ကျင်းထင်အံ့သြတုန်လှုပ်သွားခြင်
Vol. 1-5 Ch. 45
အခန်း (၄၅) ကျင်းထင်အံ့သြတုန်လှုပ်သွားခြင်း
နဝမတောင်ထွတ်…
ကျင်းထင်နှင့် မုရှိုးတို့ လုန်ယွိကို တအံ့တသြဖြင့် ကြည့်နေမိကြသည်။
မိုးစုန်းစုန်းချုပ်နေပြီ ဖြစ်သည်…။
လမင်းက ထိန်ထိန်သာနေသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်ရိပ်သန်းလျှက် ရှိနေဆဲပင်…။
သို့သော်…လုန်ယွိကတော့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကျင့်ကြံနေဆဲ ဖြစ်လေသည်။ ယခုအချိန်ထိ… မည်သည့်ပြဿနာမှ ဖြစ်မလာခဲ့ပေ။
အခြေအနေက သူတို့မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။
ကျင်းထင်က…
"အင်းသင်္ကေတဖြုတ်လိုက်ပေမယ့် ဒီအစီအရင်က ပျက်စီးမသွားသေးဘူးလား… ၊ ဒါမှမဟုတ် အရင်က အစီအရင်စွမ်းအားက နောက်ရက်အနည်းငယ်လောက်အထိ ခံနိုင်ရည်ရှိနေမှာများလား…"
မုရှိုးက တအံ့တသြဖြင့်…
"ဒါပေမဲ့… ဂိုဏ်းတူညီမလေး'လုန်' ကို ကြည့်ရတာ အရမ်းကို တည်ငြိမ်နေတာပဲ… ၊ အစီအရင်က အရင်အတိုင်းဆိုရင်တောင်မှ သူ ဒီလောက် တည်ငြိမ်နိုင်မှာ မဟုတ်ဘူး…"
အခြေအနေက သူတို့မျှော်လင့်ထားသည်နှင့် အတော်လေး ခြားနားနေသည်။
ကျင်းထင်က…
"ဂိုဏ်းတူညီမလေး'မု'… မင်းက အစီအရင်ပညာကို ကျုပ်ထက်ပိုပြီး ကျွမ်းကျင်တယ်မဟုတ်လား… ၊ အရင်က ပြုလုပ်ခဲ့တဲ့ အစီအရင်နဲ့ အခုအစီအရင်က ဘာများခြားနားမှုရှိလဲ မင်း သိနိုင်မလား…"
မုရှိုးကိုကြည့်ရသည်မှာ ကျင်းထင်၏ မေးခွန်းကိုဖြေရန် အခက်တွေ့သွားဟန် ရှိ၏။
သူမက ခေါင်းတစ်ချက် ခါရမ်းလိုက်ရင်း…
"အစီအရင်ပညာကို နားလည်တာမှာ ကျွန်မနဲ့ ဂိုဏ်းတူအစ်ကို'ကျင်း' နဲ့ သိပ်ပြီး မကွာလောက်ပါဘူး… ၊ အဲဒီ နတ်ဘုရားရောင်ဝါအစီအရင်ထဲဝင်ကြည့်မှပဲ အရင်က ကျွန်မတို့လုပ်ခဲ့တဲ့ အစီအရင်နဲ့ အခု အစီအရင် ဘာကွာခြားသွားလဲဆိုတာ အသေးစိတ်သိနိုင်မှာ… ၊ အခုချိန်မှာ အစီအရင်ရဲ့ အပြောင်းအလဲကို ဂိုဏ်းတူညီမလေး 'လုန်' ကလွဲပြီး ဘယ်သူမှ အတိအကျ သိနိုင်မှာ မဟုတ်ဘူး…"
ကျင်းထင်နှင့် မုရှိုးတို့သည်လည်း သူတို့အတွက် နတ်ဘုရားရောင်ဝါ အစီအရင်အသစ်တစ်ခု ပြုလုပ်ပြီးစီးသွားပြီ ဖြစ်သည်။
သူတို့အနေဖြင့် စတင်ကျင့်ကြံရန်သာ လိုအပ်တော့သည်။
သို့သော်… သူတို့က လုန်ယွိကို စိုးရိမ်ပူပန်သောကြောင့် ခဏမျှ စောင့်ကြည့်နေကြခြင်း ဖြစ်၏။
ကျင်းထင်က…
"ကဲ… ထားလိုက်ပါတော့ကွာ… ၊ ကျုပ်တို့လည်း ကျင့်ကြံကြရအောင်… ၊ ဂိုဏ်းတူညီမလေး'လုန်' လည်း အခု အဆင်ပြေနေတာပဲမဟုတ်လား… ပြဿနာ မရှိလောက်သေးပါဘူး…"
မုရှိုး ခေါင်းညိတ်ပြလိုက်သည်။
သူတို့လည်း ဆက်လက်ကျင့်ကြံရဦးမည် မဟုတ်ပါလား။
နဝမတောင်ထွတ်တွင် ကြာကြာနေလေ သူတို့အတွက် အန္တရယ်များလေ ဖြစ်သည်။ ထို့ကြောင့်… ရည်မှန်းထားသည့်အတိုင်း အလျှင်အမြန် ကျင့်ကြံကြရန် လိုအပ်သည်။
နေ့ရက်တိုင်းက သူတို့အတွက် အလွန်အရေးကြီးလှလေသည်။
တစ်ကြိမ်အောင်မြင်သွားလျှင် နောက်ထပ် အကြိမ်များက သူတို့အတွက် သိပ်ပြီး ပြဿနာမရှိနိုင်တော့ပေ။
ထို့နောက်… လုန်ယွိနှင့် အနည်းငယ် အလှမ်းကွာဝေးသည့်နေရာတွင် ပြုလုပ်ထားသည့် နတ်ဘုရားရောင်ဝါ အစီအရင်အသစ်အတွင်းသို့ ကျင်းထင်နှင့် မုရှိုးတို့ ဝင်ရောက်လိုက်ကြပြီး စတင်ကျင့်ကြံရန် ဟန်ပြင်လိုက်ကြ၏။
သို့သော်… သူတို့ နေရာတွင် ထိုင်လိုက်ကြသည်နှင့် လုန်ယွိရှိရာဘက်တွင် မမျှော်လင့်သည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်ကို အံ့သြဖွယ်ရာ တွေ့မြင်လိုက်ကြရသည်။
လုန်ယွိ၏ ခန္ဓာကိုယ်မှ ကြည်ပြာရောင်အလင်းတန်းများ ရုတ်တရက် ဖြာလင်းထွက်ပေါ်လာခြင်း ဖြစ်၏။
အလင်းရောင်က အနည်းငယ်အားနည်းသော်လည်း ကျင်းထင်နှင့် မုရှိုး၏ မျက်လုံးထဲတွင်တော့ အလွန်မှ စွဲမက်ဖွယ်ရာ ကောင်းလှသည်။
သူတို့ (၂)ယောက်လုံး မတ်တတ်ထရပ်လိုက်မိကြပြီး လုန်ယွိကို အံ့သြတုန်လှုပ်စွာဖြင့် ကြည့်နေမိကြသည်။
မုရှိုးက …
"ဂိုဏ်းတူအစ်ကို'ကျင်း'… ဂိုဏ်းတူညီမလေး 'လုန်' ဘာဖြစ်သွားတာလဲ…"
မေးသာမေးလိုက်ရသည် အခြေအနေကို သူမ… ခန့်မှန်းမိလေသည်။
သူမကဲ့သို့ပင် ကျင်းထင်သည်လည်း တစ်စုံတစ်ခုကို ခန့်မှန်းမိဟန် ရှိသည်။
ကျင်းထင်က မယုံကြည်နိုင်စွာဖြင့်…
"ဂိုဏ်းတူညီမလေး'မု'… အရင်တုန်းက နဝမတောင်ထွတ်ကို လာပြီး ကျင့်ကြံခဲ့ကြတဲ့ ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မတွေ ရေးထားခဲ့ကြတဲ့ မှတ်တမ်းတွေကို မင်းလည်း ဖတ်ဖူးတယ် မဟုတ်လား…"
ကျင်းထင်၏ အမေးစကားကို မုရှိုးက ခေါင်းညိတ် အဖြေပေးလိုက်သည်။
ကျင်းထင်က…
"မှတ်တမ်းတစ်ခုထဲမှာ ရေးထားတာက… နှစ်ပေါင်းတစ်ရာမှ တစ်ခါကြုံရမယ့် ကံကောင်းခြင်းနဲ့ နှစ်ပေါင်းတစ်ထောင်မှ တစ်ခါကြုံရမယ့် အခွင့်အရေးမျိုးကို မရဏဂူရှေ့က နတ်ဘုရားရောင်ဝါမှာ ရရှိလိမ့်မယ်… တဲ့…"
ကျင်းထင်ပြောသည့်စကားကို မုရှိုး ချက်ချင်းပင် နားလည်လိုက်သည်။
ယခု လုန်ယွိ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်က အလင်းတန်းများက နတ်ဘုရားရောင်ဝါ ဖြစ်ပေလိမ့်မည်။
သူမက…
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ၊ အဲဒါက ကံကောင်းခြင်းနဲ့ အခွင့်အရေး တစ်ကြိမ်တည်းနဲ့ ထပ်တူကျသွားတဲ့ အဖြစ်အပျက်မျိုး မဟုတ်လား… ၊ ပြီးတော့ အဲဒီမှတ်တမ်းကို ရေးခဲ့ကြတဲ့ ဂိုဏ်းတူအစ်ကိုတွေ ၊ အစ်မတွေက နတ်ဘုရားရောင်ဝါအစီအရင်ကို အတော်လေး ကျွမ်းကျင်ကြတဲ့ သူတွေလေ…"
ခဏနားပြီးမှ မုရှိုးက ဆက်ပြောသည်။
"ကျွန်မတို့က နတ်ဘုရားရောင်ဝါ အစီအရင်အကြောင်း သူတို့လောက် မသိ…"
သို့သော်… မုရှိုး၏ စကားက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။
သူမ တစ်စုံတစ်ခုကို တွေးလိုက်မိသောကြောင့် ဖြစ်သည်။
ထို့နောက်… သူမက အံ့သြတုန်လှုပ်သည့် မျက်နှာထားဖြင့် ကျင်းထင်ကို လှမ်းကြည့်လိုက်ပြီး…
"ဒါ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"
ယနေ့မနက်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို သူမ ပြန်လည်အမှတ်ရသွားမိလေသည်။
နဝမတောင်ထွတ်မှာ ဂိုဏ်းတူမောင်လေးက အစီအရင်ကို ပြောင်းလဲပေးခဲ့သည် မဟုတ်ပါလား။
ကျင်းထင်က မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…
"ဟုတ်တယ်… ကျုပ်လည်း မယုံနိုင်ဘူး…"
မုရှိုးက…
"ဒါပေမဲ့… မနက်တုန်းက နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေး အစီအရင်ကို ပြုပြင်ပြောင်းလဲပေးသွားလို့ ဒီလို အခွင့်အရေးမျိုး ကြုံတွေ့ရတာပဲ… ၊ အဲဒါ… အမှန်ပဲ မဟုတ်လား…"
ကျင်းထင်က …
"ဒါက … နတ်ဘုရားရောင်ဝါ အစစ်အမှန် ဟုတ် မဟုတ်ဆိုတာ ကျုပ်လည်း သေချာမသိဘူး… ၊ မှတ်တမ်းထဲမှာ ရေးထားတာတော့ ကျင့်ကြံသူရဲ့ ဝိညာဉ်စွမ်းအားတွေ သိပ်သည်းသွားပြီး ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာလိမ့်မယ်… ၊ အဲဒီ ကိုယ်ရောင်ကိုယ်ဝါက နတ်ဘုရားရောင်ဝါ အစီအရင်နဲ့ ပေါင်းစပ်သွားပြီး အစီအရင်ကနေ အလင်းရောင်တွေ တောက်ပလာလိမ့်မယ်လို့ ဖော်ပြထားတယ်…"
ထို့နောက်… ကျင်းထင်က လုန်ယွိကို မျက်တောင်မခတ် စိုက်ကြည့်နေရင်းမှ…
"ဒါပေမဲ့… ဂိုဏ်းတူညီမလေး'လုန်' … ဒီလောက်ထူးထူးခြားခြား ပြောင်းလဲသွားတာကတော့…"
ကျင်းထင် စကားကို ဆုံးအောင် ဆက်မပြောနိုင်တော့ပေ။
လုန်ယွိ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် အလင်းတန်းများကို သူ ငေးစိုက်ကြည့်နေမိသည်။
မကြာမီ… အစီအရင်တစ်ခုလုံး အလင်းရောင်များ တောက်ပလာလေသည်။
အလင်းရောင်များက အစီအရင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး နဂါးဟိန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ထို့နောက်… လုန်ယွိ၏ နံဘေးတွင် နှင်းကဲ့သို့ဖြူစင်သည့် နဂါးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာလေသည်။
မုရှိုးက…
"တကယ်ပဲ… ဒါ… တကယ်ပဲ နတ်ဘုရားရောင်ဝါ ထွက်ပေါ်လာတာပဲ…"
မုရှိုးနှင့် ကျင်းထင်တို့ (၂)ယောက်လုံး မယုံကြည်နိုင် ဖြစ်နေကြသည်။
နတ်ဘုရားရောင်ဝါ ထွက်ပေါ်လာခြင်းဆိုသည်မှာ နတ်ဘုရားရောင်ဝါအစီအရင်ကို အသုံးပြုရာတွင် အခက်ခဲဆုံး အပိုင်း ဖြစ်သည်။
ယခုတော့… အစီအရင်က အရာအားလုံး ပြီးပြည့်စုံလျှက် ရှိသည်။ မိုးနှင့်မြေမှ အရောင်အဝါများအားလုံး ကာရံညီလျှက် ရှိသည်။
တည်နေရာက မရဏဂူ အဝင်ဝ… ၊ ကံကောင်းခြင်းနှင့် အခွင့်အရေးက ပေါင်းစည်းနေပြီး ပတ်ဝန်းကျင်တွင် မရဏလောကမှ အငွေ့အသက်များက လွှမ်းမိုးလျှက် ရှိသည်။
ဤသည်မှာ… သူတို့အားလုံးနှင့် အသင့်တော်ဆုံး အစီအရင်တစ်ခု အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပြီဟု ဆိုရပေမည်။
နတ်ဘုရားရောင်ဝါအစီအရင် ဤသို့ ပြီးပြည့်စုံသွားသည်မှာ အလွန်တရာ ရှားပါးလွန်းသည့် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတစ်ခု ဖြစ်သည်။
သို့သော်.... ကျင်းထင်နှင့် မုရှိုးတို့ အမှန်တကယ်ပင် ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်သည်။
ဤသည်မှာ နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးက သူတို့ပြုလုပ်ထားသည့် အစီအရင်၏ အားနည်းချက်ကိုနှင့် အမှားများကို ထောက်ပြသွားသောကြောင့် ဖြစ်လေသည်။
ထိုအချက်က တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလှသည်။
ကျင်းထင်က....
"ကဲ… ကြည့်မနေနဲ့တော့… အစီအရင်ထဲကို အမြန်ဝင်ပြီး ကျင့်ကြံကြစို့…"
ပြောပြီးသည်နှင့် ကျင်းထင်က အစီအရင်အတွင်းသို့ ဝင်ရောက်သွားသည်။
မုရှိုးကလည်း တုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်းပင် ကျင်းထင်နောက်မှ လိုက်ပါသွားသည်။
သူတို့ အကောင်းဆုံးအခွင့်အရေးတစ်ခုကို လက်လွှတ်ရလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော်… အချိန်နောက်မကျသေးပေ။
ယခုအချိန်ထိ… အခြေအနေများအပေါ် ဆက်ပြီး သံသယများနေဦးမည်ဆိုလျှင် ရူးမိုက်ရာကျမည်ဖြစ်သလို အချိန်လည်း နှောင်းသွားနိုင်သည်။
ပြောစရာစကားများ ရှိနေသေးလျှင်လည်း ကျင့်ကြံပြီးမှသာ ဆက်လက်ပြောဆိုကြရန် ရှိလေသည်။
မှတ်တမ်းများအရဆိုလျှင်… အစီအရင်တွင် တောက်ပနေသည့် နတ်ဘုရားရောင်ဝါက အချိန်တစ်ညတိတိ ကြာရှည်ခံမည် ဖြစ်သည်။
သို့သော်… ထွန်းလင်းတောက်ပနေသည့် နတ်ဘုရားရောင်ဝါအောက်တွင် တစ်ညတာကျင့်ကြံခြင်းက လပေါင်းများစွာ ပြင်းပြင်းထန်ထန် ကျင့်ကြံခြင်းနှင့် ညီမျှလေသည်။
……………
ကောင်းကင်ရိပ်ငြိမ်ရေကန်…
သေရည်နတ်ဘုရားက လက်တစ်ဖက်ဝှေ့ရမ်းလိုက်သည်။
ထိုအခါ… ကျန်းလန် ချက်ချင်းပင် ကောင်းကင်ရိပ်ငြိမ်ရေကန်၏ နေရာတစ်နေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာက နဝမမြောက်တည်နေရာပင် ဖြစ်သည်။
ကျန်းလန်က စိတ်စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သည့်အတွက် သူ၏ ခြေထောက်များက ရေကန်ထဲသို့ နစ်မြုပ်သွားခြင်းမရှိဘဲ ရေပေါ်တွင် ရပ်တည်နေနိုင်သည်။
"အဲဒီနေရာကစပြီး ကိုယ့်ဟာကိုယ်သာ ရှေ့ဆက် လမ်းလျှောက်သွားပေတော့… ၊ ဘယ်လောက်ဝေးဝေးအထိ လျှောက်လှမ်းနိုင်မလဲဆိုတာတော့ မင်းရဲ့ အရည်အချင်းပေါ် မူတည်တယ်… ၊ မင်း စိတ်မတည်မငြိမ်ဖြစ်ပြီး ရေကန်အောက်မြုပ်သွားရင်တော့… ကမ်းခြေကို ပြန်ရောက်လာလိမ့်မယ်… "
လေထဲတွင် လွင့်မျောလာသည့် သေရည်နတ်ဘုရား၏ စကားသံကို ကျန်းလန်၏ နားထဲတွင် ကြားလိုက်ရသည်။
ကျန်းလန် ခေါင်းတစ်ချက်ညိတ်လိုက်၏။
ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် ရပ်တည်နိုင်ရန်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်ပေါ်တွင် များစွာမူတည်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
အများအမြင်တွင်… သူက အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ထို့ကြောင့်… သူ ဝေးဝေးသို့ သွားနိုင်မည်မဟုတ်ဟု အများစုက ထင်မှတ်ကြပေလိမ့်မည်။
ကျင့်ကြံသူတစ်ယောက်က စိတ်စွမ်းအားကောင်းမွန်သည့်တိုင် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးပါက ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် အချိန်ကြာမြင့်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။
ထို့အတူ… ကျင့်ကြံခြင်းအဆင့် မြင့်မားပြီး စိတ်စွမ်းအား မကောင်းပါဘကလည်း ရေကန်အောက်သို့ ကျရောက်သွားနိုင်သည်။
ပါရမီရှင်များသာလျှင် ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် အချိန်ကြာမြင့်စွာ ရပ်တည်နိုင်စွမ်း ရှိကြပေလိမ့်မည်။
ပါရမီရှင် မဟုတ်သည့် ကျန်းလန်ကဲ့သို့ သာမန်တပည့်များအနေဖြင့် မည်သည့်နည်းနှင့်မှ အချိန်ကြာကြာ ရပ်တည်နိုင်မည် မဟုတ်ပေ။
အချိန်တိုအတွင်းမှာပင် အခြေအနေများ ဆိုးရွားသွားနိုင်သည်။
ပျက်သုဉ်းနေသည့် တစပြင်လောကကြီးတွင်… လူသားတစ်ယောက် အင်မော်တယ်ဖြစ်လာရန်မှာ ပင်ကိုယ်ပါရမီပေါ်တွင် များစွာမူတည်သည်။
သာမန်အရည်အချင်းရှိသူများအနေဖြင့် အင်မော်တယ်မဖြစ်နိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ။
သာမန် တပည့်များသည်လည်း အင်မော်တယ် ဖြစ်လာကောင်း ဖြစ်လာနိုင်ပေ၏။ သို့သော်… သူတို့လျှောက်လှမ်းရမည့် အင်မော်တယ်လမ်းကတော့ အတော်လေး ခက်ခဲပင်ပန်းပေလိမ့်မည်။
ကျန်းလန်က ပါရမီရှင်တစ်ယောက် မဟုတ်ပေ။
သို့သော်… ကျန်းလန် စနစ်တွင် မှတ်ပုံတင်လေတိုင်း မဟာတာအိုမှ ပေးအပ်သည့် လက်ဆောင်တစ်ခုကို ရလေ့ရှိသည်။
ထို့ကြောင့်… သူလျှောက်ရသည့် ကျင့်စဉ်လမ်းက အခြားသူများထက် များစွာ အဆင်ပြေချောမွေ့ခဲ့သည်။ သို့တိုင်အောင်… သူ့အနေဖြင့် မလျှော့သောဇွဲဖြင့် ကြိုးစားရန် လိုအပ်နေသေးသည်။
သူ့အခြေအနေက အခြားသူများထက် အဆပေါင်းများစွာ သာလွန်နေသည့်တိုင် မကျင့်ကြံဘဲ အချိန်ဖြုန်း မနေဝံ့ပေ။
ကျန်းလန် အတွေးများကို ဖြတ်တောက်လိုက်ပြီး ကောင်းကင်ရိပ်ငြိမ်ရေကန်၏ မျက်နှာပြင်ထက်သို့ ကြည့်လိုက်သည်။
ကန်ရေပြင်တွင် ကျန်းလန်၏ ပုံရိပ်က ရောင်ပြန်ဟပ် အရိပ်ထင်ဟပ်နေခြင်း မရှိပေ။ ထို့ကြောင့်… ကြည်လင်သည့် ကန်ရေပြင်တွင် သူ့ကိုယ်သူ ပြန်မြင်နိုင်ခြင်း မရှိပေ။
အဘယ့်ကြောင့် ထိုသို့ ဖြစ်ရပါသနည်း…။
ကျန်းလန် တွေးမနေတော့ဘဲ ရှေ့ဆက်လျှောက်လာခဲ့သည်။
သူက အလျှင်အမြန် လမ်းလျှောက်ခြင်း မရှိဘဲ ဖြည်းဖြည်းမှန်မှန်သာ လမ်းလျှောက်လာခဲ့သည်။
ကောင်းကင်ရိပ်ငြိမ်ရေကန် အကြောင်းကို ကျန်းလန် သိရှိခြင်း မရှိပေ။ ထို့ကြောင့်… ဤနေရာအကြောင်း နားလည်ရန် အရင်ဆုံး ကြိုးစားရမည် ဖြစ်သည်။
အတန်ကြာလမ်းလျှောက်ပြီးနောက်… ရေကန်ထက်တွင် ပုံရိပ်တစ်ခုပေါ်လာသည်ကို ကျန်းလန် ရုတ်တရက် တွေ့မြင်လိုက်ရသည်။
ပေါ်လာသည့် ပုံရိပ်က ကန်ရေပြင်ထက် ရောင်ပြန်ဟပ်နေသည့် သူကိုယ်တိုင်၏ ပုံရိပ် ဖြစ်လေသည်။
သို့သော်… ပုံရိပ်က အလွန်မှုံဝါးနေပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိပေ။
ပုံရိပ်ကြည်လင်လာအောင် ကြိုးစားပြီး ကြည့်ရှုလိုက်သည့်အခါ ကျန်းလန်၏စိတ်ထဲတွင် အတော်လေး မသက်မသာခံစားလိုက်ရသည်။
တစ်စုံတရာက အဆုံးမဲ့ ချောက်နက်ကြီးတစ်ခုအတွင်းသို့ သူ့ကို ဆွဲချနေသည့်အလား ခံစားလိုက်ရခြင်း ဖြစ်၏။
ကျန်းလန် စိတ်ကို အသာဖြေလျှော့လိုက်ပြီး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ ခဏမျှ အနားယူရန် လိုအပ်လေသည်။
ထိုအချိန်မှာပင်…
သူ့အနားတွင် တစ်စုံတစ်ယောက် ရှိနေကြောင်း ကျန်းလန် အာရုံခံလိုက်မိလေတော့၏။