တော်ဝင်သစ်စေး
Vol. 8 Ch. 109
ပေါင်ပေါင့်စကားကြောင့် လီလော့ နှလုံးရပ်မတတ်ပင် ထိတ်လန့်သွားခဲ့မိသော်လည်း အားတင်းလိုက်ပြီး.....
"ဉီးလေးပေါင်...ဘာပဲဖြစ်ဖြစ် အားမနာဘဲ ပြောပြပေးပါ...."
ဘေးနားတွင်ရှိနေသော ကျန်းချင်းအာသည်လည်း လက်သီးကို တင်းနေအောင်ဆုပ်ထားပြီး ပေါင်ပေါင် ပြောလာမည့်စကားများကို သေချာနားစွင့်နေသည်။
"သခင်လေး ခန္ဓာကိုယ်ထဲမှာ ထူးထူးဆန်းဆန်း လစ်ဟာနေသလိုများ မခံစားမိဘူးလား ....တမျိုးတော့မထင်လိုက်ပါနဲ့....သခင်လေး အခုချိန်မှာ အရေးကြီးတဲ့အရာတစ်ခုကို ဆုံးရှုံးထားရတယ်...."
လီလော့ မျက်မှောင်ကြုံလိုက်မိသည်။
//ဒါဆို ပေါင်ပေါင် ပြောချင်တဲ့သဘောက သက်တမ်းလျော့သွားတာမဟုတ်ဘဲ အရေးကြီးတဲ့ အရာတစ်ခုဆုံးရှုံးသွားတယ်ပေါ့....//
" အခုလို ရုပ်ပိုင်းဆိုင်ရာအခြေနေနဲ့ သခင်လေး ဘယ်လိုမှကျင့်ကြံလို့ရမှာမဟုတ်သေးဘူး....."
ဤသည်မှာ လီလော့အတွက် သေဒဏ်ချမှတ်လိုက်သလိုပင်.....
ပထမအကြိမ် ပဲ့တင်ထပ်သံရယူစဉ်က လူ့သက်တမ်းအချို့ ကုန်ဆုံးခဲ့ရပြီး အသက်ရှင်ရန် ငါးနှစ်သာ ကျန်ရှိနေတော့ချိန်တွင် အခုလိုကျင့်ကြံ၍ မရတော့ပြီ ဆိုသောကြောင့် သေမည့်ရက်ကို ထိုင်စောင့်နေရပေတော့မည်။
ထိုစကားများကို လီလော့ မယုံနိုင်ခဲ့သလို ယုံလည်း မယုံချင်ခဲ့ပေ။ ပေါင်ပေါင့်စကားများ မှန်ကောင်းမှန်နေနိုင်သော်လည်း သူ့ထံတွင် ရေအလင်းပဲ့တင်ထပ်သံနှင့် မြေသစ်သားပဲ့တင်ထပ်သံရှိနေသောကြောင့် အချိန်ယူပြီး ကုသပါက ပြန်လည်သက်သာနိုက်ချေရှိပါသေးသည်။
ထို့ကြောင့်လည်း မိဘများက ရေအလင်းပဲ့တင်ထပ်သံကို ရယူပြီးနောက် မြေသစ်သားပဲ့တင်ထပ်သံရယူရန် တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။
ထိုပဲ့တင်ထပ်သံနှစ်ခုကိုသာ ပိုင်ဆိုင်ထားပါက ပြင်းထန်သော အကျိုးသက်ရောက်မှုများကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်လိမ့်မည်။
သို့သော်လည်း လီလော့တွင် အချိန်သတ်မှတ်ချက်ရှိနေသောကြောင့် ပြန်လည်သက်သာလာရန် အချိန်ကြာကြီးမယူနိုင်သေးပေ။
" တခြားနည်းလမ်းမရှိတော့ဘူးလား ဉီးလေးပေါင်....."
တိတ်ဆိတ်နေမှုကို ကျန်းချင်းအာက စတင်ဖြိုခွင်းလိုက်သည်။
ပေါင်ပေါင်က သူ့ကတုံးပြောင်ပြောင်ကြီးကို ပွတ်သပ်လိုက်ပြီး.....
"တခြားလူတွေအတွက် မဖြစ်နိုင်ရင်တောင် ကျုပ်မှာ ဖြေရှင်းနည်းတစ်ခုတော့ရှိတယ်....."
"မြို့စားအဆင့်အောက် ကျင့်ကြံသူတွေရဲ့ အမြူတေကို အားဖြည့်ပေးတဲ့ ကောင်းကင်မြေကြီးအဟာရပြည့်ဝိဉာဉ်ရည်ဆေးအနှစ်ဆိုတာတော့ရှိတယ်...."
ဆေးစွမ်း မစွမ်းမသိရသေးပေမယ့် ဆေးနာမည်နှင့်တင် အတော်အားပြည့်နေလေပြီ။
လီလော့က ပေါင်ပေါင့်ကိုအားကိုးတကြီး ကြည့်လိုက်ပြီး.....
" ဉီးလေးပေါင်....ကျွန်တော်အနာဂတ်ကို ဉီးလေးပေါင်လက်ထဲ ထည့်လိုက်ပါပြီ....."
" သူစိမ်းတွေမှ မဟုတ်တာ...ဒီနွားသိုးကြီးက သခင်လေးအတွက်ဆို ဘာမဆိုလုပ်ပေးဖို့အဆင့်ပါပဲ....."
" ဒါဆို ဉီးလေးပေါင် ဘယ်တော့လောက် ဆေးဖော်ပေးမလဲ... "
ကျန်းချင်းအာ ထိုသို့မေးလိုက်သောအခါ....
" ဆေးအနှစ်ထဲမှာ ပါဝင်ပစ္စည်းတွေအများကြီးထည့်ရတာဆိုတော့ ပစ္စည်းစုံအောင် အချိန်တစ်ခုတော့ပေးပြီးရှာရဉီးမယ်...."
" အဲ့အတွက်မပူနဲ့....လော့လန်အိမ်တော်ကညအမဲလိုက်သမားတွေခေါ်ပြီး ရှာခိုင်းထားလိုက်မယ်....."
ကျန်းချင်းအာကို ပေါင်ပေါင်က ခေါင်းညိတ်ပြလိုက်ပြီး....
" ဒါပေမယ့် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုရှိသေးတယ်....ပြီးတော့ ရှာရလဲ အရမ်းခက်တယ်...."
" ဘာများလဲ...."
" တော်ဝင်သစ်စေးက ကောင်းကင်နဲ့မြေကြီးစွမ်းအင်တွေပေါကြွယ်ဝတဲ့နေရာမှာပဲတွေ့နိုင်တဲ့ ရှားပါးတဲ့ရတနာတစ်ပါးပါ....သူ့ကို တိုက်ရိုက်စားသုံးမယ်ဆို အဆင့်ရှစ်ဝိဉာဉ်ရည်လို အစွမ်းထက်ပြီး အဆင့်ကိုးဝိဉာဉ်ရည်သန့်စင်တဲ့နေရာမှာလည်း သုံးလို့ရသေးတယ်....."
ပေါင်ပေါင်၏ ရှင်းပြမှုကြောင့် လီလော့အတော်ပင်အံ့သြနေခဲ့မိသည်။ထိုသို့သောရတနာမျိုးကို ဘယ်အရပ်ကနေသွားရှာရမည်နည်း။
"ဟားး ဟားး မပူပါနဲ့....တခြားလူတွေအတွက်ရှာရခက်ပေမယ့် သခင်လေးအတွက်က လွယ်ပါတယ်...."
" ဘာလို့လဲ ....."
" ဘာလို့လဲဆိုတော့ တော်ဝင်သစ်စေးကို ကြယ်တာတာခရီးရှည်ကောလိပ်တစ်ခုတည်းကပဲ ထုတ်လုပ်ပေးနေလို့ပေါ့....ငါတစ်ခါ ရထားဖူးသေးတယ်...အကုန်သုံးလိုက်မိပြီ....."
ကြောင်တိကြောင်တောင် ဖြစ်နေသောလီလော့ကိုကြည့်ပြီး ကျန်းချင်းအာက.....
" နင် ရှန်းလိသစ်ပင်ကိုတော့ သိတယ်မလား....နန်ဖန်မှာရှိတဲ့ ရှန်းလိသစ်ပင်က ကောလိပ်က သစ်ပင်တွေနဲ့ယှဉ်ရင် အပင်ပေါက်သာသာလောက်ပဲရှိလိမ့်မယ်....ကောလိပ်မှာရှိတဲ့အပင်တွေရဲ့ အကိုင်းအခက်ရဲ့အရွက်တွေက ကောလိပ်တစ်ဝက်လောက်ကို ဖုံးအုပ်ထားတာ...သူတို့တွေ ပေါက်ရောက်နေတဲ့နေရာက ရှပြည်ထောင်စုတစ်ခုလုံးရဲ့ ကောင်းကင်နဲ့မြေကြီးစွမ်းအင်တွေ အကြွယ်ဝဆုံးနေရာဖြစ်နေတယ်လေ....အဲ့တာကြောင့် ငါတို့ကောလိပ်တစ်ခုတည်းကသာ တော်ဝင်သစ်စေးထုတ်လုပ်ပေးနိုင်တာ....."
" ပြီးတော့ ကောလိပ်မှာက အရေးကြီးတဲ့မစ်ရှင်တွေ၊ ပြိုင်ပွဲတွေမှာ တော်ဝင်သစ်စေးကို ဆုလာဒ်အနေနဲ့ ပေးလေ့ရှိတယ်.....နင် ကောလိပ်ကိုရရင် ဒါမျိုးအခွင့်ရေးတွေရလာလိမ့်မယ်....အဲ့အခါကျရင် လုံးဝလက်လွတ်မခံနဲ့....ငါလည်း နင့်အတွက် ကူရှာပေးထားမယ်...."
" ဟူး...အစ်မကြီးချင်းအာက တကယ်သဘောကောင်းတယ်နော်.....ကိုယ့်ကိုကိုယ် အစ်မကြီးချင်းအာဆီ ပုံအပ်လိုက်ချင်ပေမယ့် ကျွန်တော်တို့က စေ့စပ်ပြီးသားဖြစ်နေပြီလေ....."
" ပေါက်ကရတွေပြောမနေနဲ့....."
စနောက်ကျီဆယ်နေသည့် စုံတွဲကြောင့် ပေါင်ပေါင် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းပြီး ထွက်သွားလေတော့သည်။
လီလော့က ထွက်ခွာသွားသည့် ပေါင်ပေါင်ကို ငေးကြည့်နေပြီး......
" ပေါင်ပေါင်က ဗဟုသုတရှိတယ်နော်...."
တစ်စုံတစ်ခု လစ်ဟာနေမှန်းသိလိုက်သည်နှင့်တစ်ပြိုက်နက် ပေါင်ပေါင်က ကုသရန်နည်းလမ်းကို လက်တန်းပြောပြနိုင်သည်ဆိုခြင်းမှာ တိုင်ဆိုင်မှု လုံးဝမဖြစ်နိုင်ပေ။
"ဟုတ်တယ်...ဉီးလေးပေါင်က သခင်ကြီးတို့လင်မယား ချန်ထားပေခဲ့တဲ့ လျှို့ဝှက်လူယုံတော်တွေထဲက တစ်ယောက်ဖြစ်မယ်ထင်တယ်.....ဒါပေမယ့် ဉီးလေးပေါင်က အိမ်တော်အရေးကိစ္စတွေကို တခုမှ မမေးဖူးဘူး...."
သူ၏ ဒုတိယမြောက်ပဲ့တင်ထပ်သံဖန်တီးရာတွက်ဖြစ်လာနိုင်မည့် အကျိုးဆက်များကို မိဘများက ကြိုတင်တွက်ဆခဲ့ပုံရသည်။
" နင် ဉီးလေးပေါင်အကြောင်းကို အများကြီးလျှောက်တွေးမနေနဲ့ ....သူက တကယ် အရည်ချင်းရှိတာပဲလား ဒါမှမဟုတ် နည်းနည်းပါးပါးဗဟုသုတရှိတာပဲလား ငါတောင် သေချာသိသေးတာမဟုတ်ဘူး....နင်သာ လော့လန်အိမ်တော်ကို တခြားလူအကူအညီမပါဘဲ ကိုယ့်ခွန်ကိုယ်အားနဲ့ စောင့်ရှောက်ချင်တယ်ဆို ဒါမျိုးတွေကို အရေးစိုက်နေမယ့်အစား အတတ်နိုင်ဆုံး တိုးတက်လာအောင်ပိုကြိုးစားသင့်တယ်...."
လီလော့ ခေါင်းညိတ်၍သာ ပြုံးပြလိုက်သည်။
" ဒါဆိုလည်း ကောင်းကောင်းအနားယူလိုက်ဉီး....သိပ်ကြာခင်ကျောင်းပြန်ဖွင့်တော့မယ်....ငါ သတိပေးထားတာတွေကိုလည်း မေ့မနေနဲ့ဉီး....."
" ဟူးးး မကြာခင်ကျောင်းတက်ရတော့မှာပါလား....."
" ဒါနဲ့စကားမစပ်.....အစ်မကြီးချင်းအာက ကျောင်းမှာ နာမည်ကြီးတယ်ဆိုတော့ ငါ့ကို အနိုင်ကျင့်မယ်သူတွေရှိနေမှာပေါ့နော်...."
" သရဖူကိုလိုချင်ရင် ဖိအားတွေကိုလည်း ခံနိုင်ရည်ရှိရမယ်...နင် ငါနဲ့စေ့စပ်ထားတယ်ဆိုမှတော့ ဒါနဲ့သက်ဆိုင်တဲ့ဖိအားတွေကိုလည်း ခံနိုင်ရည်ရှိရမှာပေါ့...."
" ငါအစောကြီးကတည်း စေ့စပ်ပွဲဖျက်သိမ်းဖို့ ပြောထားရက်သားနဲ့....."
" စေ့စပ်ပွဲဖျက်သိမ်းဖို့ အဝေးကြီးလိုသေးတယ်....စိတ်မပူစမ်းပါနဲ့...ကျောင်းမှာ နင့်ကို အနိူင်ကျင့်တဲ့သူတွေရှိလာရင် ငါ သူတို့ကိုနင့်ကိုယ်စားရိုက်ပေးပါ့မယ်...."
ကျန်းချင်းအာက လီလော့ရဲ့ခေါင်းကို ခပ်ဖွဖွပုတ်ပေးပြီး ထိုသို့ပြောလာသောကြောင့် လီလော့နှလုံးသားတစ်ခုလုံး အရည်ပျော်ကျတော့မတတ်ပင်........