← Chapters

လျှပ်စီးဝိညာဉ်ခန္ဓာ

Vol. 16 Ch. 244

လျှပ်စီးဝိညာဉ်ခန္ဓာ

Vol. 16 Ch. 244

ရွှီချင်း အံ့အားသင့်သွားသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သူ လှမ်းကြည့်လိုက်ပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ရုတ်တရက် ပြောစကားများက အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။

“ ခင်ဗျား သေချာလား ”

ရွှီချင်းက လေးပင်စွာ မေးမြန်းလိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အရှိန်အဝါက ယခင်ထက် အဆပေါင်းများစွာ အားကောင်းလာပြီး အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေပြီ ဖြစ်ပါသော်ငြား အနည်းငယ် မတည်မငြိမ် ဖြစ်နေသေးသည်ကို သူ အာရုံရနေသည်။ ယင်းမှာ အဆင့်တက်တော့မည့်အခြေအနေသို့ ရောက်သေးဟန် မတူပေ။

“ သေချာပါတယ် ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အရိပ်ကို အလျင်အမြန် လှမ်းကြည့်လိုက်ပြီး ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။

ရွှီချင်းသည် ယခင်က လက်နက်စောင့်ဝိညာဉ်တစ်ခါမှ မဖြစ်ခဲ့ဖူး၍ အဆင့်တက်သည့်အခြေအနေကို မသိပေ။ ထို့ကြောင့် သူ အတန်ငယ် ငြိမ်သက်သွားသည်။

ရွှီချင်း စဉ်းစားနေသည်ကို မြင်၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး စိုးရိမ်ပူပန်လာသည်။

ရွှီချင်းက အရိပ်အား အတတ်နိုင်ဆုံး စောင့်ရှောက်ရန်အတွက် သူ၏ တောင်းဆိုချက်အား ငြင်းပယ်မည်ကို သူ စိတ်ပူမိသည်။ တချိန်တည်းမှာပင် သူ ဖတ်ခဲ့ဖူးသည့် မရေမတွက်နိုင်သော ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှ ဇာတ်ကွက်တစ်ခုကို တွေးမိလိုက်သည်။

ထိုဇာတ်ကွက်ထဲတွင် မင်းသားက သူ့အိမ်မွေးတိရစ္ဆာန်ကို တစ်ကြိမ် ငြင်းပယ်ပြီးနောက် ငြင်းပယ်ရသည်ကို သဘောတွေ့သွားဟန်တူသည်။ ထိုအချိန်မှစ၍ သူ့အိမ်မွေးတိရစ္ဆာန်တောင်းဆိုသမျှကို သူ ငြင်းပယ်လေသည်။

အဆုံးသတ်တွင် သူက အိမ်မွေးတိရစာ ္ဆန်ကို ချက်စားပစ်လိုက်သည်။

‘ မိစ္ဆာရွှီက မိစ္ဆာမီးဝိညာဉ် ဝါးမျိုခြင်းအတတ်ကို လေ့ကျင့်နေတာ။ တစ်နေ့နေ့ကျ ငါ့ကို ဝါးမျိုဖို့များ စီစဉ်ထားတာလား ’

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ကတုံးပေါ်ထိပ်ကွက်တတ်သည့် လူစားမျိုး ဖြစ်ပါသော်ငြား အသက်ရှင်စဉ်အခါက လူနားမလည်သောစကားများကို ပြောဆိုသည့် အလေ့အကျင့်ရှိသည်။ ယခု လက်နက်စောင့်ဝိညာဉ်ဖြစ်လာသောအခါတွင် သူသည် နေ့စဉ်နှင့်အမျှ ပို၍ အထိတ်တလန့် ဖြစ်နေ၏။

သူ သေတော့မည်ဟု ခံစားနေရပြီး မိစ္ဆာရွှီက ငြင်းပယ်လိုက်ခြင်းသည် သူ့ကို ဝါးမျိုတော့မည့် လက္ခဏာဟူ၍ ထင်နေသည်။ ထို့ကြောင့် သူက အထိတ်တလန့်ဖြင့် အလျဉ်စလို အော်ပြောလိုက်ရာ ရွှီချင်း လက်ခံသွားသည်။

“ သခင်လေး၊ ကျုပ် တောင့်မထားနိုင်တော့ဘူး။ ဒီမှာပဲ အဆင့်တက်တော့မယ် ”

ပြောပြီးသည်နှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် အတင်းအကြပ် အဆင့်တက်လိုက်သောကြောင့် သူ့ဝိညာဉ်ခန္ဓာမှာ ဝုန်းခနဲ မြည်ဟည်းသွားသည်။ သူ့မျက်လုံးများ နီမြန်းနေပြီး သူ လုံးလုံးလျားလျား ရူးသွပ်နေပြီ ဖြစ်သည်။

‘ အရိပ်ငတုံးထက်အရင် ငါ အဆင့်တက်စေရမယ် ’

သူ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ ဝိညာဉ်ခန္ဓာမှ ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ သံတုတ်လေးမှ ဝိညာဉ်အရိပ်များ လွင့်ပျံတက်လာပြီး တိမ်မည်းများပမာ မြူခိုးလုံးများ သူ့ကိုယ်ထဲ ပေါ်ပေါက်လာသည်။

ယင်းမြူခိုးလုံးများသည် တစ်ခုနှင့်အတူ အဆက်မပြတ် ပွတ်တိုက်နေပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် လျှပ်စီးများ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေပေရာ သူ အလိုလို အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ရသည်။ ရွှီချင်း တအံ့တသြ ဖြစ်သွား၏။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး လေ့ကျင့်နေသော ကျင့်ကြံခြင်းအတတ်သည် ကျင့်ကြံသူများကို လက်နက်စောင့်ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲပေးနိုင်သော မပြည့်စုံသည့်ကျင့်စဉ် ဖြစ်သည်။ ထိုကျင့်စဉ်ကို မဟာယင်လျှပ်စီးဝိညာဉ်အသွင်ပြောင်းလဲခြင်း အတတ်ဟူ၍ ခေါ်ဆိုသည်။

ထိုကျင့်ကြံခြင်းအတတ်၏ ဇစ်မြစ်ကို သိနိုင်သော နည်းလမ်းမရှိပေ။ ယင်းအတတ်ကို ကြီးကျယ်မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးက လျှပ်စီးဝိညာဉ်များကို အတုယူ၍ ဖန်တီးထားခြင်း ဖြစ်ဟန်တူသည်။

ထိုအတတ်၌ အစောပိုင်းအဆင့်သို့ ရောက်သွားသောအခါ လျှပ်စီးဝိညာဉ်ခန္ဓာအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။

ထိုအဆင့်၏ ပထမအပိုင်းတွင် ပါရမီ ရှိရန် လိုအပ်သည်။ တချိန်တည်းမှာပင် ယင်းအပိုင်းသည် စုဆောင်းရသည့်အပိုင်းလည်း ဖြစ်သည်။

ဒုတိယအပိုင်း၌ ဝိညာဉ်ခန္ဓာဖြစ်လာရန် စတေးခံနိုင်သည့် စိတ်ဓာတ်ရှိရမည်ဖြစ်သည်။ ထို့နောက် ပထမအပိုင်းမှ စုဆောင်းထားခဲ့သော ကျင့်ကြံခြင်းစွမ်းအားများကို သုံးစွဲကာ လက်နက်စောင့်ဝိညာဉ်အဖြစ် ပြောင်းလဲရမည်ဖြစ်သည်။ တတိယအပိုင်း၌ လျှပ်စီးဝိညာဉ်ခန္ဓာအဖြစ် ပြောင်းလဲရမည်ဖြစ်သည်။

လျှပ်စီးဝိညာဉ်ခန္ဓာကို ရသည်နှင့် အစောပိုင်းအဆင့်သို့ ရောက်ပြီဟူ၍ ယူဆနိုင်သည်။

သို့သော်လည်း ယင်းသည် မွေးကင်းစလျှပ်စီးဝိညာဉ်သာ ရှိသေးသည်။ အလယ်ပိုင်းအဆင့်သို့ ရောက်သောအခါမှသာ မွေးရာပါလျှပ်စီးဝိညာဉ်အဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။ နှောင်းပိုင်းအဆင့်နှင့်ပတ်သက်ပြီး ထိုအတတ်တွင် ဖော်ပြမထားပေ။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး စိတ်ပျက်စွာဖြင့် အဆင့်တက်ရန် ကြိုးစားနေသည်မှာ သူ့ကိုယ်သူ မွေးကင်းစ လျှပ်စီးဝိညာဉ်အဖြစ် ပြောင်းလဲနိုင်ရန် ဖြစ်သည်။ ထိုဖြစ်စဉ်သည် အလွန် နာကျင်ပြီး သူ့ကိုယ်ထဲတွင် လျှပ်စီးများ ထုတ်လွှတ်နိုင်ရန် တိမ်တိုက်များ၏ အကူအညီကို ယူရမည် ဖြစ်သည်။

နောက်ဆုံး၌ သူ့ဝိညာဉ်ကို ကောင်းကင်လျှပ်စီးများဖြင့် ပစ်ခတ်ကာ သန့်စင်ခံရမည် ဖြစ်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး နာကျင်စွာ အော်ဟစ်မြည်တမ်းနေသည်ကို ကြည့်၍ ရွှီချင်း သက်ပြင်းချလိုက်သည်။

သူ့အကြည့်က အရိပ်လေးထံမှ လွှဲဖယ်သွားပြီး သူ့အာရုံတစ်ဝက်က ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအပေါ် ရောက်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ လက်ရှိအခြေအနေအရ တစ်ခုခု လွဲမှားနေသကဲ့သို့ သူ ခံစားနေရသည်။

တချိန်တည်းမှာပင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသာ ပျက်စီးသွားခဲ့လျှင် သူ့သံတုတ်လေး ပျက်စီးသွားမည်ကိုလည်း သူ အလျင်အမြန် တွက်ဆကြည့်နေသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံသည် ရွှီချင်း၏ အာရုံကို ဆွဲဆောင်သွားသည်သာမက အရိပ်လေးမှ ဖြစ်လာသော ကန်မျက်နှာပြင်ပေါ်မှ ပူဖောင်းများသည်လည်း အတန်ငယ် ငြိမ်သက်သွားပြီးနောက် အရေးပေါ် အခြေအနေသို့ ရောက်သွားသည့်အလား အရှိန်တိုးသွားသည်။

ထိုသို့ဖြင့် အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့၏ ရူးသွပ်သော ပြိုင်ပွဲအောက်တွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ခန္ဓာကိုယ်မှာ တိမ်များ တစတစ ပိုများလာပြီး ပွတ်အားသည်လည်း ပို၍ အားကောင်းလာသည်။

သူ့ဝိညာဉ်ခန္ဓာတွင် လျှပ်စီးများ တဖြည်းဖြည်း စုဆောင်းလာပြီး ခန္ဓာပတ်လည်တွင် တဖျပ်ဖျပ် လက်နေသည်။ သူ့တစ်ကိုယ်လုံး လျှပ်စီးများဖြင့် ပြည့်နှက်နေပြီးနောက် သူ့ခန္ဓာ ပျက်စီးသွားတော့မည့်ဆဲဆဲတွင် သူ့ငယ်ထိပ်မှနေ၍ လျှပ်စီးတစ်ချက် ဖြာခနဲ ထွက်လာသည်။

တခဏလေးအတွင်း ထိုငယ်ထိပ်အက်ကွဲကြောင်းမှတစ်ဆင့် လျှပ်စီးအမြောက်အမြား စီးဆင်းလာပြီး သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွားကာ သူ့အရှိန်အဝါများ အားကောင်းလာသည်။

ယင်းကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် စိတ်သက်သာရာရသွားဟန်ဖြင့် ကြိတ်၍ သက်ပြင်းချလိုက်သည်။ သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ရပ်ကို တွေးမိလိုက်သောအခါ ရင်ထဲမှ မြည်တမ်းလိုက်မိသည်။

အဆင့်တက်ခြင်းသည် အလွန် အန္တရာယ်များကြောင်း သူ ကောင်းစွာ သိသည်။ သူသာ သတိမထားပါက မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားကောင်း ပျောက်ကွယ်သွားနိုင်သည်။ သူသာ အသက်ရှိနေပါက တွေဝေတွန့်ဆုတ်မနေဘဲ လက်လျော့လိုက်မိမည်သာ ဖြစ်သည်။

ထိုအကျင့်စရိုက်ကြောင့်လည်း ဓမ္မတံခါးများ ဖွင့်ရာတွင် သူ အလွန် နှေးကွေးနေရခြင်း ဖြစ်သည်။

အမှန်စင်စစ် သူ့ဘဝတွင် ဓမ္မတံခါးများ မြန်မြန်ဖွင့်နိုင်သည့် အခွင့်အရေးအနည်းငယ် ရခဲ့သည်။ သို့သော်လည်း အသက်နှင့် ရင်းရမည်ဖြစ်၍ သူ လက်လျော့ခဲ့သည်။

ယခုတွင်လည်း ထိုကဲ့သို့ တွေဝေတွန့်ဆုတ်မှုမျိုး ပေါ်လာသည်။ သို့သော်လည်း အရိပ်လေးမှ ဖြစ်ပေါ်လာသော ကန်နက်ထဲမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ကန်သည်ပင် ဖောင်းကားလာ၏။

ယင်းဖောင်းကားခြင်းသည် ပူဖောင်းတစ်ခု ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ကန်ထဲတွင် သတ္တဝါတစ်မျိုး ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယင်းသတ္တဝါသည် မတ်တတ်ရပ်ရန် ကြိုးစားနေပြီး ဆက်လက်၍ ရုပ်လုံးပေါ်လာသည်။ ထို့နောက် ကန်ထဲမှ ချီစုစည်းခြင်းအဆင့်ထက် သာလွန်သော အရှိန်အဝါတစ်ခု ပေါ်လာသည်။

ထိုအရှိန်အဝါသည် အလွန် ပြင်းထန်ပြီး တခဏလေးအတွင်း အခြေတည်အဆင့်သို့ ရောက်သွားသည်။ သို့သော် ယင်းက အဆုံးသတ် မဟုတ်ချေ။

ထိုဖြစ်ရပ်အရ အရိပ်သည် အဆင့်တက်မည့်အခိုက်သို့ ရောက်နေခဲ့ပြီး အချိန်မရွေး အဆင့်တက်နိုင်ခဲ့သည်ကို ညွှန်ပြနေသည်။ ယင်းကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ သွေးရူးသွေးတန်းဖြစ်သွားသည်။ အရိပ်ကြောင့် ဖြစ်လာသည့် ကန်နက်ကို သူ စူးစိုက်ကြည့်လိုက်သည်။ ယင်းနောက် သူ့မျက်လုံးများ နီမြန်းလာပြီး ရူးသွပ်စွာ ဟစ်ကြွေးလိုက်သည်။

“ လျှပ်စီး ”

သူ့ပါးစပ်မှ စကားများ ထွက်သွားသည်နှင့် အပြင်ဘက် ကောင်းကင်ယံတွင် ထစ်ချုန်းမြည်ဟည်းသွားသည်။ ကောင်းကင်ယံတွင် တိမ်မည်းများ စုစည်းသွားပြီး မိုးကြိုးကြီးတစ်ခု ပေါ်ပေါက်လာသည်။ ယင်းက ပုံပျက်နေသောအသွင်အပြင်ဖြင့် ကျွန်းပေါ်သို့ ဝုန်းခနဲ ကျဆင်းသွားသည်။

ထိုမိုးကြိုးလျှပ်စီးကြီး မြေပြင်ပေါ်သို့ ရောက်သွားပြီးနောက် မြေသားကို ဖောက်ထွင်း၍ သတ္တုတွင်းထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ခေါင်းအထက်တွင် ပေါ်လာကာ အညှာအတာကင်းမဲ့စွာ သူ့ကို ပစ်ခတ်လိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ တစ်ကိုယ်လုံး တုန်ရီသွားသည်။ ပြင်ပလျှပ်စီးအမြောက်အမြား သူ့ကိုယ်ထဲ စီးဝင်လာပြီး သူ ထုတ်လွှတ်ခဲ့သည့် လျှပ်စီးများနှင့် ပေါင်းစည်းသွားသည်။

ထိုလျှပ်စီးများသည် ဆက်လက် စုစည်းနေပြီး တစတစ များလာသည်နှင့်အမျှ ပို၍ ကြောက်မက်ဖွယ်ရာ ဖြစ်လာသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အော်ဟစ်မြည်တမ်းသံများ ပို၍ ကျယ်လောင်လာသည်။ သူ ပြိုလဲသွားတော့မည့်အလား သူ့တစ်ကိုယ်လုံး ဖောက်ထွင်းမြင်လာရသည်။

ထိုမြင်ကွင်းကြောင့် အရိပ်လေးမှ ဖြစ်လာသော ကန်နက်သည်လည်း အထိတ်တလန့် ဖြစ်သွားသည်။ သို့သော်လည်း မကြာခင် ကန်ထဲမှ အရိပ်က ကုန်းရုန်းထလာပြီး ၎င်းသည်လည်း တတ်နိုင်သမျှ အဆင့်တက်ခြင်းကို ပြီးဆုံးအောင် အပြင်းအထန် ကြိုးစားနေသည်။

ရွှီချင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

အရိပ်ကိုတစ်လှည့်၊ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကိုတစ်လှည့် သူ ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် နားလည်ရခက်သော အရိပ်အယောင်တစ်ခု ပေါ်လာပါသော်လည်း သူ ထုတ်မပြောပေ။

အချိန်များ ကုန်လွန်သွားပြီး မကြာခင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်သို့ ရောက်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စူးစူးဝါးဝါး အော်ဟစ်သံများ ကျယ်လောင်သည်ထက် ကျယ်လောင်လာစဉ် သူ့ခန္ဓာကိုယ် အပြင်ဘက်တွင် လျှပ်စီးများ စုစည်းလာ၏။ နောက်ဆုံး၌ သူ၏ မာန်သွင်းသံအောက်တွင် လျှပ်စီးများအားလုံး ငယ်ထိပ်မှနေ၍ သူ့ခန္ဓာကိုယ်ကို ဆတ်ခနဲ ရိုက်ချလိုက်သည်။

သူ့တစ်ကိုယ်လုံး တုန်ခါသွားသည်။ လျှပ်စီးများက သူ့ခန္ဓာကိုယ်အား ပြောင်းလဲပေးနေသည်ကို ပကတိမျက်စိဖြင့် မြင်နိုင်ပြီး သူ့ဝိညာဉ်ခန္ဓာအစိတ်အပိုင်းအားလုံး အသစ်ပြန်လည်ဖြစ်ပေါ်လာသည်။

တဖြည်းဖြည်းနှင့် လျှပ်စီးများအားလုံးကို ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး စုပ်ယူပြီးသွားသောအခါတွင် ဘေးရှိ သံတုတ်နက်လေးကို သူ လှမ်းကြည့်ကာ ၎င်းကို ဝါးမျိုလိုက်သည်။ မရေမတွက်နိုင်သော လျှပ်စီးများက သံတုတ်လေးကို ရိုက်ခတ်သွားသည်။

သူက ခန္ဓာကိုယ်ကို မီးဖိုကြီးအဖြစ်အသုံးချလိုက်ပြီး လျှပ်စီးများကို တူအဖြစ်နှင့် ဝိညာဉ်စွမ်းအားများကို မီးအဖြစ် သုံးကာ သံတုတ်နက်လေးကို ပြန်လည်တည်ဆောက်လေသည်။

လျှပ်စီးများက အဆက်မပြတ် ရိုက်ခတ်နေပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ခန္ဓာကိုယ်မှာ ပို၍ပင် တုန်ရီလာသည်။

ရိုက်ချက်တိုင်းတွင် သံတုတ်လေးမှာ အနည်းငယ် ပြောင်းလဲသွားတတ်ပြီး ၎င်းအပေါ်တွင် လျှပ်စီးအမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် အော်ဟစ်မြည်တမ်းနေရပါသော်လည်း လက်မလျော့ပေ။ ရိုက်ချက်က ဆယ်ကြိမ်၊ နှစ်ဆယ်ကြိမ်၊ သုံးဆယ်ကြိမ်၊ လေးဆယ်ကြိမ် စသည်ဖြင့် ရောက်ရှိလာသည်။

သံတုတ်နက်လေးမှာ မည်းနက်တောက်ပြောင်လာပြီး ယခင်ကထက် စူးရှချွန်ထက်လာသည်။ သံတုတ်နက်လေးပေါ်မှ လျှပ်စီးအမှတ်အသားများသည်လည်း ဝင်းလက်နေပြီး ရွှီချင်းသည်ပင် အလင်းက စူးရှလွန်းသည်ဟု ခံစားနေရသည်။

နောက်ဆုံး၌ လေးဆယ့််ကိုးချက်မြောက် လျှပ်စီးဖြင့် ပစ်ခတ်ပြီးနောက်တွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အကန့်အသတ်သို့ ရောက်သွားသည်။ သူ မတတ်သာတော့ဘဲ သံတုတ်နက်လေးကို ထွေးထုတ်လိုက်သည်။

တခဏလေးအတွင်း သံတုတ်ပေါ်မှ ကမ္ပည်းစာလေးဆယ့်ကိုးခုလုံး ဝင်းလက်သွားပြီး ချီစုစည်းခြင်းအဆင့်ထက် သာလွန်သော အစောပိုင်း အခြေတည်အဆင့်စွမ်းအားများ ထွက်ပေါ်လာသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း သံတုတ်နက်ပေါ်တွင် ပေါ်လာသည်။

သူ့ခန္ဓာကိုယ်မှာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီ ဖြစ်သည်။

သူ့ရုပ်ရည်က ယခင်အတိုင်း ရှိနေဆဲ ဖြစ်ပါသော်လည်း သူ့တစ်ကိုယ်လုံး လျှပ်စီးများဖြင့် ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။ လျှပ်စီးခန္ဓာကို ရသွားသည့်အလား သူ့ခန္ဓာကိုယ်က ဖောက်ထွင်း၍ပင် မြင်နေရသည်။

လျှပ်စီးများက သူ့ကို အန္တရာယ်ဖြစ်စေဟန်မတူဘဲ သူနှင့် တစ်သားတည်း ဖြစ်နေဟန်တူသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံမှ ပြင်းထန်သော အရှိန်အဝါတစ်ခု လွင့်ပျံလာရာ ရွှီချင်းသည် သက်စောင့်မီးလုံးတစ်လုံးနှင့် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်လိုက်ရသည့်အလား ခံစားလိုက်ရသည်။

သံတုတ်နက်လေးပေါ်ရှိ လျှပ်စီးကမ္ပည်းစာများမှ ပို၍ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ရွှီချင်း ကောင်းကောင်း အာရုံရနေသည်။

ယင်း၏ လက်ရှိအခြေအနေသည် တိုက်ပွဲဝင်ပုံစံ မဟုတ်သေးသည်မှာ သိသာသည်။ ယင်းသာ အစွမ်းကုန် ထုတ်ဖော်လိုက်ပါက သက်စောင့်မီးလုံးနှစ်လုံးနှင့် ယှဉ်နိုင်ကောင်း ယှဉ်နိုင်ပေမည်။

ထိုသို့ဖြစ်ရခြင်းမှာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအတတ်နှင့် နက်ရှိုင်းသော ဆက်နွယ်မှု ရှိနေသောကြောင့်လည်း ဖြစ်သည်။ ယင်းနှစ်ခု ထပ်တူကျသွားသောအခါ ယခုကဲ့သို့ မိုးမြေတုန်ဟီးစေသော အဆင့်တက်ခြင်း ပေါ်လာရခြင်း ဖြစ်သည်။

“ သခင်လေးကို ကျုပ် စိတ်မပျက်စေခဲ့ပါဘူး။ ကျုပ် … ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သူ့အစွမ်းကို အာရုံခံကာ စိတ်လှုပ်ရှားသွားရပြီး တချိန်တည်းမှာပင် ယင်းသည် သူ့အတွက် မလွယ်ကူခဲ့ဟု ခံစားနေရ၏။

သို့သော် သူ့သက်စောင့်ဝိညာဉ်က ရွှီချင်းနှင့်အတူ ရှိနေပေရာ အဝေးသို့ ထွက်မသွားနိုင်သည်ကို သူ မမေ့ပေ။

သူ ကပ်ဖားရပ်ဖား ပြောမည်ပြုစဉ် ဘေးနားရှိ အရိပ်လေးမှ ဖြစ်လာသော ရေကန်နက်သည် မကြုံဖူးသော လှုံ့ဆော်မှုတစ်ခုကို ရရှိလိုက်ဟန်တူပြီး ပေါက်ကွဲလာသည်။ နောက်ဆုံး၌ အထဲမှ သတ္တဝါက လုံးလုံးလျားလျား အပြင်ထွက်လာသည်။

အရိပ်သည်လည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေပြီ။

ယင်းမှာ ယခင်အတိုင်း မဟုတ်တော့ဘဲ မြေပြင်ပေါ်တွင် သစ်ပင်ကြီးတစ်ပင်ပုံစံ ပြောင်းလဲသွားသည်။ ရွှီချင်းနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ ရှေ့မှောက်တွင် သစ်ပင်ကြီးပုံစံအရိပ်နက်ထံမှ အကိုင်းအခက်များ လျင်မြန်စွာ တိုးထွက်လာပြီး တဖြည်းဖြည်းနှင့် သစ်သီးများ တစ်လုံးပြီးတစ်လုံး ထွက်လာသည်။

ထို့နောက် ထိုသစ်သီးများအားလုံး အက်ကွဲကာ မျက်လုံးနီများ တစ်လုံးပြီးတစ်လုံး ပေါ်လာသည်။

စုစုပေါင်း မျက်လုံးနီတစ်ရာကျော် ပြွတ်သိပ်နေပြီး ၎င်းတို့အားလုံး ပွင့်လာကာ ရွှီချင်းကို ဖျပ်ခနဲ ကြည့်လိုက်ကြသည်။

ထိုမျက်လုံးများထံမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခု ပျံ့လွင့်လာ၏။

သစ်ပင်ပေါ်မှာလည်း မသတီစရာကောင်းသော ပါးစပ်ကြီးတစ်ခု ပေါ်လာသည်။ ယင်းပါးစပ်ကြီး၌ စူးရှချွန်ထက်သော သွားများဖြင့် ပြည့်နှက်နေပြီး ယခင်က ရွှီချင်း ကြားခဲ့ဖူးသည့် ထူးဆန်းသော အသံကို ပြုလိုက်လေသည်။

“ ဂျစ်၊ ဂျစ်၊ ဂျစ် ”

ယင်းအသံသည် သွားကြိတ်သည့်အသံနှင့် ဆင်တူသည်။

All Chapters