အစဉ်အလာကို ဆန့်ကျင်သော သုံးပြည်ထောင်
Vol. 19 Ch. 279
ယင်းက သတင်းကြီးပင်။
အချိန်ကို အတိအကျ မသိလိုက်ခင်မှာပင် ဝိုင်က ဆန်းကြယ်မှု၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။ ဝိုင် တစ်ယောက်ပြီး တစ်ယောက် ဘယ်နေရာကမှန်းမသိ ပေါ်လာခဲ့ပြီး အားလုံးက ထူးခြားသော ကိုယ်ပိုင် လမ်းကြောင်းများ ရှိနေသော်လည်း တစ်ယောက်တလေကမှ သူတို့ မျက်နှာကို ထုတ်ပြခြင်း မရှိခဲ့ချေ။
လက်ရှိအချိန်၌ အမှောင်ထဲ၌ အမြဲ ပုန်းကွယ်နေခဲ့သော ဝိုင်နတ်ဘုရားက မီးဖွင့်ရန် ဆုံးဖြတ်လိုက်သည်တဲ့လား။
ထိုသတင်းက အားမာန်အပြည့်ဖြင့် ထုတ်လွှင့်မှုတစ်ခုလုံးသို့ မုန်တိုင်းသဖွယ် တိုက်ခတ်သွားကာ မရေတွက်နိုင်သော ကြည့်ရှုသူများကို ဆွဲဆောင်သွားလေသည်။
နောက်ဆုံးတွင် “ကလစ်” ဟူသော အသံနှင့်အတူ ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှု ဖန်သားပြင်က လင်းထိန်လာ၏။
ဖန်သားပြင်ရှေ့တွင် လူတစ်ယောက်က စူပါမန်းဝိုင်၏ မျက်နှာဖုံးကို ဝတ်၍ ထိုင်နေသည်။
[ချီးပဲ ငါက ဘောင်းဘီတောင် ချွတ်ထားပြီးပြီ၊ နင်က ငါ့ကို ဒီလိုမျိုး ပြလိုက်တာလား]
[သေလိုက်ပါတော့ ခွေးကောင်၊ ငါ့ခံစားချက်တွေကို လှည့်စားတယ်]
[ငါ့နှယ်နော်၊ ဒီကို စိတ်လှုပ်ရှားပြီး ရောက်လာပင်မယ့် ဝမ်းနည်းပြီး ပြန်ရတော့မယ်]
[ကိုယ့်လူတို့ စိတ်ဓာတ်မကျပါနဲ့၊ အနည်းဆုံးတော့ ငါတို့ တစ်ခုခု ရလိုက်တာပဲလေ၊ ငါတို့ ဝိုင်နတ်ဘုရားရဲ့ သွယ်လျတဲ့ လက်ချောင်းတွေ၊ ကျယ်ပြန်တဲ့ သူ့ပခုံး၊ ဆွဲဆောင်မှုရှိတဲ့ လည်စလုတ်နဲ့ ခံစားချက်တွေ ပြည့်နေတဲ့ အဲ့မျက်လုံးတွေ …]
[အပေါ်က မျက်နှာလုပ်နေတဲ့လူ၊ မင်းက ရွံစရာကောင်းတယ်]
[ဝိုင်နတ်ဘုရားက ငယ်သေးတဲ့ပုံပဲ၊ ငါ့အထင် သူက အတော်လေး ချောမယ်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါက မည်းနက်နေတဲ့ ဖန်သားပြင်ထက်တော့ ပိုကောင်းပါတယ်]
…
မှတ်ချက်များက ပလူပျံနေသည်။ ရဲ့လင်းချန်က အသာချောင်းဟန့်၍ ပြောလိုက်သည်။
“ငါတို့အားလုံး ဝိုင်လို့ ခေါ်တာဆိုတော့ ရေစက်လို့ ပြောရမှာပဲ၊ ငါ ဒီစူပါမန်းဝိုင် မျက်နှာဖုံးကို ခဏလောက် ငှားထားဦးမယ်၊ စူပါမန်းဝိုင် မကျေမနပ် မဖြစ်လောက်ဘူးလို့ မျှော်လင့်တာပဲ”
[စူပါမန်းဝိုင်: ငါ မကျေနပ်ဘူး၊ အဲ့ဒါကို ချက်ချင်း ချွတ်လိုက်]
[စူပါမန်းဝိုင် ပေါ်လာပြီး ဝိုင်နတ်ဘုရားဆီက အဲ့မျက်နှာဖုံးကို ချွတ်လိုက်ဖို့ ငါ တောင်းဆိုပါတယ်]
ထုတ်လွှင့်မှုတစ်ခုလုံး အလွန်အမင်း လှုပ်ရှားသက်ဝင်နေ၏။ ရဲ့လင်းချန်သည် သူ လိုချင်နေသော သက်ရောက်မှုမျိုး ရလိုက်သည့်ပုံပင်။
ထုတ်လွှင့်မှု အကြောင်းအရာ ပြောင်းလဲလိုက်ခြင်းက သူ့အတွက် ကြည့်ရှုသူများစွာ ဆုံးရှုံးမှု ဖြစ်လာစေလိမ့်မည်ဟု သူ ခန့်မှန်းထားမိသည့်ပုံပင်။ ယင်းက ရှောင်လွှဲ၍ မရနိုင်သဖြင့် သူ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ အကျိုးသက်ရောက်မှုက သူ ထင်ထားသည်ထက် ပို၍ ကောင်းနေသည်။ အနည်းဆုံးတော့ ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူများသည် လျော့သွားရမည့်အစား တိုးလာနေ၏။ နောက်ပိုင်းတွင် ထုတ်လွှင့်မှု အကြောင်းအရာကို အသုံးချ၍ သူတို့ကို ဆွဲထားရပေမည်။
[သူရဲကောင်းတွေ ပေါ်ထွက်လာခဲ့တဲ့ ခေတ်တစ်ခေတ် ရှိခဲ့တာပေါ့၊ အဲ့အချိန်က ရှုပ်ထွေးပွေလီတဲ့ သမိုင်းကြောင်း ရှိခဲ့တယ်၊ ဒါက စိတ်ဝင်စားစရာ ကောင်းတဲ့ ခေါင်းစဉ်ပါ၊ တရားဝင် သမိုင်းမှတ်တမ်း၊ ဒဏ္ဍာရီလာစကားတွေ၊ ကြည်နူးစရာ ပုံပြင်တွေနဲ့ ရုပ်သံဇာတ်လမ်း အဖြစ် ပြန်လည်ဖန်တီးမှုတွေ ရှိခဲ့တယ်၊ ခေတ်တစ်ခေတ်တိုင်းမှာ အဲ့ဒါရဲ့ အဓိက အကြောင်းအရာတွေ ရှိပြီးတော့ တေးသီချင်းနဲ့ ကဗျာလင်္ကာတွေက အဖြစ်အပျက်ကို မတူကွဲပြားအောင် ဖော်ပြထားချတယ်၊ အချက်အလက်နဲ့ ပုံပြင်တွေက ခွဲခြားလို့ မရဘူး၊ အောင်မြင်မှုနဲ့ ကျရှုံးမှုကလည်း အလားတူပဲ သံသယ ဖြစ်ဖို့ကောင်းတယ်၊ ဇာတ်ကောင်တွေနဲ့ ပုံပြင်ပြောတယ်၊ ဇာတ်ကောင်နဲ့ သမိုင်းကို ပြောပြတယ်၊ ယဉ်ကျေးမှုကို သမိုင်းကြောင်းနဲ့ ပြောပြကြတယ်၊ ပြီးတော့ လူ့သဘာဝကို သမိုင်းနဲ့ယှဉ်ပြီး ပြောကြတယ်၊ အခု ကျွန်တော် မင်းတို့အားလုံးကို ပြောပြသွားမှာပါကတော့ ဝိုင်နတ်ဘုရားနဲ့အတူ သုံးပြည်ထောင်ကို လေ့လာခြင်းပါ]
ဆွဲဆောင်မှုရှိသော အသံက ဖြည်းဖြည်းချင်း ပေါ်ထွက်နေပြီး ထုတ်လွှင့်မှုကို ကြည့်ရှုသူများ၏ စိတ်နှလုံးအား ခုန်လာစေပြီး ပွဲစတော့မည်ဟု ခံစားမိစေသည်။
မိတ်ဆက်ကို နားထောင်ပြီးနောက် တစ်ခုခုတော့ စိတ်ဝင်စားစရာ ကောင်းမည်ဟု သူတို့ ခံစားမိလာသည်။ ထည်ဝါခမ်းနားသော သမိုင်းဇာတ်ကြောင်းတစ်ခု လာနေပြီဟု လူတိုင်း ခံစားမိနေ၏။
*ဒါက ပုံမှန် သမိုင်းသင်ခန်းစာတွေနဲ့ မတူသလိုပဲ၊ ငါ စမ်းနားထောင်ကြည့်ရမလား*
ထွက်သွားချင်နေသည့် ကြည့်ရှုသူများထဲမှ အချို့သည် တွေဝေနေပြီး ဆက်နေ၍ နားထောင်ရန် ရွေးချယ်လိုက်ကြသည်။
ထိုအခိုက်တွင် အပြင်တစ်နေရာ၌ အဘိုးအိုတစ်ယောက်သည် အခန်းထဲမှ သူ့မြေးကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ သက်ပြင်းချ လေသည်။
အဘိုးအဘွားများသည် ကလေးများအား အမြဲ အလိုလိုက်လေ့ ရှိသည်။ သူ့မြေးကို အလိုလိုက်ခဲ့မိသည့်အတွက် သူ အနည်းငယ် နောင်တရနေသည်။ လက်ရှိတွင် သူ့မြေးကို မရိုက်ရက်သလို ဆူလည်း မဆူရက်ချေ။
မြေးဖြစ်သူ အိမ်လာသည့်အချိန်တိုင်း အခန်းထဲ၌ အောင်းနေပြီး ဂိမ်းဆော့လျင်ဆော့၊ မဆော့လျင် တိုက်ရိုက် ထုတ်လွှင့်မှုများကို ကြည့်နေတတ်သည်။ ထိုသို့သော အပြုအမူများက အလွန် အချိန်ကုန်သလို သူ့ရလဒ်များက တဖြည်းဖြည်း ဆုတ်ယုတ်လာ၏။ ၎င်းက အဘိုးအိုအား ကူကယ်ရာမဲ့သလို ခံစားရစေသည်။
သမိုင်း ပါမောက္ခတစ်ယောက် ဖြစ်သော်လည်း မြေးဖြစ်သူက သမိုင်း၌ စိတ်ဝင်စားခြင်း မရှိချေ။ ထို့အပြင် သူက သမိုင်းဘာသာရပ် စာမေးပွဲအားလုံးကို ကျခဲ့သည်။ ယင်းက အဘိုးအိုအား စိတ်ထိခိုက်စေပြီး သူ့နာမည်ကို ပျက်စေကာ သူ၏ လုပ်ဖော်ကိုင်ဖက် များစွာက သူ့ကို နောက်ပြောင်သည်အထိ ဖြစ်လာခဲ့သည်။
တစ်ဒင်္ဂမျှ စဉ်းစားပြီးနောက် သူသည် အံကြိတ်၍ စိတ်ကိုမာမာထားကာ သူ့မြေးအခန်းထဲသို့ ဝင်လိုက်သည်။
“ရှောင်ဖုန်း၊ မင်း အဲ့ဂမ္ဘီရ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေပြန်ပြီလား”
အဘိုးအိုက လေးနက်သောအသံဖြင့် မေးလိုက်သည်။
“မင်း အဲ့လိုအရာတွေမှာ အချိန်ဖြုန်းတာကို လျှော့ပြီး စာလေ့လာသင့်တယ်”
ရှောင်ဖုန်းက သူ့ကို ခပ်သွက်သွက် လှည့်ကြည့်သည်။
“ဘိုးဘိုး ပြီးခဲ့တဲ့ ဂမ္ဘီရ ထုတ်လွှင့်မှုက ဇာတ်သိမ်းသွားပြီ၊ အခု ကျွန်တော် သမိုင်းကို လေ့လာနေတာ”
“သမိုင်းကို လေ့လာနေတာ ဟုတ်လား”
အဘိုးအိုက မှင်တက်သွားပြီး မယုံသင်္ကာဖြင့် အနားကပ်လာသည်။
သူ ကြားလိုက်ရသည်က ရဲ့လင်းချန်၏ ဖြည်းဖြည်းချင်း ပြောနေသော အသံပင်။
[သုံးပြည်ထောင်လို့ ပြောလိုက်ရင် ကျွန်တော်တို့ နာမည်ကြီး ကမ်းပါးနီက တိုက်ပွဲကို မှတ်မိကြမှာပါ၊ ကမ်းပါးနီ တိုက်ပွဲဆိုရင် ကျွန်တော်တို့ စုတုန်ပေါ်ရဲ့ နာမည်ကြီး ကဗျာ ကမ်းပါးနီမှ အောက်မေ့ဖွယ်များကို သတိရကြမယ် ထင်ပါတယ်၊ မြစ်ကြီးဟာ လှိုင်းနဲ့အတူ အရှေ့ဘက်ကို စီးဆင်းနေပြီး ရဲရင့်တဲ့ ဝိညာဉ်တွေကို သယ်ဆောင်သွားတယ် … ဘဝဆိုတာ အိပ်မက်တစ်ခုပါပဲ၊ မြစ်ရေပြင်မှာ ထင်နေတဲ့ လရိပ်လိုပဲ]
[ဒီကဗျာရဲ့ ထည်ဝါတဲ့ အရှိန်အဝါကနေ သုံးပြည်ထောင်ခေတ်အချိန်အခါက သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေနဲ့ ကြည်နူးစရာတွေကို ပြသနေတယ်၊ အဲ့ဒါကနေ ကျွန်တော်တို့က အဲ့ခေတ်အခါရဲ့ ဂုဏ်ရောင်ဂုဏ်ဝါကို မှန်းဆနိုင်တယ်]
နားထောင်ကြည့်လိုက်လျင် သုံးပြည်ထောင်နှင့် တကယ် တူပါသည်။
အဘိုးအို တစ်ကိုယ်လုံး ကြက်သီးထသွားပြီး ချက်ချင်း ခုံတွင် ထိုင်လိုက်သည်။
သူသည် ထုတ်လွှင့်မှုအား ယုံကြည်မှု မရှိသေးဘဲ အကြောင်းအရာကို အတည်ပြုရန် လိုအပ်နေသည်။ သူ့မြေး လှည့်စားခံလိုက် ရခြင်းမျိုး အဖြစ်မခံနိုင်ပါ။ သို့သော် စိတ်လှုပ်ရှားမှု ပြည့်နှက်နေသော သူ့မြေးကို ကြည့်ပြီး သူ မသိမသာ စိတ်အေးမိသည်။
*ဒါ အစကောင်းပဲ*
*ဒီသမိုင်းကြောင်း ပြောပြသူက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ*
အခြား သမိုင်းကြောင်းပြောသူများနှင့် ခြားနားစွာပင် ရဲ့လင်းချန်က အချိန်အခါနှင့် တိုးတက်မှုအလိုက် မပြောပြချေ။ ထိုအစား သူက ကမ်းပါးနီမှ အောက်မေ့ဖွယ်ရာများကို တန်းပြော၍ ဇာတ်ကြောင်းကို မပြောခင် နားဆင်သူများ၏ စိတ်ဝင်စားမှုကို အမိအရ ဖမ်းလိုက်သည်။
[ဒီကဗျာကို ဖတ်ပြီးတော့ ငါ ကဗျာထဲက လူကြီးမင်းကျိုးအကြောင်း သိလာရတယ်၊ လှေတွေနဲ့ သင်္ဘောတွေကို ပြာဖြစ်အောင် လုပ်ခဲ့တဲ့ လူကြီးမင်းကျိုးဆိုတာကတော့ ကျိုးယွီပါပဲ]
အဘိုးအို၏ မျက်လုံးများ တောက်ပသွားသည်။ ကဗျာမှနေ၍ လူအကြောင်း ပြောပြခြင်းက အစကောင်းပင်။
သူ နားထောင်လေလေ ပို၍ စိတ်ဝင်စားလေလေ ဖြစ်လာရသည်။
[ကျိုးယွီကို လူတိုင်း မစိမ်းဘူးလို့ ထင်ပါတယ်၊ သူ့အကြောင်း ပြောမယ်ဆိုရင် အများစုက သူက စိတ်သဘောထား သေးတဲ့သူ၊ အဲ့ဒါကြောင့် သူနဲ့ ပတ်သက်ရင် မကောင်းသတင်းတွေက ပိုများတယ်၊ ဥပမာပြောရရင် “ကျိုးယွီရဲ့ ရှုံးပွဲသုံးပွဲ” ၊ “ငါဆိုတဲ့ ကျိုးယွီ ရှိနေရင် ကောင်းကင်ဘုံက ဘာလို့ ကျူးလျန့်ကို လိုအပ်နေဦးမှာလဲ” ၊ “ကျိုးယွီရဲ့ ကောက်ကျစ်သော အကြံများ၊ ဇနီးနှင့် တိုက်ပွဲကို ဆုံးရှုံးရခြင်း” ၊ ဒီစကားတွေက ဟိုးဟိုးကျော်လာပြီး ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အသုံးပြုကျတယ္၊ ဒါပေမဲ့ တကယ်တော့ … အဲ့ဒါက အရေးမကြီးဘူး]
*မကောင်းသတင်းလား*
ကြည့်ရှုသူအချို့ ရယ်လိုက်မိသည်။
*သမိုင်းကို ဒီလိုနည်းနဲ့ သင်လို့ ရလို့လား*
ထို့နောက် သူတို့ မျက်မှောင်ကြုတ်မိသွားကြသည်။ ရဲ့လင်းချန် ပြောသော သမိုင်းအကြောင်း စကားများကို သူတို့ ကြားဖူးပါသည်။ သို့သော် သူတို့ သိထားသော အရာအားလုံးကို ဝိုင်နတ်ဘုရားက ချက်ချင်း ပြောင်းပြန်လှန်ပစ်လိုက်သည်တဲ့လား။ ဘာတွေများ ဖြစ်ကုန်ပါသလဲ။
သူတို့ ဆက်၍ နားထောင်ချင်လာသည်။
အဘိုးအိုသည်လည်း မျက်မှောင်ကြုတ်နေပြီး မြေးဖြစ်သူ၏ မေးခွန်းနှင့် ကြုံလိုက်ရသည်။
“ဘိုးဘိုး ကျွန်တော် အဲ့စကားတွေကို အရင်က ကြားဖူးတယ်၊ သူတို့တွေက တကယ််ပဲ အဲ့လိုပဲလား”
“အရင် နားထောင်ကြည့်တာပေါ့”
အဘိုးအိုက ပြန်ဖြေလိုက်ပြီး ရဲ့လင်းချန်၏ စကားကို တန်းမငြင်းဘဲ မြေးဖြစ်သူ၏ မျက်နှာပေါ်မှ ဗဟုသုတအပေါ် ဆာလောင် နေစိတ်အား ကြည့်နေလိုက်သည်။
မယုံသင်္ကာ ဖြစ်နေသော မှတ်ချက်များကို လျစ်လျူရှု၍ ရဲ့လင်းချန်က တည်ငြိမ်သောအသံဖြင့် ဆက်ပြောသည်။
[ကျိုးယွီက အသက် နှစ်ဆယ့်လေးနှစ်အရွယ်မှာ ကျန်းဝေ့ရဲ့ စစ်သူကြီးအဖြစ် စွန်းချဲ့ရဲ့ ခန့်အပ်ခြင်း ခံရတယ်၊ ဝူစစ်တပ်ထဲမှာ သူက ကျိုးလျန်အဖြစ် နာမည်ကြီးတယ်၊ အဲ့အချိန်က အဲ့ဒေသက လူတိုင်းက သူ့ကို ကျိုးလန်လို့ ခေါ်ကြတယ်၊ “လန်” ဆိုတာက သဘောထား သေးတဲ့ကလေးလို့ အဓိပ္ပာယ် ရတယ်၊ အဲ့အချိန်တုန်းက လူတစ်ယောက်ကို အဲ့လို ခေါ်ဝေါ်တာက သူ့အသွင်အပြင်ကို ချီးကျူးမှုတစ်ခုလို့ သတ်မှတ်ကြတယ်၊ နောက်တော့ ချောမောသော ကျိုးလို့ အဓိပ္ပာယ်ရတဲ့ နာမည် ဖြစ်သွားတာပေါ့]
*ချောမောသောကျိုးတဲ့လား*
ကြည့်ရှုသူများသည် သူတို့ကွန်ပျူတာရှေ့၌ ရယ်နေကြသည်။ ဤသမိုင်းသင်ခန်းစာက စိတ်ဝင်စားစရာ ကောင်းလွန်းလှသည်။ အဘက်ဘက်မှ ခေတ်သစ် လှည့်ကွက်များနှင့် ပြည့်နေ၏။
အလေးအနက် မဟုတ်ဘဲ ပျော်ရွှင်စိတ်တို့နှင့် ပြည့်နှက်နေသည်။
အံ့ဩစရာကောင်းသော အဖွင့်နှင့်အတူ စိတ်ဝင်စားမှုရှိသော ဟန်ပန်နှင့် အစဉ်အလာကို ဆန့်ကျင်၍ သမိုင်းကို ချဉ်းကပ်ပုံက ကြည့်ရှုသူများ၏ စိတ်ကို ဖမ်းစားသွားနိုင်ပြီး ဆက်နားထောင်ချင်စိတ်ကို ဖြစ်ပေါ်လာစေသည်။