ဝိုင်နတ်ဘုရားထံမှ သုံးပြည်ထောင်ကို လေ့လာခြင်း
Vol. 19 Ch. 278
ရဲ့လင်းချန် စိတ်အေးကာ သက်ပြင်းချလိုက်ပြီးနောက် ခေါင်းခါ၍ မချိပြုံး ပြုံးလိုက်သည်။
ထင်ထားသည့်အတိုင်းပင် သူ၏ လက်ရှိ ရုပ်ခန္ဓာ အခြေအနေအရ သေနတ်များကို မယှဉ်နိုင်သေးချေ။
ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းသည် အလယ်အလတ်အဆင့်သို့ မကြာသေးခင်မှ ရောက်ထားခဲ့ခြင်း ဖြစ်သည်။ သူ လေ့ကျင့် ရသော အချိန်က အကန့်အသတ်နှင့် ဖြစ်သဖြင့် သူ့ခန္ဓာကိုယ် တိုးတက်မှုကလည်း အကန့်အသတ်နှင့် ဖြစ်နေသည်။
အကယ်၍ ပိန်ပါးပါးလူသာ ရဲ့လင်းချန်ကို အဆက်မပြတ် ပစ်နေပါက သူ ဆက်၍ ရှောင်တိမ်းနေရလောက်သည်။ ကံကောင်းစွာဖြင့် ထိုလူ၏ အာရုံကို စကားဖြင့် လွှဲထားနိုင်ခဲ့ပြီး သူ့အနားသို့ လျှပ်တပြက် ကပ်သွားနိုင်ကာ ခပ်ပြင်းပြင်း တိုက်ခိုက်လိုက်နိုင်ခဲ့သည်။
သို့သော် သာမန်သေနတ်များက သူ့အတွက် အသေးစား ခြိမ်းခြောက်မှုသာ ဖြစ်သည်။ သူ့ဦးခေါင်းကို ဘေးကင်းအောင် ထားနိုင်ပြီး ပြင်ဆင်ချိန် ရှိသရွေ့ သူ့ကိုယ်တွင်းမှ ကြွက်သားများကို ချိန်ညှိချင်းဖြင့် အပစ်ခံရခြင်းမှ ဟန့်တားနိုင်ကာ အရေးပါသော ကိုယ်တွင်းအင်္ဂါများ ပစ်ခတ်ခံရခြင်းမှ ရှောင်တိမ်းနိုင်ပေမည်။ အပစ်ခံရမည်ဆိုလျင်တောင်မှ ဒဏ်ရာ ကြီးကြီးမားမား ရစေမည် မဟုတ်ပါ။ ထို့အပြင် သူ၏ တိုးမြင့်လာသော ကိုယ်ခံအားကြောင့် သူ အသာလေး ပြန်ကောင်းလာနိုင်သည်။
ရဲ့လင်းချန်သည် သူ့ခန္ဓာကိုယ်အား အနည်းငယ် မကျေမနပ် ဖြစ်နေဆဲပင်။ သို့သော် ဤသတင်းသာ အပြင်သို့ ပေါက်ကြားသွားပါက မရေတွက်နိုင်သော လူများ၏ စိတ်ကို ရူးမတတ် ဖြစ်သွားစေမှာ သေချာလှသည်။ သူ၏ လက်ရှိအဆင့်အရ သူသည် သာမန်လူသား တစ်ယောက်ထက်ပင် ကျော်လွန်နေလေပြီ။
ဖူလုံတောင်မှ လမ်းလျှောက်ထွက်လာပြီးနောက် လမ်းပေါ်တွင် ကားပိတ်ခြင်း တိုးလာ၏။ တက္ကစီတစ်စီးကို တား၍ နံပါတ်တစ် တောင်စမ်းရေ အိမ်ရာသို့ တန်းပြန်လိုက်သည်။
နံပါတ်တစ် တောင်စမ်းရေ အိမ်ရာသို့ ရောက်သောအခါ ရဲ့လင်းချန်က စုန့်ချမ်ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။
“ဝိုင်နတ်ဘုရား၊ မင်း ငါ့ကို ရှာနေတာလား”
စုန့်ချမ်က ဖုန်းကို အလျင်အမြန် ကိုင်၍ တလေးတစား မေးလိုက်သည်။
“မီးအိမ်မှုတ်တစ္ဆေက ဒီည ဇာတ်သိမ်းလိမ့်မယ်၊ ဒီနေ့ ကျွန်တော့် ထုတ်လွှင့်ချိန်ကို တစ်နာရီ ထပ်တိုးပြီးတော့ ဇာတ်လမ်းအသစ်ကိုပါ ထုတ်လွှင့်မယ်”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ဘာ၊ ဇာတ်လမ်းအသစ်ကို ထုတ်လွှင့်မှာလား”
စုန့်ချမ် ထိတ်လန့်သွားသည်။
“ဝိုင်နတ်ဘုရား၊ မင်း အနားမယူချင်ဘူးလား၊ ပုံပြင်တစ်ပုဒ် ပြီးသွားလို့ မင်း ခဏနားမယ်ဆိုရင် ပရိသတ်တွေက မင်းကို နားလည် ပေးမှာပါ”
ရဲ့လင်းချန်၏ အစွမ်းအစကို သူ အပြည့်အဝ ယုံကြည်ပါသည်။ သို့သော် နေ့တိုင်း ဤသို့ အပြင်းအထန် ထုတ်လွှင့်နေသဖြင့် သူ စိုးရိမ်နေဆဲပင်။
ရဲ့လင်းချန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက ကိုယ်ပိုင် ဖန်တီးမှုဖြစ်သဖြင့် လူတစ်ယောက်၏ ဦးနှောက်ကိုလည်း အလွန်အမင်း ခေါင်းခြောက်စေသည်။ ဈာန်ဝင်စားခြင်းသည်လည်း အချိန် လိုအပ်ပေသည်။ ထို့အပြင် ယခု ရဲ့လင်းချန်က ပန်ဒါ ထုတ်လွှင့်ရေး၏ သူဌေး ဖြစ်သဖြင့် သူ၏ ကျန်းမာရေးကို စုန့်ချမ် ဂရုစိုက်မှ ဖြစ်ပေမည်။
“ရပါတယ်၊ ဒီညနေ ပလက်ဖောင်းမှာသာ သိသာအောင် ကြေညာထားလိုက်ပါ၊ ပင်မစာမျက်နှာမှာ မီးအိမ်မှုတ်တစ္ဆေ ဇာတ်သိမ်းပြီးရင် ကျွန်တော် နောက်ထပ် အသစ်တစ်ပုဒ် ထုတ်လွှင့်မယ်လို့ စာတန်းကြီးကြီးနဲ့ ထားလိုက်ပါ၊ ဒီတစ်ခါက သမိုင်းအကြောင်း”
“သ…သ…သမိုင်းအကြောင်း ဟုတ်လား”
စုန့်ချမ် ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်သွားပြီး သေချာအောင် မေးလိုက်သည်။
“ဝိုင်နတ်ဘုရား၊ မင်း သမိုင်းလို့ ပြောလိုက်တာလား”
ထူးခြားဆန်းကြယ် အမျိုးအစမှ သမိုင်းသို့ ပြောင်းလိုက်ခြင်းသည် ကြီးမားသော ပြောင်းလဲမှုပင်။
“ဟုတ်တယ် သမိုင်းအကြောင်း”
ရဲ့လင်းချန် အခိုင်အမာ ပြောလိုက်သည်။
“ပြီးတော့ အဲ့ဒါက သုံးပြည်ထောင်အကြောင်းပဲ၊ ကျွန်တော် ဒီည စထုတ်လွှင့်မယ်”
“အင်း … ငါ နားလည်ပြီ”
ရဲ့လင်းချန်က ဆုံးဖြတ်ထားပြီးသား ဖြစ်သဖြင့် စုန့်ချမ် သဘောတူရုံသာ ရှိတော့သည်။
“ဪ အခု ပလက်ဖောင်းက ဘယ်လို ရှိလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
“အားလုံး လမ်းမှန်ပေါ်မှာ လည်ပတ်နေပါတယ်၊ မကြာသေးခင်မှာပင် နာမည်ကြီး တင်ဆက်သူအချို့က ငါတို့ ပလက်ဖောင်းနဲ့ လာပူးပေါင်းကြသေးတယ်၊ ပြီးတော့ ငါတို့ကျော်ကြားမှုက စအခြေခိုင်လာပြီးတော့ ဈေးကွက်ပေါက်ဈေးကလည်း အရင်ကလောက် မဆိုးတော့ဘူး”
စုန့်ချမ် ပြုံး၍ ရှင်းပြလိုက်သည်။
“ယှဉ်ရမယ်ဆိုရင် ဟူယွီ ထုတ်လွှင့်ရေး ပလက်ဖောင်းရဲ့ ကိန်းဂဏန်းတွေက အကျဘက် ပြနေပြီ၊ သူတို့ လူထုကို ဆွဲဆောင်နိုင်မယ့် နည်းလမ်းတွေ မရှိတော့ဘူးလေ”
ရဲ့လင်းချန်က အသိအမှတ် ပြုဟန်ဖြင့် ခေါင်းညိတ်နေလိုက်ပြီး အံ့ဩခြင်း မရှိပေ။
ရဲ့လင်းချန်သာ ဟူယွီ ထုတ်လွှင့်ရေး ပလက်ဖောင်းထဲ ခြေမချခဲ့လျင် ဟူယွီအနေဖြင့် ပြန်လည် ဦးမော့လာပြီး ဤမျှ ကြာကြာ ရှိနေနိုင်မည် မဟုတ်ပါ။ ထို့နောက်တွင်မူ ရဲ့လင်းချန် ဟူယွီက ထွက်လာပြီးသည်နှင့် ဟူယွီ၏ ဂုဏ်သတင်းက မကောင်းသည့်ဘက်သို့ ယိမ်းသွားပြီး ကျဆုံးရန် သေချာနေလေသည်။
ပန်ဒါအတွက်မှာမူ ၎င်း၏ လည်ပတ်မှုအတွက် သူ့တွင် လုံလောက်သော ဘဏ္ဍာရေး ရှိပါသည်။ သူ ဆက်၍ ရေပန်းစားမှု ရနေသရွေ့ ၎င်းက ကြီးမားလာရုံသာ ရှိသည်။ ထိုသို့ ဆက်၍ ရေပန်းစားနေလျင် သူ ဟူယွီ ပလက်ဖောင်းကို ကျော်တက်နိုင်လောက်သည်။
ထိုသို့ တွေးလိုက်မိပြီးနောက် ရဲ့လင်းချန် ရုတ်တရက် အကြံတစ်ခု ရလာသည်။
“ဟုတ်သားပဲ၊ အခုခေတ်မှာ ဂိမ်းကစားတာကို ထုတ်လွှင့်တာက အခြား ထုတ်လွှင့်တာတွေထက် ပိုအာရုံစိုက်မှု ရတာပဲ၊ ကျွန်တော်တို့ ပလက်ဖောင်းက ဂိမ်းထုတ်လွှင့်သူတွေကို အချင်းချင်း ဆက်သွယ်ပြီးတော့ အဖွဲ့လိုက် ပြိုင်ကစားဖို့ လုပ်ခိုင်းလို့ ရတယ်၊ ဒါက ကြည့်ရှုသူတွေကို ပိုဆွဲဆောင်နိုင်မှာပဲ၊ ပြီးတော့ တင်ဆက်သူတွေ စိတ်အား တက်ကြွလာအောင် ရလဒ်ပေါ် မူတည်ပြီး ကျွန်တော်တို့ ပလက်ဖောင်းက အနိုင်ရသူကို ဆုပေးသင့်တယ်”
“အကြံကောင်းပဲ”
စုန့်ချမ်သည် တိုက်ရိုက် ထုတ်လွှင့်မှုနယ်ပယ်၌ ပို၍ ကျွမ်းကျင်သည်။ သူသည် ထိုဗျူဟာ၏ ဆိုလိုရင်းကို တန်းနားလည်သွားပြီး ချီးကျူးလေသည်။
“အဲ့ဒါနဲ့ဆို ငါတို့ ပိုပြီး နာမည်ရလာရုံတင် မကဘဲ တင်ဆက်သူနဲ့ ကြည့်ရှုသူတွေကြားက ဆက်နွယ်မှုကိုလည်း ပိုတိုးလာစေနိုင်တယ်၊ လက်ဆောင်တွေလည်း ပိုရလာမယ်၊ ဝိုင်နတ်ဘုရား မင်းက တကယ့် ဉာဏ်ကြီးရှင်ပဲ၊ ငါ ချက်ချင်း အကောင်အထည် ဖော်လိုက်မယ်”
ဖုန်းချလိုက်ပြီးနောက် ရဲ့လင်းချန် အပိုင်းများကို စတင်၍ ရေးသားလေတော့သည်။ အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့လာနိုင်ချေ ရှိသဖြင့် သူ အပိုင်းများများ ရေး၍ ချန်ထားနိုင်မှ ဖြစ်ပေမည်။
နေ့လယ််ခင်းက တဖြည်းဖြည်း ကုန်ဆုံးလာပြီး ကောင်းကင်ယံမှာ မှောင်မည်းလာလေသည်။
ထိုအချိန်တွင် ပန်ဒါ ထုတ်လွှင့်ရေး၏ ပင်မ စာမျက်နှာ၌ ဝိုင်နတ်ဘုရားဟူသော ခေါင်းစီးကို စာလုံးကြီးဖြည့် အပြည့်အဝ ဖော်ပြထားသည်။
“ဝိုင်နတ်ဘုရား” ဟူသည့် ရိုးရှင်းသော စကားလုံးတစ်လုံးသာ ဖြစ်ပြီး အခြား စိတ်ဝင်စားစရာ စာလုံး မပါသော်လည်း ကြည့်ရှုသူများအား ဆွဲဆောင်ရန် လုံလောက်ပေသည်။
ခေါင်းစီးမှ လင့်ခ်ကို နှိပ်လိုက်သောအခါ ကြော်ငြာစာတစ်ခုကို သူတို့ မြင်လိုက်ရသည်။
[မီးအိမ်မှုတ်တစ္ဆေ ဒီည ဇာတ်သိမ်းမည်။ ဝိုင်နတ်ဘုရားက လူတိုင်းကို ဇာတ်လမ်းအသစ်တစ်ပုဒ် ပြောပြပါလိမ့်မယ်။ ထုတ်လွှင့်မယ့် အကြောင်းအရာကတော့ ဝိုင်နတ်ဘုရား ပြောပြမယ့် သုံးပြည်ထောင်ဇာတ်ကြောင်း ဖြစ်ပါတယ်၊ ပြီးတော့ ဒီည ထုတ်လွှင့်မှုကို အချိန် တစ်နာရီ ထပ်တိုးထားပါတယ်၊ အားလုံး စောင့်မျှော်နေကြပါ]
ထိုကြော်ငြာစာက တစ်နေ့ခင်းလုံး ရှိနေပြီး ဖတ်ရှုသူများထံမှ မရေတွက်နိုင်သော ကြည့်ရှုမှုများ ရရှိနေသည်။ ၎င်းအောက်၌ အကြီးအကျယ် ဆွေးနွေး ပြောဆိုနေကြသည်။
[မြတ်စွာဘုရား ဝိုင်နတ်ဘုရားက သုံးပြည်ထောင်အကြောင်း ပြောပြမယ် ဟုတ်လား၊ သူ ဘာတွေလုပ်နေတာလဲ]
[မဖြစ်နိုင်ဘူး၊ ဝိုင်နတ်ဘုရားရေ ငါ သမိုင်းကို စိတ်မဝင်စားဘူး၊ ငါတို့ တခြားအကြောင်း ပြောလို့ မရဘူးလား]
[ဝိုင်နတ်ဘုရားက သွေးနားထင် ရောက်လာတာပဲ၊ သူကပဲ သမိုင်းအကြောင်း ပြောရတယ်လို့၊ ဒီတစ်ကြိမ်တော့ သူ ပရိသတ်တွေ အများကြီး ဆုံးရှုံးမှာ သေချာတယ်၊ သူ့ထိုက်နဲ့ သူ့ကံပဲ]
[သုံးပြည်ထောင် ဟုတ်လား၊ ငါ သုံးပြည်ထောင်ကို ကြိုက်တယ်၊ ငါ မစောင့်နိုင်တော့ဘူး]
[ငါတို့ မသိလိုက်တဲ့ အချိန်အတွင်းမှာပဲ မီးအိမ်မှုတ်တစ္ဆေက ဇာတ်သိမ်းတော့မှာပါလား၊ ဒါပေမဲ့ ဇာတ်လမ်းအသစ် ပုံစံကတော့ နည်းနည်း စိတ်ပျက်စရာပဲ]
[သူ ဘာလို့ သမိုင်းအကြောင်း ပြောဖို့ ရွေးလိုက်တာလဲ၊ သူ စာပေလမ်းကြောင်းကို သွားတော့မလို့လား၊၊ အစက ငါတို့ အတန်းထဲမှာ သမိုင်းအကြောင်း နားထောင်ရတယ်၊ အခု ငါတို့ ကျောင်းပြီးတော့လည်း နားထောင်ရဦးမယ်တဲ့လား၊ ငါ စိတ်မကောင်းပါဘူး၊ ငါ ဒီထုတ်လွှင့်မှုကို နားထောင်တာ ရပ်လိုက်တော့မယ်]
…
တုံ့ပြန်မှုများက ရောထွေးနေ၏။ သို့သော် စိတ်ပျက်သံများက ပို၍ များပြားလေသည်။
သမိုင်းအကြောင်း ပြောလိုက်လျင် လူအများက ရှေးရိုးဆန်၍ ပျင်းစရာကောင်းကာ ပေါ့ပျက်ပျက်နိုင်သည်ဟု မကြာခဏ တွေးတတ်ကြသည်။ အထူးသဖြင့် ကြီးမားကျယ်ပြန့်လှသော တရုတ်သမိုင်းကြောင့် အကြောင်းအရာ များပြားလွန်းလှသည်။ ၎င်းကို လေ့လာခြင်းက စိတ်ကို ဖိအားပေးခြင်း ဖြစ်ကာ မှတ်စရာကလည်း များလွန်းလှသည်။ ယင်းက ဆိုးရွားလှပြီး စိတ်ဝင်စားရန် ခက်ပေသည်။
အစက လူတိုင်းသည် ဝိုင်နတ်ဘုရားအား ဖျော်ဖြေမှုပုံစံတစ်မျိုးဟု သတ်မှတ်ထားခဲ့ကြသည်။ သို့သော် သူနှင့်အတူ သမိုင်းအကြောင်း ပြောပြခြင်းအား နားထောင်ရသည်က သူတို့ လက်ခံနိုင်သော အရာတစ်ခု မဟုတ်ပပေ။
ညခုနစ်နာရီ …
ရဲ့လင်းချန်က သူ၏ ထုတ်လွှင့်မှုကို ဖွင့်လှစ်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် မရေတွက်နိုင်သော ကြည့်ရှုသူများက သူတို့ ကွန်ပျူတာရှေ့၌ ထိုင်၍ သူ့ကို စောင့်နေကြလေသည်။
မှတ်ချက်များ စတင် ရေးသားလာကြပြီး ဖန်သားပြင်အပြည့်နီးပါး ဖြစ်နေလေသည်။ မှတ်ချက်အများစုမှာ …
“မင်း သမိုင်းအကြောင်း တကယ် ပြောမလို့လား”
ရဲ့လင်းချန်က မှတ်ချက်များကို လျစ်လျူရှု၍ မီးအိမ်မှုတ်တစ္ဆေ ဇာတ်လမ်းကို တည်ငြိမ်စွာ ပြီးဆုံးအောင် ပြောလိုက်သည်။
“အရင်ပုံပြင်လေးကတော့ ဒီမှာပဲ ပြီးဆုံးသွားပါပြီ၊ အခု ဇာတ်လမ်းအသစ်တစ်ခုကို သွားပါမယ်၊ ဟုတ်ပါတယ် အဲ့ဒါကတော့ သုံးပြည်ထောင်ပါပဲ”
[မဖြစ်နိုင်လိုက်တာ၊ သူက သုံးပြည်ထောင်အကြောင်း ပြောမှာတဲ့]
[ငါ တောင်းပန်ပါတယ်၊ ငါ အခု သွားတော့မယ်]
[ဝိုင်နတ်ဘုရား မင်း လွန်လွန်းသွားပြီ၊ မင်း သမိုင်းအကြောင်း မပြောဖို့ ငါ အကြံပေးချင်တယ်၊ အဲ့ခေါင်းစဉ်က ပြောစရာ နည်းနည်းပဲ ရှိတာ]
ရဲ့လင်းချန်က မှတ်ချက်များကို ဖတ်နေပြီး မဖြုံချေ။ ထိုအစား သူက ပြုံး၍ ပြောလိုက်သည်။
“သမိုင်းအကြောင်း ပြောမှာဆိုတော့ မီးပိတ်ထားစရာ မလိုတော့ဘူး”
ထိုစကားက ထုတ်လွှင့်မှုထဲမှ အခြေအနေကို မီးတောက်သွားစေသည်။ စက္ကန့်ပိုင်းအတွင်း ထုတ်လွှင့်မှု၏ ကြည့်ရှုသူများက ထိုးတက်လာပြီး လူပေါင်းများစွာ ဝင်ရောက်လာ၏။
*ဝိုင်နတ်ဘုရားက သူ့မျက်နှာကို ပြတော့မှာလား*