ရွှေနဂါးဘဏ်တိုက်ရုံးချုပ်.....
Vol. 8 Ch. 100
နှုတ်ထွက်မည်ဆိုခြင်းသည် မဖြစ်နိုင်သောအရာတစ်ခုသာဖြစ်ပေသည်။
သို့သော်လည်း လီလော့ဆိုသည့်အတိုင်း ရှီးယန်ရုံးချုပ်တွင် အဓိကပြသာနာကြီး သုံးခုရှိနေသည်။
ပထမတစ်ခုသည် ပညာရှင်နည်းပါးနေခြင်းဖြစ်သည်။ ဟန်ဇီသည် နောက်လိုက်များကိုပါတစ်ပါတည်းခေါ်ဆောင်သွားသည့်အတွက် လတ်လောတွင် ပညာရှင်ဉီးရေ နည်းပါးနေသည်။ဝိဉာဉ်ရည် သန့်စင်ပေးမည့် ပဲ့တင်ထပ်သံပြုပြင်သူများမရှိသည့်အတွက် ရှီးယန်၏ ထုတ်လုပ်ရေးပိုင်းကို များစွာထိခိုက်နစ်နာစေသည်။
ဒုတိယအချက်သည် အဆင့်မြင့် ပဲ့တင်ထပ်သံပြုပြင်သူရှားပါးခြင်းဖြစ်သည်။ ရှီးယန်ရုံးချုပ်၏ အဆင့်ငါးပဲ့တင်ထပ်သံပြုပြင်သူများဖြစ်ကြသည့် ဟန်ဇီနှင့် ဖန်ချန်းချီတို့နှစ်ယောက်တွင် ဟန်ဇီသည် သစ္စာဖောက်သွားပြီဖြစ်ပြီး ဖန်ချန်းချီကို တစ်နှစ်တာခွင့်ပေးလိုက်သည့်အတွက် ရှီးယန်ရုံးချုပ်တွင် အဆင့်ငါးပဲ့တင်ထပ်သံပြုပြင်သူ သုံးယောက်သာကျန်နေခဲ့သည်။
ထိပ်တန်းစံအိမ်ဆယ်ခုစာရင်းဝင် ဒူဇီအိမ်တော်၏ ကြီးမြတ်သောရေအိုင်စံအိမ်တွင် အဆင့်ငါးပဲ့တင်ထပ်သံပြုပြင်သူ ဆယ့်နှစ်ယောက်ခန့်ရှိနေပြီး အဆင့်ခြောက်ပဲ့တင်ထပ်သံပြုပြင်သူ ငါးယောက်ခန့်ရှိနေသည်။
ကွာခြားချက်ကြီးမားလွန်းလှပေသည်။
တတိယအချက်သည် ဝိဉာဉ်ရည်ဖော်စပ်နည်း အဆင့်နိမ့်နေခြင်းပင်ဖြစ်သည်။ ရှီးယန်ရုံးချုပ်တွင် လက်ရှိသုံးနေသောဖော်စပ်နည်းများသည် အလယ်အလတ်အဆင့်ဟူ၍ပင် ပြောရန်ခက်လောက်သည်အထိ အဆင့်နိမ့်နေခြင်းဖြစ်သည်။
ရှပြည်ထောင်စုတွင် ဝိဉာဉ်ရည်ဖော်စပ်နည်းများကို ကြယ်ငါးလုံးဖြင့် အဆတင့်တိုင်းတာသတ်မှတ်ကြပြီး ကြယ်တစ်လုံးအဆင့်သည် အနိမ့်ဆုံးဖြစ်၍ ကြယ်ငါးလုံးအဆင့်သည်အမြင့်ဆုံးဖြစ်သည်။
လီလော့နှင့် အကျွမ်းတဝင်ရှိနေသော မိုးပြာကျောက်စိမ်းဝိဉာဉ်ရည် ဖော်စပ်နည်းသည် ကြယ်နှစ်လုံးအဆင့်သာရှိပေသည်။
မှင်ရေစံအိမ်၏ ကြယ်နက်ဝိဉာဉ်ရည်ဖော်စပ်နည်းသည် ကြယ်သုံးလုံးအဆင့်ရှိသော်လည်း လီလော့၏ လျှို့ဝှက်ရေအရင်းမြစ်ကြောင့် ကြယ်နှစ်လုံးအဆင့် မိုးပြာကျောက်စိမ်းထက် သန့်စင်မှုနည်းနေရခြင်းဖြစ်သည်။
ရှီးယန်စံအိမ်တွင်ရှိသမျှသော ဖော်စပ်နည်းများကို လှန်လောရှာဖွေကြည့်လိုက်သောအခါ လက်ရှိထုတ်လုပ်နေသော အဆင့်သုံး ငှက်မွှေးဖြူဝိဉာဉ်ရည်ဖော်စပ်နည်းတစ်ခုတည်းကသ အမြင့်ဆုံးအဆင့်ဖော်စပ်နည်းတစ်ခုဖြစ်နေသည်ကို သိလိုက်ရသည်။ အမြင့်ဆုံးအဆင့်ဟုပြောနေသော်လည်း ငှက်မွှေးဖြူဝိဉာဉ်ရည်ဖော်စပ်နည်းသည် ကြယ်သုံးလုံးအဆင့်သာရှိနေပါသည်။
ကြယ်လေးလုံးဖော်စပ်ဟူ၍ တစ်ခုတစ်လေမျှပင် ရှာမတွေ့ခဲ့ပေ။
အကယ်၍ ရှီးယန်စံအိမ်ကို ရှပြည်ထောင်စု၏ ထိပ်တန်းစံအိမ်ဆယ်ခုစာရင်းဝင်နိုင်ရန်ရည်မှန်းထားပါက ကြယ်သုံးခုဖော်စပ်နည်းပေါ်တွင် မှီခိုနေ၍မရပေ။
ထို့ကြောင့် လီလော့ အကြီးအကဲကျန်းဘက်လှည့်လိုက်ပြီး.....
"အကြီးအကဲကျန်း ကျွန်တော်တို့တွေ ပညာရှင်တွေ အမြန်ဆုံးထပ်ခေါ်မှဖြစ်မယ်....ဒီအတိုင်းဆို ထုတ်လုပ်ရေးပိုင်းမှာ နှောင့်နှေးကုန်လိမ့်မယ်....."
ယခုချိန်တွင် ပြသာနာများကို တစ်ခုပြီးတစ်ခုသာဖြေရှင်းရပေတော့မည်။ လတ်တလောတွင် ပညာရှင်များ ထပ်ခေါ်ရန်သာ အရေးကြီးဆုံးသောအရာဖြစ်နေသည်။
အဆင့်မြင့်ဖော်စပ်နည်းအတွက်ကတော့ သုတေသနပြုလုပ်ကြည့်၍အဆင်မပြေပါက ဝယ်ယူသင့်ရင်လည်း ဝယ်ယူကပေလိမ့်မည်။
သို့သော်လည်း တန်ဖိုးကြီးလှသော အဆင့်မြင့်ဖော်စပ်နည်းများကို လတ်လောဝယ်ယူရန် တတ်နိုင်လိမ့်မည်မဟုတ်သေးပေ။
" ကောင်းပါပြီ..ဒါနဲ့ သခင်လေး.....ရုံးချုပ်ကို ဘယ်တော့လောက် သန့်စင်တဲ့အရင်းမြစ်တွေ ထောက်ပံ့ပေးမလဲ....."
ထိုမေးခွန်းကြောင့် လီလော့ ပို၍ပင် ခေါင်းကိုက်လာသလိုခံစားလိုက်ရပါသည်။ ဟန်ဇီဘက်က ပညာရှင်အချို့ကို ခေါ်ယူသွားသည့်တိုင် ကျန်ရှိနေသော အရေအတွက်သည် ထျန်ရှုစီရင်စုမှာထက်ပိုများနေသောကြောင့် ပိုများသော ပမာဏကိုထောက်ပံ့ပေးရလိမ့်မည်။
လီလော့သည် စည်းတံဆိပ်ဆယ်ခုအဆင့်သာရှိသေးသည့်အတွက် များပြားလှသောပမာဏကို ထုတ်မပေးနိုင်သေးပေ။
သို့သော်လည်း ကတိပေးထားပြီးပြီဖြစ်သောကြောင့် ကတိဖျက်၍မရပေ။ မဟုတ်ပါက နာမည်ပျက်ရပေလိမ့်မည်။
"ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးရင် ပထမအသုတ်ကို တတ်နိူင်သမျှအမြန်ဆုံး ထောက်ပံ့ပေးပါ့မယ်....."
လီလော့ မချိပြုံး ပြုံးနေရသော်လည်း အကြီးအကဲကျန်းသည် တောက်ပသောအပြုံးများဖြင့် လီလော့ကို ခေါင်းညိတ်ပြနေလေသည်။
လီလော့ ရုံးချုပ်တွင် ကြာကြာဆက်မနေတော့ဘဲ မှာကြားစရာရှိသည်များကို မှာကြားပြီးသည်နှင့် ကျန်းချင်းအာတို့သုံးဉီးနှင့်အတူ အိမ်ပြန်လာခဲ့ကြသည်။
ယခုချိန်တွင် လီလော့အတွက် ဆရာသခင်အဆင့်သို့တက်လှမ်းရန် အလွန်အရေးကြီးနေပါသည်။ မဟုတ်ပါက လေးလံလှသောဖိအားများကို မည်သို့မျှ ခံနိုင်ရည်ရှိမည်မဟုတ်တော့ပေ။
ဆရာသခင်အဆင့်မရောက်မှီတွင် ခြောက်ရောင်ခြယ်လှည်းဘီးအတွက်လိုအပ်နေသော ပစ္စည်းနှစ်ကို ရွှေနဂါးဘဏ်တိုက်ရုံးချုပ်တွင်သွားရောက်ရှာဖွေရမည်။
..............................
နောက်တစ်နေ့တွင် လီလော့သည် ကျန်းချင်းအာနှင့်တွေဆုံပြီးနောက်ရွှေနဂါးဘဏ်တိုက်ရုံးချုပ်သို့ ထွက်လာခဲ့သည်။
ရှမြို့တော်တွင် လုံခြုံရေးအားကောင်းသော်လည်း လီလော့သည် ဆရာသခင်တတိယအဆင့် သက်တော်စောင့်သုံးဉီးကို
လိုလိုမယ်မယ် ခေါ်လာခဲ့လိုက်သည်။
ရှပြည်ထောင်စုတွင် ရွှေနဂါးဘဏ်တိုက်သည် သီးခြားရပ်တည်နေသော အင်အားစုတစ်ခုဖြစ်ပြီး အလွန်ထူးခြားလှပေသည်။ ရုံးချုပ်သည် ထျန်ရှုရုံးခွဲထက် များစွာသာလွန်ခန့်ညားနေပြီး တော်တန်ရုံပြသာနာမရှာဝံ့လောက်အောင် ထည်ဝါလှပေသည်။
ရုံးချုပ်ရှေ့တွင် ဧရာမတံခါးကြီးသုံးချပ်ကိုဖွင့်လှစ်ပေးထားသော်လည်း ဝင်ထွက်သွားလာသူ များပြားလှသဖြင့် တန်းစီစနစ်ကို ကျင့်သုံးနေရလေသည်။
လီလော့ တန်းစီနေသော လူတန်းရှည်ကြီးနောက်ကနေ ခန်းမထဲသို့ ရောက်လာခဲ့သည့်အခါ ဆယ့်နှစ်မီတာခန့်မြင့်သောအမိုးခုံးတွင် ချိတ်ဆွဲထားသော ဧရာမ မီးဆိုင်းကြီးသည် ခန်းမတစ်ခုလုံးကို နေမင်းကြီးသဖွယ် အလင်းပေးနေသည်ကို မြင်တွေ့လိုက်ရသည်။
ခန်းမထဲတွင် အလုပ်စားပွဲပေါင်းများစွာရှိနေပြီး စားပွဲတစ်ခုချင်းစီတိုင်းတွင် ရွှေနဂါးဘဏ်တိုက်ဝတ်ရုံဝတ်ဆင်ထားသော ဝန်ထမ်းများက ဖောက်သည်များကို နွေးထွေးပျူငှာစွာ ဝန်ဆောင်မှုပေးနေကြသည်။
လီလော့ ထိုနေရာတွင်ရပ်မနေဘဲ လျှောက်လှမ်းအတိုင်း အဆင့်မြင့်ဧရိယာဆီလျှောက်သွားခဲ့သည်။ အဆင့်မြင့်ဧရိယာတွင် ခန်းမထဲကထက် လူဉီးရေနည်းပါးသည့်အပြင် ဆူညံပွက်လောရိုက်မနေခဲ့ပေ။
ရှားပါးအဖိုးထိုက်တန်လှသော ပစ္စည်းများကိုသာ အဆင့်မြင့်ဧရိယာတွင် ခင်းကျင်းပြသထားသည်။
လီလော့တို့ အဆင့်မြင့်ဧရိယာဘက်ရောက်လာချိန်တွင် ရုပ်ရည်ချောမောသော အမျိုးသမီး ဝန်ထမ်းတစ်ဉီးရောက်လာခဲ့လေသည်။ ထိုအမျိုးသမီးသည် အပြင်ဘက် ဧည့်ကြိုဌာနက ဝန်ထမ်းများထက် ပို၍အဆင့်မြင့်ပုံရသည်။
"လူကြီးမင်းတို့ ဘာများလိုအပ်လို့လဲ....."
ထိုအမျိုးသမီးသည် ထိုသို့မေးပြီးသည်နှင့် ရှက်ရွံ့သောအမူအရာနှင့် နှုတ်ခမ်းကိုက်လေနေသည်။ လီလော့သည် သူမတွေ့ဖူးသမျှ ဧည့်သည်များထဲတွင် အချောဆုံးဖြစ်နေသောကြောင့်ပင်.....
မနီးမဝေးတွင်ရှိနေသော အမျိုးသမီးဝန်ထမ်းအချို့ကလည်း အမူပိုဟန်ဖြင့် အချင်းချင်းစနောက် ရိုက်ပုတ်နေကြ၏။
" ကျုပ် သစ်သားဓာတ်နဲ့ မြေဓာတ်ပါတဲ့ ရှားပါးပစ္စည်းတစ်ချို့လိုချင်တယ်....."
"အဆင့်ဘယ်လောက်ထဲကလိုချင်တာလဲရှင့်......"
ရှားပါးပစ္စည်းများကို အဆင့်တစ်ရာ ၊အဆင့်တစ်ထောင်၊အဆင့်တစ်သောင်းဟူ၍ အဆင့်အမျိုးမျိုးသတ်မှတ်ထားသောကြောင့် ထိုသို့မေးရခြင်းဖြစ်သည်။
အဆင့်တစ်သောင်းသည်စျေးအကြီးဆုံးဖြစ်သည်။
" အဆင့်တစ်ထောင်ထဲကပဲ အရင်ပြကြည့်ပေးပါ....."
လီလော့ ထျန်ရှုစီရင်စုက ရွှေနဂါးဘဏ်တိုက်တွင် အဆင့်တစ်ရာပစ္စည်းများကိုသာတွေ့ခဲ့ရပြီး အဆင့်တစ်ထောင်ဟူ၍ အရေအတွက်အနည်းငယ်သာတွေ့ခဲ့ရသည်။
"ကောင်းပါပြီ...ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ပေးပါ....."
အဆင့်တစ်ထောင်ပစ္စည်းမျိုးကို လိုချင်နေသည်ပြောလိုက်သောအခါ သူမ အတော်ပျော်ရွှင်သွားခဲ့လေသည်။လီလော့တို့လို ချမ်းသာသောဧည့်သည်များကို သူမအတော်သဘောကျနေပြီဖြစ်သည်။
ဝန်ထမ်းအမျိုးသမီးနောက်ကို လိုက်သွားနေသော လီလော့ကို ဒုတိယထပ်တွင်ရှိနေသော မိန်းကလေးတစ်ယောက်က မြင်သွားခဲ့ပြီး လီလော့ကိုမြင်လိုက်သောကြောင့် ပျော်ရွှင်သွားပုံရသည်။