← Chapters

ခွန်လွန်၏အမွေအနှစ်

Vol. 29 Ch. 400

ခွန်လွန်၏အမွေအနှစ်

Vol. 29 Ch. 400

အခန်း (၄၀၀) ခွန်လွန်၏အမွေအနှစ်

ရှောင်ယွိက ခြေထောက်များကို အောက်သို့အသာပြန်နှိမ့်လိုက်ပြီး ခဏမျှ တိတ်ဆိတ်နေသည်။

ကျန်းလန်ကလည်း အလျှင်လိုခြင်း မရှိပေ။ သူက သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ဆက်လက်ထည့်သွင်းပေးနေသည်။

အချိန်အနည်းငယ်ကြာသွားပြီးနောက် ရှောင်ယွိက ခြေထောက်များကို ပြန်လည်လှုပ်ခါလိုက်ရင်း...

"ဒီတော့ ဂိုဏ်းတူမောင်လေးက ကျွန်မကို အနိုင်ယူဖို့ ကြိတ်ကြံနေတာပေါ့လေ ၊ ကံကောင်းတာက ကျွန်မက ကျင့်ကြံခြင်းအဆင့်တက်သွားတာပဲ ၊ နောက်တစ်ခါစိန်ခေါ်ပွဲကျ ဂိုဏ်းတူမောင်လေး ကျွန်မကို ရှုံးဖို့သာပြင်ထား"

သိလည်းမသိတတ် ၊ မောက်မာပြီးအပြောကြီးတဲ့ နဂါးမလေးဟု ကျန်းလန် တွေးလိုက်သည်။

ရှောင်ယွိ၏ မျက်နှာအမူအရာကို မတွေ့မြင်ရသည့်တိုင် သူမ၏စကားသံက ရယ်သံစွက်လျှက်ရှိကြောင်း ကျန်းလန် သတိထားမိသည်။

ရှောင်ယွိသည် ကျန်းလန်၏ကျောပြင်ကိုမှီရင်း မက်မွန်ပင်ကို မော့ကြည့်နေ၏။

သူမ၏ နှုတ်ခမ်းထောင့်လေးများက အနည်းငယ်ကွေးညွှတ်လျှက် ပြုံးယောင်သမ်းလို့နေလေသည်။

***

ညအချိန်။

ရှောင်ယွိက ကျန်းလန်၏ ကျောပြင်ကို မှီပြီးထိုင်လိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မအိပ်တော့မလို့ ၊ မလှုပ်နဲ့ ငြိမ်ငြိမ်နေနော်"

ကျန်းလန် ခေါင်းညိတ်သဘောတူလိုက်ပြီး မကြာမီ ရှောင်ယွိ ငြိမ်သက်စွာ အိပ်ပျော်သွားလေသည်။

ကျန်းလန် အံ့အားသင့်စွာနှင့်တွေးမိသည်။

တကယ်ဆိလျှင် နဂါးများက လဲလျောင်းအိပ်စက်ခြင်းက ပိုမိုသင့်တော်သည် မဟုတ်လား။

သို့သော် လူသားအသွင်ဖြင့်ဆိုလျှင်တော့ မြေပြင်ထက်တွင် လဲလျောင်းအိပ်စက်သည့်ဖြစ်စေ ၊ သူ့ကျောပြင်ကို မှီပြီးအိပ်သည်ဖြစ်စေ သိပ်တော့မထူးလှပေ။

ကျန်းလန် လျှောက်မတွေးတော့ဘဲ သစ်သားဓားလေးအတွင်းသို့သာ နဂါးသုတ်သင်ဓားဝိညာဉ်ကို ဆက်လက်ထည့်သွင်းပေးနေသည်။

သူက တစ်ညလုံး ဓားအတွင်းသို့ ဓားဝိညာဉ်ထည့်သွင်းပေးနေခဲ့ပြီး ဓားဝိညာဉ်က အချိန် (၁)လ ခံမည် ဖြစ်သည်။

***

နံနက်ခင်းအချိန်။

ရှောင်ယွိ သမ်းဝေလိုက်ရင်း ပျင်းကြောတစ်ချက်ဆန့်ကာ အိပ်ယာမှနိုးလာသည်။ သူမ မအိပ်ဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။

မနေ့ညကတော့ အိပ်ကောင်းလွန်းလှသည်။ သူမ ရှောင်ယွိပုံစံလား ၊ လုန်ယွိပုံစံလား အရေးမစိုက်တော့ဘဲ ကျန်းလန်ရှေ့တွင် ထပ်မံ ပျင်းကြောဆန့်လိုက်သည်။

သူမ အိပ်ယာမှနိုးလာသည်ကို တွ့သည်နှင့် ကျန်းလန်က သစ်သားဓားလေးကို ကမ်းပေးလိုက်သည်။

ရှောင်ယွိက သစ်သားဓားလေးကို လှမ်းယူလိုက်ချိန် ကျန်းလန်က အေးစက်သည့် ဆောင်းဝိညာဉ်ဓားကိုလည်း ထုတ်ယူလိုက်သည်။

"ဒီဓား ဂိုဏ်းတူအစ်မကို ပြန်ပေးမယ်"

ယခုတစ်ခေါက်လည်း ကျောက်တုံးသစ်တောထဲတွင် ကြီးမားသည့် ကျောက်တုံးကြီးကို ခုတ်ဖြတ်သည်မှလွဲပြီး ဆောင်းဝိညာဉ်ဓားကို ကျန်းလန် အသုံးပြုခဲ့ခြင်း မရှိပေ။

ပထမအချက်မှာ ဓားကိုအသုံးပြုရန် သင့်တော်သည့်နေရာ မတွေ့သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ဓားကို အသုံးပြုလိုက်လျှင် ဓားက သူ့ကို အသိအမှတ်ပြုကာ မှတ်သားထားမည် ဖြစ်သည်။

ထို့ကြောင့် ကျန်းလန်က ဓားကို အသုံးမပြုခြင်း ဖြစ်၏။ အသုံးပြုမည်ဆိုလျှင်လည်း သူ့ကို မှတ်မိသိရှိနိုင်ခြင်း မရှိသည့် မှော်ဝင်ပစ္စည်းတစ်ခုခုကို အသုံးပြုမည် ဖြစ်သည်။

ရှောင်ယွိက ဆောင်းဝိညာဉ်ဓားကို လှမ်းယူလိုက်သည်။

"ချွင်…"

သူမက ဓားကို ဓားအိမ်ထဲမှ တစ်ဝက်ခန့် ဆွဲထုတ်လိုက်သည်။

အချိန်ခဏမျှ လေ့လာကြည့်ပြီးနောက် ကျန်းလန်က ဓားကို အသုံးမပြုခဲ့ကြောင်း သူမ သိလိုက်သည်။ ဤသည်က ပုံမှန်ပဲ ဖြစ်လေရာ မည်သည့်စကားမှမဆိုတော့ဘဲ ဓားကို ဓားအိမ်ထဲပြန်ထည့်ကာ သိမ်းဆည်းလိုက်သည်။

ကျန်းလန်က တုတ်ထိုးသကြားလုံးများကို ထုတ်ယူလိုက်ရင်း…

"ဒါက ဂိုဏ်းတူအစ်မအတွက်…"

တရားမျှတသည့် အပေးအယူအတွက် ဝယ်လာခဲ့ခြင်း ဖြစ်သည်။

ရှောင်ယွိက ကျန်းလန် ပေးလာသည့် တုတ်ထိုးသကြားလုံးများကို လှမ်းမယူဘဲ ကျန်းလန် ကိုင်ထားသည့်အတိုင်းပင် လှမ်းပြီး ကိုက်စားလိုက်သည်။

ပြီးမှ သူမက တုတ်ထိုးသကြားလုံးများကို လှမ်းယူလိုက်ရင်း…

"ကျွန်မ ဂိုဏ်းတူမောင်လေးကို ပြန်လိုက်ပို့ပေးမယ်လေ ၊ ဓားကို ဘယ်လိုစီးနှင်ရမလဲဆိုတာပါ သင်ပေးမယ်"

ကျန်းလန် ခေါင်းညိတ်သဘောတူလိုက်သည်။

သူနှင့်အတူ ဓားပေါ်တွင် အတူတူ ပျံသန်းရသည်ကို ရှောင်ယွိ အဘယ့်ကြောင့်သဘောကျမှန်း ကျန်းလန် နားမလည်ပေ။

ခဏအကြာတွင် သူတို့ နဝမတောင်ထွတ်သို့ ရောက်ရှိလာကြသည်။

ရှောင်ယွိက မကျေမနပ်ဖြင့် မျက်ခုံးလေးများကို တွန့်ချိုးထားရင်း…

"ဂိုဏ်းတူမောင်လေး ၊ နဝမတောင်ထွတ်နဲ့ ကျောက်စိမ်းရေကန်က တဖြည်းဖြည်း ပိုနီးလာတယ်လို့ မထင်ဘူးလား"

ကျန်းလန်က…

"အဲဒါ ဂိုဏ်းတူအစ်မ ကျင့်ကြံခြင်းအဆင့် မြင့်မားလာလို့လေ"

လူသားအင်မော်တယ်များသည် ဓားစီးနှင်ပျံသန်းရာတွင် လျှင်မြန်ကြသည်။ သို့သော်လည်း ထိုသို့ ကျွမ်းကျင်စွာ စီးနှင်နိုင်ရန် အချိန်တစ်ခုအထိ လေ့ကျင့်ရန် လိုအပ်သည်။

ရှောင်ယွိက တခစ်ခစ်ရယ်မောလိုက်ရင်း…

"မဟုတ်ဘူး သိလား ၊ အဲဒါ ဂိုဏ်းတူမောင်လေး ကျွန်မအနားမှာ ရှိနေလို့"

ထို့နောက် သူမက ဓားပေါ်မှခုန်ဆင်းကာ ကျန်းလန်ရှေ့သို့ ရောက်လာသည်။

"ဂိုဏ်းတူမောင်လေး… ကျွန်မက ရှင့်ကို လက်ဆောင်တစ်ခုပေးစရာရှိတယ် သိလား ၊ အခု မျက်လုံးမှိတ်လိုက်"

ကျန်းလန် အံ့သြသွားသည်။

မျက်လုံးမှိတ်ထားရမည်တဲ့လား။

သူက စိတ်ဝင်တစားဖြင့်…

"ဂိုဏ်းတူအစ်မက ဘာလက်ဆောင်ပေးမှာမို့လို့လဲ"

"မျက်လုံးလေး ခဏလောက် မှိတ်ထားလိုက်စမ်းပါ…"

ပြောရင်းဖြင့် ရှောင်ယွိက ကျန်းလန်၏ မျက်လုံးများကို လက်ဖြင့် အုပ်လိုက်သည်။

ထို့နောက် နူးညံ့သည့်အထိအတွေ့လေးတစ်ခုက ကျန်းလန်၏ နှုတ်ခမ်းများထက်သို့ ကျရောက်လာသည်။  ခဏတာမျှသာထိကပ်သွားခြင်း ဖြစ်ပြီး ရှောင်ယွိက ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။

ရှောင်ယွိက ကျန်းလန်မျက်လုံးများကို ဖုံးအုပ်ထားသည့် သူမလက်များကို ဖယ်ရှားလိုက်ပြီးနောက် ဓားပေါ်သို့ ခုန်တက်သွားသည်။

"ကျွန်မ ပြန်တော့မယ်"

ပြောပြီးသည်နှင့် သူမ ပျံသန်းထွက်ခွာသွားတော့သည်။

ရှောင်ယွိမှာ သူ့ကို အကြင်နာပေးပြီးသည်နှင့် နဂါးတစ်ဝက်အသွင်ပြောင်းလဲသွားပြီး ဦးခေါင်းထက်၌ နဂါးဦးချိုများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ရှောင်ယွိ ပျောက်ကွယ်သွားမှ ကျန်းလန်က သူ့နှုတ်ခမ်းကို ထိကိုင်လိုက်ရင်း…

"အဟင်း… တုတ်ထိုးသကြားလုံးအနံ့လေး…"

နောက်တစ်ခါ ရှောင်ယွိကို တုတ်ထိုးသကြားလုံးဝယ်ပေးလျှင် ယနေ့အနမ်းလေးကို အမှတ်ရနေတော့မည် ဖြစ်သည်။

ထို့နောက် ကျန်းလန် ခေါင်းခါယမ်းလိုက်ပြီး နဝမတောင်ထွတ်အစွန်းသို့ ထွက်လာခဲ့သည်။ ဆရာဖြစ်သူက သူ့ကို ဘာအလုပ်ခိုင်းမည်လဲ သိချင်နေ၏။

နဝမတောင်ထွတ်အစွန်းတွင်တော့ မော့ကျန်းသုန့် မတ်တတ်ရပ်လျှက် ရှိသည်။ သူက ကောင်းကင်ထက်မှ တိမ်တိုက်များကို မော့ကြည့်ရင်း အတွေးနက်လျှက် ရှိသည်။

ဆရာဖြစ်သူ ဘာတွေတွေးနေသည်လဲ မည်သူမှ မသိနိုင်ပေ။

"ဆရာ…"

ကျန်းလန်က နှုတ်ဆက်စကားဆိုလိုက်တော့မှ မော့ကျန်းသုန့် သတိပြန်ဝင်လာပြီး ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။

သူက…

"အင်မော်တယ်ဖြစ်လာပြီးနောက်ပိုင်း မင်း အကြောင်းအရာများစွာကို ပိုပြီး သိနားလည်ဖို့ လိုအပ်တယ် ၊ မန္တန်တွေ ၊ ကျဉ့်စဉ်တွေ ၊ ဗဟုသုတတွေ အားလုံးပဲပေါ့"

ခဏနားပြီး မော့ကျန်းသုန့်က ဆက်ပြောသည်။

"နဝမတောင်ထွတ် စာကြည့်တိုက်က သိပ်မပြည့်စုံဘူး ၊ ဒီတော့ ဆရာ ခွန်လွန်တောင် စာကြည့်တိုက်ကိုသွားပြီး စာအုပ်အချို့ မိတ္တူကူးခိုင်းထားတယ် ၊ ဒီနေ့ ပြီးလောက်မယ်ထင်တာပဲ ၊ အဲဒီ စာအုပ်တွေ မင်း သွားယူလိုက်ပါ"

"ဟုတ်ကဲ့ ဆရာ"

ကျန်းလန် ချက်ချင်းပြန်ဖြေလိုက်သည်။

စာအုပ်အသစ်များ ရရှိမည်… တဲ့။

ဤသည်က သူ့အတွက် ကောင်းသည့်အချက်ပင်။

နဝမတောင်ထွတ်စာကြည့်တိုက်မှ စာအုပ်များအားလုံးကို သူ မဖတ်ရှုရသေးသည့်တိုင် စာအုပ်အသစ်များ ထပ်မံရရှိမည်က မဆိုးလှပေ။ ရွေးချယ်စရာများစွာဖြင့် စာအုပ်များကို ဖတ်ရှုနိုင်မည် မဟုတ်ပါလား။

ဤသည်က သူ့အတွက် အလွန်အကျိုးရှိပြီး တန်ခိုးစွမ်းအားပိုမိုမြင့်မားလာစေရန် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

မော့ကျန်းသုန့်က ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်ယူပြီး ကျန်းလန်ကို ပေးလိုက်ရင်း…

"ဒါလေး ယူသွား…"

သူက ဆက်ရှင်းပြသည်။

"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ခွန်လွန်တောင်စာကြည့်တိုက် အထပ်မြင့်တွေက စာအုပ်တွေကို ဖတ်ရှုဖို့ မဖြစ်နိုင်ဘူး ၊ ဒီ ကျောက်စိမ်းပြားနဲ့ဆိုရင်တော့ မင်း အပေါ်ထပ်တွေအထိတက်ပြီး စာအုပ်တွေ ရှာဖွေနိုင်လိမ့်မယ် ၊ ဒါပေမဲ့ အရမ်းအဆင့်မြင့်တဲ့စာအုပ်တွေကိုတော့ မင်း လျှောက်မကြည့်နဲ့ ၊ မဟုတ်ရင် ကျင့်ကြံခြင်းကို ထိခိုက်သွားနိုင်တယ် ၊ မန္တန်ပညာနဲ့ပတ်သက်လို့ကတော့ ဘယ်မန္တန်မဆို လေ့လာကြည့်နိုင်တယ်"

ကျန်းလန်က ချက်ချင်းပင် ခေါင်းညိတ်လိုက်ရင်း…

"ကျေးဇူးတင်ပါတယ် ဆရာ"

ဤကျောက်စိမ်းပြားဖြင့်ဆိုလျှင် သူ စာကြည့်တိုက်အထပ်မြင့်များမှ စာအုပ်များကို ဖတ်ရှုနိုင်မည် ဖြစ်သည်။ သို့သော် သူ စာအုပ်များကို ပေါ့ပေါ့တန်တန် ဖတ်ရှုဝံ့မည် မဟုတ်ပေ။

အချို့စာအုပ်များက အလွန်အကဲဆတ်ပြီး အချို့စာအုပ်များကတော့ တစ်ခုခုမှားယွင်းသွားသည်နှင့် အကြီးအကဲများ အလွယ်တကူ ရိပ်မိသွားနိုင်သည်။

ထို့ကြောင့် သူ ဖတ်နိုင်လျှင်ပင် ဖတ်ရင်မသင့်တော်သေးသည့် စာအုပ်များစွာ ရှိသည်။ အခန့်မသင့်လျှင် ဧကရာဇ်ရှီးဟယ်၏အကြည့်က စာကြည့်တိုက်သို့ ရောက်လာနိုင်သည်။

ဘာပဲဖြစ်ဖြစ် ကျန်းလန်အတွက်တော့ သူ အန္တရယ်ကင်းရေးက ပထမဖြစ်၏။

"ဒါနဲ့ စကားမစပ်… ဆရာ့မှာလည်း စာအုပ်အချို့ ရှိနေတယ် ၊ အဲဒီ စာအုပ်တွေကိုလည်း စာကြည့်တိုက်ထဲ ထည့်ထားပေးမယ် ၊ မင်းပြန်ရောက်ရင်တော့ စာအုပ်တွေကို နေရာတကျ စီစဉ်ထားလိုက်ပေါ့"

မော့ကျန်းသုန့်က ဆက်လက်ညွှန်ကြားသည်။

ကျန်းလန် ခေါင်းညိတ်လိုက်ရင်း အနည်းငယ်လည်း အံ့အားသင့်သွားသည်။

အင်မော်တယ်အဖြစ် အဆင့်တက်ပြီးနောက်ပိုင် ထပ်မံလေ့လာရန် စာအုပ်များက ထိုမျှ များပြားပါသလား။

***

ခွန်လွန်တောင် စာကြည့်တိုက်။

ကျန်းလန် ဒုတိယအကြိမ် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဆရာဖြစ်သူက သူ့အတွက် မည်သို့သောစာအုပ်များ ရှာဖွေပေးထားသည်ကိုလည်း သိချင်နေမိသည်။

စာအုပ်များက အဆင့်ဘယ်လောက် မြင့်မားမည်လဲ။ အချို့စာအုပ်များက အဆင့်ခွဲခြား၍ရသော်လည်း အချို့စာအုပ်များက အဆင့်ခွဲခြား မရနိုင်ပေ။ ဥပမာ - မန္တန်ပညာကဲ့သို့သော စာအုပ်များ ဖြစ်၏။

ကျန်းလန်က အဆင့်နိမ့်မန္တန်များကို အရေးမစိုက်ပေ။ သူက မန္တန်များ၏ အလုပ်လုပ်ပုံကိုသာ အကြမ်းဖျင်းသိရှိရန် လေ့လာထားခဲ့သည်။

တကယ်တမ်းရန်သူနှင့် ရင်ဆိုင်ရလျှင်လည်း သူက မန္တန်ပညာအသုံးပြုပြီး တန်ပြန်တိုက်ခိုက်မည် မဟုတ်ပေ။

ခွန်လွန်တောင် စာကြည့်တိုက် စီမံခန့်ခွဲရေးရုံးခန်း။

အလုပ်များနေသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်ကို ကျန်းလန် တွေ့လိုက်ရသည်။ ထိုသူက အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်၏။

ကျန်းလန်က ထိုသူကို ယဉ်ကျေးစွာပင် စကားဆိုလိုက်သည်။

"ဂိုဏ်းတူအစ်ကို ၊ နဝမတောင်ထွတ်က တောင်သခင်မှာထားတဲ့စာအုပ်တွေယူဖို့ ရောက်လာတာပါ"

"နဝမတောင်ထွတ်ကလား…"

စာကြည့်တိုက်မှူးကျန်းရှန်းက စာရင်းများရေးသွင်းနေပြီး ကျန်းလန်ကို အရေးမစိုက်အားပေ။

အတန်ကြာမှ သူက ကျန်းလန်စောင့်နေသည်ကို သတိရသွားပြီး…

"သြော်… ဂိုဏ်းတူညီလေးချောင်ကို သွားမေးလိုက် ၊ မိတ္တူကူးရေးနေတာ ဘယ်အခြေအနေရောက်ပြီလဲလို့ ၊ အကုန်ပြီးဖို့တော့ အချိန်နည်းနည်း လိုဦးမယ်ထင်တယ်"

ထို့နောက် သူက ကျန်းလန်ကို မော့ပင်မကြည့်ဘဲ စာရင်းများ ဆက်လက်ရေးသွင်းနေသည်။ ကျန်းလန်လည်း သူ့ကို မနှောက်ယှက်တော့ဘဲ ဂိုဏ်းတူညီလေးချောင်ကိုသာ ရှာဖွေရတော့သည်။

မကြာမီ အလုပ်ရှုတ်လျှက်ရှိသော ဂိုဏ်းတူညီလေးချောင်ဆိုသူကို တွေ့လိုက်ရသည်။ သူက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဂိုဏ်းထဲရောက်သည်မှာ ကြာပုံမပေါ်သေးပေ။

ကျန်းလန်က သူရောက်လာရသည့်အကြောင်းကို ရှင်းပြလိုက်သည့်အခါ လူငယ်လေးက ဟိုဟိုဒီဒီ ပြာယာခတ်လှန်လှောရှာဖွေပြီးနောက် တောင်းတောင်းပန်ပန်ဖြင့် စကားဆိုသည်။

"ဂိုဏ်းတူအစ်ကို ခဏလောက်စောင့်ပေးနိုင်မလား ၊ နောက်ဆုံးအပိုင်းတွေကူးနေတာ နေ့လည်လောက်မှ ပြီးမယ်ထင်တယ် ၊ စာအုပ်ဖတ်ရင်း ခဏလောက် စောင့်နေပေးပါဗျာ"

သူရောက်လာတာများ စောနေသလား။

ကျန်းလန် တွေးမနေတော့ဘဲ စာအုပ်များထားရာနေရာသို့ လျှောက်လာခဲ့သည်။

သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဆရာပေးလိုက်သည့်ကျောက်စိမ်းပြားဖြင့် မထပ်အမြင့် မည်မျှအထိ တက်ရောက်နိုင်မည်ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းလန်က ကျောက်စိမ်းပြားကိုကိုင်ရင်း လှေကားထစ်ကို စတင်တက်လှမ်းလိုက်သည်။ လှေကားထစ်များက သူ့အတွက် အတားအဆီးလုံး၀ မရှိခဲ့ပေ။

မကြာမီ အစစ်အမှန်အင်မော်တယ်များအတွက် ရည်ရွယ်ထားသည့်အလွှာသို့ ရောက်ရှိလာသည်။ ဤအလွှာတွင် စာအုပ်များစွာရှိနေပြီး ကျန်းလန်က အားလုံးကို အကြမ်းဖျင်းတစ်ချက်ကြည့်လိုက်သည်။

သူစိတ်ဝင်စားသည့်စာအုပ်တစ်အုပ်မှမရှိကြောင်း သိလိုက်ရပြီး နောက်တစ်လွှာသို့ ဆက်တက်လိုက်သည်။ မိုးကောင်းကင်အင်မော်တယ်များအတွက် ရည်ရွယ်ထားသည့် အလွှာသို့ ရောက်လာသည်။

ဤအလွှာတွင်တော့ စိတ်ဝင်စားစရာ စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။

စာအုပ်အမည်က "ခွန်လွန်၏အမွေအနှစ်" ဟူ၏။

ကျန်းလန် စာအုပ်ကို စိတ်ဝင်စားသွားသည်။ ခွန်လွန်တောင်တွင် အဓိကတောင်ထွတ်ကြီး (၉)ခု ရှိပြီး တောင်ထွတ်တိုင်းက တစ်ခုနှင့်တစ်ခု မတူညီပေ။

အထူးသဖြင့် ပထမတောင်ထွတ်နှင့် နဝမတောင်ထွတ်က အထူးခြားဆုံး ဖြစ်သည်။ ဤစာအုပ်ထဲတွင် ထိုအကြောင်းအရာများ မှတ်တမ်းတင်ထားမည်လားဟု ကျန်းလန် တွေးမိသည်။

ကျန်းလန်က စာအုပ်ကို အသာယူလိုက်ပြီး မာတိကာကို ကြည့်လိုက်သည်။ သို့သော် ပထမတောင်ထွတ်နှင့် နဝမတောင်ထွတ်အကြောင်း မှတ်တမ်းမှတ်ရာများ ပါဝင်ခြင်း မရှိပေ။

မာတိကာတွင် အကြောင်းအရာ (၂)ခုသာ ပါဝင်သည်။

ထိုအကြောင်းအရာများမှာ - ခွန်လွန်စိတ်ကျမ်း ၊ မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရွှေရောင်ကြာပန်း… ဟူ၍။

All Chapters