ပျက်စီးနေသော သားမိုက်.....
Vol. 8 Ch. 103
စျေးပြိုင်ပေးနေသူကို လီလော့ ကြည့်လိုက်သောအခါ ဆံပင်အပြာရောင်နှင့်ထိုလူငယ်လေးကလည်း လီလော့ကို ပြန်ကြည့်နေပြီး တရင်းတနှီးပြုံးပြနေသည်။
ထိုအပြုံးသည် အစွယ်ထုတ်ပြနေသည်နှင့်အလားသဏ္ဍာန်တူနေသည်ဟုသာ ခံစားနေရသည်။
" သူက ဘယ်သူလဲ...."
လုချင်းအာ မျက်မှောင်ကြုံ့လိုက်ပြီး ထိုလူငယ်ကို သေချာကြည့်လိုက်ကာ....
" ဒူဇီအိမ်တော်က ပိုင်ရွှမ်း....."
"သူနင့်ကို ပစ်မှတ်ထားပြီးပိုက်ဆံပိုကုန်အောင် စျေးလိုက်မြှင့်နေတာ"
" အော်....သူက ဒူဇီအိမ်တော်ကလား....."
လီလော့ ထိုလူငယ်ဆီကနေ အကြည့်လွှဲလိုက်ပြီး သက်ပြင်းချလိုက်ကာ.....
" လော့လန်အိမ်တော် သခင်လေးလီလော့ ဒူဇီအိမ်တော်သခင်လေး ပိုင်ရွှမ်းထက် ရုပ်ရည်ပိုချောတယ်ဆိုတော့...ငါတို့ တစ်ပွဲတော့နိုင်တယ်ပဲပြောရမှာပေါ့....."
လီလော့ပြောလိုက်သောစကားကြောင့် ဘေးနားက ကောင်လေးပင် မျက်ဖြူစိုက်ချင်သွားခဲ့သည်။
// ဒါဆို အိမ်တော်နှစ်ခုကြားက ရန်ပွဲက ရုပ်ရည်ပေါ်မူတည်ပြီး ဖြစ်နေကြတာပေါ့.....//
လီလော့အကြောင်း ကောင်းကောင်းသိနေသောကြောင့် လုချင်းအာ မရယ်နိုင်သေးပေ။ ပိုင်ရွှမ်းအပေါ် လီလော့ အာရုံစိုက်မိသွားသောကြောင့်သာ ထိုသို့နောက်ပြောင်နေခြင်းဖြစ်သည်။
လီလော့သည် ပိုင်ရွှမ်းကို တခဏလောက်စိုက်ကြည့်ပြီးနောက်......
" ၂၆၀၀၀......"
ပိုင်ရွှမ်းကလည်း ရယ်မောလိုက်ပြီး.....
" ၃၀၀၀၀...."
၃၀၀၀၀အထိ စျေးမြင့်သွားသောအခါ ကျန်ရှိနေသူများပါ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြပြီး ဒူဇီပိုင်ရွှမ်းကို မှတ်မိနေသူအချို့က ထိုသို့မှတ်ချက်ပေးနေကြသည်။
" စျေးပိုပေးလိုက်တဲ့တစ်ယောက်က ဒူဇီအိမ်တော်သခင်လေး ဒူဇီပိုင်ရွှမ်းမဟုတ်လား....."
" သူ ဘယ်သူနဲ့ စျေးပြိုင်ပေးနေတာလဲ...."
" မသိဘူး...အဲ့တစ်ယောက်ကို တစ်ခါမှမတွေ့ဖူးဘူး....."
" လော့လန်အိမ်တော်သခင်လေး လီလော့လေကွာ...မှတ်မိဖို့ခဲယဉ်းတဲ့သူမှမဟုတ်တာ....ဒီလိုဆ်ိုတော့လည်း ပိုင်ရွှမ်း စျေးပြိုင်ပေးနေတာ ထူးဆန်းမနေတော့ဘူး...ရန်ဖက်တွေလာတွေ့နေကြတာကိုး....."
" ဟားးးး လော့လန်သခင်လေး မြို့တော်ကိုစရောက်တဲ့နေ့မှာပဲ ဒူဇီအိမ်တော်က ရှီးယန်ဉက္ကဌကို လုသွားတယ်လေ....သခင်လေးအတွက်တော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းလိုက်သလိုပဲ...... "
" ထိပ်တိုက်တွေ့ကြပြီဆိုတော့ ပွဲကောင်းပြီဟေ့......"
ရာဇဝင်ရန်ဖက်နှစ်ဉီး၏ ရန်ပွဲကို အကုန်လုံးက စိတ်ဝင်စားနေကြပြီဖြစ်သည်။
လုချင်းအာလည်း အတော်လည်း စိတ်ပူနေပြီ ဖြစ်သည်။ တစ်ခုကို သုံးသောင်းဆိုပါက လေးခုအတွက် တစ်သိန်းနှစ်သောင်းကုန်ကြမည်ဖြစ်သည်။ ထိုတန်ဖိုးသည် နည်းပါးသောပမာဏမဟုတ်ပေ။
သို့သော်လည်း လီလော့ကတော့ အလွန်အေးဆေးတည်ငြိမ်နေပြီး ဆိုင်းဘုတ်ကိုမြှောက်လိုက်ကာ....
" ၃၂၀၀၀....."
ဒူဇီပိုင်ရွှမ်းကလည်း အားကျမခံ.....
"၃၇၀၀၀...."
" ၄၀၀၀၀....."
ဒူဇီပိုင်ရွှမ်းစျေးမြှင့်လိုက်တိုင်း အာမေဋိတ်သံများဆူညံကုန်ကြသည်။ ဤသည်မှာ ဒူဇီအိမ်တော်၏ ကြွယ်ဝမှုကို တနည်းတဖုံပြသနေခြင်းဖြစ်သည်။
၄၀၀၀၀ အထိစျေးမြင့်သွားသောအခါ လီလော့ လက်လျှော့လိုက်သည့်အနေဖြင့် ပိုင်ရွှမ်းကို လက်မထောင်ပြလိုက်လေသည်။
လိုသည်ထက်ပို၍ ပေးနေရမည်ဖြစ်သောကြောင့် လီလော့ လေလံဆက်ဆွဲနေရန်မလိုတော့ပေ။
" လီလော့ဆိုတဲ့တစ်ယောက်က ကိုယ့်အတိုင်းအတာ ကိုယ်သိနေသူပဲ....."
နောက်ဆုံးအချိန်ထိ ရူးရူးမိုက်မိုက် စျေးပြိုင်ပေးမည်ထင်ထားသော်လည်း လီလော့ ယခုလိုပညာရှိဆန်ဆန် ရပ်တန့်လိုက်သောကြောင့် နင်းကျောက် ထိုသို့မှတ်ချက်ပေးလိုက်မိသည်။
ဒူဇီပိုင်ရွှမ်းကလည်း မချိပြုံး ပြုံးလိုက်ပြီး.....
"ဟုတ်တယ်....သူက ထင်ထားထက်တောင် ကိုင်တွယ်ရခက်နေသေးတယ်.....ဒီပစ္စည်းလေးခုကိုသာ အိမ်ပြန်သယ်သွားရင် ကျုပ်တော့ ကောင်းကောင်းကြီး အဆူခံရတော့မှာ သေချာတယ်....."
ထိုသို့ပြောနေသည့်တိုင် ပိုင်ရွှမ်း၏ မျက်နှာထားသည် အလွန်ကျေနပ်နေပုံရသည်။
မည်သို့ပင်ဆိုစေ နှစ်ပေါင်းများစွာ အောင်မြင်ကျော်ကြားလာခဲ့သော ဒူဇီအိမ်တော်အတွက် ငွေကြေးပြတ်လတ်သည်ဟူ၍ မရှိခဲ့ပေ။ ထိုသို့သော အိမ်တော်မျိုးကို လော့လန်အိမ်တော်က ယှဉ်နိုင်မည်တဲ့လား.......
"၄၃၀၀၀......"
ထိုအချိန်တွင် ကလေးသံလေးတစ်သံကို ကြားလိုက်ကြရသည်။
အားလုံး စိတ်ဝင်တစားနှင့် လှည့်ကြည့်လိုက်သောအခါ လီလော့ဘေးတွင် ထိုင်နေသော ရှစ်နှစ်သားလေးက ဆိုင်းဘုတ်ကလေးထောင်က အော်လိုက်ခြင်းဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
လီလော့ကိုယ်တိုင်လည်း မယုံနိုင်သောကြောင့် မျက်လုံးပြူး မျက်ဆံပြူးဖြစ်နေခဲ့ရသည်။
" မင်းက ဘယ်မိသားစုရဲ့ အသုံးအဖြန်းကြီးတဲ့ သားဆိုးလေးလဲကွာ...."
" ခင်ဗျားကသာ အသုံးအဖြန်းကြီးတဲ့ သားမိုက်......."
ကောင်လေးကလည်း ပက်ကနဲ ပြန်ပြောလိုက်လေ၏။
ပိုင်ရွှမ်းတစ်ယောက် ကောင်လေးကို ဝေခွဲမရဟန်နဲ့ ကြည့်လိုက်ပြီး နင်းကျောက်ကို လှည့်မေးလိုက်သည်။
" ဘယ်က ကလေးလေးလဲ....."
"မြင်ဖူးသလိိုလိုတော့ရှိတယ်....ငါလည်း သေချာတော့ မမှတ်မိဘူး....လီလော့ ကလေးကိုအသုံးချပြီး မင်းနဲ့ ကစားချင်နေတာလားမသိဘူး......"
" ဟွန့်....လီလော့ကတော့ တစ်ခုခုတော့တစ်ခုခုပဲ..... "
" ၄၅၀၀၀၀....."
ပိုင်ရွှမ်းကို မမှီမကမ်းနဲ့လှမ်းကြည့်နေတဲ့ကောင်လေးက ပိုင်ရွှမ်းဘာပြောနေမှန်းမသိတာကြောင့် လီလော့ကို စူစုပ်စုပ်နဲ့လှမ်းမေးလိုက်သည်။
" ဟိုလူ ကျွန်တော့်ကို ဘာပြောနေတာလဲ....."
လီလော့ ဟန်ပါပါနဲ့မေးစေ့ပွတ်လိုက်ပြီး.....
" သူပြောတာက မင်းကို မျောက်လောင်းလေးကနေ မျောက်ကြီးဖြစ်လာအောင် အိမ်ပြန်ပြီးနို့စို့နေဖို့ပြောနေတာ....."
ထိုစကားကြောင့် ကောင်လေး အတော်ဒေါပွသွားပြီး.....
"၅၀၀၀၀....."
ကောင်လေး၏ ဒေါသတကြီး အော်သံကြောင့် အကုန်လုံးထိတ်လန့်နေကြလေပြီ။ ပစ္စည်းတစ်ခုကို ငါးသောင်းဆိုပါက လေးခုကို နှစ်သိန်းကျသင့်မည်ဖြစ်သည်။ ထိုပမာဏသည် စီးပွားရေးတစ်ခုကောင်းကောင်းလုပ်နိုင်သောပမာဏဖြစ်သည်။
ပိုင်ရွှမ်းပင်လျှင် ထိုစျေးကိုကြားသည့်အခါ တစ်ကိုယ်လုံးတုန်ရီသွားခဲ့ရသည်။ထို့နောက် ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး စျေးပြိုင်မပေးတော့ဘဲ ငြိမ်နေလိုက်လေသည်။
ငွေနှစ်သိန်းဆိုသည်မှာ သူ့အတွက် မပြောပလောက်သော်လည်း မလိုအပ်သောအရာတွက် ထိုမျှအထိ ထုတ်မသုံးချင်သေးပေ။ယ
ထို့အပြင် သူ့ရည်ရွယ်ချက်က လီလော့ကို အနှောက်အယှက်ပေးချင်သည်သာဖြစ်သဖြင့် ထိုပစ္စည်းကို ဘယ်သူ ဝယ် ဝယ်ဂရုစိုက်နေစရာမလိုတော့ပေ။
နောက်ဆုံးမှာတော့ ထိုပစ္စည်းကို ကောင်လေးကသာ လေလံအောင်သွားခဲ့ပြီဖြစ်သည်။
လီလော့ ဘဝမှာ ပထမဆုံးအကြိမ် လေလံဆွဲရာမှာ ရှုံးနိမ့်ခဲ့ရသော်လည်း ကောင်လေးကို စိုးရိမ်မှုမးအပြည့်နှင့်လှည့်ကြည့်လိုက်ပြီး.....
" မင်း အိမ်ပြန်ရောက်ရင် သမခံရတော့မှာပဲ....."
ကောင်လေးက ခေါင်းယမ်းပြလိုက်ပြီး....
" မခံရပါဘူး....."
// ဟမ် ငွေနှစ်သိန်းကို ပက်ကနဲသုံးလိုက်တာတောင် အရိုက်မခံရဘူးဆိုတော့ ဒီကောင်ဘယ်လောက်များချမ်းသာနေတာလဲ.....//
" ဒါပေမယ့် လောလောဆယ် ငွေသားအဲ့လောက်အများကြီးပါမလာဘူး....ခင်ဗျား နည်းနည်းလောက်ချေးပေးပါလား....."
ကောင်လေးက အပြစ်ကင်းစင်သော မျက်လုံးဝိုင်းဝိုင်းလေးများနဲ့ လီလော့ကို ကြည့်ပြီးမေးနေလေသည်။
" ဒီမယ် မိတ်ဆွေလေး...ကလေးတွေဆိုတာ ငယ်တုန်းက အရိုက်ခံထားမှ ကြီးရင်လိမ်မာလာကြမှာ....."
ထိုအချိန်မှာ လီလော့တို့ဆီကို ပိုင်ရွှမ်းရောက်လာပြီး ရင်းနှီးဖော်ရွေသောအပြုံးမျိုး ပြုံးပြနေလေ၏။
" လီလော့.....နောက်ဆုံးတော့ မင်းကို လူကိုယ်တိုင်တွေ့ရပြီပဲ....."
အပြာရောင်ဆံပင်ရှည်များကို သေသပ်စွာစီးနှောင်ထားသော ပိုင်ရွှမ်းသည် မည်မျှပင် ရင်းနှီးဖော်ရွေပုံ ပြုမူနေပါစေ ယုတ်မာသောအတွင်းစိတ်ကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
လီလော့ကလည်း မကောင်းတတ်၍ပြန်နှုတ်ဆက်သည့်အနေဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး.......
" ငါကြားထားတာတော့ မင်းအဖေက ငါ့အဖေကို ဆယ့်ရှစ်ခေါက်တောင် ရှုံးထားတယ်ဆိုပဲ......."
ပိုင်ရွှမ်းတစ်ယောက် ထိုစကားကြောင့် ယင်ကောင်မျိုလိုက်ရသလို ရှုံ့မဲ့သွားသော်လည်း မချိပြုံး ပြုံးလိုက်ပြီး......
"သခင်လေးလီလော့....အတိတ်ကအောင်မြင်မှုတွေကြားမှာပဲ နစ်မြောမနေနဲ့ဉီး....ဒီအတိုင်းသာဆက်သွားရင် နောက်နှစ်လောက်ဆို လော့လန်အိမ်တော်ကို နာမည်ပြောင်းပေးနေရလိမ့်မယ်.....ဒါနဲ့...အတိတ်မှာ ဆယ့်ရှစ်ခေါက်ရှုံးခဲ့တော့ရော ဘာမှုစရာရှိလို့လဲ....ကောလိပ်ကိုရောက်ရင် ရှုံးခဲ့တာထက်ဆယ်ဆလောက် မင်းကို အနိူင်ယူလိုက်လို့ရနေတာပဲ....."
" ချိန်းခြောက်နေတာလား...."
လီလော့ထိုသို့မေးလိုက်သောအခါ ပိုင်ရွှမ်းက.....
" ထင်ချင်သလိုထင်နိုင်တယ်....."
ပိုင်ရွှမ်းက လီလော့နဲ့စကားစစ်ထိုးပြီးသည့်အခါ ကောင်လေးဘက်ကို လှည့်သွားပြီး.....
" လီလော့ မင်းကတော့ ဆလန်သလောက်ပါပေတယ်.....အရူးလို့အခေါ်ခဲ့ဆိုးတာနဲ့ ကြုံရာကလေးတစ်ယောက်ကိုပါ ခေါ်အသုံးချလိုက်သေးတယ်.....ဘာပဲဖြစ်ဖြစ် မင်း လေလံပစ္စည်းအတွက် ပိုက်ဆံပေးရတော့မယ်မဟုတ်လား....."
ထိုအချိန်တွင် နင်းကျောက်နှင့်အတူ လေလံပွဲတာဝန်ခံတစ်ယောက်ပါ လီလော့တို့ဆီရောက်လာခဲ့ကြသည်။
တာဝန်ခံက လက်ထဲတွင် လေလံအောင်သွားသည့် ပစ္စည်းများကို ကိုင်ထားပြီး......
" ဧည့်သည်လေး...ကျေးဇူးပြုပြီး ငွေပေးချေပါဉီး....."
ကောင်လေးက မျက်တောင်တချက်မခတ်ဘဲ အိတ်ထဲကနေ နှစ်သောင်းတန် ချက်လက်မှတ်တစ်စောင်ထုတ်ပေးလိုက်ပြီး....
" ရော့...ပါသမျှအကုန်ပဲ....."
တာဝန်ခံ ရှုံ့မဲ့သွားပြီး......
"မနောက်ပါနဲ့ ဧည့်သည်လေးရယ်....."
ပိုင်ရွှမ်းကလည်း မီးလောင်ရာလေပင့်ဆိုသလို........
"လီလော့....အရှက်မကွဲချင်ရင် မြန်မြန် ထုတ်ပေးလိုက်တော့လေကွာ....."
ထိုအခါ ကောင်လေးက မျက်မှောင်ကြုံ့လိုက်ပြီး......
" ဒီပစ္စည်းကို ကျွန်တော် လေလံအောင်ထားတာဖြစ်တဲ့အတွက် သူနဲ့ဘာမဆိုင်ဘူး....ခဏလေးစောင့်ပေး....တစ်ယောက်ယောက်ကို ပိုက်ဆံလာပို့ခိုင်းလိုက်မယ်....."
လုချင်းအာကလည်း မနေသာတော့ဘဲ......
" လီလော့နဲ့ ဒီကလေးက ဘာမှမဆိုင်ကြဘူး....."
နင်းကျောက်က စိတ်မရှည်တော့သည့်အနေဖြင့်......
" ချင်းအာ....လေလံခန်းမထဲကိုဝငိလာကတည်းက သူတို့နှစ်ယောက်အတူထိုင်ပြီး စကားပြောနေကြတာကို အကုန်လုံး မြင်တယ်....ဒါနဲ့တောင် ဘာမှမဆိုင်ဘူးလို့ ပြောနေသေးတယ်......"
" လေလံခန်းမရဲ့ စည်းကမ်းအရဆို အသက်ဆယ်နှစ်အောက်ကလေးတွေကို လေလံဆွဲဖို့ ဆိုင်းလးဘုတ်မပေးရဘူး....ဒါနဲ့တောင် လေလံဆွဲဖို့ ခွင့်ပြုပေးလိုက်တယ်ဆိုတော့ ကျွန်မတို့လေလံခန်းမရဲ့ အမှားဖြစ်နေပြီ......"
လုချင်းအာ ချက်ကျလက်ကျပြောလိုက်သည့်စကားကြောင့် ဝန်ထမ်းအားလုံး ဇောချွေးပျံနေကြလေပြီ။
" ကြည့်ရတာ ဒီပစ္စည်းက လေလံအောင်သွားတယ်ဆိုပေမယ့် ပြသာနာတွေရှိတဲ့အတွက် ပစ္စည်းပြန်သိမ်းပြီး မနက်ဖြန်ကျမှ လေလံပြန်တင်မယ်....."
" သခင်မလေးချင်းအာ....မင်း အရမ်းဘက်လိုက်နေတယ်လို့ မထင်မိဘူးလား...."
လုချင်းအာဘက်က ပြေလည်ရာပြေလည်ကြောင်း ဝင်ညှိပေးသော်လည်း ပိုင်ရွှမ်းက ပြသာနာရှာချင်သူပီပီ ဝင်နှောက်နေပြန်သည်။
ထိုအခါ နင်းကျောက်ကလည်း......
" ဟုတ်တယ် ချင်းအာ....သူပြောတာမှန်တယ်....."
" ဘာဆိုင်လို့လဲ ဒါက လေလံခန်းမရဲ့ အမှားပဲလေ"
လုချင်းအာဘက်က လျှော့မပေးသည့်အခါ ပိုင်ရွှမ်း ကောင်လေးကို ဂုတ်ကနေ လှမ်းဆွဲလိုက်ပြီး......
" လာစမ်း....ဒီပြသာနာကို မရှင်းပြီးမချင်း ဘယ်သူမှ မပြန်ကြနဲ့......"
လီလော့ လှမ်းတားဖို့ပြင်လိုက်စဉ်မှာ လီလော့ထက်ပိုမြန်သော လက်တစ်ဖက်က ပိုင်ရွှမ်းရဲ့ လက်ကောက်ဝတ်ကို အားပြင်းစွာ ကုတ်ဆွဲသွားခဲ့သည်။
" ဘယ်ကောင် အတင့်ရဲနေတာလဲ....."
ပိုင်ရွှမ်းမော့ကြည့်လိုက်သည့်အခါ ကောင်လေး၏အနောက်တွင် ခပ်ပိန်ပိန်လူတစ်ယောက်ရပ်နေသည်ကို မြင်လိုက်ရပြီး ထိုသူ၏အေးစက်သောအကြည့်များကြောင့် ကျောရိုးတစ်ခုလုံးစိမ့်တက်လာလေသည်။
"ကောင်းကောင်းပြောနေရင်းကနေ လက်ပါခြေပါတွေ လုပ်တယ်ဆိုတော့ မင်းတို့ဒူဇီအိမ်တော်ကလူတွေကို မိဘတွေမဆုံးမထားကြဘူးလား......"