်သော မီးတောက်များ ပျံ့နှံ့လာပြီး သူ့ဝိညာဉ်ကို ကာကွယ်ရန် ခေါင်းအထက်တွင် ထီးနက်တစ်လက် ဝိုးတဝါး ပေါ်လာသည်။

သူ ရိပ်ခနဲ ပျောက်သွားပြီး သတ္တုတွင်းထဲတွင် အန္တရာယ်ရှိ၊ မရှိ စစ်ဆေးကြည့်လိုက်သည်။

ဤနေရာက အန္တရာယ်ကင်းကြောင်း မကြာသေးခင်က သူ အာရုံခံမိခဲ့ပါသော်လည်း ကိုယ်တိုင်ကိုယ်ကျ မစစ်ဆေးရသေးမချင်း သူ စိတ်မအေးပေ။ လက်ရှိအချိန်၌ ရွှမ်ယောက်အသွင်သဏ္ဍာန်ကြောင့် သူ့တစ်ကိုယ်လုံး မီးတောက်များဖြင့် ပြည့်နှက်နေပြီး သတ္တုတွင်းတစ်လျှောက် သူ စစ်ဆေးကြည့်လိုက်သည်။

သတ္တုတွင်းထဲ၌ ဥမင်များစွာ ရှိပါသော်လည်း သူ၏အမြန်နှုန်းကြောင့် ဥမင်အားလုံးကို စစ်ဆေးရန် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်သာ ကြာလိုက်သည်။

ယုန်အနည်းအကျဉ်း ရှိနေသည်မှလွဲ၍ ဤနေရာက ဘေးကင်းလုံခြုံသည်။

ရွှီချင်းသည် စစ်ဆေးပြီးသည်နှင့် သတ္တုတွင်း၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် ထိုင်ချလိုက်ပြီး အမှောင်ထုကို ခပ်တိုးတိုး ပြောလိုက်သည်။

“ အရိပ်လေး၊ မင်း အဆင့်တက်လို့ရပြီ ”

ရွှီချင်း၏စကားကို ကြားသည်နှင့် အရိပ်လေးက ချက်ချင်း ဆန့်ထွက်လာသည်။

ရွှီချင်းနှင့် ဆက်နွယ်နေသေးသော်လည်း အရိပ်လေး၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းက အဝေးသို့ ဆန့်ထွက်သွားပြီး အလျင်အမြန် လှည့်ပတ်နေသည်။

ထိုမြင်ကွင်းကို အပြင်လူများ မမြင်နိုင်ပါသော်လည်း ရွှီချင်း အာရုံခံနိုင်သည်။ အရိပ်လေးက အလျင်အမြန် လှည့်ပတ်လိုက်သည်နှင့် ဘေးပတ်လည်ရှိ ဓာတ်နှောများက အရူးအမူး စုစည်းလာပြီး လေပွေတစ်ခုအသွင် ဖြစ်သွားသည်ကို သူ အာရုံရလိုက်သည်။

ထိုလေပွေက ကြီးသည်ထက် ကြီးလာပြီး သတ္တုတွင်းထဲရှိ ဓာတ်နှောများအားလုံးကို စုပ်ယူလိုက်သည်။ လေပွေကြီး ရုတ်ခြည်း တုန်ရီသွားပြီး လည်ပတ်နေရာမှ ရပ်သွားသည်။ ရုတ်တရက် ၎င်းက နက်ရှိုင်းသော ကန်ရေပြင်ကဲ့သို့ ပြောင်းလဲသွားသည်။

၎င်း၏ပုံပန်းသွင်ပြင်က စက်ဝိုင်းသဏ္ဍာန်ရှိပြီး ပေတစ်ရာ ရှည်သည်။

အရိပ်လေးက အရည်ပျော်သွားပြီး အနက်ရောင်အကျိအချွဲကန်အဖြစ်သို့ ပြောင်းလဲသွားသည်။ ရေကန်က ပွက်ပွက်ဆူနေသည့်အလား အပေါ်ယံမျက်နှာပြင်တွင် ပူဖောင်းများ ထနေသည်။

ပူဖောင်းတစ်ခု ပေါက်ကွဲသွားတိုင်း ကန်ထဲတွင် ဆင့်ကဲပြောင်းလဲမှုတချို့ ဖြစ်ပေါ်သွားသည့်အလား ဝိညာဉ်တုန်ဟီးစေသည့် မြည်ဟည်းသံများ ထွက်ပေါ်လာသည်။

ရွှီချင်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် တောက်ပနေပါသော်လည်း သူ သတိလွတ်မသွားပေ။ အရိပ်လေး၌ ထိန်းသိမ်းရခက်သော စရိုက်ရှိသည် မဟုတ်ပါလား။ အဆင့်တက်သွားပြီးနောက် ၎င်းက ရုတ်တရက် ရူးသွပ်မိုက်မဲစွာ ပြုမူမည်မဟုတ်ဟု ပြောရန် ခက်ခဲသည်။

ထို့ကြောင့် ခရမ်းရောင်သလင်းကျောက်ထဲသို့ ဓမ္မစွမ်းအားအနည်းငယ် တိတ်ဆိတ်စွာ လောင်းထည့်လိုက်ပြီး အရိပ်လေးကို အချိန်မရွေး ထိန်းချုပ်ရန် ပြင်ဆင်လိုက်သည်။

တချိန်တည်းမှာပင် အရိပ်လေးက စတင်နေပြီဖြစ်ပြီး မိစ္ဆာရွှီက အရိပ်လေးအား အာရုံစိုက်နေသည်ကို ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး မြင်နေရသည်။ မိစ္ဆာရွှီက အရိပ်လေးကိုပင် ကာကွယ်ပေးနေဟန်တူသည်။ ထိုအခြင်းအရာကြောင့် သူ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်ပြီး အလွန် စိုးရိမ်ပူပန်လာသည်။

‘ အရိပ်ငတုံးကို သူ ကာကွယ်ပေးနေတာ။ အရိပ်ငတုံးကို မိစ္ဆာရွှီ ပိုပြီး တန်ဖိုးထားတော့မှာ သေချာတယ် ’

‘ စာအုပ်တွေထဲက အတွေးအခေါ်တွေအရဆိုရင် အရိပ်ငတုံး အရင်အဆင့်တက်တာနဲ့ ငါ ဖိအားများပြီပဲ။ ဒါပေမဲ့ ငါ နောက်မှ အဆင့်တက်ရင် နှေးနေမှာ ’

‘ ဝတ္ထုတွေထဲမှာဆိုရင် နှေးတဲ့သူက နောက်ဆုံးကျ လိုက်မမီနိုင်အောင်ကို နောက်ကျကျန်နေခဲ့တာ။ ဒီလိုတော့ မဖြစ်ဘူး ’

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တုန်ရီနေသည်။ ထိုကဲ့သို့ အဖြစ်မျိုး သူ သေချာပေါက် ခွင့်မပြုနိုင်ပေ။

‘ ဂုဏ်သိက္ခာအတွက်၊ ငါးစာအဖြစ်မခံရဖို့အတွက်၊ အဲဒီအရိပ်ငတုံးအရင် ငါ အဆင့်တက်မှ ရမယ် ’

ထိုအတွေးကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများ အနည်းငယ် နီမြန်းလာသည်။ သူက မြဲမြံခိုင်ကျည်သော စိတ်ဖြင့် အလွန်တရာ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ သခင်လေး၊ ကျုပ် အဆင့်တက်ချင်တယ် ”

All Chapters