← Chapters

ဘယ်ဘက်က အသက်၊ ညာဘက်က သေခြင်းတရား ( ၂ )

Vol. 4 Ch. 56

ဘယ်ဘက်က အသက်၊ ညာဘက်က သေခြင်းတရား ( ၂ )

Vol. 4 Ch. 56

“ ငါ ဆေးပင်ငါးမျိုး လိုနေသေးတာပဲ ”

သူသည် ဘေးပတ်လည်ရှိ သစ်သားစင်လေးများကို ကြည့်လိုက်သည်။ သူ တွေးတောပြီးနောက် ဆေးပင်အနည်းငယ် ထုတ်၍ ယင်ယန်အစွန်းရောက်ပညာရပ်ကို သုံးကာ စိတ်ကျေနပ်စေသော ရလဒ်ရစေရန် ကြိုးစားဖော်စပ်လိုက်သည်။

သို့သော်လည်း ထိုသို့ဖော်စပ်ရသည်မှာ လွန်စွာ ခက်ခဲသည်။ ညတစ်ည ကုန်လွန်သွားပြီး အပြင်ဘက်၌ ​ေနရောင်ခြည်သမ်းလာသောအခါမှသာ သူ လိုအပ်သော ဆေးပင်များနှင့် အစွမ်းသတ္တိချင်း အကြမ်းဖျင်းတူညီသည့် ဆေးကို ဖော်စပ်နိုင်ခဲ့သည်။

ရွှီချင်းသည် ကျောက်ခွက်ထဲရှိ မည်းနက်နေသော ဆေးအနှစ်ကိုကြည့်၍ မျက်မှောင်ကြုတ်သွားသည်။

ယင်းသည် သူ တွေးထားသည့် အဖြူရောင်ဆေးလုံးနှင့် ကွဲပြားနေသည်။ သို့သော်လည်း သူ လုပ်ပြီးပြီဖြစ်၍ လက်မလျော့နိုင်ချေ။

ရွှီချင်းသည် အံတင်းတင်းကြိတ်၍ ခုနစ်လွှာမြက်ပင်တစ်ဆုပ်ကို ထည့်ကာ အချိုးအစားအတိုင်း ပေါင်းစပ်လိုက်သည်။

ထိုအခါ ကျောက်ခွက်ထဲရှိ ဆေးရည်များသည် ချက်ချင်း တပွက်ပွက်ထလာပြီး အရောင်ပြောင်းသည့်လက္ခဏာများ ပြသလာသည်။ သို့သော်လည်း ထိုသို့အရောင်ပြောင်းလဲသွားခြင်းသည် အသက်ရှူကြိမ်သုံးကြိမ်သာခံပြီး ရပ်သွားသည်။

သူ ကြည့်လိုက်သောအခါ ကျောက်ခွက်ထဲရှိ ဆေးရည်သည် မည်းနက်မနေတော့ဘဲ အညိုရောင်ပြောင်းသွားသည်။

ရွှီချင်းသည် ချီတုံချတုံဖြစ်နေပြီးနောက် သူ၏ဝမ်းဗိုက်ရှိ ခရမ်းရောင်သလင်းကျောက်ကို စမ်းကြည့်ကာ သူ၏ အဆိပ်ဒဏ်ခံနိုင်စွမ်းက လွန်စွာ မြင့်မားသည်ကို တွေးတောလိုက်ပြီး အနည်းငယ် စိတ်အေးလက်အေးရှိသွားသည်။

ထို့နောက် သူက လက်ကိုမြှောက်၍ ကျောက်ခွက်ထဲသို့ အသာနှစ်လိုက်ပြီး ဆေးအနှစ်များကို ယူ၍ ဆေးလုံးပုံစံ လုံးကာ နှာခေါင်းတွင်တည့်၍ အနံ့ခံကြည့်လိုက်သည်။

စူးရှသောဆေးရနံ့ကြောင့် ရွှီချင်းသည် စားကြည့်ရန် တွန့်သွားရသည်။

“ ဒါက စားလို့ရပါ့မလား …”

ရွှီချင်း အနည်းငယ် ဒွိဟဖြစ်နေရသည်။ ခဏအကြာ စဉ်းစားပြီး ဆေးလုံးကိုယူ၍ ဆေးခင်းထဲ လျှောက်သွားသည်။

သူ ဆေးခင်းအနားရောက်သောအခါ ဝံပုလွေအူသံ ထပ်မံလွင့်ပျံလာသည်။ ရွှီချင်းသည် လမ်းလျှောက်နေရာမှ ရပ်တန့်မသွားချေ။ ဆေးခင်းကို ကျော်ဖြတ်၍ ဝံပုလွေအူသံများ ထွက်ပေါ်လာသည့်နေရာကို လျှောက်သွားသည်။

မကြာခင် ဆေးခင်းအနောက်ဘက်ရှိ မြက်ပင်များကြား၌ သစ်သားနှင့် သံချည်များကို တွဲချည်၍ လုပ်ထားသော လှောင်အိမ်ကြီးတစ်အိမ် ပေါ်လာသည်။

လှောင်အိမ်ထဲ၌ ဝံပုလွေနက်တစ်ကောင် အားအင်ချိနဲ့စွာ လှဲနေသည်။

ရွှီချင်းကို မြင်၍ ၎င်းသည် ချက်ချင်း ထလာကာ သွားများဖြဲ၍ ဟိန်းဟောက်လိုက်သည်။

သို့သော်လည်း ၎င်း၏မျက်လုံးများထဲတွင် ရွှီချင်းကို ကြောက်လန့်နေသည့် အရိပ်အယောင်များ ရှိနေပေသည်။

ထိုဝံပုလွေနက်သည် တောနက်ထဲကို ရွှီချင်း ဆေးပင်သွားရှာစဉ်အခါက တွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ၎င်းသည် ရွှီချင်းကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရွှီချင်းက ၎င်းကို မသတ်ခဲ့ဘဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက ၎င်းကို ပိတ်လှောင်ထားကာ ဆေးဖော်စပ်ရာတွင် စမ်းသပ်ခံသတ္တဝါအဖြစ် အသုံးချခဲ့သည်။

ရွှီချင်း၏လက်ထဲရှိ အညိုရောင်ဆေးလုံးကို သတိထားမိသောအခါ ဝံပုလွေနက်သည် ချက်ချင်း တုန်ရီသွားပြီး နောက်သို့ ဆုတ်ခွာသွားသည်။

သို့သော်လည်း နောက်ကျလွန်းခဲ့လေပြီ။ ရွှီချင်း၏ဘယ်လက်က လှောင်အိမ်ကို ရောက်သွားပြီး ဝံပုလွေနက်၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ ဝံပုလွေနက်က ရုန်းကန်နေပါသော်လည်း ရွှီချင်းက အတင်းအကြပ် ဆွဲထုတ်လိုက်သည်။

ရွှီချင်းသည် ခံစားချက်ကင်းမဲ့စွာဖြင့် တုန်ရီနေသော ဝံပုလွေနက်ကို အေးတိအေးစက်ကြည့်လိုက်သည်။ ထို့နောက် သူ ဖော်စပ်ထားခဲ့သော ဆေးလုံးကို ထုတ်၍ ဝံပုလွေနက်၏ပါးစပ်ထဲကို ထည့်လိုက်သည်။

ဝံပုလွေနက်သည် ပို၍ပင် တုန်ရီသွားပြီး နောက်ဆုံး၌ ကျိုးနွံစွာဖြင့် စားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ဝံပုလွေနက်၏ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင်မီးခိုးများ ထွက်လာပြီး ၎င်းက စတင် အော့အန်လာသည်။ ၎င်း၏ခေါင်းပေါ်တွင် ဖုကြီးတစ်ဖု ပေါ်လာပြီး မကြာခင် ဘုန်းခနဲ မြည်ဟည်း၍ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားသည်။

ထို့နောက် ၎င်း၏ခန္ဓာကိုယ်က ပျော့ခွေသွားပြီး သွေးရူးသွေးတန်း လူးလွန့်နေသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်၍ အသားစအနည်းငယ် ပစ်ကျွေးလိုက်သည်။ ပြီးသည်နှင့် သူသည် ချာခနဲလှည့်ကာ စမ်းသပ်ခန်းကို ပြန်သွားပြီး ထိုင်၍ တွေးတောနေသည်။

“ ဘာလို့ အကျိုးသက်ရောက်မှု မရှိတာပါလိမ့် … ဆေးစွမ်းက ပြဿနာနည်းနည်းရှိနေတယ်။ အဲဒါက ဓာတ်နှောတွေကို ချေဖျက်ပေးတာမဟုတ်ဘဲ ပေါက်ကွဲသွားစေတာ ”

ခဏအကြာ သူက ချေဖျက်ဆေးတစ်မျိုး ကျန်သွားခဲ့ကြောင်း ခံစားလိုက်ရသည်။ ထိုဆေးရည်၏ဘေးထွက်ဆိုးကျိုးကို ချေဖျက်ပေးရန် ဆေးတစ်မျိုး လိုသွားခဲ့ပေသည်။

“ ချေဖျက်ဆေးအတွက်တော့ မြွေဆိပ်ကို ရောထည့်ကြည့်လိုက်မယ် ”

ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ အဆိပ်သည်းခြေအိတ်သုံးမျိုး လွင့်ပျံလာသည်။ သူက အဆိပ်များကို ဖော်ထည့်လိုက်ရာ ကျောက်ခွက်ထဲရှိ ဆေးရည်များက ချက်ချင်း တပွက်ပွက်ထလာပြီး အစိမ်းရောင်မီးခိုးများအဖြစ် ပြောင်းလဲသွားသည်။

ထိုမီးခိုးများထဲတွင် အသက်သေစေနိုင်သော အဆိပ်ပါဝင်သည်။ ရွှီချင်းသည် ထိုအခြင်းအရာကို မြင်သောအခါ ညာလက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက်က အဆိပ်မီးခိုးများကို အခန်းအပြင်ဘက်သို့ ပို့ဆောင်ပေးလိုက်သည်။ ထို့နောက် သူက ကျောက်ခွက်ကို ဘေးမှာထားလိုက်ပြီး ပေါင်းစပ်ပြီးသွားမည့်အချိန်အထိ စောင့်နေသည်။

သူသည် စောင့်နေရင်း တင်ပျဉ်ခွေထိုင်၍ မျက်လုံးများကိုမှိတ်ကာ တောင်တန်းပင်လယ်ပညာရပ်ကို လေ့ကျင့်လိုက်သည်။

ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မည်းလာသောအခါ ရွှီချင်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ရောနှောပေါင်းစပ်ပြီးသွား၍ တစတစ အဆိပ်များပြင်းထန်လာသော ဆေးရည်ကို စစ်ဆေးကြည့်လိုက်သည်။ သူသည် ဆေးရည်တစ်စက်နှစ်စက်ကို လျှာဖြင့် လျက်ကြည့်လိုက်ပြီး ဝံပုလွေနက်ဆီ ဦးတည်သွားလေသည်။

ခဏအကြာ ဝုန်းခနဲ မြည်ဟည်းသံများနှင့်အတူ ရွှီချင်းသည် သုန်မှုန်နေသောမျက်နှာထားဖြင့် ပြန်လာသည်။ သူသည် ထိုင်၍ ဆက်လက်စဉ်းစားတွေးတောနေပြီးနောက် အဖြူရောင်ဆေးလုံးကိုပင်ထုတ်ကာ အရည်ဖျော်ချလိုက်ပြီး တစ်ဆင့်ချင်း လေ့လာလိုက်သည်။

ထိုနည်းအားဖြင့် ခြောက်ရက်က တခဏလေးအတွင်း ကုန်လွန်သွားသည်။

ထိုခြောက်ရက်တာအတောအတွင်း အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို မေ့လျော့သွားဟန်တူပြီး အဖြူရောင်ဆေးလုံးဖော်စပ်ခြင်းတွင် စိတ်ကိုနှစ်မြုပ်ထားသည်။

သူသည် စမ်းသပ်ခန်းထဲရှိ ဆေးပင်တစ်ဝက်ကျော်ကို သုံးစွဲပြီးသွားပြီဖြစ်ပြီး ဆေးခင်းသည်လည်း ပြောင်သလင်းခါလုနီးပါး ဖြစ်နေလေပြီ။ အဖြူရောင်ဆေးလုံးဖော်စပ်ရာတွင် ဆယ်ဆကျော် သူ တိုးတက်လာခဲ့ပြီလည်း ဖြစ်သည်။

ဝံပုလွေနက်သည်ကား …

နောက်ဆုံးစမ်းသပ်ချက်ပြီးနောက် ဝံပုလွေနက်၏ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောများက ကန့်သတ်ချက်ကို ချက်ချင်း ရောက်ရှိသွားသည်။ ၎င်းသည် ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများထဲမှ ဓာတ်နှောများကိုပါ ဆွဲဆောင်သွားပြီး သွေးမြူများအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

ရွှီချင်း၏အရိပ်သည်သာ ဓာတ်နှောများကို စုပ်ယူမနေလျှင် ဓာတ်နှောစုစည်းလာမှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချည်းနင်းဝင်ရောက်သွားမည်ဖြစ်သည်။

ထိုမြင်ကွင်းသည် ရွှီချင်းကို အနည်းငယ် သွေးကြောင်သွားစေသည်။

သို့သော်လည်း အဖြူရောင်ဆေးလုံးများ ဖော်စပ်ရသည်မှာ ထိုမျှ မလွယ်ကူသည်ကို သူ သိထားသည်။ အထူးသဖြင့် သူ လိုချင်သော ဆေးပင်များအားလုံးကို မရရှိနိုင်သည်ဖြစ်ရာ ပို၍ပင် ခက်ခဲနေတော့သည်။

သို့တိုင်အောင် ဆေးပင်များရောနှောရာတွင် သူ၏ကျွမ်းကျင်မှုက တိုးတက်လာနေဆဲပင်။ တချိန်တည်းမှာပင် ဆေးဖော်စပ်သည့်အကြိမ်ရေများအနက် နောက်ဆုံးတစ်ကြိမ်ကို အောင်မြင်သည်ဟု မသတ်မှတ်နိုင်ပါသော်လည်း ဆေးစွမ်းအနည်းငယ် ရှိသေးသည်။

ထိုဆေးစွမ်းက အဖြူရောင်ဆေးလုံး၏အစွမ်းနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။

အဖြူရောင်ဆေးလုံးသည် ဓာတ်နှောများကို ပျော်ကျစေပြီး ရွှီချင်း ဖော်စပ်လိုက်သည့် နောက်ဆုံးဆေးက ဓာတ်နှောများကို ချက်ချင်း စုပ်ယူနိုင်သည်။

ထိုအခိုက် သူသည် သူ၏ရှေ့ရှိ ကျောက်ခွက်ကို ငုံ့ကြည့်လိုက်သည်။

ကျောက်ခွက်၏မျက်နှာပြင်၌ အစိမ်းရောင်အလွှာပါးလေးတစ်ခု ရှိနေသည်။ ယင်းသည် ခုနစ်ရွက်မြက်ပင် အရည်ပျော်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုအလွှာပါးလေးအောက်၌ မည်းနက်တောက်ပြောင်နေသော ဆေးရည်ရှိနေသည်။

ထိုအလွှာပါးလေးကို အသုံးပြုထားရခြင်းမှာ အလွှာပါးလေး ပျောက်ကွယ်သွားသည်နှင့် ဆေးရည်ကို သောက်ရန်ပင် မလိုအပ်ဘဲ ဓာတ်နှောပမာဏများစွာကို အလိုအလျောက် ဆွဲဆောင်သွားမည်ဖြစ်သောကြောင့်ပင်။

ဝံပုလွေနက် သေဆုံးသွားခဲ့ရသည်မှာလည်း ထိုအကြောင်းအရင်းကြောင့်ပင် ဖြစ်သည်။

ရွှီချင်းသည် သက်ပြင်းချလိုက်ပြီး သူ၏မျက်ခုံးမွှေးနှစ်ခုကြားကို ပွတ်သပ်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအငွေ့အသက်များကို အာရုံခံမိသွားသောအခါမှသာ သူ၏ကြိုးစားအားထုတ်မှု အလကားဖြစ်သွားသည့်ခံစားချက်များ ပျောက်ကွယ်သွားသည်။

ဆေးလုံးဖော်စပ်ခြင်းက ချောချောမွေ့မွေ့ မပြီးသွားခဲ့ပါသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က အချိန်တိုအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ယခုအခါ တောင်တန်းပင်လယ်ပညာရပ်၏ အဆင့်ငါးကို သူ ရောက်နေပြီဖြစ်သည်။

“ ဒီနေ့ည ငါ အဆင့်ခြောက်ကို ကျော်ဖြတ်ရမယ် ”

ရွှီချင်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး ဆေးလုံးကိစ္စကို ဘေးဖယ်ထားလိုက်သည်။ သူ၏မျက်လုံးများသည် မျှော်လင့်ချက်အရိပ်အယောင်များဖြင့် ပြည့်နှက်လာပြီး ကျင့်ကြံခြင်းအဆင့်တက်ရန် အာရုံစိုက်လိုက်သည်။

ဤလောကပျက်ကြီးထဲ၌ ပို၍ အင်အားကြီးမှသာ အသက်ရှင်နိုင်ရန် အခွင့်အရေး ပိုများပေမည်။

ထိုညက ကောင်းကင်ယံ၌ လမင်းကြီး ထိန်ထိန်သာနေသောအခါတွင် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဘုန်းခနဲ မြည်ဟည်းသံတစ်သံ လွင့်ပျံလာသည်။

ဤတစ်ကြိမ်မြည်ဟည်းသံသည် ယခင်တစ်ခေါက်ထက် များစွာ ကျယ်လောင်သည်။ အစက သူ၏ခန္ဓာကိုယ်ထဲ၌ အညစ်အကြေးများ မရှိတော့ဘူးဟု ထင်မှတ်ထားခဲ့သော ရွှီချင်းသည် အညစ်အကြေးများစွာ စွန့်ထုတ်လိုက်ပြန်သည်။

ရွှီချင်း၏ခန္ဓာကိုယ်တစ်ခုလုံးက တစ်ခါမှ မကြုံဖူးလောက်အောင် လွတ်လပ်ပေါ့ပါးနေသည်။ တချိန်တည်းမှာပင် သူ၏နောက်မှ ဟိန်းသံသဲ့သဲ့ လွင့်ပျံလာသည်။

မကြာသေးခင်က သူ လက်သီးထိုးလိုက်သည့်အခါ ထွက်ပေါ်လာသော အရိပ်သည် ယခု သူ၏နောက်၌ ပေါ်ထွက်လာသည်။ ၎င်း၏ခန္ဓာကိုယ်က ပို၍ ကြီးမားလာပြီး ပို၍ပင် ရက်စက်ကြမ်းကြုတ်လာသည်။ ၎င်းက ခြေတစ်ဖက်တည်း မဟုတ်တော့ဘဲ

အထူးသဖြင့် ရှောင်အရိပ်၏ခေါင်း၌ ချိုတစ်ချောင်း ထွက်လာပေသည်။

အမှန်တွင် ၎င်းက ရှောင်မဟုတ်ဘဲ ကွေအသေးစားလေးတစ်ကောင် ဖြစ်ပေသည်။

၎င်းက ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ဟိန်းဟောက်လိုက်ရာ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားပြီး တောနက်ထဲမှ သန္ဓေပြောင်းသားရဲများ၏ အော်မြည်သံများ တိခနဲ ရပ်သွားသည်။

ရွှီချင်းသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်

ကြည့်လိုက်ပြီး ခရမ်းရောင်အလင်းတန်းက စမ်းသပ်ခန်းတစ်ခုလုံးကို ခရမ်းရောင်မိုးကြိုးပစ်ခတ်လိုက်သည့်အလား ချက်ချင်း လင်းထိန်သွားစေသည်။

လေထဲတွင် ခရမ်းရောင်အလင်းတန်း ဖြာကျနေပြီး သူ၏နောက်ရှိ ကွေလေးက ဟိန်းဟောက်နေစဉ် ခံစားချက်မဲ့သောမျက်နှာဖြင့် ထိုင်နေသော ရွှီချင်းထံမှ ထူးကဲသော ဖိအားတစ်မျိုး ထွက်နေသည်။

ခဏအကြာ သူ၏မျက်လုံးများထဲမှ ခရမ်းရောင်အလင်းတန်း ကွယ်ပျောက်သွားပြီး သူ၏နောက်ရှိ အရိပ်သည်လည်း ပျောက်သွားသည်။ ထို့နောက် ရွှီချင်းက တီးတိုးရေရွတ်လိုက်၏။

“ တောင်တန်းပင်လယ်ပညာရပ်အဆင့်ခြောက် ”

All Chapters