ကျန်းချင်းအာ၏သတိပေးချက်.....
Vol. 8 Ch. 105
ရွှေရထားလုံးထဲတွင်..........
ဧကရာဇ်ငယ်လေး၏ မျက်နှာထက်က သွေးကြောများ အရင်ထက်ပိုလျော့သွားပြီး အသက်ရှူရတာလည်း ယခင်ကထက် ပိုအဆင်ပြေလာပုံရသည်။
အသက်ရှူရတာ ပိုအဆင်ပြေလာသည့်အတွက် ဧကရာဇ်ငယ်လေး ပျော်ရွှင်လာပြီး.....
" သူ မလိမ်ခဲ့ဘူးပဲ....."
ထိုစကားကြောင့် မင်းသမီးကြီးလည်း မှင်သက်နေရာကနေ သတိပြန်ဝင်လာပြီး......
"အဲ့တာဘာအရည်တွေလဲ.... ဘယ်သူပေးလိုက်တာလဲ...."
" ကျွန်တော် ချောင်းဆိုးနေတာကိုမြင်ပြီး လီလော့က သက်သာချင်ရင်သောက်လိုက်ဆိုပြီးပေးလိုက်တာ....."
" မမ...တကယ်ဆို ကျွန်တော်လည်း မသောက်ချင်ပါဘူး....နေရတာအရမ်းခက်လာလို့သာ သောက်လိုက်တာပါ....."
" လီလော့...."
ကုန်းယုလွမ်သည် ဧကရာဇ်လက်ထဲက ပုလင်းကို ယူလိုက်ပြီး ကျန်ရှိနေသေးသည့် အရည်တစ်ချို့ကို လက်ထဲလောင်းချပြီး စစ်ဆေးကြည့်လိုက်သည့်အခါ.....
" ထူးဆန်းလိုက်တာ....ဒါတွေက ရေပဲ့တင်ထပ်သံစွမ်းအားကို သန့်စင်ထားတဲ့ ရေအရင်းမြစ်လို့ ထင်ရပေမယ့် မယုံနိုင်လောက်အောင်သန့်စင်လှချည်လား...."
ရေပဲ့တင်ထပ်သံ၏ အစွမ်းသတ္တိသည် ကုသနိုင်စွမ်းကောင်းမွန်သည်မှာ မှန်သော်လည်း ဧကရာဇ်ငယ်လေးကို ကုသပေးရန် ရေပဲ့တင်ထပ်သံပညာရှင်များကို ငှားရမ်းခဲ့သော်လည်း လီလော့၏ ရေအရင်းမြစ်လောက် အစွမ်းမထက်ခဲ့ကြပေ။
ဘာ့ကြောင့် လီလော့ရဲ့ရေအရင်းမြစ်ကအစွမ်းထက်နေရသလဲ.....
လီလော့၏ ရေအရင်းမြစ်သည် ဧကရာဇ်ငယ်လေး အရင်သောက်သုံးနေကြဆေးဝါးများကဲ့သို့ပင် အစွမ်းထက်နေသည်။
" နောက်ဆို ဘာမှန်းမသိတာတွေ လျှောက်မသောက်ရဘူးနော်....ကိုယ့်ကိုကိုယ် ရှင်ဘုရင်ဆိုတာလေးလဲ သတိထားဉီး....နန်းတော်ထဲမှာဆိုလည်း သွေးသားရင်းချာမောင်နှမဆိုလို့ မမနဲ့မောင်လေးပဲရှိတာ....ဘယ်သူ့ကိုမှမယုံနဲ့......"
ဧကရာဇ်ငယ်လေးက အစ်မဖြစ်သူ၏ ဆုံးမစကားများကို သေချာနားထောင်ပြီးနောက် အနားယူရန် လှဲလျောင်းနေလိုက်တော့သည်။
အိပ်ပျော်သွားသော မောင်ငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကုန်းလွမ်းယုတစ်ယောက် လီလော့ပေးထားသော ပုလင်းလေးကို သေချာစွာ စစ်ဆေးလိုက်ပြန်သည်။
ထို့နောက် သူမ၏ ဖီးနစ်သဏ္ဍာန် မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ချို့ ဖြတ်ကနဲလင်းလက်သွားခဲ့လေသည်။
" လီလော့......"
" လော့လန်အိမ်တော်သခင်လေးက ထင်ထားတာထက်တောင် ထူးဆန်းနေပါလား....."
........... ........................ .......... ........................
ညကောင်းကင်အောက်တွင် လော့လန်ပင်မစံအိမ်သည် နွေးထွေးအေးချမ်းလျက်ရှိနေသည်။
လသာဆောင်ထဲတွင်......
လီလော့သည် ယနေ့ဝယ်ယူလာသော ပစ္စည်းလေးခုကို ခြောက်ရောင်ခြယ်လှည်းဘီးထဲ ဖြည့်သွင်းဖို့ပြင်နေစဉ်တွင် ခပ်လှမ်းလှမ်းတွင်ရပ်နေသည့် ကျန်းချင်းအာကို ပြတင်းပေါက်ကြားကနေ လှမ်းမြင်လိုက်ရသည်။
ထို့ကြောင့် ပြတင်းပေါက်ကို သေချာဖွင့်ကြည့်လိုက်သည့်အခါ ကျန်းချင်းအာသည်
အဆောင်နှစ်ခုကို ဆက်သွယ်ထားသည့် တံတားလေးပေါ်တွင် ရပ်နေသည်ကို မြင်နေရသည်။
လီလော့ ပြတင်းပေါက်ကနေ ခုန်ဆင်းလိုက်ပြီး ကျန်းချင်းအာရှိရာဆီသွားခဲ့လိုက်သည်။
ကျန်းချင်းအာသည် ပေါ့ပါးသော ညအိပ်ဂတ်စုံကို ဝတ်ဆင်ထားသောလည်း လှပသောခန္ဓာကိုယ်ကောက်ကြောင်းများကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။
ရေချိုးပြီးကာစဖြစ်သောကြောင့် ကျန်းချင်းအာ၏ ဆံပင်များ ယခုထိစိုစွတ်နေပြီး မျက်တောင်ဖျားတွင်လည်း ရေစက်များခိုသီးနေသည်။ယခုချိန်တွင် သူမသည် သာမန်အချိန်လို အေးစက်မာကျောမနေဘဲ တစ်မျိုးတစ်ဖုံနူးညံ့သိမ်မွေ့နေပါသည်။
" နင့် ညအိပ်ဝတ်စုံလေးက ချစ်ဖို့ကောင်းသားပဲနော်...."
ကျန်းချင်းအာ၏ ဝတ်စုံပေါ်တွင် အဖြူရောင်ဘဲရုပ်လေးများကို ချည်ထိုးထားသောကြောင့် လီလော့ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ချစ်စဖွယ်ကောင်းသော အဖြူရောင်ဘဲရုပ်လေးများသည် ကျန်းချင်းအာနှင့် မည်သို့မျှလမှိုင်းမကပ်နိုင်ပေ။
လီလော့၏ အပြောကြောင့် ကျန်းချင်းအာ ဂုဏ်ဆာနေသော အပြုံးမျိုးပြုံးလိုက်ပြီး.......
" ချစ်ဖို့ကောင်းမှာပေါ့....ဒါက ငါ့ဆရာရဲ့မိန်းမ ငါ့အတွက်သီးသန့်ချည်ထိုးပေးခဲ့တာကိုး....."
" ဟူးး ငါ့အမေရဲ့ လက်မှုပညာစွမ်းရည်ကလည်း ဆိုးဝါးလိုက်တာ....."
ကျန်းချင်းအာက လီလော့ကို လှမ်းရိုက်လိုက်ပြီး.....
" ငါ့ဆရာရဲ့မိန်းမကို ဝေဖန်မနေစမ်းနဲ့...."
လီလော့ ရယ်မောလိုက်ပြီး ညကောင်းကင်ကြီးကို မော့ကြည့်လိုက်ကာ.....
" အစ်မချင်းအာ.....မြင့်မြတ်တဲ့စစ်ပွဲဆိုတာ ဘာလဲ....."
" နင် ကောလိပ်ကိုရောက်ရင် သိလာပါလိမ့်မယ်......"
"ငါ့မိဘတွေ အဆင်ပြေလောက်တယ်မလား....."
" အင်း...သူတို့တွေ အဆင်ပြေမှာပါ....."
" ငါလည်း အဲ့လိုပဲထင်ပါတယ်....."
" လီလော့...နင်ဘာမှစိတ်မပူနဲ့....ဆရာသခင်တို့လင်မယား ဒီမှာမရှိရင်တောင် နင့်ကို ဘယ်သူမှ အနိူင်မကျင့်စေရဘူး..."
" နင် ငါ့ကို ကလေးလိုဆက်ဆံမနေပါနဲ့....."
"သေချာကြည့်လိုက်တော့မှ သိတယ်..... နင်လည်း ကလေးမဟုတ်တော့ဘူးပဲ....."
ထို့နောက် လီလော့ သူမကို ရွှေနဂါးဘဏ်တိုက်တွင်ဖြစ်ပျက်ခဲ့သမျှတိုင်းကိုပြောပြလိုက်သည်။
"အိုးးး..."
ဖြစ်ကြောင်းကုန်စင်နားထောင်ပြီးနောက် ကျန်းချင်းအာ၏ အမူအရာများ မဆိုသလောက် ပြောင်းလဲသွားခဲ့လေသည်။
"နင်ပြောတဲ့အတိုင်းဆို ကောင်လေးရဲ့ကိုယ်ရံတော်က ကောင်းကင်နစ်မြှပ်ခြင်းစစ်သူကြီးအဆင့်လောက်ရှိတယ်ပေါ့..... ပြီးတော့ ဉက္ကဌယုဟုန်ရှီ ကိုယ်တိုင် ကောင်လေးကို မျက်နှာပေးတဲ့အနေနဲ့ လေလံပစ္စည်းတွေလက်ဆောင်ပေးလိုက်သေးတယ်...အမှန်တိုင်းပြောရရင် ထိပ်တန်းစံအိမ်ငါးခုစလုံးက သခင်လေးတွေတောင် ဒီလို အခွင့်ရေးမျိုးမရနိုင်ဘူး....."
" ရှပြည်ထောင်စုတစ်ခုလုံးမှာ ဒီလိုအခွင့်ရေးမျိုးရနိုင်တဲ့သူ တစ်ယောက်တည်းပဲရှိတယ်...အဲ့တာ ရှပြည်ထောင်စုရဲ့ဧကရာဇ်ပဲ....."
လီလော့အတော်ပင် ထိတ်လန့်သွားရလေသည်။
" ဟမ်.....ဒါဆို ဟိုမျောက်လောင်းလေးက ရှပြည်ထောင်စုရဲ့ဧကရာဇ်ပေါ့....."
လီလော့သည် ဧကရာဇ်အပေါ် မလေးမစားပြုမူမိခဲ့သည့်အတွက် သေလောက်အောင် ထိတ်လန့်နေပါပြီ။ အကယ်၍ ဧကရာဇ်ဘက်ကသာ အငြိုးထားမည်ဆိုပါက မလွဲဧကန် ဒုက္ခရောက်ရပေတော်မည်။
" လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က အရင်ဧကရာဇ်နတ်ရွာစံသွားတော့ လက်ရှိဧကရာဇ်က အသက်ငယ်ငယ်လေးနဲ့ အရိုက်ရာဆက်ခံလိုက်ရတယ်.....လက်ရှိမှာ တိုင်းရေပြည်ရာကိစ္စတွေကို မင်းသမီးကြီး ကုန်းလွမ်ယုကပဲ ကိုင်တွယ်ဖြေရှင်းပေးနေရတယ်....."
" မင်းသမီးကြီးကလည်း ငါတို့ ကြယ်တာယာခရီးရှည်ကောလိပ်မှာ ကျောင်းတက်နေတယ်...သူက ကြယ်လေးပွင့်ခန်းမရဲ့ အသန်မာဆုံးကျောင်းသူ....."
"ဒါဆို နင်တို့နှစ်ယောက် ယှဉ်ရင် ဘယ်သူပိုအဆင့်မြင့်လဲ...."
"ကောလိပ်မှာ ပညာသင်နှစ်တွေကို ကြယ်တစ်ပွင့်ကနေ ကြယ်လေးပွင့်အထိသတ်မှတ်ပေးထားတယ်....တစ်နှစ်ကိုကြယ်တစ်ပွင့်တိုးသွားတယ်ဆိုတော့ ငါက မင်းသမီးကြီးထက် တစ်ဆင့်နိမ့်တယ်....ခွန်အားချင်းယှဉ်ရင်တော့ သူဘက်က ပိုသာတယ်...ဒါပေမယ့်နောက်နှစ်လောက်ဆို ငါသူ့ကို လိုက်မှီနိုင်လောက်ပြီ....."
" ဒါနဲ့ စကားမစပ်ပြောရဉီးမယ် .......နောက်ဆယ်ရက်လောက်နေရင် ကျောင်းပြန်ဖွင့်တော့မယ်...နင်တို့လိုကျောင်းသားသစ်တွေကတော့ ဆရာရွေးချယ်ပွဲအတွက် ပြိုင်ပွဲဝင်ရလိမ့်မယ်....."
" ကောလိပ်မှာ ဆရာတွေကို ငွေအဆင့်၊ ရွှေအဆင့်နဲ့ ခရမ်းအဆင့်ဆိုပြီး အဆင့်သုံးဆင့်သတ်မှတ်ထားတယ်....ခရမ်းအဆင့်ဆရာတွေကတော့ အသန်မာဆုံးပေါ့...."
" အသန်မာဆုံးဆရာကိုရွေးဖို့လိုတယ်ဆိုတာ သေချာမှတ်ထား....သန်မာတဲ့ဆရာလက်အောက်မှာနေရင် တခြားသူတွေထက် အရင်းမြစ်တွေပိုရနိုင်တယ်...ကောလိပ်ကပေးတဲ့အရင်းမြစ်တွေက ရှပြည်ထောင်စုမှာရှိတဲ့ အရင်းမြစ်တွေထက်ပိုကောင်းတယ်..."
ကျန်းချင်းအာ ပြောပြပေးနေသည့်အချက်များကို လီလော့ သေချာမှတ်သားနေခဲ့ပါသည်။ခရမ်းအဆင့်ဆရာတစ်ဉီး၏အဆင့်သည် မြို့စားအဆင့်တွင်ရှိနေသည်ဖြစ်သောကြောင့် အတော်ပင်ထိတ်လန့်စရာကောင်းနေပြီဖြစ်သည်။
" ဘယ်သူ့ကို ဆရာတင်ရမယ်ဆိုတာ အချိန်တန်ရင် နင်ဘာသာနင် နားလည်လာလိမ့်မယ်....ခရမ်းအဆင့် ဆရာငါးယောက်ထဲမှာ နင့်အတွက် လုံးဝမရွေးချယ်သင့်တဲ့သူတစ်ယောက်ရှိနေတယ်....."
" ဘယ်သူလဲ....."
" သူက ခရမ်းအဆင့်ဆရာတစ်ယောက်ဖြစ်တဲ့ ရှန်ကျင်းရှောင်......"
" ဘာလို့လဲ...."
" ငါ ကောလိပ်မှာ ကျောင်းစတက်တုန်းက သူ့ကိုဆရာအဖြစ်ရွေးခဲ့ဖူးတယ်....အချိန်ကြာလာတော့ သူငါ့ကို ကြိုက်နေတယ်လို့ ဖွင့်ပြောလာတယ်...ဒါနဲ့ ငါလည်းကျောင်းအုပ်နဲ့သွားတိုင်ပြီး ဆရာပြောင်းလိုက်တယ်...."
" ခရမ်းအဆင့် ဆရာတွေတောင်ကျရှုံးရတယ်ဆိုတော့ အစ်မချင်းအာရဲ့ လှပမှုကတော့ သြချလောက်ပါပေတယ်...."
" သူ့ဘာသာသူ ခရမ်းအဆင့်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါက မွေးကတည်းက အဆင့်ကိုးအလင်းပဲ့တင်ထပ်သံပါလာပြီးသားဆိုတော့ လူကောင်း လူဆိုးမှန်း ကောင်းကောင်းသိနေပြီးသား ....အဲ့လူအကျင့်မကောင်းမှန်းသိနေလို့ ဝေးဝေးနေလိုက်တာအကောင်းဆုံးပဲ....."
လီလော့ မသက်မသာနဲ့သာ ခေါင်းညိတ်လိုက်ရရှာသည်။
// ဟူး ရည်းစားလုဘက်ဆိုလို့ ထူးချွန်ကျောင်းသားလောက်ပဲထင်ထားတာ...အခုတော် ခရမ်းအဆင့်ဆရာ ဖြစ်နေပါရောလား....//
ငါ့ရဲ့အဖြူရောင်ဘဲလေးက သိပ်ကိုဒုက္ခများစေတာပဲနော်......